အသက်ကြီးမှ အောင်မြင်မည့်ကံ၊ အင်မော်တယ်ဧကရာဇ်၏ ဘိုးဘေး
Vol. 6 Ch. 52
လီချင်းချိုး ကျာရီထံသို့ လျှောက်သွားပြီး တည်ငြိမ်စွာ စိုက်ကြည့်လိုက်ရာ ကျာရီမှာ ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းများ ပြည့်နှက်သွားတော့သည်။
သွေးကြောပိတ်တာ ဟုတ်လား…..
ဘယ်လိုလုပ် ဒီလောက် မြန်နိုင်ရတာလဲ…..
ကျာရီသည် သွေးကြောပိတ်ပညာကို သိရှိပြီး အဝေးမှနေ၍ သွေးကြောများကို တိုက်ခိုက်သော သိုင်းပညာများကို မြင်ဖူးသော်လည်း၊ လီချင်းချိုး၏ တုံ့ပြန်မှုနှင့် တိုက်ခိုက်နှုန်းက သူ မြင်ဖူးသမျှသော သိုင်းပညာရှင် အားလုံးထက် သာလွန်နေသည်။
သူ ဖုန်းတိုင်၏ လည်ပင်းကို ဓားဖြင့် ချိန်ရွယ်ထားပြီးဖြစ်သော်လည်း တစ်ဖက်လူ၏ တိုက်ကွက်တစ်ခုတည်းဖြင့် အနိုင်ယူခြင်း ခံလိုက်ရသည်။
ကျာရီ ဒေါသထွက်လို့ မရတော့ပေ။ လုံးဝ ကွာခြားနေသော အခြေအနေက သူ့ကို ကြောက်ရွံ့သွားစေသည်။ သူ ဤနေရာမှ ထွက်ပြေးရန်သာ ဆန္ဒရှိတော့သည်။လက်စားချေရန် ကိစ္စကို ခေါင်းထဲတွင် မရှိတော့ပေ။
လီချင်းချိုးက လက်ကို မြှောက်၍ ကျာရီ၏ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆွဲကိုင်လိုက်ပြီး ဖြည်းညင်းစွာ မတင်လိုက်သည်။ မကြာမီ ကျာရီ၏ ခြေထောက်များ မြေကြီးနှင့် လွတ်သွားပြီး မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာသော်လည်း အကူအညီမဲ့စွာ တုန်ယင် ရုန်းကန်နေရုံသာ တတ်နိုင်တော့သည်။
မောက်မာသော ကျာရီကို ကြက်ကလေးတစ်ကောင်သဖွယ် လီချင်းချိုး မတင်ထားသည့် မြင်ကွင်းက ရုံးတော်မှ ဖမ်းဆီးရေးသမားများကို များစွာ ထိခိုက်တုန်လှုပ်စေခဲ့သည်။
လီချင်းချိုးက ဖုန်းတိုင်ကို တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းစွာ မေးလိုက်သည်။
"မင်း ပိုမြင့်တဲ့နေရာကို တက်လှမ်းချင်ပြီး ဘယ်လို အန္တရာယ်ကိုမှ မကြောက်ဘူး ဆိုရင် ငါ့နောက် လိုက်ခဲ့... မင်းတစ်ယောက်တည်းပဲ လာလို့ရမယ်..."
ထိုသို့ ပြောပြီးနောက် ကျာရီကို လက်တစ်ဖက်ဖြင့် ဆွဲမလျက် ဘေးရှိ သစ်တောအုပ်ထဲသို့ လျှောက်သွားလေသည်။
ဖုန်းတိုင်၏ မျက်နှာထားပေါ်တွင် အလင်းနှင့် အမှောင် တစ်လှည့်စီ ထင်ဟပ်သွားသော်လည်း သူ လျင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူက အခြား ဖမ်းဆီးရေးသမားများဘက် လှည့်လိုက်ပြီး…
"မင်းတို့ ငါ့ကို ဒီမှာ စောင့်နေကြ..."
သူ လှည့်ထွက်ပြီး လီချင်းချိုး နောက်သို့ လိုက်သွားသော်လည်း ဒဏ်ရာ အပြင်းအထန် ရထားပြီးဖြစ်သဖြင့် အချိန်မရွေး လဲကျသွားတော့မည့်အလား ယိုင်နဲ့နဲ့ လျှောက်လှမ်းနေရသည်။
...
ဘုန်း...
ကျာရီကို လီချင်းချိုးက မြက်ခင်းပေါ်သို့ ပစ်ချလိုက်သည်။ သူသည် မြေကြီးပေါ်တွင် လဲကျနေရာမှ လီချင်းချိုး ဘာလုပ်မည်ကို မသိသဖြင့် တင်းမာမှု၊ ကြောက်ရွံ့မှုတို့ဖြင့် မော့ကြည့်နေမိသည်။
ယခုအချိန်တွင် ကျာရီသည် အသက်ချမ်းသာပေးရန်ပင် တောင်းပန်နိုင်စွမ်း မရှိတော့ပေ။ လီချင်းချိုး သူ့အပေါ် မေတ္တာထားပေးရန် မျက်လုံးဖြင့်သာ တောင်းပန်နိုင်တော့သည်။ ဤအချိန်၌ ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင် ဟူသော မာန်မာနများ ပျောက်ဆုံးကုန်ပြီး အသက်ရှင်သန်လိုစိတ်သာ ရှိတော့သည်။
လီချင်းချိုးက ကျာရီကို စိုက်ကြည့်ရင်း ညာဘက်လက်ကို မြှောက်ကာ ရင်ဘတ်ရှေ့တွင် ထားလိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို ထောင်လိုက်ရင်း သူ့နှုတ်ခမ်း အနည်းငယ် လှုပ်ရှားသွားသည်။
ထိုအခါကျာရီ၏ မျက်လုံးအိမ် ပြူးကျယ်သွားကာ နှလုံးခုန် မြန်လာပြီး အသက်ရှူသံများ ပြင်းထန်လာသည်။
သူ ဘာလုပ်ချင်တာလဲ...
ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည့်ကျာရီက ကျုံးထျန်းပြည်နယ်၌ ထူးဆန်းသော အမှုများကို စုံစမ်းစစ်ဆေးခဲ့ဖူးပြီး ထူးဆန်းသော လူများနှင့် ဖြစ်ရပ်များကိုလည်း မြင်တွေ့ခဲ့ရဖူးသည်။ သူ့အမြင်တွင် လီချင်းချိုး၏ လုပ်ရပ်များက ခန့်မှန်းရခက်ပြီး လျှို့ဝှက်နက်နဲသော လူပုဂ္ဂိုလ်များနှင့် အလွန် တူညီနေသည်။
ဧကရာဇ်မင်း၏ လက်အောက်တွင်လည်း နတ်ဘုရားများနှင့် တစ္ဆေများအဖြစ် ဟန်ဆောင်တတ်သော ထူးခြားသည့် ပုဂ္ဂိုလ်အချို့ ရှိကြသည်။ အစပိုင်းတွင် ဒါတွေကို ဂရုမစိုက်ခဲ့သော်လည်း သူ နားမလည်နိုင်သော အရာအချို့ကို ကြုံတွေ့ရပြီးနောက်တွင်မှ သူတို့ကို စတင် လေးစားလာခဲ့သည်။
ကျာရီ၏ အကြည့်ကို လျစ်လျူရှု၍ လီချင်းချိုက "ဝိညာဉ်ချုပ်ကျိန်စာ"ကို စတင် ရွတ်ဆိုလိုက်သည်။
ဤသည်မှာ ဝိညာဉ်ချုပ်ကျိန်စာကို လီချင်းချိုး ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။
ဝိညာဉ်ချုပ်ကျိန်စာသည် ကျွမ်းကျင်ပိုင်နိုင်ရန် အလွန်ခက်ခဲပြီး ယခုအချိန်ထိ သူ အပြည့်အဝ မတတ်မြောက်သေးပေ။ သို့သော်လည်း ကျာရီ၏ စိတ်ကို ဖျက်ဆီးရန်အတွက် အသုံးပြုဖို့ရာ လွယ်ကူနေဆဲပင်။
လီချင်းချိုး ကျိန်စာမန္တန်ကို ရွတ်ဆိုလိုက်သောအခါ သူ့ မျက်လုံးအိမ်တွင် ခရမ်းရောင်အလင်းများ တဖျပ်ဖျပ် လင်းလက်လာသဖြင့် ကြောက်မက်ဖွယ် ပုံစံ ပေါက်လာပြီး၊ သူ့ကို ကြည့်နေသော ကျာရီမှာ မူးဝေလာတော့သည်။
ကျာရီ၏ အမြင်အာရုံများ ဝေဝါးသွားပြီး သူ သေတော့မည်ဟု ထင်လိုက်ချိန်မှာပင် စူးရှသော နာကျင်မှုတစ်ခု ကိုယ်ခန္ဓာထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ကိုယ်တွင်းကလီစာများ နာကျင်လာပြီး ခြေလက်များလည်း နာကျင်ကိုက်ခဲလာကာ၊ သုံးခါမျှ အသက်ရှူချိန် မပြည့်မီမှာပင် ခေါင်းပါ စတင် ကိုက်ခဲလာတော့သည်။
တစ်ခါမျှ မကြုံဖူးသော နာကျင်မှုကြောင့် သူ့အတွင်းအားများ အားလုံး ယိုစိမ့်ထွက်သွားပြီး မျက်ခုံးကြားမှ သံအပ်ကိုပင် လွင့်စဉ်ထွက်သွားစေသည်။
"အား........."
ကျာရီ နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံး ကွေးကောက်သွားပြီး ပြင်းထန်စွာ တုန်ရီလျက်၊ မျက်ဖြူလန်တက်သွားကာ မျက်နှာတစ်ခုလုံး နီရဲလာပြီး လည်ပင်းမှ သွေးကြောများ ထောင်တက်လာသဖြင့် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာတော့သည်။
နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရသော ဖုန်းတိုင်သည်လည်း ကျာရီ၏ အခြေအနေကြောင့် လန့်ဖျပ်သွားပြီး သူ့စိတ်ထဲတွင်လည်း ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာ၏။
လီချင်းချိုးက ကျာရီကို ထိပင် မထိဘဲ တာအိုဆရာတစ်ပါး မန္တန်ရွတ်သကဲ့သို့ လက်ဟန်ခြေဟန် ပြုလုပ်လိုက်ရုံဖြင့် ကျာရီမှာ ဤမျှ နာကျင်နေရသည်။
လီချင်းချိုးမှာ မှော်စွမ်းအင်များ ပိုင်ဆိုင်ထားသည်များလား...။
ဖုန်းတိုင် ကျောရိုးတလျှောက် စိမ့်ခနဲ ဖြစ်သွားပြီး သူ ဘာလုပ်ရမှန်း မသိ ဖြစ်သွားရသည်။
ပတ်ဝန်းကျင် မိုင်အနည်းငယ်အတွင်း မည်သူမျှ ရှိမသဖြင့် လီချင်းချိုးက ကျာရီကို စိတ်ကြိုက် အော်ဟစ်ခွင့် ပေးထားလိုက်သည်။ နောက်ထပ် အစီအစဉ်များ မဆောင်ရွက်မီ ကျာရီကို နာကျင်မှု အရသာကို သေချာပေါက်ခံစားစေရမည်။
ဝိညာဉ်ချုပ်ကျိန်စာဆိုသည်မှာ ဝိညာဉ်ကို ပစ်မှတ်ထားသော ရက်စက်သည့် ကျိန်စာတစ်ခု ဖြစ်သည်။ကျိန်စာတိုက်နေစဉ်အတွင်း ဝိညာဉ်နှစ်ခုကြား ဆက်သွယ်မှု တစ်ခု တည်ဆောက်လိုက်ပြီး၊ တစ်ဖက်လူ၏ ဝိညာဉ်ကို အပြည့်အဝ ဖိနှိပ်ကာ ထိန်းချုပ်မှု ရယူနိုင်စေသည်။
လီချင်းချိုးက ကျာရီ၏ ဝိညာဉ်ကို ဆွဲထုတ်၍ ကိုယ်ပိုင် တစ္ဆေအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိသေးသော်လည်း၊ ကျိန်စာတိုက်နေစဉ်အတွင်း ဝိညာဉ်ချင်း ဆက်သွယ်မှုမှတစ်ဆင့် ကျာရီ၏ မကြာသေးမီက မှတ်ဉာဏ်အချို့ကို သူ မြင်တွေ့လိုက်ရသည်။
ကျာရီ ချင်းရှောင်ဂိုဏ်းသို့ ရောက်လာခြင်းမှာ ဧကရာဇ်၏ အမိန့်တော်ကြောင့် သက်သက် မဟုတ်ဘဲ အခြား ရည်ရွယ်ချက်များလည်း ရှိနေကြောင်း သိရှိလိုက်ရသည်။
ခေတ္တမျှ ကြာပြီးနောက် ကျာရီမှာ နာကျင်မှုကြောင့် သေလုနီးပါး ဖြစ်နေသည်ကို တွေ့ရသဖြင့် လီချင်းချိုးက ကျိန်စာတိုက်ခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် စုတ်ပြတ်နေသော အရုပ်တစ်ရုပ်ကဲ့သို့ မြေပြင်ပေါ်တွင် လဲကျနေသော ကျာရီထံသို့ သံအပ်နှစ်ချောင်း ပစ်လွှတ်လိုက်ကာ ကျာရီ၏ နာကျင်မှုကို သက်သာစေလိုက်ပြီး အထူး နည်းစနစ်အချို့ကို ချန်ထားရစ်ခဲ့သည်။
ကျာရီ၏ တုန်ယင်မှုများ ငြိမ်သက်သွားသည်ကို မြင်သောအခါ ဖုန်းတိုင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ လီချင်းချိုး ကျာရီကို သေသည်အထိ နှိပ်စက်လိမ့်မည်ကို သူ အမှန်တကယ် ကြောက်ရွံ့ခဲ့မိသည်။
ကျာရီ၏ တည်နေရာကို မသိသူ မရှိပေ။ အနည်းဆုံးတော့ ဟေးရွှေခရိုင်မှ လူအများအပြားလည်း ကျာရီ ချင်းရှောင်ဂိုဏ်းသို့ လာသည်ကို သိရှိထားကြသည်။
အကယ်၍ ကျာရီ ပျောက်ဆုံးသွားပါက အင်ပါယာနန်းတွင်းမှ ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင် အများအပြားကို စေလွှတ်၍ စုံစမ်းစစ်ဆေးမည်မှာ သေချာသည်။
ဖုန်းတိုင်သည် မူလက ကျာရီကို သတ်ပြီးနောက် နောက်ဆက်တွဲ ကိစ္စများကို ဖြေရှင်းရန် ကြံရွယ်ခဲ့သည်။ ချင်းရှောင်ဂိုဏ်းကဲ့သို့သော သူရဲကောင်းဆန်သည့် ဂိုဏ်းတစ်ခုကို လူယုတ်မာများ၏ လက်ချက်ဖြင့် မပျက်စီးစေချင်ပေ။
လွန်ခဲ့သော တစ်နှစ်အတွင်း ချင်းရှောင်ဂိုဏ်း၏ လုပ်ရပ်များကို သူ မကြာခဏ ကြားသိခဲ့ရသဖြင့် ချင်းရှောင်ဂိုဏ်းက ဝူပေါက်ယွီကို အဘယ်ကြောင့် လက်ခံထားရသည်ကို သူ နားလည်လာခဲ့သည်။
ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ရလျှင်ပင် ချင်းရှောင်ဂိုဏ်းကို ကာကွယ်ပေးရန် သူ ဆုံးဖြတ်ထားသည်။
သူသည် တချိန်က ကိုယ်ပိုင် ခွန်အားဖြင့် လောကကြီးကို ပြောင်းလဲရန်နှင့် ဝူပေါက်ယွီအတွက် အမှန်တရားကို ဖော်ထုတ်ပေးရန် ဆန္ဒရှိခဲ့ဖူးသော်လည်း၊ လက်တွေ့တွင်မူ နောက်ခံမရှိဘဲနှင့် ဟေးရွှေခရိုင်မှပင် သူ ထွက်ခွာနိုင်ခြင်း မရှိခဲ့ပေ။ ရည်မှန်းချက်ကြီးများ ထားရှိရန် ဆိုသည်မှာ ဝေလာဝေးလေစွ။
ချင်းရှောင်ဂိုဏ်းကမူ မတူညီပေ။ချင်းရှောင်ဂိုဏ်းသာဆက်လက်တည်ရှိနေလျှင် သူ့ထက်များစွာသန်မာသော အစွမ်းထက်သည့် သိုင်းပညာရှင်များကို မွေးထုတ်ပေးနိုင်လိမ့်မည်။
"ဂိုဏ်းချုပ်လီ... ခင်ဗျား..."
ဖုန်းတိုင် အံကြိတ်၍ စကားပြောလိုက်သော်လည်း စကားမဆုံးခင်မှာပင် လီချင်းချိုး တဖက်လှည့်လာသည်ကို မြင်လိုက်ရသည်။ လီချင်းချိုး၏ မျက်လုံးများထဲမှ ထူးဆန်းသော ခရမ်းရောင်အလင်းကို သူ မြင်လိုက်ရသဖြင့် မှင်သက်သွားလေတော့သည်။
ဤထူးဆန်းသော ခရမ်းရောင်အလင်းက ဝိညာဉ်ချုပ်ကျိန်စာ၏ လက်ကျန် လက္ခဏာတစ်ခု ဖြစ်သည်။ လီချင်းချိုး လှည့်လိုက်သည်နှင့် ခရမ်းရောင်အလင်း ပျောက်ကွယ်သွားသည်။
လီချင်းချိုးက ဖုန်းတိုင်ကို ကြည့်၍…. "မြို့ပိုင်မင်းဖုန်း... ခင်ဗျား မြို့တော်ကို သွားချင်သလား..."
ဖုန်းတိုင် သတိပြန်ဝင်လာပြီး အံ့သြတကြီး မေးလိုက်သည်။
"သွားချင်တာပေါ့... ဒါပေမဲ့ မြို့တော်ကို သွားပြီး ကျုပ် ဘာလုပ်နိုင်မှာလဲ..."
"ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် ခင်ဗျား နေရာတစ်ခု ရဖို့ မခက်ခဲပါဘူး... ဒါပေမဲ့ ဘယ်လောက်မြင့်တဲ့နေရာကို ရောက်မလဲ ဆိုတာတော့ ကျုပ် အာမ မခံနိုင်ဘူး... ကျုပ် ခင်ဗျားကို မြို့တော်ဆီ ပို့ပေးမယ်... ခင်ဗျားက ခြောက်လတစ်ကြိမ် မြို့တော်ရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ကျုပ်ဆီ စာရေးပြီး အကြောင်းကြားပေးရမယ်... အရေးပေါ် အခြေအနေဆိုရင် ကြိုပြီး စာရေးလို့ ရတယ်... ခင်ဗျားကို စွန့်စားရတဲ့ အလုပ်တွေ လုပ်ခိုင်းမှာ မဟုတ်ဘူး... ခင်ဗျားက ကျုပ်ရဲ့ မျက်စိနဲ့ နား ဖြစ်ပေးရုံပဲ..."
လီချင်းချိုး၏ လေသံမှာ ပြောင်းလဲခြင်း မရှိသော်လည်း ဖုန်းတိုင်အပေါ် ကြီးမားသော ဖိအားတစ်ရပ် သက်ရောက်စေခဲ့သည်။
မျက်စိနှင့်နားဆိုမထားနှင့်မျက်စိဖြစ်ပေးရုံကတင်လွယ်ကူမည် မဟုတ်ကြောင်း ဖုန်းတိုင်နားလည်ထားသည်။အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် အစောင့်အကြပ် ထူထပ်သော အင်ပါယာ မြို့တော် ဖြစ်သောကြောင့်တည်း။
ထို့ပြင် လီချင်းချိုး မည်သည့် သတင်းများကို အာရုံစိုက်စေလိုသည်ကိုလည်း သူ သိရှိသည်။
ဤခရီးစဉ်က သူ့ဘဝကို လုံးဝ ပြောင်းလဲသွားစေလိမ့်မည်။
ဟေးရွှေခရိုင်တွင် ထူးခြားမှု မရှိသော နေ့ရက်များကို တွေးတောရင်း ဖုန်းတိုင်စိတ်ထဲ၌ ဤအရာကို အခွင့်အရေးတစ်ခုဟု ခံစားလိုက်ရသည်။
လီချင်းချိုး ကျာရီကို မည်သို့ နှိမ်နင်းလိုက်သည်ကို သူ မသိသော်လည်း၊ သေရမည် ဆိုလျှင်ပင် သူ လောင်းကြေးထပ်ရန် ဆန္ဒရှိပေသည်။
"ကျုပ် လုပ်ပါ့မယ်..."
ဖုန်းတိုင်က လေးနက်သော အသံဖြင့် ပြောလိုက်တော့ လီချင်းချိုး ပြုံးလိုက်ပြီး မေးလိုက်သည်။
"ဒါဆိုရင် ခင်ဗျား ကျုပ် တပည့်အဖြစ် ခံယူချင်သလား... ကျုပ်တပည့် ဖြစ်လာရင် နောင်တစ်ချိန် ခင်ဗျား အန္တရာယ်ကြုံရတဲ့အခါ ကျုပ် လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး..."
ဖုန်းတိုင် နောက်တစ်ကြိမ် မှင်သက်သွားပြန်သည်။ သူသည် လီချင်းချိုး၏ နယ်ရုပ်တစ်ရုပ် ဖြစ်ရန် ပြင်ဆင်ထားသော်လည်း လီချင်းချိုးက သူ့ကို တပည့်အဖြစ် လက်ခံချင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူ့ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
ချင်းရှောင်ဂိုဏ်း ဆိုသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင်။ လှည့်ကွက် ဆင်ရာတွင်ပင် သူတို့၏ နယ်ရုပ်များကို အစွမ်းကုန် ကာကွယ်ပေးရန် ကြိုးစားကြသည်။
လီချင်းချိုး အနေဖြင့် လုပ်နိုင်ချင်မှ လုပ်နိုင်မည် ဖြစ်သော်လည်း ဖုန်းတိုင်ကတော့ လီချင်းချိုးကို ယုံကြည်လိုစိတ် ဖြစ်ပေါ်လာပြီဖြစ်သည်။
"တပည့် ဖုန်းတိုင်က ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်..."
ဖုန်းတိုင် ဒူးထောက်၍ လက်နှစ်ဖက်ကို ဆုပ်ကာ ဂါရဝပြုလိုက်သည်။ လီချင်းချိုး တာအိုမျိုးဆက်ဇယားကွက်ကို တိတ်တဆိတ် ဖွင့်လိုက်ပြီး တပည့်များ၏ အချက်အလက်များကို ကြည့်ရှုရာ ဖုန်းတိုင်၏ ပုံတူကို တွေ့လိုက်ရသည်။
[အမည်- ဖုန်းတိုင်]
[ကျား/မ- ကျား]
[အသက်- ၃၀]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း)- ၇၅/၈၆ (အများဆုံး ၁၀၀)]
[ကျင့်ကြံခြင်း ပါရမီ-သာမန်]
[နားလည်သဘောပေါက်နိုင်စွမ်း- သာမန်]
[ကံတရား-အသက်ကြီးမှ အောင်မြင်မည့်ကံ၊ မကောင်းမှုကို ပြင်းထန်စွာ ဆန့်ကျင်သူ]
[အသက်ကြီးမှ အောင်မြင်မည့်ကံ- အသက် ၆၀ မှ စတင်၍ အသက်ကြီးလာသည်နှင့်အမျှ နားလည်သဘောပေါက်နိုင်စွမ်း ဆက်တိုက် တိုးတက်လာမည် ဖြစ်သည်]
[မကောင်းမှုကို ရန်သူကဲ့သို့ မုန်းတီးသူ-မွေးရာပါ တရားမျှတမှု စိတ်ဓာတ် ရှိသူ၊ အာဏာကို မကြောက်ရွံ့ဘဲ မိမိ ယုံကြည်ရာ တရားမျှတမှုအတွက် အသက်သေဆုံးသည်အထိ ပေးဆပ်ရဲသူ]
...
ဟင်….
သူ့မှာ ထူးခြားတဲ့ ကံတရား ရှိနေတာပဲ...
သောက်ကျိုးနည်း...
ဒီ "အသက်ကြီးမှ အောင်မြင်မည့်ကံ" က တော်တော် လေးစားစရာ ကောင်းတာပဲ...
နားလည်သဘောပေါက်နိုင်စွမ်း တိုးတက်တာက အကန့်အသတ် ရှိသလား…..
နှစ်စဉ် တိုးတက်မှုနှုန်းက ဘယ်လောက်လဲ...
လီချင်းချိုး ရုတ်တရက် စိတ်ပြောင်းသွားပြီး ဖုန်းတိုင်ကို ချင်းရှောင်ဂိုဏ်းတွင် ထိန်းသိမ်းထားချင်စိတ် ပေါက်သွားသည်။ သို့သော်လည်း သူ တွေးကြည့်ရုံသာ တတ်နိုင်သည်။ အသက်ကြီးမှ အောင်မြင်မည့် ကံတရား ဆိုသည်မှာ အမှန်တကယ် မည်သို့ ဖြစ်သည်ကို သူ စောင့်ကြည့်ရဦးမည်။
"ထတော့..."
လီချင်းချိုး ကိုယ်တိုင် ဖုန်းတိုင်ကို ဆွဲထူပေးလိုက်သည်။ ဖုန်းတိုင် ထင်ယောင်ထင်မှား ဖြစ်ချင် ဖြစ်မည်သော်လည်း သူ့ကို လက်ခံပြီးနောက် လီချင်းချိုး အလွန် ပျော်ရွှင်နေသည်ဟု သူ ခံစားလိုက်ရသည်။
ချက်ချင်းပင် လီချင်းချိုးက ဖုန်းတိုင်၏ ဒဏ်ရာများကို ကုသပေးရန် ကိုယ်ခန္ဓာထဲသို့ အပ်သုံးချောင်း စိုက်ထည့်လိုက်ပြီးနောက် ကျာရီဘက်သို့ လှည့်ကြည့်လိုက်သည်။
"ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်"ဖြင့် ကုသခံရပြီးနောက် ကျာရီ သတိမေ့မြောမသွားသော်လည်း အသိစိတ်မှာ အားနည်းနေဆဲ ဖြစ်သည်။ ဝိညာဉ်မှ နာကျင်မှုကြောင့် သေဆုံးသွားပြီဟု ထင်မှတ်ရလောက်အောင် သူ မူးဝေနေသည်။
"ငါ မင်းကို ဘယ်သူမှ မဖြေနိုင်တဲ့ ကျိန်စာတစ်ခု တိုက်ထားတယ်... သုံးနှစ်ပြည့်တိုင်း ကျိန်စာဖြေဖို့ ငါ့ဆီကို လာရမယ်... မလာရင် ခေါင်းကိုက်ဝေဒနာကို ပြင်းထန်စွာ ခံစားရပြီး ခုနစ်ရက်အတွင်း အခုလိုမျိုး နာကျင်စွာ သေဆုံးရလိမ့်မယ်... နားလည်လား..."
လီချင်းချိုးက ကျာရီကို ငုံ့ကြည့်ပြီး အေးစက်သော လေသံ၊ ခံစားချက်မဲ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ကျာရီ လီချင်းချိုးကို မော့ကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်နေသည်။ ခုနကခံစားခဲ့ရသော နာကျင်မှုကို သူ နောက်ထပ် မခံစားချင်တော့ပေ။
သူက တုန်ယင်နေသော အသံဖြင့် …."ကျွန်တော် ရှင်းရှင်းလင်းလင်း ကြားပါတယ်..."
"အစောက ငါ ကျိန်စာတိုက်နေတုန်း မင်းရဲ့ မှတ်ဉာဏ်တွေကို ငါ တွေ့ခဲ့တယ်... မင်းနဲ့ ချင်းဂိုဏ်းရဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို ငါ အကုန် ချရေးထားလိုက်မယ်... မင်း တစ်ခုခု မလုပ်ခင် သေချာ စဉ်းစားသင့်တယ်... မင်း ငါ့အတွက် အလုပ်လုပ်ပေးရင် အသက်တစ်ရာအထိ နေရနိုင်တယ်... ငါ့ကို ဆန့်ကျင်ရင်တော့ မင်း ခံစားရမှာတင် မကဘူး... မင်းရဲ့ မိသားစုတစ်ခုလုံးကိုပါ ဧကရာဇ်က ကွပ်မျက်လိမ့်မယ်..."
ကျာရီ မယုံကြည်နိုင်စွာဖြင့် လီချင်းချိုးကို မျက်လုံးပြူး၍ကြည့်လိုက်သည်။
လီချင်းချိုး သူ့ကို ခြိမ်းခြောက်နေသည်ဟု သူ မထင်ပေ။ လီချင်းချိုးက "ချင်းဂိုဏ်း" ဟု ထုတ်ပြောလိုက်သောအခါ လီချင်းချိုး သူ့မှတ်ဉာဏ်များကို အမှန်တကယ် မြင်တွေ့ခဲ့သည်ဟု သူ ယုံကြည်လိုက်သည်။
"စိတ်ချပါ အမတဆရာသခင်... ကျာရီ သခင့်ကို လုံးဝ သစ္စာဖောက်မှာ မဟုတ်ပါဘူး..." ဟု ကျာရီက တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းလည်း ချင်းရှောင်ဂိုဏ်းကို ဝင်ရမယ်... ပြီးတော့ မင်းရဲ့ အပြစ်တွေကို ဆေးကြောဖို့ လျှို့ဝှက်သူလျှိုအဖြစ် ဆောင်ရွက်ရမယ်... ဘယ်လိုလဲ..."
"အမတဆရာသခင် စီစဉ်တဲ့အတိုင်းပါပဲ..."
ထိုစကားကို ကြားသောအခါ လီချင်းချိုး တာအိုဇယားကွက်ကို ထပ်ဖွင့်လိုက်ရာ ကျာရီ၏ ပုံတူကို အမှန်တကယ် တွေ့လိုက်ရသည်။
[အမည်-ကျာရီ]
[ကျား/မ-ကျား]
[အသက်- ၃၂]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း)-၈၉/၂ (အများဆုံး ၁၀၀)]
[ကျင့်ကြံခြင်း ပါရမီ-သာမန်]
[နားလည်သဘောပေါက်နိုင်စွမ်း- စိတ်ကျေနပ်ဖွယ် မရှိ]
[ကံတရား- သစ္စာဖောက် လူယုတ်မာ၊ အင်မော်တယ်ဧကရာဇ်၏ ဘိုးဘေး]
[သစ္စာဖောက် လူယုတ်မာ- အတ္တကြီးခြင်း၊ လောဘကြီးခြင်းနှင့် မောက်မာခြင်း၊ ကိုယ်ကျိုးအတွက် မည်သူ့ကိုမဆို သစ္စာဖောက်မည့်သူ]
[အင်မော်တယ်ဧကရာဇ်၏ ဘိုးဘေး:-သူ၏ မျိုးဆက်တစ်ဦးသည် အင်မော်တယ်ဧကရာဇ်အဖြစ် ကျင့်ကြံအောင်မြင်ပြီး လူ့လောကကို ကျော်လွန်သွားလိမ့်မည်]
...
လီချင်းချိုးက သစ္စာဖောက် လူယုတ်မာ ဆိုသည်ကို တွေ့သောအခါ ကျာရီနှင့် ကွက်တိ ဖြစ်သည်ဟု ခံစားလိုက်ရသော်လည်း၊ အင်မော်တယ်ဧကရာဇ်၏ ဘိုးဘေး ဆိုသည်ကို တွေ့လိုက်ရသောအခါ မှင်သက်သွားရသည်။
ဒါ ဘာကြီးလဲ...
ဒီလို လူသေးလူဖွဲက ဘယ်လိုလုပ် အင်မော်တယ်ဧကရာဇ်ကို မွေးထုတ်ပေးနိုင်မှာလဲ...
ဒါက အရမ်း ထူးဆန်းလွန်းတယ်...
ဤလူနှစ်ဦးတွင် ထူးခြားသော ကံတရားများ ပိုင်ဆိုင်ထားကြလိမ့်မည်ဟု လီချင်းချိုး ထင်မှတ်မထားခဲ့ပေ။လီချင်းချိုး သူတို့၏ သစ္စာရှိမှုကို အချိန်မရွေး စောင့်ကြည့်နိုင်ရန်နှင့် သစ္စာဖောက်ပါက ဖြေရှင်းရန် အစီအစဉ် ရှိစေရန်သာ သူတို့ကို ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်စေခဲ့ခြင်း ဖြစ်သည်။