ကံကောင်းခြင်းများ မြင့်တက်လာခြင်း
Vol. 6 Ch. 57
ကျူးယန်၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ယန်လန်က တုတ်သိုင်း လေ့ကျင့်နေသော ချင်ယဲ့ထံသို့ အကြည့်ပြောင်းလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်က…
"ရှေးခေတ်ကတည်းက လောကကြီးမှာ ကပ်ဘေးကြီးတစ်ခု မကျရောက်ခင် လူတွေကို သတိပေးဖို့ နိမိတ်ကောင်းတွေ ပေါ်လာလေ့ ရှိတယ်...ချီလင်က တုန်းလင်းပြည်နယ်မှာ ပေါ်လာပေမဲ့ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားပြီး ခြေရာခံလို့ မရတော့ဘူး... ကျုံးထျန်းကမိသားစုတွေနဲ့ ဂိုဏ်းတွေ ချီလင်ကို ရှာချင်နေကြတဲ့ အကြောင်းရင်းက သူ့ခန္ဓာကိုယ်ပေါ်က သွေးရတနာကို မက်မောနေကြလို့ပဲ..."
"ချီလင်က ရှေးဟောင်း နိမိတ်ကောင်း သတ္တဝါတွေထဲက တစ်ကောင် ဖြစ်သလို၊ လူတွေ လိုက်လံ ဖမ်းဆီးပြီး စားသောက်ခြင်းခံရတဲ့ နိမိတ်ကောင်း သတ္တဝါ အနည်းငယ်ထဲက တစ်ကောင်လည်း ဖြစ်တယ်... သူ့ရဲ့ အသားနဲ့ သွေးက သိုင်းပညာရှင်တွေရဲ့ သွေးလေကို တိုးပွားစေပြီး ပြောင်းလဲစေနိုင်တယ်... သူ့ရဲ့ အရေခွံနဲ့ သံချပ်ကာတွေ နတ်ဘုရားလက်နက်တွေ လုပ်လို့ ရတယ်... သူ့မှာ အတွင်းစွမ်းအင်အမြုတေလည်း ရှိတယ်လို့ ဆိုကြပြီး အဲဒါက မှော်ဆရာတွေ တစ်သက်လုံး ရှာဖွေနေကြတဲ့ ရတနာပဲ..."
ကျူးယန်က ချီလင်၏ သွေးရတနာကို စိတ်မဝင်စားပေ။
"လူ့လောကမှာ ကပ်ဘေးကြီးတစ်ခု မဖြစ်ခင် နိမိတ်ကောင်းတွေ ပေါ်လာတယ်လို့ အိမ်ရှေ့စံ ပြောတယ်... ဒါပေမဲ့ နေရာအနှံ့က သူပုန်တွေကို နှိမ်နင်းပြီးပြီ မဟုတ်ဘူးလား..."
ထိုမေးခွန်းကိုကြားသောအခါ ယန်လန်၏ အကြည့်များ နက်ရှိုင်းသွားပြီး ရေတွင်းနက်ကြီး တစ်ခုကဲ့သို့ ခန့်မှန်းရခက်လာသည်။ သူက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် …
"ဒါက စစ်မှန်တဲ့ ကပ်ဘေးကြီး မစတင်သေးဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ..."
ကျူးယန် နှုတ်ဆိတ်နေလိုက်သည်။ သူမသည် ပုံမှန်အားဖြင့် ကုချင်းတီးခြင်း၊ စစ်တုရင်ကစားခြင်း၊ စာလုံးလှရေးခြင်းနှင့် ပန်းချီဆွဲခြင်းတို့ကို နှစ်သက်ပြီး လောကီရေးရာများတွင် ပါဝင်ပတ်သက်လိုခြင်း မရှိပေ။ ယန်လန်၏ စကားများအရ ဆိုလျှင် ကမ္ဘာလောက၏ ကပ်ဘေးကြီး ဆိုသည်မှာ သဘာဝဘေးအန္တရာယ် မဟုတ်ဘဲ လူတွေ ဖန်တီးသော ဘေးအန္တရာယ် ဖြစ်သည်။
ကမ္ဘာလောကတစ်ခုလုံးကို လွှမ်းမိုးနိုင်သူများသည် မြင့်မားသော ရာထူးအာဏာနှင့် သြဇာလွှမ်းမိုးမှု ရှိရမည် ဖြစ်ပြီး၊ သူမ အနေဖြင့် ထိုသူတို့၏ ကိစ္စရပ်များကို အလွန်အကျွံ စူးစမ်းလိုခြင်း မရှိပေ။
သူတို့နှစ်ဦး တိတ်ဆိတ်သွားကြပြီး ကိုယ်ပိုင် အတွေးများထဲတွင် နစ်မြောနေကြသည်။
အခြားတစ်ဖက်တွင်…
လီချင်းချိုးက အမြင့်ဆုံး ဖြစ်သော လင်းရှောင်ခြံဝန်းသို့ ရောက်ရှိလာပြီး လီစီကျင်ကို ရှာဖွေရန် ရည်ရွယ်ထားသော်လည်း ကျန်းယွီချွန်းနှင့် သူမတို့ စားပွဲတစ်ခုတွင် ထိုင်၍ တစ်စုံတစ်ခု ဆွေးနွေးနေသည်ကို တွေ့လိုက်ရကာ ခြံဝန်းထဲတွင် သူတို့နှစ်ဦးတည်းသာ ရှိနေသည်။
လီချင်းချိုး အနားသို့ ရောက်လာပြီးနောက် ကျန်းယွီချွန်းက လှည့်ကြည့်ပြီး ဦးစွာ မေးလိုက်သည်။
"စီနီယာအစ်ကိုကြီးလာတာ အတော်ပဲ... ကျွန်တော် အစ်ကိုနဲ့ ဆွေးနွေးစရာ ရှိတယ်..."
လီချင်းချိုး ဝင်ထိုင်လိုက်ပြီး လီစီကျင် မျက်နှာမကောင်းသည်ကို သတိထားမိလိုက်သည်။
"ဘာဖြစ်လို့လဲ... မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား..."
လီစီကျင်က စူးစူးရဲရဲ ကြည့်ပြီး…
"စီနီယာအစ်ကိုကြီး... ဒုတိယစီနီယာအစ်ကိုကြီးကို တစ်ခုခု ပြောပါဦး... ညီမတပည့်ကို တပည့်ရင်း ဖြစ်စေချင်တာကို သူက လုံးဝ လက်မခံဘူး..."
သူမတွင် မူလက အဆောင်လက်ဖွဲ့များနှင့် စိုက်ပျိုးရေး နည်းပညာများကို လေ့လာသော တပည့် ၇ ဦး ရှိသည်။ နောက်ပိုင်းတွင် အမျိုးသမီး တပည့်တစ်ဦးကို သူမ၏ တပည့်အဖြစ် ခေါ်ယူခဲ့ပြီး၊ လီချင်းချိုး၏ သဘောတူညီချက်ဖြင့် ဟွမ်ယွမ်ကျမ်း ပထမအဆင့်ကို သင်ကြားပေးခဲ့သည်။
လီချင်းချိုးက .. “အဲ့တပည့် မူလစတင်ခြင်းအဆင့် ၁ ကို ရောက်သွားပြီလား..."
တာအိုဇယားကွက်က တပည့်တစ်ဦး၏ ပါရမီ၊ နားလည်သဘောပေါက်နိုင်စွမ်း၊ ကံတရားနှင့် သစ္စာရှိမှုတို့ကို ပြသနိုင်သော်လည်း တပည့်တစ်ဦးချင်းစီ၏ ကျင့်ကြံခြင်းအဆင့်ကို မပြသနိုင်ပေ။ သူ ဤအချက်ကို စိတ်ပျက်ခြင်း မရှိပေ။ ဆန့်ကျင်ဘက် အနေဖြင့် တပည့်များက သူ့ကို အံ့အားသင့်စေမည်ကို မျှော်လင့်သဖြင့် သူ့အတွက် မျှော်လင့်စောင့်စားမှုကို ပိုမို တိုးပွားစေသည်။
"ရောက်သွားပြီ...!"
လီစီကျင်က ကျယ်လောင်စွာ ပြောလိုက်ပြီးနောက် ကျန်းယွီချွန်းကို စူးစူးရဲရဲ ကြည့်လိုက်သည်။
ကျန်းယွီချွန်းက အကူအညီမဲ့စွာ ပြုံးလိုက်ပြီး…
"စီနီယာအစ်ကိုကြီး... တပည့်ရင်း သတ်မှတ်ချက်ကို မြှင့်တင်ဖို့ လိုမယ်လို့ ကျွန်တော် ထင်တယ်... မူလစတင်ခြင်းအဆင့် ၁ က ကျင့်ကြံဖို့ အရမ်း ခက်ခဲပေမဲ့ ကြိုးစားရင် အများဆုံး တစ်နှစ် နှစ်နှစ်လောက်နဲ့ ရောက်နိုင်တယ်... တပည့်ရင်း ဆိုတဲ့ ဂုဏ်ပုဒ်က အရမ်း လေးလံတယ်... ပြီးတော့ သူတို့ကို အရေးကြီးတဲ့ တာဝန်တွေ ပေးအပ်ရမှာ... ကျွန်တော်တို့ သူတို့ကို နည်းနည်း ကန့်သတ်ရမယ်..."
"ညီမလေးအလှည့်ကျမှ ဘာလို့ သတ်မှတ်ချက်ကို မြှင့်ချင်ရတာလဲ..." ဟု လီစီကျင် ဒေါသတကြီးအော်လေတော့သည်။
လက်ရှိတွင် ချင်းရှောင်ဂိုဏ်းက တပည့်များအတွက် သီးသန့် အကျိုးခံစားခွင့်များ မပေးသေးသော်လည်း၊ တပည့်ရင်းများက ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေတွင် ကျင့်ကြံခွင့် ရရှိမည် ဖြစ်သဖြင့် လီစီကျင် သူမ၏ တပည့်များအတွက် တောင်းဆိုလိုခြင်း ဖြစ်သည်။
ကျန်းယွီချွန်းတွင် ချင်းရှောင်၏ နတ်ဘုရားခုနှစ်ပါး ရှိသည်၊ ကျန်းကျောက်ရှားတွင် ဓားပျံတစ်ဆယ့်သုံးလက် ရှိသည်၊ လီတုန်းယွဲ့၏ လက်အောက်တွင် လျူယန် ရှိသည်။ လီစီဖုန်းတွင် တပည့်ရင်း မရှိသော်လည်း တပည့်များကို တောင်အောက်သို့ မကြာခဏ ခေါ်ဆောင်သွားလေ့ ရှိသည်။ သူမ အနေဖြင့် နောက်ကျကျန်ရစ်ခဲ့မည်ကို မလိုလားသလို၊ ဂိုဏ်းအတွက် များစွာ အသုံးဝင်မည့် တပည့်တစ်ဦးကိုလည်း ပြုစုပျိုးထောင်ပေးလိုသည်။
လီချင်းချိုးက ရယ်မောပြီး "ဒုတိယဂျူနီယာညီလေး... မင်း တွေးတာ အရမ်း လေးနက်လွန်းတယ်... တပည့်ရင်း သတ်မှတ်ချက်ကို အဆက်မပြတ် မြှင့်တင်သွားမှာ မှန်ပေမဲ့ အချိန်မရွေး မြှင့်တင်လို့ မရဘူး... အချိန်ကာလ တစ်ခု သတ်မှတ်ပြီး လုပ်ရမယ်... လက်ရှိ တပည့်ရင်းတွေကို အနာဂတ်မှာ မျိုးဆက်သစ်တွေ ကျော်တက်သွားရင်တောင်၊ သူတို့ ရှိနေခြင်းက ဂိုဏ်းဟာ သံယောဇဉ်ကို တန်ဖိုးထားပြီး ပါရမီတစ်ခုတည်းအပေါ် မူတည်ပြီး ခွဲခြားတာ မဟုတ်ဘူး ဆိုတာကို သက်သေပြနိုင်လိမ့်မယ်... ဒါ့အပြင် တပည့်ရင်း ဆိုတာ အနာဂတ်မှာ အမြင့်ဆုံး အဆင့်အတန်း သေချာပေါက် ဖြစ်လာမှာ မဟုတ်ဘူး..."
သူ့စိတ်ထဲတွင် ရှင်းလင်းသော အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်သည်။ တပည့် အဆင့်အတန်းများ အောက်ဘက်သို့ ကျယ်ပြန့်သွားမည် သာမက၊ အထက်ဘက်သို့လည်း တိုးမြင့်သွားဦးမည် ဖြစ်သည်။
ထို့ပြင် ကျန်းယွီချွန်းက ပါရမီ ညံ့ဖျင်းသည်ဟု ထင်မှတ်ပြီး ကိုယ်ပိုင် ပါရမီကို လျစ်လျူရှုထားသည်။ သူ မူလစတင်ခြင်းအဆင့် ၂ သို့ ရောက်နိုင်လျှင် အခြားသူများလည်း ရောက်နိုင်သည်ဟု ထင်နေရှာသည်။ လူအများစုနှင့် ယှဉ်လျှင် သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီက ပါရမီရှင်အဆင့် ဖြစ်နေပြီး၊ အခြား ဂျူနီယာ ညီငယ် ညီမငယ်များလောက် မကောင်းရုံသာ ရှိသည်ကို သူ မသိချေ။
"စီနီယာအစ်ကိုကြီး စီစဉ်ပြီးသား ဆိုမှတော့ ဆန်းဖုန်းကို တပည့်ရင်း ဖြစ်ခွင့် ပြုလိုက်ပါ... သူ့ နာမည်ကို တပည့်ရင်း မှတ်တမ်းစာအုပ်ထဲမှာ ကျွန်တော် ထည့်သွင်းလိုက်ပါ့မယ်..."
ကျန်းယွီချွန်း ခေါင်းညိတ်လိုက်တော့ လီစီကျင် အလွန် ဝမ်းသာသွားပြီး စားပွဲပတ်လည် ပြေးလွှားပြီး လီချင်းချိုး၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။
ကျန်းယွီချွန်းက ထိုမြင်ကွင်းကို ပြုံး၍ ကြည့်နေသည်။လီစီကျင်၏ စိတ်ခံစားမှုများအတွက် သူ ဒေါသ မထွက်ပေ။ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု မည်မျှပင် အရေးကြီးပါစေ၊ သူတို့နှစ်ဦးကြား သံယောဇဉ်နှင့် မယှဉ်နိုင်ပေ။
လီစီကျင်က လိုချင်တာရပြီးသည်နှင့် ကြာကြာ မနေတော့ပေ။ သူမ၏ တပည့်ကို ပြောပြရန် မစောင့်နိုင်တော့သဖြင့် အလျင်အမြန် ထွက်ခွာသွားသည်။
သူမ ထွက်သွားပြီးနောက် လီချင်းချိုးက ဝိညာဉ်ကျောက်တုံး စီမံကိန်းကို ထုတ်ဖော် ပြောကြားလိုက်သည်။
ထိုအကြောင်း ကြားသောအခါ ကျန်းယွီချွန်း၏ မျက်နှာထား လေးနက်သွားသည်။
"မြေအောက် ဝိညာဉ်ရေကန်ထဲက ဝိညာဉ်ကျောက်တုံးတွေက ပေါများပုံ ရပေမဲ့ တပည့်တွေကို စဝေလိုက်တာနဲ့ ကုန်ဆုံးနှုန်းက ကျွန်တော်တို့ မျှော်မှန်းထားတာထက် သေချာပေါက် ကျော်လွန်သွားလိမ့်မယ်... စီနီယာအစ်ကိုကြီး... တရားမျှတမှု ရှိစေဖို့နဲ့ အလေအလွင့် မဖြစ်စေဖို့ စံနှုန်းတစ်ခု သတ်မှတ်ပြီး ဝိညာဉ်ကျောက်တုံးတွေကို အရွယ်အစား ပုံသေ ဖြတ်တောက်ဖို့ လိုမယ်..."
လီချင်းချိုး ခေါင်းညိတ်လိုက်ပြီးနောက် သူတို့နှစ်ဦးသား ဝိညာဉ်ကျောက်တုံးကို မည်မျှ အရွယ်အစား ဖြတ်တောက်သင့်သည်ကို ဆွေးနွေးကြတော့သည်။
သူတို့ စကားပြောနေစဉ် လီချင်းချိုး၏ မျက်လုံးရှေ့တွင် အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။
[ချင်းရှောင်ဂိုဏ်းသည် ပထမဆုံးအကြိမ် နိမိတ်ကောင်းတစ်ခုကို လက်ခံရရှိပြီး ကံကောင်းခြင်းများ မြင့်တက်လာနေသဖြင့်၊ သင့်အား အမွေအနှစ် ဆုလာဘ်တစ်ခု ရယူရန် အခွင့်အရေး ပေးအပ်လိုက်သည်။]
နိမိတ်ကောင်း ဟုတ်လား...
ယန်လန် ပြောတဲ့ ချီလင် များလား...
လီချင်းချိုး အံ့သြသွားပြီး မည်သူ နိမိတ်ကောင်းကို လက်ခံရရှိသည် ဆိုတာကို သိချင်သွားသည်..
ရသွားတဲ့သူက အပြင်စည်း တပည့်လား၊ ဒါမှမဟုတ် အတွင်းစည်း တပည့်လား…..
သူရဲ့ စိတ်အာရုံက နိမိတ်ကောင်းထံသို့ ရောက်ရှိသွားသဖြင့် ကျန်းယွီချွန်းနှင့် ဝိညာဉ်ကျောက်တုံး ကိစ္စကို အမြန် ဆွေးနွေးပြီးနောက် ထွက်ခွာရန် ထရပ်လိုက်သည်။
...
နှင်းများ ထူထပ်နေပြီး ဆက်စပ်နေသော တောင်တန်းများ အဖြူရောင် လွှမ်းနေကာ စိမ်းလန်းမှု အရိပ်အယောင် မရှိပေ။
သိုင်းသမား အမြောက်အမြား တောင်နှစ်လုံးကြားရှိ ကျယ်ပြန့်သော နှင်းဖုံးလမ်းမပေါ်တွင် ခရီးနှင်နေကြပြီး ဝေ့ကြည့်လိုက်လျှင် အနည်းဆုံး သောင်းနှင့်ချီ ရှိပေလိမ့်မည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူများသည် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အမည်များ ထိုးထားသော အလံကြီးများကို ကိုင်ဆောင်၍ မြင်းစီးလာကြသည်။
ခုနှစ်စဉ်တောင်ထွတ် (Seven Peaks)၊ သံမဏိတောင်ထွတ် (Iron Peak)၊ ချင်းတောင်ထွတ်
ဂိုဏ်းကြီးသုံးဂိုဏ်း တစ်ခုစီတွင် လူအင်အား လေးငါးရာခန့် ရှိပြီး၊ သူတို့နောက်တွင် အခြားဂိုဏ်းများ ပါဝင်ကာ အဖွဲ့တစ်ဒါဇင်ကျော် ဖွဲ့စည်းထားသည်။ အဖွဲ့များကြားတွင် မြင်းရထားများ ကြားညှပ်ပါဝင်ပြီး လူအများစုမှာ လမ်းလျှောက်ကြသည်။ သူတို့အားလုံး လက်နက်များကို ကိုင်ဆောင်၍ ပျံဝဲနေသော နှင်းများကို အန်တုကာ ချီတက်နေကြပြီး ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ဖြင့် စစ်တပ်ကြီးတစ်တပ် ချီတက်နေသကဲ့သို့ပင်။
ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့ ခေါင်းဆောင် ကွမ်းလန်ထျန်းက ရှေ့ဆုံးမှ မြင်းစီးပြီးဉီးဆောင်နေသည်။ လုထိုက်သု သေဆုံးပြီးနောက် လပေါင်းများစွာ ဂိုဏ်းတွင်းပဋိပက္ခများ ဖြစ်ပွားပြီးချိန်တွင် ဒုတိယခေါင်းဆောင် ရာထူးမှ ပထမခေါင်းဆောင် ရာထူးသို့ တက်လှမ်းနိုင်ခဲ့သည်။ ဒီတစ်ကြိမ်တွင် သူသည် ဒဏ္ဍာရီလာ သိုင်းပညာများကို ရယူရန် လာခဲ့ခြင်း ဖြစ်သည်။
သူ ရှေ့ကို ကြည့်လိုက်ပြီး နတ်ဘုရားစွမ်းအားကို မည်သို့ သိမ်းပိုက်ရမည်ကို တွေးတောနေမိသည်။
ဂိုဏ်းပေါင်းများစွာ ပူးပေါင်းထားသဖြင့် ကျန်းကျောက်ရှား ချင်းရှောင်ဂိုဏ်းတွင် ရှိနေလျှင်ပင် သူတို့ကို တားဆီးနိုင်မည် မဟုတ်ချေ။ အကယ်၍ ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့ အနေဖြင့် နတ်ဘုရားသိုင်းကျမ်းကို ရယူလိုပါက သူတို့၏ စစ်မှန်သော ပြိုင်ဘက်များက ချင်းဂိုဏ်းနှင့် ထယ်ယွဲ့တောင်ထွတ် (Tieyue Peak) သာ ဖြစ်ပေလိမ့်မည်။
ချင်းဂိုဏ်း၏ ခေါင်းဆောင်မှာ ဒုဂိုဏ်းချုပ် ပိုင်ဟယ်ဖြစ်ပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားသည်။ သူ့ မျက်ခုံးများမှာ စူးရှပြီး သိမ်းငှက်မျက်လုံးများ ရှိသဖြင့် အလွန် ပါးနပ်ပုံရသည်။
ထယ်ယွဲ့တောင်ထွတ်၏ ခေါင်းဆောင်မှာ တောင်ထွတ်သခင် ကျန်းစုန်းကျင် ဖြစ်ပြီး တောင့်တင်းသန်မာသည်။ ဆံပင်ဖြူနေသော်လည်း ကျားရိုင်းတစ်ကောင်နှင့် တူနေပြီး အစိမ်းရောင် ဝတ်ရုံမှာ ကြွက်သားများကြောင့်ဖောင်းပွနေသည်။
သူတို့သုံးဦးစလုံးက ကုကျိုးသိုင်းလောကတွင် ကျော်ကြားသော ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ ပြီးခဲ့သော သိုင်းပြိုင်ပွဲကိုလည်း တက်ရောက်ခဲ့ဖူးသဖြင့် ကျန်းကျောက်ရှား၏ အင်အားကို အတိုင်းအတာ တစ်ခုအထိ နားလည်ထားကြသည်။
ယခုအချိန်တွင် သူတို့သုံးဦးစလုံး နှုတ်ဆိတ်နေကြပြီး ကိုယ်ပိုင် လျှို့ဝှက်ချက်များကို သိမ်းဆည်းထားကြသည်။
"ရှေ့မှာ လူရှိတယ်...!"
မြင်းစီးလာသော ချင်းဂိုဏ်းသား တစ်ဦးက ရုတ်တရက် ကျယ်လောင်စွာ ပြောလိုက်သဖြင့် လူတိုင်း၏ အာရုံက ရှေ့သို့ ရောက်သွားသည်။
လေပြင်းများနှင့် လှိုင်းတံပိုးများကြောင့် နှင်းပွင့်များ သူတို့ထံသို့ တိုးဝင်လာသည်။ အဝေးတွင် နှင်းများနှင့် မြူခိုးများ လှုပ်ရှားနေပြီး လူရိပ်တစ်ရိပ်ကို သူတို့ မသဲမကွဲ မြင်နေရသည်။ ထိုလူရိပ်က မလှုပ်မယှက်ဘဲ သူတို့ကို စောင့်ဆိုင်းနေသကဲ့သို့ ရှိနေသည်။
ကွမ်းလန်ထျန်း မျက်လုံးကို မှေးကြည့်လိုက်သော်လည်း တစ်ဖက်လူ၏ ပုံစံအမှန်ကို မမြင်ရပေ။ သူ မြင်း၏ တင်ပါးကို ကြာပွတ်ဖြင့် ရိုက်လိုက်ရာ ပိုင်ဟယ်နှင့် ကျန်းစုန်းကျင်တို့လည်း ထိုနည်းတူ ပြုလုပ်ကြပြီး ခရီးနှင်နှုန်းကို မြှင့်တင်လိုက်ကြသည်။
သူတို့၏ ပြိုင်ဘက်က ကျန်းကျောက်ရှား ဖြစ်နေလျှင်ပင် သူတို့သုံးဦး အနေဖြင့် သူ့ကို တိုက်ခိုက်ပြီး ထိန်းထားနိုင်မည်ဟု ယုံကြည်မှု ရှိကြသည်။
ကျွမ်းကျင်သူ သုံးဦး အရှိန်မြှင့်လိုက်သည်ကို မြင်သောအခါ ဂိုဏ်းအသီးသီးမှ တပည့်များသည်လည်း ခြေလှမ်းများကို မြန်ဆန်လိုက်ကြသည်။ မည်သူမျှ စိတ်လှုပ်ရှား ကြောက်ရွံ့ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ရှေ့တွင် လူတစ်ယောက်တည်းသာ ရှိသောကြောင့် သူတို့ စိတ်လှုပ်ရှား တက်ကြွရုံသာ ခံစားနေရ၏။
ချင်းရှောင်ဂိုဏ်းက မဝေးတော့ဘဲ ပြိုင်ဘက်ကင်း နတ်ဘုရားသိုင်းကျမ်းများကလည်း သူတို့ကို လက်ယပ်ခေါ်နေသကဲ့သို့ ရှိသည်။
ကွမ်းလန်ထျန်းနှင့်ကျန်နှစ်ဉီးတို့ ပိုမို နီးကပ်သွားပြီးမှသာ သူတို့၏ လမ်းကို မည်သူ ပိတ်ဆို့ထားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"ယန်ကျွယ်တိန်... မင်း တကယ်ပဲ ချင်းရှောင်ဂိုဏ်းမှာ ရှိနေတာပဲ...!"
ကွမ်းလန်ထျန်းက လမ်းပိတ်ထားသူကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ သူ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်ရာ စိတ်လှုပ်ရှားနေပုံရနေသည်။
ကောလာဟလတွေက အမှန်ပဲ ဖြစ်ရမယ်...
ကွမ်းလန်ထျန်းက ကောလာဟလများကို သံသယ ရှိခဲ့သော်လည်း၊ နတ်ဘုရားသိုင်းကျမ်းကို မရလျှင်ပင် ချင်းရှောင်ဂိုဏ်းကို ဖျက်ဆီးပစ်ရခြင်းက ကောင်းသော ကိစ္စတစ်ခု ဖြစ်သည်ဟု ခံစားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့က ချင်းရှောင်ဂိုဏ်းလက်ချက်ကြောင့် တပည့်အများအပြား ဆုံးရှုံးခဲ့ရပြီး လက်စားချေရန် အချိန်မရခဲ့သောကြောင့် ဖြစ်သည်။
ယန်ကျွယ်တိန် ဝတ်ဆင်ထားသော ချင်းရှောင်ဂိုဏ်း၏အပြာရောင် ဝတ်ရုံ လေထဲတွင် လွင့်ပျံနေပြီး ကျယ်ပြန့်သော လက်များနှင့် ဘောင်းဘီရှည်များက အပြာရောင် မီးတောက်များသဖွယ် ယိမ်းနွဲ့နေသည်။သို့သော် တင်းကျပ်စွာ စည်းနှောင်ထားသော ခါးစည်းကြောင့် သူ့ကို မရွေ့လျားနိုင်သော ကျောက်တုံးကြီးတစ်ခုကဲ့သို့ ထင်ရစေသည်။
ရှေ့မှ ကြီးမားလှသော သိုင်းသမား တပ်မတော်ကြီးကို ကြည့်ရင်း ယန်ကျွယ်တိန် တိတ်တဆိတ် ထိတ်လန့်သွားသည်။
ဤသည်မှာ ပြဿနာကြီးတစ်ခု ဖြစ်လာမည်ဟု ကြာမြင့်စွာကတည်းက သံသယ ရှိခဲ့သော်လည်း၊ ဂိုဏ်းအများအပြား တိုက်ခိုက်လာသည်ကို တွေ့လိုက်ရသောအခါ အတော်လေး အံ့သြသွားမိသည်။
ကံကောင်းစွာပင် အခြားသူများကို ကြိုတင် အသိပေးရန် တပည့်ကို ပြန်လွှတ်လိုက်ပြီး ဖြစ်သည်။
ယန်ကျွယ်တိန်သည် မူလစတင်ခြင်းအဆင့် ၁ တွင် ရှိနေသေးသော်လည်း အဆင့် ၂ နှင့် မဝေးတော့ပေ။ ထို့ပြင် သိုင်းပညာကို ဘယ်သောအခါမျှ လစ်လျူရှုထားခြင်း မရှိသဖြင့် ထောင်ချီသော တပ်များနှင့် ရင်ဆိုင်ရလျှင်ပင် သူ့တွင် ယုံကြည်မှု အတိုင်းအတာ တစ်ခုအထိ ရှိပေသည်။
"ချင်းရှောင်ဂိုဏ်းက သိုင်းလောကမှာ ဂိုဏ်းသေးသေးလေး တစ်ခုပါ... ခင်ဗျားတို့ ဘာလို့ ဒီလောက် လူအများကြီး လွှတ်လိုက်ရတာလဲ..." ဟု ယန်ကျွယ်တိန်က မေးလိုက်ရာ သူ့ အသံက မိုးကြိုးကဲ့သို့ ဟိန်းထွက်နေပြီး လေပြင်းနှင့် နှင်းမုန်တိုင်းသံများပင် သူ့အသံကို မဖုံးလွှမ်းနိုင်ပေ။
ကွမ်းလန်ထျန်းက အတိတ်က ယန်ကျွယ်တိန်နှင့် ပတ်သက်ဆက်နွှယ်မှု ရှိခဲ့ဖူးသဖြင့်…
"ယန်ကျွယ်တိန်... မင်းလည်း ဒီအလုပ်မှာ ဝါရင့်နေပြီပဲ... မင်းရဲ့ နတ်ဘုရားသိုင်းကျမ်းကို မထိန်းသိမ်းနိုင်ရင် လွှဲပေးလိုက်ပါ... ဒါဆိုရင် ချင်းရှောင်ဂိုဏ်းမှာ အသက်ရှင်ကျန်ရစ်သူ တချို့ ရှိနိုင်သေးတယ်..."
ယန်ကျွယ်တိန်က မထီမဲ့မြင်ဟန်ဖြင့် "ချင်းဂိုဏ်းက ငါ့မှာ နတ်ဘုရားသိုင်းကျမ်း ရှိတယ်လို့ ပြောတာနဲ့ မင်းတို့က ယုံလိုက်တာပဲလား... အဲဒီတုန်းက လူအများကြီး ဖူယန်ရေကန်အောက် ဆင်းသွားကြတာ... ငါတစ်ယောက်တည်းပဲ နတ်ဘုရားသိုင်းကျမ်းရတယ်လို့ မင်းတို့ ဘယ်လိုလုပ် သေချာနေကြတာလဲ..."
ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် ပိုင်ဟယ်က ယုတ်မာသော အကြည့်ဖြင့်ကြည့်ပြီး…
"သူနဲ့ ဘာလို့ စကားတွေများနေမှာလဲ... သူ့ကို ဖမ်းပြီး ပြင်းပြင်းထန်ထန် နှိပ်စက်လိုက်... ဒါဆိုရင် သူ နတ်ဘုရားသိုင်းကျမ်းကို ထုတ်ပေးလိမ့်မယ်..."
ထယ်ယွဲ့တောင်ထွတ်မှ ကျန်းစုန်းကျင်က စကားမပြောသော်လည်း ဓားကို ဦးစွာ ဆွဲထုတ်လိုက်ရာ၊ နောက်မှ သိုင်းသမားများလည်း လက်နက်များကို ဆွဲထုတ်လိုက်ကြသဖြင့် သတ်ဖြတ်လိုသော အရှိန်အဝါများ နှင်းပြင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ယန်ကျွယ်တိန် ရှေ့သို့ တက်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ…
"ချင်းဂိုဏ်းက ပိုင်ဟယ်... ငါ မင်းရဲ့ စွမ်းရည်ကို မြင်ချင်နေတာ ကြာပြီ... မင်းလို အမှိုက်ကောင်က ဘယ်လိုလုပ် ဒုဂိုဏ်းချုပ် နေရာကို တက်နိုင်တာလဲ... ငါ့အမြင်မှာတော့ ချင်းဂိုဏ်းက မကြာခင် ပျက်စီးတော့မှာပဲ..."
ပိုင်ဟယ်၏ မျက်လုံးထဲတွင် ကြမ်းတမ်းသော အရိပ်အရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူ ချက်ချင်းပင် မြင်းပေါ်မှ ခုန်ဆင်းပြီး ယန်ကျွယ်တိန်ထံသို့ သိမ်းငှက်တစ်ကောင်ကဲ့သို့ ပြေးဝင်သွားကာ ဝေဟင်တွင် ဓားကို ဆွဲထုတ်လိုက်သည်။
ယန်ကျွယ်တိန်က နောက်ဆုတ်မည့်အစား ရှေ့သို့ ပြေးထွက်သွားပြီး မယိမ်းယိုင်သော ဆုံးဖြတ်ချက်ဖြင့် လူတစ်သောင်း တပ်မတော်ကြီးဆီသို့ တည့်မတ်စွာ ဦးတည်သွားလေသည်။
ထိုအချိန်၌ပင်…
မိုင်တစ်ဒါဇင်ခန့် အကွာတွင် လူနှစ်ဦး မြင်းစီးလာကြပြီး လေပြင်းနှင့် နှင်းများက သူတို့၏ မျက်နှာများကို အဆက်မပြတ် ရိုက်ခတ်နေသည်။ သူတို့မှာ သိုင်းပညာ ချန်ပီယံလီရန်နှင့် သူ၏ ဝမ်းကွဲညီမ ကျောက်လင်းလုံတို့မှတစ်ပါး အခြားသူ များမဟုတ်ချေ။
ကျောက်လင်းလုံက အနောက်မှ လိုက်ပါစီးနင်းရင်း ဇက်ကြိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူမ၏ လှပသော မျက်နှာလေးမှာ အအေးဒဏ်ကြောင့် နီရဲနေသည်။
"အစ်ကို... ကျွန်မတို့ အဲဒီလောက် အလောတကြီး သွားဖို့ လိုလို့လား..."
လှံရှည်ကို သယ်ဆောင်ထားသော လီရန်က ခေါင်းမလှည့်ဘဲ….
"လမ်းတစ်လျှောက်မှာ ခြေရာတွေ ပိုများလာလေလေ... ငါတို့ အဲဒီဂိုဏ်းတွေနဲ့ ပိုနီးလာလေလေပဲ... ညီမလေး... မင်း လိုက်လာစရာ မလိုဘူး... ငါ အရင်သွားကြည့်လိုက်မယ်..."
လီရန်က မြင်းကို အရှိန်မြှင့်လိုက်သဖြင့် ကျောက်လင်းလုံနှင့် သူ့ကြား အကွာအဝေး လျင်မြန်စွာ ကျယ်ပြန့်သွားသည်။
ထို့ကြောင့် ကျောက်လင်းလုံ အလျင်အမြန် လှမ်းအော်လိုက်ရသည်။
"အစ်ကို... စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်..."
ကံဆိုးစွာဖြင့် သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသော လီရန်ထံမှ တုံ့ပြန်သံ မကြားရတော့ပေ။