← Chapters

အခန်း (၅၁)

Vol. 6 Ch. 51

အခန်း (၅၁)

Vol. 6 Ch. 51

ချက်ချင်းဆိုသလို အနားရှိမြေပြင်သည် ပင့်ကူအိမ်သဖွယ်လျင်မြန်စွာအက်ကွဲသွားတော့၏။အက်ကြောင်းများမှာ အရပ်မျက်နှာပေါင်းစုံသို့ပျံ့နှံ့သွားပြီး အောက်ဘက်ရှိတွင်းပေါက်ကြီးမှာလည်း ပိုမိုကျယ်ပြန့်လာသည်။

အဘွားစွင်းသည် ထိတ်လန့်သွားရာမျက်လုံးအပြူးသားဖြင့် နောက်သို့ အပြေးအလွှားဆုတ်လိုက်လေ၏။ထိတ်လန့်နေသောစိတ်ဖြင့် သူမအောက်သို့ငုံ့ကြည့်လိုက်ရာ ကျိုးထောင်ဟွား ပြောခဲ့သည့်အတိုင်း ပိုးတောင်မာနတ်ဆိုးကြီးတစ်ကောင်ရှိနေသည်ကို မြင်လိုက်ရသည်။

သာမန်အားဖြင့်ပိုးတောင်မာဆိုသည်မှာ လက်မအရွယ်ထက်မကြီးသော်လည်း ယခုမြင်နေရသောအကောင်မှာမူ နှစ်မီတာကျော်ထိရှိနေ၏။ပင်စည်အလားတုတ်ခိုင်လှသည့် ကိုယ်ထည်ကြီးမှာ တွင်းပေါက်တွင်း၌ လူးလွန့်နေ၏။ကိုယ်ထည်တစ်ခုလုံးအား ချောကျိပြောင်လက်နေသောမီးခိုးရင့်ရောင် အရေခွံဖြင့်ဖုံးလွှမ်းထားကာ ထူးထူးဆန်းဆန်းအမည်းစက်ပုံစံများရှိနေသည်။

၎င်း၏ခေါင်းမှာပြားပြီးဝိုင်းနေကာ ဘေးတစ်ဖက်တစ်ချက်စီတွင် ကြီးမားသောစုပေါင်းမျက်လုံး(ယင်ကောင်တို့ ပုစဉ်းတို့မှာရှိသလိုမျက်လုံး)တစ်စုံရှိနေ၏။အဘွားစွင်းတစ်ယောက် ထိုမျက်လုံးများနှင့်အကြည့်ချင်းဆုံသွားချိန်တွင် ထိတ်လန့်လွန်းသဖြင့်ခြေချော်ကာ အက်ကွဲကြောင်းတစ်ခုထဲသို့ကျသွားတော့သည်။

နောက်မှသူမသည်လေထဲတွင်လက်များအားယမ်းခါကာ မြေကြီးအစွန်းတစ်ဖက်ကိုအားကိုးတကြီးဆွဲကိုင်လိုက်နိုင်သဖြင့်သာ အောက်သို့လုံးလုံးကျမသွားခဲ့ခြင်းပင်။

"ကယ်ကြပါဦး"

အဘွားစွင်းသည် မြေကြီးအားအတင်းဆုပ်ကိုင်ထားကာ ခြေထောက်များဖြင့်တွင်းနံရံကို ကန်ကျောက်ရင်းအော်ဟစ်နေတော့၏။

သူမနောက်မှလိုက်လာကြသော ကျိုးတချမ်း၊ကျိုးရှီနှင့်ကျိုးဖုန်းတို့မှာမူ အဝေးသို့ပြေးထွက်သွားကြပြီဖြစ်ရာ မည်သူမှအနားမကပ်ရဲကြချေ။ဤဆူညံသံကြောင့် လယ်ထဲတွင်ပိုးကောင်ဖမ်းနေကြသော အခြားရွာသားများပါရောက်ရှိလာကြသော်လည်း လက်ရှိမြင်ကွင်းကြောင့်ကြောက်ရွံ့တုန်လှုပ်ကာနောက်သို့ဆုတ်သွားကြသည်။

"ဘယ်လိုလုပ်ကြမလဲ၊ဒီပိုးတောင်မာနတ်ဆိုးကြီးကအကြီးကြီးဆိုတော့ အဘွားစွင်းကိုစားပစ်တော့မှာလား"

"အဘွားစွင်းကို သူစားပြီးရင်အပြင်ထွက်လာပြီး ငါတို့အားလုံးကိုပါလိုက်စားတော့မှာလား"

အဘွားစွင်းမှာ မြေကြီးအားဆုပ်ကိုင်ထားရင်း အောက်မှပိုးတောင်မာနတ်ဆိုးကြီး၏ ကြက်သီးထဖွယ်ရာအသံများကို ကြားနေရသည်။သူမမှာ အလွန်ထိတ်လန့်သွားရသည့်အပြင် အခြားရွာသားများ၏စကားသံကိုပါကြားလိုက်ရသည့်အတွက် ကြောက်စိတ်များဖြင့်တုန်ယင်လာပြီး ရှူးပေါက်ချမိတော့၏။

ရွာလူကြီးမှာလည်း မျက်မှောင်ကြုံ့ကာစိုးရိမ်နေတော့သည်။အဘွားစွင်းမှာလူကောင်းတစ်ယောက်မဟုတ်သော်လည်း ကျိုးကျားရွာတွင်လူသေဆုံးမှုမျိုးထိတော့မဖြစ်စေချင်ပေ။ကျိုးထောင်ဟွားဘက်သို့ သူလှမ်းအော်လိုက်သည်။

"ထောင်ဟွား‌ ဒီပိုးတောင်မာနတ်ဆိုးကြီးကို သတ်နိုင်မယ့်နည်းလမ်းရှိလား"

ရွာလူကြီးစကားကြောင့် ထိတ်လန့်နေသောလူအုပ်ကြီးမှာ မျှော်လင့်ချက်တို့နှင့်တောက်ပနေသောမျက်ဝန်းအစုံဖြင့် ကျိုးထောင်ဟွားထံဝိုင်းကြည့်လာတော့သည်။

"ထောင်ဟွား နည်းလမ်းလေးရှာပေးပါဦး"

ကျိုးထောင်ဟွား အားလုံးကိုရှင်းပြလိုက်သည်။

"စိတ်မပူကြပါနဲ့ သူကလူမစားပါဘူး၊ဒီနေရာမှာ သူ့အသိုက်လာလုပ်လိုက်လို့သာ ဦးလေးတို့ဆေးပင်ခင်းတွေထဲ ပိုးမွှားတွေ အများကြီးရောက်အောင်လုပ်မိသွားတာ၊ဒါပေမယ့် အဘွားရေအောက်ကိုပြုတ်ကျမသွားအောင်သတိတော့ထား‌နော်၊ပိုးတောင်မာကြီးရဲ့တက်ဖိတာခံရရင် အဘွားသေသွားလိမ့်မယ်"

အဘွားစွင်း အော်ဟစ်ကာတောင်းပန်တော့သည်။

"ထောင်ဟွား အဘွားကိုကယ်ပါဦး၊အဘွား အရင်ကမှားခဲ့ပါတယ် နောက်ဆိုမကောင်းတာတွေ ဘယ်တော့မှမလုပ်တော့ပါဘူး"

ဤတစ်ကြိမ်တွင်မူ အဘွားစွင်းသည်တစ်ကယ့်ဝဋ်လည်မှုကို ခံစားလိုက်ရခြင်းပင်။အခြားသူများမှာတော့ ပိုးတောင်မာတွင်းထဲမကျပါဘဲ သူမအလှည့်မှဘယ်လိုလုပ်ကျသွားရပါသနည်း။မကောင်းမှုများလုပ်ခဲ့လျှင် အမှန်တစ်ကယ်ဝဋ်လည်တတ်သည်မဟုတ်ပါလား။ဝဋ်ဆိုသည်မှာ ရောက်မလာသေးတာသာရှိပြီး မလာဘဲတော့မနေပေ။

အဘွားစွင်းမှာ လေထဲတွင်တွဲလောင်းအနေအထားဖြင့် ရှိုက်ကြီးတငင်ငိုကြွေးနေရကာ သူမဘောင်းဘီအနားမှနေလည်း အဝါရောင်ဆီးများ တစက်စက်ကျနေတော့သည်။

ကျိုးထောင်ဟွားသည် သူမလက်ထဲမှခရုနတ်ဆိုးအားကြည့်လိုက်ရာ ဦးမှင်တံလေးခုလုံးသည်စိတ်မရှည်စွာဖြင့် အရပ်မျက်နှာအနှံ့ယမ်းခါနေသည်ကိုတွေ့လိုက်ရ၏။ကျိုးထောင်ဟွားနှုတ်ခမ်းအစုံမှာ အနည်းငယ်ပြုံးယောင်သန်းသွားရသည်။သူမကိုယ်တိုင်လည်း သူ့စွမ်းရည်ကိုမြင်တွေ့ချင်နေမိသည်မဟုတ်ပါလား။

သူမသည် ခရုနတ်ဆိုးအားတွင်းထဲပစ်ထည့်လိုက်ရာ အဘွားစွင်းမှာကျောက်ခဲတစ်လုံးမြေပေါ်ကျသွားသည့်အသံအား ကြားလိုက်ရသလိုပင်။နောက်ခဏတွင် လေထဲတွဲလောင်းကျနေသော သူမခန္ဓာကိုယ်မှာ တစ်ခုခုပေါ်နင်းလိုက်မိသကဲ့သို့ခံစားလိုက်ရ၏။

သူမငုံ့ကြည့်လိုက်ရာ မည်သည့်နေရာမှရောက်လာမှန်းမသိရသော အခွံကြီးတစ်ခုမှာဖြည်းဖြည်းချင်းကြီးထွားလာပြီး သူမကိုကျင်းထဲမှနေအထက်သို့ ပင့်တင်ပေးနေသည်အားတွေ့လိုက်ရသည်။

အဘွားစွင်းလည်း တွန့်ဆုတ်ခြင်းမရှိထိုခရုခွံကြီးကိုခြေနင်းအဖြစ်အသုံးပြုကာ တွင်းထဲမှနေအမြန်ကုန်းတက်လိုက်၏။သို့သော် ကျိုးထောင်ဟွားနောက်တွင်ရပ်နေသော ကျိုးလျန်ဟွားမှာတော့ ဖြစ်စဉ်အားလုံးကိုမျက်မြင်တွေ့လိုက်ရသည်။ထောင်ဟွားမှာ တစ်ခုခုပစ်ချလိုက်ပြီး ထိုအရာကြီးမှာ ရုတ်တရက်ဆိုသလိုကြီးထွားလာ၏။၎င်း၏အခွံမှာတွင်းတစ်ခုလုံးကိုပြည့်သွားစေပြီး ပိုးတောင်မာနတ်ဆိုးကြီးထက်ပင် ပိုကြီးနေပုံရသည်။

အဘွားစွင်း ဘေးကင်းကင်းဖြင့်ပြန်တက်လာနိုင်သည်ကိုမြင်သောအခါ ကျိုးထောင်ဟွားသည် ခရုနတ်ဆိုးအားအမိန့်ပေးလိုက်၏။

"ခရုနတ်ဆိုး ရှင်းပစ်လိုက်တော့၊ငါတို့ကျိုးကျားရွာရဲ့ဆေးပင်စိုက်ခင်းမှာ သူကဘာမလို့လာရှုပ်ရဲတာလဲ၊အသက်ရှင်ရတာ ပင်ပန်းနေပုံပဲ"

ကျိုးထောင်ဟွားအမိန့်သံအဆုံးတွင် ပိုးတောင်မာနတ်ဆိုးမှာ အခွံထဲမှထွက်လာသောခရုနတ်ဆိုးအားမြင်လိုက်ပြီး ၎င်း၏ ထက်မြက်လှသောမေးရိုးနှစ်တန်းကို တကျိကျိမြည်အောင်ကြိတ်လိုက်ပြီး စုပေါင်းမျက်လုံးကြီးများမှာလည်း အန္တရာယ်အငွေ့အသက်များဖြင့် တောက်ပလာတော့သည်။

ငါ့နယ်မြေထဲကို နတ်ဆိုးတစ်ကောင်ရောက်လာတယ်ပေါ့လေ။

ပိုးတောင်မာနတ်ဆိုးသည် ကြီးမားလှသောကိုယ်ထည်ကြီးအားအမြန်လူးလွန့်ကာ ခရုနတ်ဆိုးရှိရာသို့တစ်ရှိန်ထိုးပြေးဝင်လာတော့သည်။အရေခွံအောက်ရှိ ကြွက်သားများမှာ စည်းချက်ကျကျလှုပ်ရှားနေပြီး ၎င်းဖြတ်သန်းသွားရာလမ်းတစ်လျှောက်တွင် နက်ရှိုင်းသော စွပ်ကြောင်းကြီးများအဖြစ်ကျန်ရစ်စေခဲ့၏။၎င်းမှာ နတ်ဆိုး၏ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကိုပြသနေခြင်းပင်။

တွင်းထဲငုံ့ကြည့်နေကြသော ရွာသားများမှာ ထိတ်လန့်လွန်းသဖြင့်တုန်ယင်နေကြတော့သည်။

ကျိုးထောင်ဟွားပစ်ချလိုက်သော ခရုနတ်ဆိုးမှာ ပိုးတောင်မာနတ်ဆိုးနှင့် အရွယ်အစားချင်းတူညီသော်လည်း ပိုးတောင်မာနတ်ဆိုး၏ရက်စက်ကြမ်းကြုတ်သောပုံစံနှင့်ယှဉ်လျှင်တော့ ခရုနတ်ဆိုးမှာအလွန်ပျော့ညံ့ပုံရလေ၏။

ရွာလူကြီးမှာ စိုးရိမ်တကြီးဖြင့်အကြံပြုလာသည်။

"ထောင်ဟွား သမီးကိုယ်တိုင်ပဲဖြေရှင်းလိုက်ပါလား၊ဒီခရုနတ်ဆိုးက အဘွားစွင်းကိုကယ်ပေးတုန်းကတောင် ရေကုန်ရေခမ်းအားထုတ်နေရတာကို......"

အခြားရွာသားများမှာလည်း ထိုသို့ပင်တွေးနေကြသည်။သို့သော် ရွာလူကြီးစကားမဆုံးမီမှာပင် ခရုနတ်ဆိုး၏ဦးမှင်တံတို့သည် ကျာပွတ်များကဲ့သို့ရုတ်ချည်းရှည်ထွက်လာပြီး ပိုးတောင်မာနတ်ဆိုးကို အဆက်မပြတ်ရိုက်နှက်လေတော့၏။

*ဖြန်း ဖြန်း ဖြန်း*

လေတိုးသံများမြည်သည်ထိ ဦးမှင်တံများအားလွှဲယမ်းချလာသည်။ပိုးတောင်မာနတ်ဆိုးသည် ၎င်းရင်ဘတ်ရှိ ခြေလက်သုံးစုံဖြင့် ကာကွယ်ရန်လုပ်လိုက်သော်ငြား ဦးမှင်တံများမှာထိုအကာအကွယ်များအား ပါးပါးနပ်နပ်ဖြင့်ရှောင်ကွင်းကာ ၎င်းကျောကုန်းပေါ်တည့်တည့်မတ်မတ်ရိုက်နှက်လိုက်၏။ပိုးတောင်မာနတ်ဆိုးမှာ နာကျင်လွန်းသဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်တော့သည်။

ထို့ပြင် ခရုနတ်ဆိုး၌စုစုပေါင်းဦးမှင်တံလေးခုရှိရာ လေးခုစလုံးအားကျွမ်းကျွမ်းကျင်ကျင်ထိန်းချုပ်ပြီး ပိုးတောင်မာနတ်ဆိုးပြန်မခုခံနိုင်သည်ထိ အပီတွယ်တော့၏။ရွာသားအားလုံးသည် ကြီးမားသောပိုးတောင်မာနတ်ဆိုးကြီးမှာ မြေကြီးပေါ်တွင်အလူးအလဲခံနေရသည်ကို အံ့သြတကြီးဖြင့်ကြည့်နေကြသည်။အရိုက်ခံရလေလေ ၎င်းကိုယ်ထည်မှာကျုံ့သွားလေလေပင်။

တစ်ချိန်ကဖောင်းကားနေသော ကိုယ်ထည်ကြီးမှာ ဖြည်းဖြည်းချင်းပိန်လှီသွားပြီး တွန့်လိပ်နေသောအရေခွံဟောင်းကြီးသာကျန်ခဲ့တော့သည်။ထိုအခါမှသာ လူတိုင်းသည် တွင်းဝနားတိုးကပ်ကာ အားအင်ချည့်နဲ့သွားသော ပိုးတောင်မာနတ်ဆိုးကိုငုံ့ကြည့်ရဲကြတော့၏။

ကျိုးထောင်ဟွားသည် တွင်းဝ၌ရပ်ကာ လက်ချောင်းများဖြင့်မန္တန်ရေးဆွဲလိုက်သည်။သူမသည် ဝိညာဉ်စွမ်းအားကိုဓားတစ်စင်းအလားအသုံးချကာ ပိုးတောင်မာနတ်ဆိုးကိုယ်ကိုခွဲပြီး ကိုယ်တွင်းရှိအမြုတေကိုထုတ်ယူလိုက်၏။ထိုကျောက်တုံးလေးမှာ ကျောက်သလင်းအလား ကြည်လင်ကာအလင်းဖျော့ဖျော့တောက်ပနေသည်။

ရွာသားအားလုံးမှာ ကျိုးထောင်ဟွားထံအားကျတုန်လှုပ်စွာဖြင့်ကြည့်နေကြပြီး ထိုမိစ္ဆာကိုယ်ထဲမှထွက်လာသည့်အရာကို သူမဘာလုပ်မည်အားသိချင်နေကြ၏။

"စားလိုက်တော့"

ကျိုးထောင်ဟွားမှာ တွင်း‌အောက်ခြေရှိခရုနတ်ဆိုးအားပြောလိုက်၏။

ခရုနတ်ဆိုးမှာ ပါးစပ်အဟောင်းသားဖြင့်အံ့သြသင့်သွားရသည်။ပိုးတောင်မာနတ်ဆိုး၏ကျင့်စဉ်မှာ နှစ်ပေါင်းဆယ်ဂဏန်းမျှသာရှိသော်လည်း ၎င်း၏အမြုတေမှာတော့ အလွန်တန်ဖိုးရှိလှပေ၏။

ခရုနတ်ဆိုးသည် မဆိုင်းမတွဘဲမျိုချလိုက်သည်။ခဏချင်းအတွင်းမှာပင် သူ့ခန္ဓာကိုယ်မှ အဝါနုရောင်အလင်းတန်းများထွက်ပေါ်လာပြီး ထိုမှတစ်ဆင့် အညိုရောင်နှင့်ရွှေရောင်အလင်းတန်းများပြည့်နှက်သွားတော့၏။

နောက်ဆုံးတွင် ထိုအလင်းတန်းများကြားမှနေ ဓားကဲ့သို့ထင်ရှားသောမျက်ခုံးအစုံနှင့်တောက်ပသောမျက်ဝန်းများပိုင်ဆိုင်သည့် လူချောလေးတစ်ဦးထွက်ပေါ်လာခဲ့သည်။သူ့ဆံနွယ်များကို အထက်သို့‌မြှောက်စည်းထားပြီး ဆံထိုးကိုခပ်စောင်းစောင်းလေးထိုးထား၏။

သို့သော် အထူးခြားဆုံးအရာမှာ သူ့ကျောထက်တွင်ပိုးထားသော ကြီးမားလှသည့်ခရုခွံကြီးပင်ဖြစ်သည်။

ကျိုးထောင်ဟွားမျက်ဝန်းများမှာ အံ့အားသင့်မှုများဖြင့် တောက်ပသွားတော့၏။

ခရုနတ်ဆိုးမှာ လူပုံစံပြောင်းလဲသွားပြီပင်။

All Chapters