← Chapters

ကိုယ့်နာမည် ကိုယ်ဖော်ခြင်း

Vol. 6 Ch. 53

ကိုယ့်နာမည် ကိုယ်ဖော်ခြင်း

Vol. 6 Ch. 53

အင်မော်တယ်ဧကရာဇ်ဆိုတာက ဘယ်လောက်တောင် စွမ်းအားကြီးမှာလဲ...

ကြောက်လန့်နေသော ကျာရီကို ကြည့်ရင်း လီချင်းချိုး၏ စိတ်ထဲတွင် ထိုအတွေး ပေါ်လာသည်။

အင်မော်တယ်ဧကရာဇ် တစ်ပါးရဲ့ ကံတရားဆိုတာ မယုံနိုင်လောက်အောင် ထူးကဲနေမှာပဲ…..

ဒီလို အင်မော်တယ်ဧကရာဇ်ဆိုတာက ဘယ်မျိုးဆက်မှာ ပေါ်လာမလဲ ဆိုတာ မသေချာသလို၊ မွေးဖွားလာရင်တောင်မှ ဖြည်းဖြည်းချင်း ကျင့်ကြံရဦးမှာ..

လီချင်းချိုး၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များလည်း ပေါ်လာပြီး၊ ခြိမ်းခြောက်မှုကို အပြီးတိုင် ရှင်းပစ်သင့်သလားဟု တွေးတောမိသည်။ သို့သော်လည်း အင်မော်တယ်ဧကရာဇ်၏ ကံတရားကို ပုံတူကူးယူ၍ မရနိုင်သည်ကို နှမြောမိသည်။ထို့ပြင် သူ စကားပြောပြီးဖြစ်သဖြင့် ကတိဖျက်တတ်သူမျိုး မဖြစ်လိုပေ။

"မင်းမှာ သားသမီး ရှိလား..."ဟု လီချင်းချိုးကမေးလိုက်သည်။

"မရှိပါဘူး..."

"မင်းက မိန်းမရှုပ်တယ်လို့ နာမည်ကြီးနေတာ... မရှိဘူးဆိုတာဘယ်လိုဖြစ်နိူင်မှာလဲ..."

ကျာရီ၏ မှတ်ဉာဏ်ထဲတွင် ဟေးရွှေခရိုင်၌ ရှိနေစဉ်အတွင်း အမျိုးသမီး သုံးဦးနှင့် ပတ်သက်ခဲ့ဖူးသည်။ ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင် ဟူသော ဂုဏ်ပုဒ်က အမှန်တကယ်ပင် အသုံးဝင်လှ၏သည်။

" ဆရာသခင် ဒီလိုပြောတော့ ကျွန်တော်လဲ မသေချာတော့ဘူး.... အနည်းဆုံးတော့ အခုအချိန်ထိ ဘယ်မိန်းမကမှ ကလေးခေါ်ပြီး ကျွန်တော့်ဆီ လာမရှာသေးဘူး…”ဟု ကျာရီက အကူအညီမဲ့စွာ ပြောလိုက်သည်။

လီချင်းချိုးက သူ့ကို မသတ်ဘူးဟု ဆုံးဖြတ်ပြီး ဖြစ်သော်လည်း သူ လီချင်းချိုး၏ မျက်လုံးကို မကြည့်ရဲပေ။

"အနာဂတ်မှာ မင်း ကလေးရလာရင် ချင်းရှောင်ဂိုဏ်းကို ပို့လိုက်... မင်းရဲ့ ကလေးတွေ တော်မယ် ဆိုရင် ငါ့ရဲ့ စစ်မှန်တဲ့ ပညာတွေကို သင်ယူခွင့် ရလိမ့်မယ်..."

ကျာရီ တုန်ယင်သွားပြီး အလျင်အမြန် သဘောတူလိုက်သည်။

လီချင်းချိုးက သူ့ကို ပိုပြီး ချုပ်ကိုင်ချင်လို့လား၊ တကယ်ပဲ တပည့်အဖြစ် လက်ခံချင်လို့လား ဆိုတာ သူ မဝေခွဲတတ်ပေ။ ဖြစ်နိုင်တာကတော့ နှစ်ခုစလုံး ဖြစ်ပေလိမ့်မည်။

လီချင်းချိုး၏ နည်းလမ်းများကို တွေးမိသောအခါ သူ့ရင်ထဲတွင် မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။ သေချာပေါက် အမတတို့၏ နည်းလမ်းများပင်။ အကယ်၍ သူ့ကလေးများသာ သင်ယူခွင့် ရခဲ့လျှင် ဤသည်မှာ ကံဆိုးမိုးမှောင်ကျရာမှ ကံကောင်းခြင်း ဖြစ်လာသည်ဟု သူ ယူဆမိပေမည်။

"နောက်ပြီးရင် မင်း ဖုန်းတိုင်ကို ခေါ်သွားပြီး မြို့တော်မှာ နေရာရအောင် လုပ်ပေးလိုက်... မင်းတို့နှစ်ယောက် ဒီနေ့ကစပြီး အပြန်အလှန် ကူညီရမယ်... ဖုန်းတိုင် သေသွားရင် မင်း ဘယ်လိုပဲ ဆင်ခြေပေးပေး ငါ မင်းကို အရင်ဆုံး လာသတ်မယ်... ဂုဏ်ရှိန်ကြီးမားတဲ့ ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင် အနေနဲ့ လူတစ်ယောက်ကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် အသက်ရှင်နေလည်း အလကားပဲ..."

လီချင်းချိုး၏ စကားလုံးများ ပြန်လည် အေးစက်သွားသဖြင့် ကျာရီ တုန်ယင်သွားပြီး မည်သို့ ပြန်ပြောရမည် မသိ ဖြစ်သွားရသည်။

ထိုအခြေအနေကို မြင်သောအခါ လီချင်းချိုးက ဖုန်းတိုင်ဘက် လှည့်ကြည့်ပြီး အနည်းငယ် ခေါင်းညိတ်ပြကာ စကားထပ်မပြောတော့ဘဲ တောင်ပေါ်သို့ တက်သွားလေသည်။

လီချင်းချိုး၏ အပ်သုံးချောင်းဖြင့် ကုသခံရပြီးနောက် ဖုန်းတိုင်၏ ဒဏ်ရာများ လျင်မြန်စွာ သက်သာလာပြီး သိပ်မနာကျင်တော့ပေ။ လီချင်းချိုး ထွက်ခွာသွားသောအခါ ဖုန်းတိုင်းက ထွက်ခွာသွားသော ကျောပြင်ကို ချက်ချင်း ဦးညွှတ်လိုက်သည်။

သစ်တောအုပ်ထဲတွင် သူနှင့် ကျာရီသာ ကျန်ရစ်ခဲ့သောအခါ ရုတ်တရက် သူ အနည်းငယ် မှင်သက်မိသွားသည်။

တောင်ပေါ်သို့ မတက်မီက အခြေအနေများ ဤသို့ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ မြေကြီးပေါ်တွင် လဲလျောင်းနေသော ကျာရီကို ကြည့်ပြီး သူ အကြာကြီး နှုတ်ဆိတ်နေမိသည်။

...

ဂိုဏ်းသို့ ပြန်လာသော လမ်းတစ်လျှောက်တွင် လီချင်းချိုးသည်လည်း ထပ်တူပင် စိတ်ရှုပ်ထွေးနေမိ၏။ အင်မော်တယ်ဧကရာဇ်၏ ဘိုးဘေး ဆိုသည့်အချက်က သူ့ကို တော်တော်လေး တုန်လှုပ်စေခဲ့ပြီး၊ ဖုန်းတိုင်၏ အသက်ကြီးမှ အောင်မြင်မည့် ကံတရားသည်လည်း အကန့်အသတ်မရှိသော အလားအလာများ ရှိနေပုံရသည်။

အကယ်၍ သူတို့နှစ်ဦးသာ သူ့ကို မတွေ့ခဲ့လျှင် သူတို့ ကံတရား၏ အားသာချက်များကို သဘောပေါက်ရန် ခက်ခဲပေလိမ့်မည်။

ဖုန်းတိုင်လိုလူစားမျိုးက တာ့လီမင်းဆက်၌ အသက် ၆၀ အထိ အသက်ရှင်ရန်မှာ မလွယ်ကူလှပေ။ အထူးသဖြင့် သူသည် ခေါင်းမာပြီး ပြဿနာတက်လွယ်သူ ဖြစ်သောကြောင့်ပို၍ပင်အသက်တိုနိုင်သည်။ အကယ်၍ သူသာ အသက် ၆၀ မပြည့်မီ သေဆုံးသွားလျှင် အသက်ကြီးမှ အောင်မြင်မည့်ကံ ဆိုသည်မှာ ထင်ယောင်ထင်မှားတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။

ကျာရီ၏ အင်မော်တယ်ဧကရာဇ်၏ ဘိုးဘေးဆိုသော ကံတရားမှာ ပို၍ပင် ယောင်ဝါးဝါး နိုင်လှသည်။ အင်မော်တယ်ဧကရာဇ်က သူ ထင်သလောက် တန်ခိုးစွမ်းအား ကြီးမားလျှင်ပင် သူ့ဘိုးဘေးများ အားလုံးကို ပြန်လည် အသက်သွင်းရန် မဖြစ်နိုင်ပေ။ထို့အပြင် တော်စပ်မှု ရင်းနှီးခြင်း ရှိမရှိအပေါ်လည်း မူတည်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဤကိစ္စကို ယာယီအားဖြင့် ရပ်တန့်နိုင်ခဲ့ပြီး ပဋိပက္ခ ကြီးထွားမလာအောင် တားဆီးနိုင်ခဲ့သည်။ လီချင်းချိုးက မဖြစ်လာသေးသော အရာများအပေါ် တွေးတောပြီး စိတ်မလေလွင့်လိုသဖြင့် သိပ်မတွေးရန် ကြိုးစားလိုက်သည်။

အဓိကအချက်က ပိုမို သန်မာလာဖို့ ကြိုးစားရမယ်…..

သူ ဤမျှ အကွေ့အကောက်များသော နည်းလမ်းများကို အသုံးပြုခဲ့ရခြင်းမှာ တာ့လီမင်းဆက်ဟူသော ဘီလူးကြီးကို ရင်ဆိုင်ရာတွင် ချင်းရှောင်ဂိုဏ်း၌ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သော အကြွင်းမဲ့ အင်အား မရှိသေးသောကြောင့် ဖြစ်သည်။

သူ ပိုမို သန်မာလာရန် ကြိုးစားရမည် သာမက၊ ချင်းရှောင်ဂိုဏ်းလည်း ပိုမို သန်မာလာရန် လိုအပ်ပေသည်။

နောက်ပိုင်း နေ့ရက်များတွင် ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ ကိစ္စကြောင့် ချင်းရှောင်ဂိုဏ်း၏နေ့စဉ်ဘဝကို ထိခိုက်မှု မရှိခဲ့ပေ။ ကျန်းယွီချွန်း၏ စွမ်းရည်ကို မြင်တွေ့ခဲ့ရပြီးနောက် သားသမီးများကို တပည့်ခံရန် ပို့ထားသော လူများ တောင်အောက်သို့ ဆင်းကာ သတင်းဖြန့်ကြသဖြင့် ချင်းရှောင်ဂိုဏ်း၏ ဂုဏ်သတင်း ပိုမို ကျော်ကြားလာခဲ့သည်။

လက်ရှိတွင် သာမန်ပြည်သူများ၏ မျက်လုံးထဲ၌ ချင်းရှောင်ဂိုဏ်းက သူရဲကောင်းဆန်ခြင်းကြောင့် ပိုမို လူသိများသည်။ ကျန်းကျောက်ရှား၏ ဒုတိယအတော်ဆုံး သိုင်းပညာရှင် ဟူသော ဂုဏ်သတင်းမှာ ပြည်သူများကြားတွင် ပျံ့နှံ့ခြင်း မရှိသေးပေ။ သိုင်းပညာ သင်ကြားလိုလျှင် ဆရာသမားထံမှ သင်ယူရန် လိုအပ်သည်မှာ သဘာဝပင်။ ချင်းရှောင်ဂိုဏ်းတွင် ကျွမ်းကျင်သူများ များလေလေ၊ လူများကို ပိုမို ဆွဲဆောင်နိုင်လေလေ ဖြစ်သည်။

လဝက်ခန့် ကြာပြီးနောက် ကျန်းကျောက်ရှားနှင့် ဓားပျံတစ်ဆယ့်သုံးလက်အဖွဲ့သားများ ပြန်ရောက်လာကြပြီး၊ သူတို့ ဘာလုပ်ခဲ့ကြသည်ကို ဂိုဏ်းသား အနည်းငယ်သာ သိရှိကြသည်။

ဓားသမား ၁၃ ဦးအနက် မည်သူမျှ ခြေလက်အင်္ဂါ ပျက်စီးခြင်း မရှိသည်ကို တွေ့ရသဖြင့် လီချင်းချိုး သက်ပြင်းချလိုက်မိသည်။ ဓားသမား ၁၃ ဦးက သူ့ စီမံကိန်းထဲမှ ထိပ်တန်း တပည့်များ ဖြစ်ကြပြီး ချင်းရှောင်ဂိုဏ်းအတွက် ကြီးကျယ်သော အရာများကို လုပ်ဆောင်ပေးနိုင်မည့် တပည့်တစ်စု ဖြစ်သည်။ သူတို့ထဲမှ မည်သူမျှ မပျောက်ဆုံးလျှင် အကောင်းဆုံးပင်။

ယခုဆိုဓားသမား ၁၃ ဦး၏ ရုပ်ရည်သွင်ပြင်နှင့် စိတ်နေသဘောထားများ ပြောင်းလဲသွားကြသည်။ဤသို့ဖြစ်ရခြင်းမှာလဲ လေ့ကျင့်မှု၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်နိုင်ပေသည်။

ကျန်းကျောက်ရှားက တပည့်များကို ဦးဆောင်၍ လီချင်းချိုးနှင့် တွေ့ဆုံပြီးနောက် သူတို့ကို ပြန်လည် အနားယူခိုင်းလိုက်သည်။

ကျန်းကျောက်ရှား ပြန်ရောက်လာသည်ကို ကြားသောအခါ ကျန်းယွီချွန်း အပြေးရောက်လာပြီး သူတို့သုံးဦး အိမ်ထဲတွင် စကားပြောဖြစ်ခဲ့ကြသည်။

"ကျွန်တော် လုဖူကုကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်လိုက်တယ်... သူ့ကို အပြီးတိုင် ရှင်းပစ်ဖို့ ရည်ရွယ်ထားပေမဲ့ အဲဒီကောင်က မြို့စားမင်းကို ဖားနေတော့ ကျွန်တော် အခွင့်အရေး မရခဲ့ဘူး..."

ကျန်းကျောက်ရှားက လက်ဖက်ရည် တစ်ငုံ သောက်ပြီးနောက် ပြောလိုက်ခြင်းဖြစ်သည်။

ထိုစကားကြောင့် ကျန်းယွီချွန်း မျက်မှောင်ကြုတ်သွားပြီး မမေးဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။

"မင်းရဲ့ လုပ်ရပ်က မြို့စားမင်းကို စော်ကားသလို ဖြစ်မသွားဘူးလား..."

"မြို့စားမင်းအတွက်တော့ လုဖူဟုနဲ့ ကောင်းကင်ဓားဂိုဏ်းဆိုတာ လက်နက်တွေပဲ... လက်နက်တစ်ခု ဆုံးရှုံးသွားရင်တောင် ပိုကောင်းတဲ့ လက်နက်တစ်ခု ရမယ်ဆိုရင် သူ ပျော်နေမှာပါ... သူက ကျွန်တော့်ရဲ့ စွမ်းအားကို မြင်ပြီးပြီ ဆိုတော့ ကျွန်တော့်အပေါ် အရမ်းကို စိတ်အားထက်သန်နေတယ်... တကယ်တော့ သူက လုဖူဟုကို စွန့်ပစ်ချင်နေတာ ကြာပြီ... လုဖူဟုက လင်းချွမ်ဒေသက လီမိသားစုကို စော်ကားမိထားတာလေ... မြို့စားမင်းက လီမိသားစုနဲ့ မဆန့်ကျင်ချင်ပေမဲ့ လုဖူဟုက သူ့ကို တွယ်ကပ်နေတာ... လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သူလည်း လုဖူဟုဆီကနေ အကျိုးအမြတ်တွေ အများကြီး ရထားတော့ ငြင်းလို့ မရဘူး... လုဖူဟုအပေါ် အကြွေးတင်နေတာကို ဆပ်တဲ့ အနေနဲ့ သူ့ကို အရှင်ထားပေးဖို့ ကျွန်တော့်ကို တောင်းဆိုလာတယ်..."

ကျန်းကျောက်ရှား၏ လေသံမှာ မပြောင်းလဲဘဲ သာမန် ကိစ္စလေးတစ်ခုကို ပြောပြနေသကဲ့သို့ပင်။

ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်း၏ မျက်ခုံးများ ပြေလျော့သွားပြီး ဤသို့ ရေရွတ်လိုက်သည်။

"တတိယဂျူနီယာညီလေး... မင်း တကယ် ကြီးပြင်းလာပြီပဲ... မင်းရဲ့ လုပ်ရပ်တွေက တဖြည်းဖြည်း ရင့်ကျက်လာပြီ... ဒီကိစ္စမှာ မင်း တော်တော် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်..."

ကျန်းကျောက်ရှားက … "မြို့စားမင်းကို စိတ်ကျေနပ်စေဖို့ ကျွန်တော် သူ့ကို မိတ်ဆွေဖွဲ့ပြီး ကတိပေးခဲ့ရတယ်... အနာဂတ်မှာ သူ အကူအညီ လိုအပ်ရင် ချင်းရှောင်ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်သရွေ့ ကျွန်တော် အစွမ်းကုန် ကူညီပေးပါ့မယ်လို့..."

လီချင်းချိုးက ခေါင်းညိတ်ပြီး…"ငါတို့ လူ့လောကထဲကို ဝင်မယ်ဆို အရာရှိတွေနဲ့ ဆက်ဆံရမှာကို ရှောင်လွှဲလို့ မရပါဘူး... မြို့စားမင်းကို မိတ်ဆွေဖွဲ့တာက ကောင်းကျိုးရော ဆိုးကျိုးရော ရှိတယ်... ငါတို့ ဘယ်လို အသုံးချမလဲ ဆိုတာအပေါ် မူတည်တာပေါ့... ဒီအဆက်အသွယ်ကို တတိယဂျူနီယာညီလေး ရထားတာ ဆိုတော့ နောက်ပိုင်း မင်းပဲ အပြည့်အဝ တာဝန်ယူလိုက်ပါ..."

ဂိုဏ်းအတွင်းမှ ဆက်ဆံရေး အားလုံးကို သူ လိုက်လံ ထိန်းချုပ်၍ မဖြစ်နိုင်ပေ။ အနာဂတ်တွင် ပါရမီရှင်များ သို့မဟုတ် ရည်မှန်းချက်ကြီးသော တပည့်များ ပေါ်ထွက်လာလျှင်ပင် သူတို့၏ ရာထူးနေရာကို မလှုပ်ခါနိုင်စေရန် ဂျူနီယာ ညီငယ် ညီမငယ်များ အနေဖြင့် ကိုယ်ပိုင် ကွန်ရက်များ တည်ဆောက်ထားစေလိုသည်။

ဂိုဏ်း ကြီးမားလာလေ၊ စဉ်းစားရမည့် အရာများ များလာလေ ဖြစ်သည်။ တာအိုဇယားကွက်မှတစ်ဆင့် သူ ဆက်လက် စွမ်းအားကြီးလာနိုင်စေရန် ချင်းရှောင်ဂိုဏ်း တစ်ခုလုံး ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်ရေးကို လီချင်းချိုး မဖြစ်မနေ လုပ်ဆောင်ရပေမည်။

ကျန်းကျောက်ရှားကလည်း လီချင်းချိုးပြောသည့်အချက်ကို သဘောတူလိုက်သည်။ ဤခြောက်လကြာ တောင်အောက် ခရီးစဉ်က သူ့ကို ဗဟုသုတများစွာ ရရှိစေခဲ့သည်။သူသည် ယခုဆိုလျှင် လူများနှင့် ဆက်ဆံရာတွင် ယခင်ကကဲ့သို့ တင်းမာခြင်း မရှိတော့ဘဲ ပိုမိုကောင်းမွန်သော ဖြေရှင်းနည်းဗျူဟာများကို စတင် ရှာဖွေတတ်လာပြီ ဖြစ်သည်။

"ရွှယ်ကျင်းက ရက်စက်ပေမဲ့ သံယောဇဉ်လည်း ကြီးတယ်... အဲဒီတုန်းက ကျွန်တော်တို့ ချင်းဂိုဏ်းက သိုင်းသမားတွေနဲ့ တွေ့ခဲ့တယ်... ကျွန်တော် မရှိတဲ့အချိန် ချင်းဂိုဏ်းက ကျွမ်းကျင်သူတွေ သူတို့ကို ဝိုင်းထားကြတာ... ရွှယ်ကျင်းက တစ်ယောက်တည်း ထွက်ပြေးလို့ ရပေမဲ့ ဂျူနီယာ ညီငယ် ညီမငယ်တွေကို ကာကွယ်ဖို့ ရွေးချယ်ခဲ့တယ်... ကျွန်တော် ရောက်သွားတဲ့အချိန်မှာ သူဒဏ်ရာ အပြင်းထန်ဆုံး ရထားတာ..."

ကျန်းကျောက်ရှားက အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်းပြောပြရင်း လေးစားအားကျစွာ ပြောလိုက်သည်။

လီချင်းချိုးသည်လည်း ပုံမှန်အားဖြင့် ရွှယ်ကျင်း၏ သစ္စာရှိမှုကို ဂရုစိုက်လေ့ရှိသည်။ တောင်အောက် ဆင်းသွားပြီးနောက် သစ္စာရှိမှု ကျဆင်းမသွားဘဲ သူတို့နှစ်ဦးစလုံး အမှတ် ၉၀ အထိ ရောက်ရှိလာကြသည်။

"ဟုတ်တယ်... နောက်ပိုင်း သူ့ကို ကျင့်ကြံဖို့ ဝိညာဉ်တစ်ထောင် ကောင်းချီးနယ်မြေကို ခေါ်သွားလို့ ရတယ်..."

လီချင်းချိုး၏ အဖြေစကားကြောင့် ကျန်းကျောက်ရှား ပြုံးလိုက်မိသည်။ သူ ကျေးဇူးတင်စကား မပြောတော့ပေ။ သူ့အမြင်တွင် ရွှယ်ကျင်းက သူ့တပည့်သာမက လီချင်းချိုး၏ တပည့်တစ်ဝက်လည်း ဖြစ်သည်။ လီချင်းချိုးသာ လမ်းညွှန်မပေးခဲ့လျှင် ဤရတနာကို သူ လွဲချော်ခဲ့ပေလိမ့်မည်။

ထို့နောက် လီချင်းချိုးက ကျန်းကျောက်ရှားကို တောင်အောက်ဆင်းခဲ့သော အတွေ့အကြုံများကို ဆက်ပြောခိုင်းလိုက်သည်။

လွန်ခဲ့သော ခြောက်လအတွင်း ကောင်းကင်ဓားဂိုဏ်းကို လက်စားချေခြင်းအပြင် ကျန်းကျောက်ရှားတို့တွေ အခြားသော ကိစ္စများစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။ သူက တည်ငြိမ်စွာ ပြောပြနေသော်လည်း၊ အထူးသဖြင့် အမျိုးသမီး တစ်ဦးအကြောင်း ထည့်ပြောလိုက်သောအခါ သူ သိပ်မတည်ငြိမ်တော့ကြောင်း လီချင်းချိုး ခံစားလိုက်ရသည်။

ကျန်းကျောက်ရှားသည် ယခုနှစ်တွင် ၁၈ နှစ် ရှိပြီဖြစ်ပြီး အရွယ်ရောက်နေပြီ ဖြစ်သည်။ လီချင်းချိုးက သူ့ညီငယ်၏ ရွေးချယ်မှုများကို အလွန်အကျွံ ဝင်မစွက်ဖက်လိုသဖြင့် ထပ်မမေးတော့ပေ။

လေ့ကျင့်ရေးအကြောင်း ဆွေးနွေးပြီးနောက် လီချင်းချိုး၏ မျက်နှာထား လေးနက်သွားခဲ့သည်။

"တတိယဂျူနီယာညီလေး... မင်း လုပ်ရမယ့် ကိစ္စတစ်ခု ကျန်သေးတယ်... ဒီကိစ္စက အန္တရာယ်များတယ်... ဓားသမား ၁၃ ဦးကို ခေါ်သွားသင့် မသင့် ဆိုတာ မင်းသဘောပဲ..."

"ဘာကိစ္စလဲ..."

"ငါ ချင်းဂိုဏ်းကို ဖျက်ဆီးပစ်ချင်တယ်..."

ကျန်းကျောက်ရှားနှင့် ကျန်းယွီချွန်းတို့၏ မျက်နှာထားများ ရုတ်ခြည်း ပြောင်းလဲသွားသည်။ ချင်းဂိုဏ်းသည် သိုင်းလောကတွင် အသစ် ထွက်ပေါ်လာသော အင်အားကြီးသောဂိုဏ်းတခုဖြစ်ပြီး ကုကျိုးပြည်နယ် အနှံ့အပြားတွင် တပည့်များ လှုပ်ရှားလျက် ရှိသည်။

ကျန်းကျောက်ရှားက ဘာကြောင့်လဲဟု မမေးဘဲ တိုက်ရိုက် ပြန်ဖြေလိုက်သည်။

"ကောင်းပြီ... ဘယ်တော့ သွားရမလဲ..."

"မြန်လေ ကောင်းလေပဲ... ချင်းဂိုဏ်းရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ အကုန် သေရမယ်..."

ကျာရီနှင့် ချင်းဂိုဏ်းတို့၏ ပတ်သက်ဆက်နွှယ်မှုများကို ပြောပြနေစဉ် လီချင်းချိုး၏ လေသံမှာ အေးစက်နေပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လွင်နေသည်။

ချင်းဂိုဏ်းက အင်ပါယာနန်းတွင်းနှင့် အဆက်အသွယ် တည်ဆောက်ရန် အမြဲတစေ လိုလားခဲ့သည်။ ကျာရီ အမိန့်တော် ပြန်တမ်း လာပို့သောအခါ ဂိုဏ်းခေါင်းဆောင်များက သူ့ကို ဖားကြသဖြင့် နှစ်ဖက်အကြား အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေး ခိုင်မာခဲ့သည်။

နှစ်များစွာ ကြာပြီးနောက် ယန်ကျွယ်တိန်၏ တည်နေရာ ပေါက်ကြားသွားခဲ့သည်။ "နဂါးနိုင်သူရဲကောင်း" ယန်ကျွယ်တိန် ချင်းရှောင်ဂိုဏ်းတွင် ရှိနေကြောင်းနှင့် ယန်ကျွယ်တိန်ကို လိုက်လံ ဖမ်းဆီးသော လော့လဲ့ပြန်မလာတော့ကြောင်း ချင်းဂိုဏ်းက သိလိုက်သည်။ ထို့ကြောင့် လော့လဲ့ သေဆုံးသွားပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

နောက်ပိုင်းတွင် ကျန်းကျောက်ရှားက ကမ္ဘာ့ဒုတိယအစွမ်းထက်ဆုံး သိုင်းပညာရှင်အဖြစ် ဂုဏ်သတင်း ရလာသောအခါ သူတို့ မလှုပ်ရှားရဲကြတော့ပေ။ ကျန်းကျောက်ရှား ဤမျှ စွမ်းအားကြီးလာခြင်းမှာ ယန်ကျွယ်တိန် ရရှိခဲ့သော နတ်ဘုရားသိုင်းကျမ်းများကို လေ့ကျင့်ထားသောကြောင့် ဖြစ်မည်ဟု သူတို့ အခိုင်အမာ ယုံကြည်ကြသည်။

ထို့ကြောင့် သူတို့က အမိန့်တော် ပြန်တမ်းကို ပြင်ဆင်ရန် ကျာရီကို လာဘ်ထိုးခဲ့ပြီး ချင်းရှောင်ဂိုဏ်းချုပ်ကို မြို့တော်သို့ သွားရောက်စေရန် ဖိအားပေးခဲ့သည်။ ထို့နောက်တွင် သူတို့ ဘာဆက်လုပ်ရန် ကြံရွယ်ထားသည်ကို မသိရသော်လည်း ချင်းရှောင်ဂိုဏ်းကို ထပ်မံ ဒုက္ခပေးလိမ့်မည်ဟု ခန့်မှန်းရသည်။

ချင်းဂိုဏ်းက အကျိုးအမြတ် ရယူနိုင်ရန် ကျာရီနှင့် ချင်းရှောင်ဂိုဏ်းအကြား ပဋိပက္ခ ဖြစ်ပွားအောင် သွေးထိုးပေးခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

သူတို့၏ ရည်ရွယ်ချက် မည်သို့ပင် ရှိစေကာမူ ချင်းဂိုဏ်း၏ သွေးထိုးမှုကြောင့် ကျာရီ ချင်းရှောင်ဂိုဏ်းကို ဖိနှိပ်လာခြင်း ဖြစ်သဖြင့် နှစ်ဖက်အကြား အမုန်းတရားကို ဖြေရှင်း၍ မရနိုင်တော့ပေ။

"အဲဒါကြောင့်ကိုး... ကျွန်တော်တို့က သူ့ကို ဘာမှ မလုပ်ရသေးတာ သေချာပါလျက်နဲ့ဟို ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင် ဒီလောက်ဒေါသကြီးနေတာမထူးဆန်းတော့ဘူး.... ချင်းဂိုဏ်း ရှိနေတာကို ကျွန်တော် သတိမထားမိလိုက်ဘူး... နှစ်တွေ အများကြီး ကြာသွားတာတောင် သူတို့က ကျွန်တော်တို့ကို မက်မက်မောမော စိုက်ကြည့်နေဉီးမယ်လို့ ထင်ကိုမထင်ထားခဲ့ဘူး....."

ကျန်းယွီချွန်းက ပြောရင်း သက်ပြင်းချလိုက်ကာ လီချင်းချိုးကို ကြည့်ပြီး….

"ချင်းဂိုဏ်းက ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့နဲ့ ပေါင်းထားတယ်ဆိုရင်၊ ကျွန်တော်တို့ သူတို့ကို ရှင်းပစ်လိုက်ရင် ပြဿနာ မတက်နိုင်ဘူးလား..."

လီချင်းချိုးက … "သိုင်းလောက ကိစ္စတွေကို သိုင်းလောကထဲမှာပဲ ရှင်းရမယ်... လူတိုင်းက နောက်ခံကို ကြောက်နေကြရင် သိုင်းလောကမှာ တိုက်ခိုက်တာတွေ ရှိတော့မှာ မဟုတ်ဘူး... ငါ့ရဲ့ တတိယဂျူနီယာညီလေး ပြောသလိုပဲ၊ ချင်းဂိုဏ်း ပျက်စီးသွားရင်တောင် နောက်ကွယ်က အရာရှိကြီးတွေက သူတို့အတွက် လက်စားချေပေးမှာ မဟုတ်ဘူး... သူတို့က ဆက်ပြီး အသုံးချဖို့ တခြားဂိုဏ်းတစ်ခုကို ရှာကြမှာပဲ... လူနည်းစုလောက် ငါတို့ကို ပြဿနာ လာရှာရင်တောင် ထိပ်တိုက် ရင်ဆိုင်ရမှာပဲ..."

"ပုံမှန်ဆိုရင်တော့ ငါတို့တွေနှိမ့်ချပြီးတခြားဂိုဏ်းတွေနဲ့ ပဋိပက္ခ မဖြစ်အောင် နေလို့ရတယ်... ဒါပေမဲ့ မင်းတို့ မှတ်ထားရမှာက ချင်းရှောင်ဂိုဏ်းကို လာပြီး ရန်စတဲ့ ဘယ်သူ့ကိုမဆို ရှင်းပစ်ရမယ်... သေသွားတဲ့သူတွေကသာ နှုတ်ဆိတ်နေပြီး ပြဿနာတွေ ထပ်မရှာနိုင်တော့တာ..."

"ဒီလောကကြီးမှာ အာဏာရှိတဲ့သူတွေကို ဖားနေတာက အသက်ရှင်ရပ်တည်ဖို့ စစ်မှန်တဲ့ အခြေခံအုတ်မြစ် မဟုတ်ဘူး... အင်အားရှိမှသာ အမှန်တရား ဖြစ်တယ်..."

ကျန်းယွီချွန်း ခေါင်းညိတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ကျွန်တော် ဟို ကောင်းကင်စောင့်ရှောက်ရေးတပ်ဖွဲ့ဝင်ကို လွှတ်ပေးလိုက်တာ... ကျွန်တော် အမှား မလုပ်မိပါဘူးနော်..."

"ကိစ္စမရှိပါဘူး... သူ့ကို ငါ ရှင်းပြီးပြီ..."

လီချင်းချိုး၏ စကားကြောင့် ကျန်းယွီချွန်း မျက်လုံးများ ပြူးကျယ်သွားပြီးနောက် ပြုံးလိုက်မိသည်။ စီနီယာအစ်ကိုကြီး၏ ရက်စက်သော နည်းလမ်းများကို သူ မေ့လုနီးပါး ဖြစ်သွားခဲ့မိသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း ဂိုဏ်း၏ ကိစ္စအဝဝကို သူ တာဝန်ယူခဲ့ရသဖြင့်၊ လီချင်းချိုး ဆုံးဖြတ်ချက် ချရာတွင် မည်သို့ စဉ်းစားသည် ဆိုသည်ကို သူ သတိမထားမိခဲ့ပေ။

မင်းရဲ့ စွမ်းရည်တွေက မနက်ရှိုင်းသေးဘူး……

ကျန်းယွီချွန်း ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်မိပြီး လီချင်းချိုးထံမှ သင်ယူစရာများစွာ ရှိသေးကြောင်း ခံစားလိုက်ရသည်။

"ကျွန်တော် နားလည်ပါပြီ... မနက်ဖြန် သူတို့ကို ဦးဆောင်ပြီး တောင်အောက် ဆင်းလိုက်ပါ့မယ်... ဒီတိုက်ပွဲမှာ ချင်းရှောင်ဂိုဏ်းရဲ့ နာမည် တွင်စေရမယ်..."

ကျန်းကျောက်ရှား မတ်တတ်ရပ်လိုက်ပြီး ထိုစကားများကို ပြောဆိုကာ ထွက်ခွာသွားလေသည်။

All Chapters