ပျက်စီးခြင်း
Vol. 6 Ch. 58
လီရန်သည် မြင်းကို အဆက်မပြတ် ရိုက်နှက်၍ နှင်းမုန်တိုင်းကြားမှ နဂါးနက်တစ်ကောင်ကဲ့သို့ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်နေသည်။ ကံကောင်းသည်မှာ ဤနေရာရှိ မြေပြင်အနေအထားက ပြန့်ပြူးနေပြီး နှင်းများ အရည်မပျော်သေးသည့်အတွက် မြင်းနက်ကြီးမှာ လွတ်လပ်စွာ ပြေးလွှားနိုင်လေသည်။
ကျောက်လင်းလုံကို အနောက်တွင် ချန်ထားခဲ့ပြီးနောက် လီရန် လူရိပ်များကို စတင် မြင်တွေ့လာခဲ့သည်။ မြေပြင်၏ အဆုံးတွင် တောင်နှစ်လုံး ရှိနေပြီး ထိုတောင်နှစ်လုံးကြား၌ သိုင်းပညာရှင် အုပ်စုကြီး စုဝေးနေကြသည်။ သူ အဝေးမှ လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
သူက လက်တစ်ဖက်ဖြင့် ဇက်ကြိုးကို ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် မြင်းနှင်တံကို ခါးပတ်ကြား ထိုးထည့်လိုက်သည်။ ထို့နောက် ကျောပေါ်မှ လှံရှည်ကို ဆွဲထုတ်လိုက်ပြီး သောင်းချီသော စစ်သည်များကြားသို့ ဝင်ရောက် တိုက်ခိုက်မည့် စစ်သူကြီး တစ်ဦးကဲ့သို့ လျှပ်စီးလက်လို လျင်မြန်သော အရှိန်အဟုန်ဖြင့် တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်သွားလေသည်။
ဂိုဏ်းအသီးသီးမှ လူများရှိရာနေရာနှင့် နီးကပ်လာသည်နှင့်အမျှ သူ့ မျက်နှာထားမှာ ပို၍ တည်ကြည် လေးနက်လာသည်။ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်ရန် ဤမျှလောက် လူအများအပြား ရောက်ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
သူသည် ဝူမန်အာ၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ဖူးပြီး ကျန်းကျောက်ရှား၏ ခွန်အားကို မြင်တွေ့ခဲ့ရဖူးသော်လည်း ချင်းရှောင်ဂိုဏ်း အနေဖြင့် ဤမျှ များပြားလှသော သိုင်းပညာရှင်များကို တားဆီးနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
ထိုစဉ်မှာပင် သိုင်းပညာရှင်အုပ်စု၏ အနောက်ဘက်မှ လူရိပ်များ လွင့်ပျံတက်လာသည်ကို မြင်လိုက်ရသဖြင့် တိုက်ပွဲကြီး တစ်ခု စတင်တော့မည် ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
"အတင့်ရဲလိုက်တာ..."
လီရန် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ သိုင်းပညာရှင် အုပ်စုက သူ့အသံကို မကြားကြချေ။ သူတို့အားလုံးက ရှေ့တွင် ဖြစ်ပျက်နေသည်များကိုသာ အာရုံစိုက်နေကြသည်။
ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့၊ ချင်းဂိုဏ်း နှင့်ထယ်ယွဲ့တောင်ထွတ်တို့မှ ကျွမ်းကျင်ပညာရှင် ဒါဇင်ပေါင်းများစွာက ယန်ကျွယ်တိန်ကို ဝိုင်းရံ တိုက်ခိုက်နေကြပြီး အခြားသူများကမူ ဝင်မပါရဲဘဲ ဘေးမှ ရပ်ကြည့်နေကြသည်။ တကယ်တမ်းတွင်မူ သူတို့အများစုမှာလည်း ဝင်မပါချင်ကြပေ။
ပိုင်ဟယ်၊ ကွမ်းလန်ထျန်းနှင့် ကျန်းစုန်းကျင်းတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း ယန်ကျွယ်တိန်က ကိုးကောင်းကင် နတ်လက်ဝါးကို ထုတ်သုံးလိုက်ရာ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး စုပုံနေသော နှင်းများမှာ နဂါးရှည်ကြီး တစ်ကောင်အလား လွင့်ပျံတက်လာပြီး သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက်ကို လွင့်စင်သွားစေသည်။ သူ့ ဟန်ပန်မှာ အလွန်ပင် အာဏာဆန်ပြီး အစွမ်းထက်လှပေသည်။
"နဂါးနိုင်သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်... အစိုးရက ထုတ်ပြန်တဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင် စာရင်းမှာ ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး... ငါ့အမြင်အရသာ ဆိုရင် ပြီးခဲ့တဲ့ သိုင်းပြိုင်ပွဲတုန်းက သူသာ ဝင်ပြိုင်ခဲ့မယ်ဆိုရင် ယွီကျစ်ရီ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ချင်မှ ဖြစ်လာမှာ..."
"သူ ဒဏ္ဍာရီလာ သိုင်းပညာကို တကယ်ပဲ ရရှိထားတာများလား..."
"သူ့လက်ဝါးရိုက်ချက်က သိပ်ကို အားပြင်းတာပဲ... ဒီလောက် အကွာအဝေးကနေတောင် ငါ ခံစားနေရတယ်..."
"ဂိုဏ်းကြီးသုံးဂိုဏ်းက လူအများကြီး ခေါ်လာတာ အံ့ဩစရာ မဟုတ်တော့ဘူး... ယန်ကျွယ်တိန် တစ်ယောက်တည်းနဲ့တင် ဒီလောက် စွမ်းအားကြီးနေတာ... ကျန်းကျောက်ရှားပါ ပေါင်းလိုက်မယ်ဆိုရင် သူတို့ကို နိုင်ဖို့ဆိုတာ တော်တော် ခက်ခဲလိမ့်မယ်..."
"ချင်းဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ကတော့ အဲဒီလူကို သေအောင် ရိုက်သတ်တော့မယ့်ပုံပဲ..."
ဂိုဏ်းအသီးသီးမှ လူများ ဆွေးနွေး ပြောဆိုနေကြပြီး အချို့က ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် မဟာမိတ် ဖွဲ့ထားကြသော်လည်း အချို့ကမူ ကောလာဟလများကြောင့် ရောက်လာကြခြင်း ဖြစ်သည်။ အရိုးသံမဏိဂိုဏ်းလိုဂိုဏ်းများမှာမူ ပရမ်းပတာ ဖြစ်နေချိန်တွင် အခွင့်ကောင်းယူ၍ နတ်သိုင်းပညာကို လုယူလိုကြခြင်း ဖြစ်လေသည်။
သူတို့ လူအများအပြား ခေါ်ဆောင်လာခြင်းမှာ ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်ရန် မဟုတ်ဘဲ နတ်သိုင်းပညာကို ရယူရန် အခြားဂိုဏ်းများနှင့် ယှဉ်ပြိုင်ဖို့သာ ဖြစ်သည်။
ဤအချိန်၌ ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် ပိုင်ဟယ်မှာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်နေပြီး ဝတ်ရုံများ စုတ်ပြဲကာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်။ ယန်ကျွယ်တိန်က သူ့ကို အပြင်းထန်ဆုံး တိုက်ခိုက်ထားခြင်း ဖြစ်သည်။
ကွမ်းလန်ထျန်းနှင့် ကျန်းစုန်းကျင်း တို့မှာ ယန်ကျွယ်တိန်၏ လက်ရှိ ခွန်အားကြောင့် တုန်လှုပ်နေကြသဖြင့် ယန်ကျွယ်တိန်ကို ထိပ်တိုက် မရင်ဆိုင်ရဲဘဲ တမင်တကာ လက်လျှော့၍ အသာထိန်းပြီးတိုက်ခိုက်နေကြသည်။ သူတို့က ယန်ကျွယ်တိန်၏ အတွင်းအား ကုန်ဆုံးသွားသည်အထိ စောင့်ဆိုင်း၍ အင်အားချည့်နဲ့သွားအောင် လုပ်ချင်နေကြသည်။
ယန်ကျွယ်တိန်၏ မူလ သိုင်းပညာ အရည်အချင်းကို သိထားကြသဖြင့် နတ်သိုင်းပညာ ရရှိထားသည်ဟု ယုံကြည်နေကြပြီ ဖြစ်သည်။ ယန်ကျွယ်တိန်၏ မကြာသေးမီ နှစ်များအတွင်း တိုးတက်မှုမှာ လွန်ကဲလွန်းနေပြီး ဒဏ္ဍာရီလာ သိုင်းပညာ တစ်ခုကို လေ့လာထားမှသာ ဤအခြေအနေကို ရှင်းပြနိုင်မည် ဖြစ်သည်။
"ရပ်လိုက်ကြစမ်း..."
အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာသော်လည်း ကွမ်းလန်ထျန်း နှင့် အခြားနှစ်ယောက်က တစ်ချက်သာ လှမ်းကြည့်ပြီး တိုက်ခိုက်မှုကို မရပ်တန့်ကြချေ။
သူတို့၏ အမိန့်မပါဘဲ တစ်စုံတစ်ယောက်က မြင်းစီး၍ ဝင်လာသော လီရန်ကို တားဆီးရန် ကြိုးစားလိုက်သည်။
ပိတ်ဆို့ခံလိုက်ရသဖြင့် ဒေါသထွက်သွားသော လီရန်က လှံရှည်ကို ဝှေ့ယမ်း၍ ထိုလူကို လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်သော်လည်း ထိုလုပ်ရပ်က သူ့ထံသို့ သိုင်းပညာရှင် ပိုများများ ရောက်လာအောင် ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားသည်။
အရပ်ပုပု အသားမည်းမည်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက လူအုပ်ကြားမှ ရုတ်တရက် ပြေးထွက်လာပြီး မြင်းဇက်ကြိုးကို လှမ်းဆွဲကာ ဆောင့်ဆွဲလိုက်သဖြင့် မြင်းနက်ကြီးမှာ ချက်ချင်းပင် ဟန်ချက်ပျက်၍ ဘေးသို့ လဲကျသွားသည်။ လီရန်ကတော့ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အပေါ်သို့ ခုန်တက်လိုက်သည်။
သူ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် သိုင်းပညာရှင် တစ်စု၏ ဝိုင်းရံခြင်းကို ခံလိုက်ရလေသည်။
"ဘယ်ဂိုဏ်း ဘယ်ဌာနကလဲ..."
အရပ်ပုပုနှင့် လူက လီရန်ကို စိုက်ကြည့်ရင်း အေးစက်သော လေသံဖြင့် မေးလိုက်သည်။ သူက အရှိန်ဖြင့် ပြေးလာသော မြင်းတစ်ကောင်ကို ဘာမှမဖြစ်သကဲ့သို့ ဆွဲလှဲလိုက်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် လီရန် သူ့ကို အတော်လေး သတိထားနေရသည်။
လီရန်က လှံရှည်ကို ကိုင်ထားရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါက သိုင်းပညာ ထိပ်သီးပညာရှင် လီရန်ပဲ... မင်းတို့က လူအများကြီး စုပြီး ဘာလုပ်ချင်နေကြတာလဲ... ပုန်ကန်ချင်နေကြတာလား... တာ့လီမင်းဆက်ရဲ့ ဥပဒေတွေကို မျက်ကွယ်ပြုနေကြတာလား..."
သိုင်းပညာ ထိပ်သီးပညာရှင်...
ဘေးပတ်ဝန်းကျင်ရှိ ဂိုဏ်းပေါင်းစုံမှ သိုင်းပညာရှင်များမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီ။
သိုင်းပြိုင်ပွဲတွင် ပါဝင်ခဲ့ဖူးသူများက သူ့ကို မှတ်မိကြသဖြင့် စကားလက်ဆင့်ကမ်း ပြောဆိုလိုက်ရာ သူ့အထောက်အထားမှာ လျင်မြန်စွာပင် အတည်ပြုပြီးသား ဖြစ်သွားသည်။ သို့သော်လည်း ဂိုဏ်းပေါင်းစုံမှ သိုင်းပညာရှင်များမှာ ကြောက်ရွံ့သွားခြင်း မရှိသည့်အပြင် လီရန်ကို လှောင်ပြောင်သော မျက်လုံးများဖြင့်သာ ကြည့်လိုက်ကြလေသည်။
ဂိုဏ်းပေါင်းစုံ၏ ဝိုင်းရံခြင်းကို ခံထားရသဖြင့် လီရန်မှာ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။အဝေးမှ လှမ်းကြည့်ရသည်နှင့် ကိုယ်တိုင် ဝိုင်းရံခံရသည့် ခံစားချက်မှာ လုံးဝ ကွာခြားလေသည်။ သူ အရပ်လေးမျက်နှာကို လှမ်းကြည့်လိုက်ရာ ရေတွက်၍ မကုန်နိုင်သော လူပင်လယ်ကြီးကိုသာ တွေ့လိုက်ရသည်။
အရပ်ပုပုနှင့် လူက အထင်အမြင်သေးစွာဖြင့်…"သိုင်းပညာ ထိပ်သီးပညာရှင်... မင်းကို ဒီနေရာမှာ ရိုက်သတ်လိုက်ရင် အာဏာပိုင်တွေက တရားခံအစစ်ကို ရှာပြီး မင်းအတွက် လက်စားချေပေးမယ်လို့ ထင်နေတာလား..."
ထိုစကားကို ကြားသောအခါ လီရန်မှာ ပို၍ ဒေါသထွက်လာသည်။ သူက လှံရှည်ဖြင့် ထိုလူပုကို ချိန်ရွယ်၍ … "လူယုတ်မာ... မင့်နာမည်ကို ပြောစမ်း..."
ထိုလူပုက လည်ပင်းကို ဘယ်ပြန်ညာပြန် လှည့်လိုက်ပြီး မဲ့ပြုံး ပြုံးလိုက်ကာ… "ချင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် တွမ်ထုပဲ..."
စကားပြောနေရင်း သူက လီရန်ရှိရာသို့ လျှောက်လာနေသည်။ ဘေးပတ်ဝန်းကျင်ရှိ သိုင်းပညာရှင်များ အားလုံးက ပွဲကြည့်ချင်သော မျက်နှာထားများဖြင့် ကြည့်နေကြပြီး အချို့ကမူ သိုင်းပညာ ထိပ်သီးပညာရှင်၏ စွမ်းရည်ကို မြင်ချင်သဖြင့် လှောင်ပြောင် အော်ဟစ်နေကြသည်။
တိုက်ပွဲအလယ်တွင် ရောက်နေသော ယန်ကျွယ်တိန်ကလည်း လီရန်၏ အန္တရာယ်ရှိသော အခြေအနေကို သတိထားမိလိုက်သည်။ ဤသိုင်းပညာ ထိပ်သီးပညာရှင်က တကယ်ကို နေရာတကာ ဝင်ရှုပ်သည်ဟု သူ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
သို့သော်လည်း လီရန် ပြောလိုက်သည့် စကားကို သူ ကြားလိုက်ရပြီး ချင်းရှောင်ဂိုဏ်းကို ကူညီရန် ရောက်လာခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။ဒီလူကို သူ မည်သို့ လျစ်လျူရှုထားနိုင်ပါမည်နည်း။
ထို့ကြောင့် ယန်ကျွယ်တိန်က လီရန်ရှိရာသို့ တိုးဝင်သွားပြီး ညာလက်ဝါးကို ရှေ့သို့ ထုတ်လိုက်ရာ သူ့ စွမ်းအင်များက နဂါးတစ်ကောင်အလား မြေပြင်တစ်လျှောက် တိုက်ခတ်သွားပြီး မည်သူမျှ တားဆီး၍ မရနိုင်ပေ။
ကွမ်းလန်ထျန်းနှင့်ကျန်းစုန်းကျင်းတို့က ဆက်လက် ထိန်းချုပ်မထားတော့ဘဲ ယန်ကျွယ်တိန်၏ ရှေ့သို့ ဆင်းသက်လိုက်ကြသည်။ သူတို့က လက်ဝါးချင်း ပူးကပ်၍ တိုက်ခိုက်လိုက်ရာ အာဏာဆန်သော အတွင်းအား နှစ်ခုက ယန်ကျွယ်တိန်နှင့် တိုက်ရိုက် ထိပ်တိုက် တွေ့ဆုံသွားသဖြင့် နှင်းများမှာ ပေပေါင်းများစွာ မြင့်အောင် လွင့်တက်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ ကျွမ်းကျင်ပညာရှင်များ နောက်သို့ ဆုတ်ခွာသွားကြရလေသည်။
...
နာရီဝက်ခန့် အလိုက
ဂိုဏ်းပေါင်းစုံမှ လူရိပ်များကို တောင်ပေါ်ကနေ ယန်ကျွယ်တိန် တွေ့ရှိခဲ့သည်။ထို့ကြောင် သတင်းပို့ရန် တပည့်များကို တောင်ပေါ်သို့ လွှတ်လိုက်သည်။ သူ လီရန်ကို ကူညီရန် သွားတော့မည့် အချိန်တွင် သတင်းပို့သော တပည့်က လင်းရှောင်ခြံဝန်းအထိ အပြေးသွားပြီး ကျန်းယွီချွန်းကို ရှာဖွေကာ အကြောင်းစုံ ပြောပြလိုက်သည်။
သတင်းကြားသည်နှင့်ကျန်းယွီချွန်း၏ မျက်နှာထား မည်းမှောင်သွားပြီး တိုက်ပွဲဝင်ရန် တောင်အောက်သို့ ဆင်းကြဖို့ တပည့်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။
ချင်းရှောင်ဂိုဏ်းက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လုပ်ငန်းခွင် အသီးသီးမှ တပည့်များကို အမြန်ဆုံး လာရောက်ကြရန် အမိန့်ပေးလိုက်သည်။ ကျန်းယွီချွန်းက တောင်အောက်သို့ ဦးဆုံး ဆင်းသွားပြီး လမ်းတစ်လျှောက်တွင် သူ တွေ့သမျှ သိုင်းပညာ လေ့ကျင့်နေသော တပည့်များကို တိုက်ရိုက် ခေါ်ဆောင်သွားလေသည်။
ခြံဝန်းအတွင်း၌ ပန်းချီဆွဲရန် ပြင်နေသော ကျူးယန်က အပြင်ဘက်တွင် လူရိပ်တစ်ခု ပြေးသွားသည်ကို မြင်လိုက်ရသဖြင့် ဇဝေဇဝါနှင့် မေးလိုက်သည်။
"ဘာဖြစ်တာလဲ..."
စုရှီးလင်က စုံစမ်းရန် ချက်ချင်း ထွက်သွားလိုက်သည်။ သူမက အလွန် အလျင်လိုနေသော တပည့်တစ်ဦးကို တားလိုက်ရာ ရန်သူများ တိုက်ခိုက်လာကြောင်းသာ ပြောပြီး သူမကို ကျော်၍ တောင်အောက်သို့ ဆင်းသွားလေသည်။
သူမက ခြံဝန်းထဲသို့ ပြန်လာပြီး ကျူးယန်ကို ထိုသတင်းပြန်ပြောလိုက်သည်။
ကျူးယန်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း တောင်ပေါ်တွင်သာ နေထိုင်ခဲ့သဖြင့် သိုင်းလောကတွင် ပျံ့နှံ့နေသော ကောလာဟလများကို သတိမပြုမိချေ။
"ချင်းရှောင်ဂိုဏ်းက အေးချမ်းတဲ့ ဂိုဏ်းလေ... ဘာလို့ တိုက်ခိုက်ခံရတာလဲ... အခြေအနေ ကြည့်ရတာ ရန်သူတွေက မနည်းမနောပဲ..."
စုရှီလင်ကမူ လုံးဝ ထူးဆန်းသည်ဟု မထင်ပေ။
"ဒါ ပုံမှန်ပါပဲ သခင်မလေး... ချင်းရှောင်ဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီး ရှိနေတာကို သတိမထားမိဘူးလား... ဂိုဏ်းတစ်ခုတည်းမှာ ပါရမီရှင်တွေ ဒီလောက် များနေတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ... သူတို့ဂိုဏ်းရဲ့ သီးသန့်ပညာရပ်တွေက ထူးခြားဆန်းပြားလို့နေမှာပေါ့... ကျန်းကျောက်ရှား သိုင်းလောကမှာ နာမည်ကြီးလာတာနဲ့အမျှ သူ့ကို သတိထားမိတဲ့သူတွေ အမြဲ ရှိလာမှာပဲ..."
ကျူးယန်က မျက်မှောင်ကြုတ်လိုက်ပြီး ပန်းချီဆွဲချင်စိတ် ကုန်သွားလေသည်။
"သခင်မလေး စိတ်ပူနေရင် ကျွန်မ တောင်အောက်ဆင်းပြီး သွားကြည့်ပေးရမလား..." ဟု စုရှီးလင်က ပြုံး၍ မေးလိုက်သည်။
"သွားကြည့်လိုက်..."
ကျူးယန်က ခေါင်းညိတ်လိုက်သဖြင့် စုရှီးလင်က ချက်ချင်း အရိုအသေပေး၍ ထွက်ခွာသွားလေသည်။
အခြား ခြံဝန်းတစ်ခုတွင် ကျောက်ခုံတန်း၌ ထိုင်နေသော ယန်လန်သည်လည်း ချင်းရှောင်ဂိုဏ်းသားများ ချင်ယဲ့ကို လာခေါ်သွားသည်ကို မြင်လိုက်ရသဖြင့် တောင်အောက်တွင် ဘာဖြစ်နေသည်ကို ချက်ချင်း ခန့်မှန်းမိလိုက်သည်။
ယန်လန်က လက်ထဲမှ စာအုပ်ကို ကြည့်ရင်း သက်ပြင်းချလိုက်ကာ…
"သိုင်းလောကရဲ့ ပဋိပက္ခတွေက နန်းတွင်းထဲက ပြဿနာတွေထက် မလျော့ပါလား... လောကီသားအဖြစ် နေထိုင်မှတော့ ဘယ်သူမှ မလွတ်ကင်းနိုင်ကြဘူးပဲ..."
ခုရီက သူ့အနားသို့ တိုးလာပြီး … "အရှင်သား... အခြေအနေ သွားကြည့်ဖို့ ကျွန်တော် တောင်အောက်ဆင်းလိုက်ရမလား..."
"အင်း... သတိထားသွား..."
ယန်လန်က တိုးတိုးလေး ဖြေလိုက်ပြီး စာဖတ်ခြင်းကိုသာ ပြန်အာရုံစိုက်လိုက်သည်။
ခုရီက သူ့ငွေရောင် တုတ်တံကို ကောက်ယူ၍ တောင်အောက်သို့ ဆင်းသွားလေသည်။ ခုအာကမူ ခြံဝန်းထဲရှိ သစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ရင်း ခန္ဓာကိုယ်ကို ထိန်းညှိရန် အတွင်းအား လေ့ကျင့်နေသည်။ သူသည် လီချင်းချိုး၏ လက်ချက်ဖြင့် ဒဏ်ရာရထားပြီး ယခုထိ အပြည့်အဝ ပြန်မကောင်းသေးချေ။
နှင်းပွင့်များက ခေါင်မိုးစွန်းများမှ သည်းထန်စွာ ကျဆင်းနေပြီး တောင်ပေါ် ရှုခင်းကို အဖြူရောင် နယ်မြေအဖြစ် ပြောင်းလဲပေးလိုက်သည်။ သူတို့ မသိလိုက်သည်မှာ တစ်စုံတစ်ယောက်က တောင်ထိပ်မှနေ၍ သူတို့ကို ငုံ့ကြည့်နေခြင်း ဖြစ်သည်။ ထိုသူမှာ လီချင်းချိုးမှလွဲ၍ တခြားသူ မဟုတ်ပေ။
ကမ်းပါးစွန်းတွင် ရပ်နေသော လီချင်းချိုးက စုရှီးလင် နှင့် ခုရီတို့ တောင်အောက်သို့ တစ်ယောက်ပြီး တစ်ယောက် ဆင်းသွားကြသည်ကို ကြည့်ရင်း ကျူးယန်နှင့်စုရှီးလင် တို့ကို သူ့လက်အောက်သို့ ခေါ်ယူသင့် မသင့် တွေးတောနေလေသည်။
ခုရီနှင့်ခုအာတို့ကိုမူ သူ စိတ်ကူးမရှိပေ။ အိမ်ရှေ့စံမင်းသားအနေဖြင့် ချင်းရှောင်ဂိုဏ်းတွင် ထာဝရ နေနိုင်မည် မဟုတ်သလို သူကလည်း ပြဿနာများကို စိတ်ရှုပ်သဖြင့် အိမ်ရှေ့စံမင်းသားကို တောင်ပေါ်တွင် အကြာကြီး ပေးနေမည် မဟုတ်ချေ။
လီချင်းချိုး တောင်အောက်မှ တိုက်ပွဲအတွက် စိတ်မပူပေ။ ချင်းရှောင်ဂိုဏ်း ခုခံနိုင်စွမ်း ရှိသည်ဟု သူ ယုံကြည်သည်။ သို့သော်လည်း မမျှော်လင့်ထားသော အခြေအနေများကို တားဆီးရန်အတွက် သွားရောက် ကြည့်ရှုဖို့ ဆုံးဖြတ်လိုက်ပြီး ဖြစ်နိုင်လျှင် ဝင်မပါဘဲ နေမည်ဟု ဆုံးဖြတ်လိုက်သည်။
ချင်းရှောင်ဂိုဏ်းက ဖွံ့ဖြိုးစ အဆင့်တွင်သာ ရှိသေးသဖြင့် သူ့တပည့် တစ်ယောက်ယောက် ဆုံးရှုံးသွားလျှင် သူ ယူကြုံးမရ ဖြစ်ရပေလိမ့်မည်။
လီချင်းချိုး စဉ်းစားနေစဉ်မှာပင် သူ့မျက်လုံးရှေ့၌ စာတမ်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
[ချင်းရှောင်ဂိုဏ်း၏ တပည့်တစ်ဦးသည် တာအိုမျိုးဆက်နှင့် မသင့်မြတ်သော အင်အားစု တစ်ခုကို ဖျက်ဆီးခဲ့ပြီး မျိုးဆက်၏ အစွမ်းအစကို ပြသနိုင်ခဲ့သဖြင့် သင်သည် အမွေအနှစ် ဆုလာဘ် အခွင့်အရေး တစ်ခုကို ရရှိလိုက်သည်။]
လီချင်းချိုး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လကာ လက်ကို ပါးစပ်နားသို့ မြှောက်၍ လေချွန်လိုက်သည်။ထိုအခါ မူလစွမ်းအင် အကူအညီဖြင့် သူ့အသံမှာ အလွန် စူးရှပြီး ခရီးဝေးသို့ ပျံ့လွင့်သွားလေသည်။
မကြာမီ ဧရာမ သတ္တဝါကြီး တစ်ကောင် နှင်းမုန်တိုင်းကြားမှ ထိုးဆင်းလာပြီး လေပြင်းများကြောင့် လီချင်းချိုး၏ ဝတ်ရုံများမှာ ပြင်းထန်စွာ လွင့်ပျံသွားတော့သည်။
...
တောင်နှစ်လုံးကြားရှိ နှင်းဖုံးနေသော မြေပြင်ပေါ်တွင် အလောင်းများနှင့် သွေးများ ပေပွနေသည်။ ယန်ကျွယ်တိန် နှင့် လီရန် တို့မှာ ငါးလံခန့်သာ ကွာဝေးသော နေရာတွင် ဆက်လက် တိုက်ခိုက်နေကြဆဲပင်။
ယန်ကျွယ်တိန်နှင့် ယှဉ်လျှင် လီရန်၏ အခြေအနေကပို၍ ဆိုးရွားလှသည်။ သူ့ ဆံပင်ရှည်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာ တစ်ခုလုံး သွေးများ ပေကျံနေကာ ဝတ်ရုံမှာလည်း သွေးရောင် လွှမ်းနေသည်။ လှံရှည်ကို ကိုင်ထားသော်လည်း သူ့ခွန်အားနှင့် အမြန်နှုန်းမှာ ယခင်ကထက် များစွာ ကျဆင်းနေပြီ ဖြစ်သည်။
လီရန် လှံရှည်ကို ရှေ့သို့ ထိုးသွင်းလိုက်ရာ သိုင်းပညာရှင် တစ်ဦး၏ ပခုံးကို ထိမှန်သွားပြီး လွင့်ထွက်သွားပြီး ထိုအရှိန်ကြောင့် သိုင်းပညာရှင်မှာ ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ သူက ကိုယ်ကို ထိန်းရန် လှံရှည်ကို မြေကြီးထဲသို့ အမြန် စိုက်လိုက်ရသည်။
အဓိက တိုက်ခိုက်သူများမှာ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ဖြစ်ကြပြီး အခြား ဂိုဏ်းငယ်များမှာမူ ဘေးမှ ရပ်ကြည့်နေကြဆဲ ဖြစ်သည်။
တိုက်ပွဲ ကြာလာသည်နှင့်အမျှ သိုင်းပညာရှင် အများအပြားမှာ လီရန်အတွက် စိတ်မကောင်း ဖြစ်လာကြသည်။
"ဒီ ထိပ်သီးသိုင်းပညာရှင်က ကျွမ်းကျင်မှု မြင့်မားပေမယ့် ဘယ်သူ့ကိုမှ မသတ်ဘဲ နေနေတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ..."
"ဟုတ်တယ်... ဟိုဘက်က ယန်ကျွယ်တိန် ကျတော့ ဘာမှ မထိန်းဘဲ တိုက်နေတာ အခုထိ ဒဏ်ရာ မရသေးဘူး..."
"တာ့လီမင်းဆက်ရဲ့ ဥပဒေတွေကို ချိုးဖောက်မိမှာ ကြောက်နေတာ ဖြစ်လောက်တယ်..."
"သူတို့က ဒီထိပ်သီးသိုင်းပညာရှင်ကို ဒီနေရာမှာတင် ရိုက်သတ်တော့မလို့လား..."
ဂိုဏ်းငယ်များမှ သိုင်းသမားများက အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။ အချို့က လီရန်၏ လုပ်ရပ်ကြောင့် သနားနေကြပြီး အချို့ကမူ အခြေအနေ ပိုဆိုးသွားမည်ကို ကြောက်ရွံ့နေကြသည်။
သိုင်းလောက၏ ပဋိပက္ခများ မည်မျှပင် ပြင်းထန်ပါစေ၊ ဒါက သိုင်းလောက ကိစ္စများသာ ဖြစ်သည်။ သွေးမစွန်းဖူးတဲ့ သိုင်းသမားဟူ၍ မရှိပေ။
အာဏာပိုင်များကို တိုင်ကြားခြင်းက အပြန်အလှန် ပျက်စီးခြင်းသာ ဖြစ်လိမ့်မည်။
သူတို့က နတ်သိုင်းပညာကိုသာ လိုချင်ကြပြီး နန်းတွင်းကို ပြစ်မှားလိုခြင်း မရှိကြပေ။
သူတို့၏ အတွေးများ မည်သို့ပင် ရှိစေကာမူ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များမှာ ဒေါသထွက်နေကြပြီး လီရန်ကို ဤနေရာ၌ပင် သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြသည်။
ဘေးပတ်ဝန်းကျင်မှ ကျွမ်းကျင်ပညာရှင်များကို ရင်ဆိုင်ရင်း ယန်ကျွယ်တိန်က လီရန်ကိုလည်း ရံဖန်ရံခါ ကူညီပေးနေရသည်။သို့မဟုတ်ပါက လီရန် ဤမျှကြာအောင် တောင့်ခံနိုင်မည် မဟုတ်ချေ။
လီရန် အသက်ရှူချိန် မရလိုက်ခင်မှာပင် နောက်တစ်ယောက် ပြေးဝင်လာသဖြင့် အံကြိတ်၍ တိုက်ခိုက်လိုက်ရသည်။ စစ်မြေပြင်တွင် ရှိနေရသည့် ခံစားချက် မည်သို့ ရှိကြောင်း သူ နောက်ဆုံးတွင် နားလည်သွားလေသည်။
ထိပ်သီးသိုင်းပညာရှင် စာမေးပွဲ အောင်မြင်ပြီးနောက် စစ်တပ်ထဲသို့ ဝင်ချင်ခဲ့သော်လည်း သူ့ဖခင်က တားမြစ်ခဲ့ပြီး သူ့စိတ်နေစိတ်ထားက စစ်သူကြီး တစ်ယောက် ဖြစ်ရန် မသင့်တော်သေးကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သိုင်းလောကထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
သူ့ကို ဝိုင်းရံထားသော ရာဂဏန်းမျှသာ ရှိသည့် ရန်သူများက သူ့ကို အားကုန်ခမ်းစေပြီ ဖြစ်သည်။ သိန်းချီသော စစ်သည်များ ပါဝင်သည့် စစ်မြေပြင်တွင် ရှိနေရလျှင် မည်သို့ ခံစားရမည်ကို သူ တွေးပင် မတွေးရဲတော့ချေ။