အခန်း (၅၂)
Vol. 6 Ch. 52
[ထောင်ဟွားကူးပြောင်းလာစမှာ ပြောင်းဆန်ပြုတ်တိုက်ခဲ့တဲ့အဒေါ်ကျန်းကို အဒေါ်ကျိန့်လို့ပြောင်းသုံးထားတယ်နော်။အရင်အပိုင်းတွေမှာပြောဖို့နေလို့ပါ]
တစ်ချိန်တည်းမှာပင် ရွာသားများသည် ဆေးပင်များပေါ်ရှိ ပိုးမွှားအုပ်ကြီးများ လုံးဝပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသဖြင့် အတိုင်းမသိဝမ်းသာသွားကြတော့၏။
"ပိုးကောင်တွေတစ်ကောင်မှ မရှိတော့ဘူးဟေ့"
"ဖားဥမှိုတွေရော ပင့်ကူပိုးတွေရော အကုန်မရှိတော့တာဟ အံ့ဩစရာကြီး"
"ဟုတ်တယ်ကွ ထောင်ဟွားကတစ်ကယ့်အံ့ဖွယ်ဆရာသခင်ပဲ၊အခုဆိုငါတို့ဆေးပင်တွေလဲဆက်ကြီးထွားလာနိုင်ပြီ"
ရွာသားအားလုံးမှာ ပျော်ရွှင်မြူးထူးကုန်ကြသည်။လူတိုင်းသည် ဆေးပင်စိုက်ရန်အတွက် ငွေအမြောက်အမြားရင်းနှီးထားကြရပြီး အထူးသဖြင့်အဘွားစွင်းဆိုလျှင်လေးတေးကျော်ထိ အကုန်အကျခံထားရ၏။အကယ်၍ ပိုးကောင်များကြောင့်သာပျက်စီးသွားပါက ကျိုးအိမ်ဟောင်းမှာ နာလန်ထူနိုင်တော့မည်မဟုတ်ပေ။
အဘွားစွင်းသည် ချက်ချင်းထိုင်ချပြီးသေချာစစ်ဆေးကြည့်လိုက်ရာ ပိုးကောင်များတစ်ကယ်မရှိတော့သည်ကို တွေ့လိုက်ရ၏။သူမမှာ ဝမ်းသာအားရဖြင့်အော်လိုက်မိတော့သည်။
"သိပ်ကောင်းတယ် ငါ့ဆေးပင်တွေကိုပြန်အဖတ်ဆည်နိုင်ပြီ"
သူမသည် ကျိုးထောင်ဟွားဆီသို့အပြေးအလွှားသွားကာ ပြုံးရွှင်လျက်ဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။
"ထောင်ဟွား သမီးကတော့တစ်ကယ်ကို အဘွားတို့မိသားစုရဲ့ကံကောင်းခြင်းကြယ်ပွင့်လေးပဲ၊သမီးသာမရှိရင် အဘွားအကြီးအကျယ်ရင်းနှီးထားရတဲ့ ဒီမြေ၂၃မူကဆေးပင်တွေတော့ အကုန်ပျက်စီးသွားတော့မှာ"
အဘွားစွင်းအနားတိုးလာသည်ကိုမြင်သောအခါ ကျိုးလျန်ဟွားမှာထိတ်လန့်တကြားဖြင့် ကျိုးထောင်ဟွားနောက်သို့အမြန်ပြန်ပုန်းလိုက်၏။ကျိုးထောင်ဟွားမှာမူ သူမအနားသို့ချဉ်းကပ်လာသော အဘွားစွင်းအားကြည့်ကာ နှာခေါင်းအုပ်လိုက်ပြီးရွံရှာဟန်ဖြင့် သတိပေးလိုက်သည်။
"အဘွား အိမ်ကိုအရင်ပြန်ပြီးဘောင်းဘီလဲလိုက်ပါဦး"
အဘွားစွင်းမှာ ရှက်ကိုးရှက်ကန်းဖြင့်ပြုံးလိုက်မိ၏။စောစောက သူမတစ်ကယ်ပင် အသက်ထွက်လုမတတ်လန့်သွားခဲ့သဖြင့် လူအများရှေ့တွင်ပင်ဆီးထွက်ကျခဲ့ရသည်။သို့သော် သူမမှာအသက်၅၀ကျော်ပြီဖြစ်သလို ကျိုးကျားရွာအတွင်းအရှက်ကွဲဖူးသည်မှာလည်း ဤတစ်ကြိမ်တည်းမဟုတ်သဖြင့် မသိနားမလည်ပုံဖြင့်ဟန်ကိုယ်ဖို့ကာဆက်နေလိုက်တော့၏။
"ထောင်ဟွား သမီးအင်္ကျီအသစ်လေးက တစ်ကယ်လှတာပဲ၊သမီးနဲ့ သိပ်လိုက်တာပဲကွယ်"
အဘွားစွင်းမှာ ထိုသို့ပြောပြီးသည်နှင့်အိမ်အမြန်ပြန်သွားတော့သည်။
ကျိုးဖုန်းမှာ သူမနောက်မှအမြန်လိုက်သွားပြီး မေးလိုက်၏။
"အဘွား သခင်ကြီးလီဆီကတေး၄၀ကို လက်လျှော့လိုက်တော့မှာလား"
အဘွားစွင်း ကျိုးဖုန်းဘက်လှည့်ကာရိုက်ပစ်ချင်စိတ်ကိုအောင့်အီးထားရင်းပြောလိုက်သည်။
"မြေးလေးရယ် အဘွားတို့ဆေးပင်တွေကနေ မကြာခင်၅၇ တေးရတော့မှာလေ၊အဲ့ပိုက်ဆံနဲ့ဆိုရင် မြေးကကျန်းချိုက်ရှနဲ့မကြာခင်လက်ထပ်လို့ရပြီပဲမလား၊ကိုယ့်ညီမကိုပြန်ရောင်းစားမယ့်ယုတ်မာတဲ့အလုပ်မျိုးကို နောက်ဆိုမတွေးနဲ့တော့"
တွင်းဝတွင်ဇောက်ထိုးကျနေစဥ်၌ရှိခဲ့သောအကြောက်တရားမှာ အဘွားစွင်းစိတ်ထဲတွင်စွဲထင်နေဆဲဖြစ်သည်။ယခုအခါ သူမသည်ကျိုးထောင်ဟွားယခင်ကပြောခဲ့သည့်အတိုင်း မကောင်းသောစိတ်ထားရှိလျှင်ဖြစ်ဖြစ် မကောင်းမှုလုပ်လျှင်ဖြစ်ဖြစ် ဝဋ်ပြန်လည်တတ်သည်ကို အပြည့်အဝယုံကြည်သွားလေပြီ။ဒီတစ်ခါတော့ သူမတစ်ကယ်ကိုသေကံမရောက်ဘဲ အသက်မပျောက်ခဲ့ခြင်းပင်။
သူမအသက်မှာ ၅၀ကျော်ပြီဖြစ်သော်လည်း မသေချင်သေးပေ။နောက်နောင်တွင် သူမသည်မကောင်းမှုမလုပ်ဝံ့တော့ဘဲ လူကောင်းတစ်ယောက်အဖြစ်သာနေထိုင်သွားရန် ဆုံးဖြတ်လိုက်တော့သည်။ကျိုးဖုန်းမှာမူ စိတ်ပျက်လက်ပျက်ဖြင့်ကျန်ခဲ့တော့၏။
အဘွားစွင်းချီးမွမ်းစကားပြောပြီးမှသာ လူတိုင်းသည် ကျိုးထောင်ဟွား၏ပန်းနုရောင်အင်္ကျီလေးကို သတိထားမိကြတော့သည်။၎င်းမှာ တစ်ကယ်ပင် လှပလွန်းလှ၏။ဟောင်းနွမ်းစုတ်ပြတ်သောအဝတ်အစားများအားလဲလိုက်ချိန်တွင် သူမမှာဖုန်မှုန့်များကြားမှထွက်ပေါ်လာသောအဖိုးတန်ပုလဲလုံးလေးအလား တောက်ပနေတော့သည်။
ဘေးတွင်ရပ်နေသော ကျိုးလျန်ဟွားမှာ ထိုအထည်သားမှာ လျှော်ထည်ဖြစ်သည်ကိုချက်ချင်းသိလိုက်၏။လျှော်ထည်တစ်ပေလျှင်၁၀ပြားခန့်ပေးရသဖြင့် သာမန်အထည်ကြမ်းများထက် ဈေးပိုကြီးလေသည်။သို့သော် ထောင်ဟွားမှာတော့နတ်ဆိုးနှင်ပေးခြင်း၊အဆောင်ရောင်းခြင်းတို့အပြင်ရာသီသွေးမိစ္ဆာနှင့်အသံနတ်ဆိုးတို့၏အကူအညီဖြင့်ငွေရှာနိုင်သူဖြစ်ရာ အထည်ကောင်းဝယ်ဝတ်နိုင်သည်မှာ ပုံမှန်ပင်ဖြစ်၏။
ထိုသို့တွေးရင်း ကျိုးလျန်ဟွားသည် ထောင်ဟွားထံအားကျစိတ်ဖြင့်ကြည့်လိုက်မိသည်။သူမကိုယ်တိုင်မှာမူ ဘာမှမတက်မြောက်သည့်အပြင် ဂုဏ်သိက္ခာလည်းပျက်စီးထားသဖြင့် မည်သူမှလက်ထပ်ရန်မဝံ့ရဲကြတော့ပေ။
ယခုအခါ ထောင်ဟွားနာမည်မှာ ရွာတွင်ပို၍ကျော်ကြားလာခဲ့သည်။အင်္ကျီအသစ်လေးလဲလိုက်ရုံဖြင့် လူအုပ်ထဲရှိလူငယ်အချို့၏အကြည့်များကို ဖမ်းစားထားနိုင်ပြီပင်။အဘွားဖုန်းနှင့်အဒေါ်ကျိန့်တို့သည်လည်း ကျိုးထောင်ဟွားကိုအလွန်အမင်းချီးမွမ်းနေကြသဖြင့် သူမမှာအတော်လေးရှက်သွေးဖြာနေရတော့၏။
အဒေါ်ကျိန့်မှာချမ်ရှီအားစနောက်လိုက်သည်။
"ဟုန်ယန် ငါကြည့်ရသလောက်တော့ နောက်နှစ်ဆိုရင် နင့်အိမ်လှေကားခုံကအောင်သွယ်တော်တွေကြောင့် ကျိုးသွားတော့မယ်ထင်တယ်"
ချမ်ရှီမှာရယ်မောလျက်ပင်သက်ပြင်းချ၍ပြောလာ၏။
"မယုံနိုင်စရာပဲနော် ထောင်ဟွားလေးတောင် အိမ်ထောင်ပြုမယ့်အရွယ်ရောက်လာပြီပဲ"
"မကြာလိုက်ဘူးလို့ထင်ရတယ်မလား ငါ့သားရှန့်အန်းတောင်၁၅နှစ်ပြည့်လို့ အိမ်ထောင်ဖက်ရှာပေးရမယ့်အရွယ်ရောက်နေပြီပဲလေ"
ကျိန့်ရှီမှာ ထိုသို့ပြောရင်းနံဘေးရှိကျိုးရှန့်အန်းထံလှမ်းကြည့်လိုက်ရာ ထိုခဏ၌ပင်တစ်ခုခုထူးဆန်းနေသည်ကို သူမသတိထားမိလိုက်၏။
ရှန့်အန်းမှထောင်ဟွားအားကြည့်နေသည့် အကြည့်မှာ သာမန်အိမ်နီးချင်းမောင်နှမကဲ့သို့ကြည့်နေခြင်းမဟုတ်ပေ။ဤအချိန်တွင် ကျိုးရှန့်အန်းအကြည့်မှာ ထောင်ဟွားထံတွင်သာစွဲကပ်နေပြီး နားရွက်ဖျားများမှာလည်း အနည်းငယ်နီမြန်းနေတော့သည်။
ယခင်ရက်အနည်းငယ်၌ ကျိုးရှန့်အန်းမြို့မှပြန်လာစဉ်တွင် နေမကောင်းဖြစ်ပြီးမျက်နှာမှာညှိုးငယ်နေခဲ့သော်လည်း ယခုမူသူ့မျက်နှာမှာကြည်နူးမှုများဖြင့်ဝင်းပနေတော့၏။
ကျိုးရှန့်အန်းသည် သူမသားဖြစ်ရာသားဖြစ်သူမှ တစ်စုံတစ်ဦးအားဤကဲ့သို့သော အကြည့်မျိုးဖြင့်ကြည့်သည်ကို ဒေါ်လေးကျိန့် တစ်ခါမှမမြင်ဖူးခဲ့ပေ။ကိုယ့်သားသားအကြောင်းကို မအေဖြစ်သူသာပိုသိရာ ဒေါ်လေးကျိန့်မှာချက်ချင်းဆိုသလိုရိပ်မိသွားတော့သည်။
ရှန့်အန်းကထောင်ဟွားကိုစိတ်ဝင်စားနေတာလား။
ဒေါ်လေးကျိန့်သည် စိတ်ထဲမှနေတိတ်တဆိတ် သဘောကျသွားရကာပြုံးမိသွားသည်။သူမသည် ထောင်ဟွားအားအမြဲချစ်ခင်ပေးခဲ့သူဖြစ်ပြီး သူမကြီးပြင်းလာသည်ကိုလည်းစောင့်ကြည့်ခဲ့သူဖြစ်ရာ ထောင်ဟွားလေးသည်စိတ်သဘောထားကောင်းမွန်သူဖြစ်ကြောင်းသိထား၏။ယခုဆိုလျှင် ထောင်ဟွားမှာနတ်ဆိုးများကိုပင် နှိမ်နင်းနိုင်စွမ်းရှိနေပြီဖြစ်သလို ကျိုးမိသားစုမှာလည်းအုတ်အိမ်ကြီးနှင့် ထည်ထည်ဝါဝါနေထိုင်နိုင်နေပြီမဟုတ်ပါလား။
ချမ်ရှီသည် တစ်နေ့တခြားပိုမိုသန်မာထွားကျိုင်းလာသော ကျိုးရှန့်အန်းအားလှမ်းကြည့်လိုက်သည်။ထူထဲသောမျက်ခုံးတန်းများအောက်မှ သူ့မျက်ဝန်းအစုံသည်ကြည်လင်တောက်ပနေပြီး ထောင်ဟွားထံမှအကြည့်မခွာနိုင်ဘဲ စူးစိုက်ကြည့်နေသည်ကို သူမသတိထားမိလိုက်၏။
ချမ်ရှီမေးလိုက်သည်။
"ယွဲ့အာ နင့်သားရှန့်အန်းအတွက် အိမ်ထောင်ဖက်ရှာထားပြီးပြီလား၊ဘယ်ရွာကလဲ"
ဒေါ်လေးကျိန့်သည် အောင်သွယ်တော်ယိုထံအကူအညီတောင်းကာ မိန်းကလေးအချို့ကိုရှာခိုင်းခဲ့ဖူးသော်လည်း ကျိုးရှန့်အန်းမှာမူ ဝက်ပေါ်သည့်အလုပ်နှင့်သာအလုပ်ရှုပ်နေ၍ အလျင်လိုစရာမရှိဟုအမြဲငြင်းဆိုနေခဲ့ရာ အကြောင်းမထူးခဲ့ပေ။ဒေါ်လေးကျိန့်မှာ သားဖြစ်သူမှာအိမ်ထောင်ရေးကိုအလေးမထားသဖြင့် ယခင်ကအတော်လေးစိတ်တိုခဲ့ရဖူးသည်။
ယခုမှသာ ရှန့်အန်းတစ်ယောက်ဘာကြောင့်မလောခဲ့သည်ကို နားလည်သွားတော့၏။သူစိတ်ဝင်စားနေသည့်သူရှိနှင့်ပြီးသားဖြစ်နေသည်ပင်။
ဒေါ်လေးကျိန့်မှာအပြုံးလေးဖြင့် ချမ်ရှီအားလက်ယမ်းပြကာပြန်ဖြေလိုက်၏။
"အိုး မလောပါဘူးအေ၊ငါ့ရှန့်အန်းက အခုမှ၁၅နှစ်ပဲ ရှိသေးတာကို နောက်တစ်နှစ်လောက်မှအိမ်ထောင်ပြုလဲရပါတယ်"
ကျိုးရှန့်အန်းသည် ထောင်ဟွားထံသို့ တိတ်တဆိတ်အကြည့်ပို့နေစဉ် မိခင်ဖြစ်သူစကားကိုကြားသောအခါ အံ့သြစွာဖြင့် လှည့်ကြည့်လိုက်သည်။သူ့မိခင်မှသူ့ထံပြုံးလျက်ကြည့်ရင်း နံဘေးရှိကျိုးထောင်ဟွားအား လှမ်းမျက်စိမှိတ်ပြကာအရိပ်အယောင်ပြနေသည်ကိုမြင်လိုက်ရ၏။ချက်ချင်းဆိုသလို ရှန့်အန်းနှလုံးခုန်သံတို့မှာ မြန်ဆန်သွားတော့သည်။
အမေက ရိပ်မိသွားပြီလား။
ဒေါ်လေးကျိန့်သည် သူမအကြည့်ကိုပြန်ရုတ်လိုက်ပြီး ကျိုးထောင်ဟွားဘက်သို့ လှည့်ကာမေးလိုက်သည်။
"ထောင်ဟွား သမီးဘယ်လိုလူငယ်မျိုးကို သဘောကျလဲဆိုတာ ဒေါ်လေးကိုပြောပြထားဦး၊ဒေါ်လေး သေချာရှာပေးမယ်လေ"
ထိုစကားကိုကြားသောအခါ ကျိုးရှန့်အန်းမှာ ရင်တထိတ်ထိတ်ဖြင့်ကျိုးထောင်ဟွားအဖြေကို စောင့်မျှော်နေလိုက်သည်။လွန်ခဲ့သောသုံးနှစ် မြို့သို့ဝက်ပေါ်နည်းသွားသင်စဥ်ကတည်းမှ သူသည်ထောင်ဟွားနှင့်တွေ့ရသည်မှာရှားပါးသွား၏။သို့သော် ရွာသို့ပြန်လာတိုင်း ထောင်ဟွားနှင့်ဆုံချင်မိသလို စကားလည်းပြောချင်ပြီး အဝေးမှလမ်းလျှောက်လာသည်ကိုမြင်ရုံမျှဖြင့်ပင် ကျေနပ်နေခဲ့ရသူဖြစ်သည်။ယနေ့ထောင်ဟွားနှင့်နီးနီးကပ်ကပ်ရပ်နေရခြင်းမှာ သူ့စိတ်ကိုအတိုင်းမသိကြည်လင်လန်းဆန်းစေခဲ့၏။
ဘေးနားရှိအမျိုးသမီးများနှင့်အဘွားများမှာလည်း ကျိုးထောင်ဟွားအဖြေကိုစိတ်ဝင်တစားဖြင့်နားစွင့်နေကြသည်။ထိုသူများကြားတွင်ရပ်နေသော ရှန်းမင်မှာလည်းဒေါ်လေးကျိန့်မေးခွန်းကြောင့်သိချင်စိတ်ပြင်းပြနေတော့၏။
ကျိုးထောင်ဟွားသည် ဒေါ်လေးကျိန့်ထံပြုံးပြရင်း သာမန်ကာလျှံကာပင်ပြန်ဖြေလိုက်သည်။
"ဒေါ်လေးကျိန့် ကျွန်မကစိတ်ထားကောင်းတဲ့သူကို သဘောကျပါတယ်"
"စိတ်ကောင်းရှိတာ ကောင်းတာပေါ့အေ၊စိတ်ကောင်းရှိရင် လူကမဆိုးသလို ကိုယ်ကျင့်တရားလဲကောင်းတယ်လို့ဆိုလိုတာပဲမလား"
ဒေါ်လေးကျိန့်မှာ ထောင်ဟွားအဖြေကို အလွန်သဘောကျသွားသည်။သူမသား ရှန့်အန်းမှာလည်း စိတ်ထားနူးညံ့ပြီး ကြင်နာတတ်သူတစ်ဦးပင်မဟုတ်ပါလား။
ဘေးတွင်ရပ်နေသော အချို့လူငယ်လေးများမှာလည်း ထိုစကားကိုကြားသည်နှင့် သူတို့ကိုယ်သူတို့စိတ်ကောင်းရှိသူများဟုယူဆလိုက်ကြပြီး သူတို့တွင်လည်း အခွင့်အရေးရှိသည်ဟုတွေးကာ ဝမ်းသာသွားကြသည်။
ရှန်းမင်မှာမူ ကျိုးထောင်ဟွား၏စံနှုန်းမှာ ဤမျှနိမ့်ပါးလိမ့်မည်ဟုထင်မထားခဲ့ပေ။စိတ်ကောင်းရှိဖို့တစ်ခုတည်းကိုသာပြောခဲ့သည် မဟုတ်ပါလား။သို့သော် တစ်စုံတစ်ခုသောအကြောင်းကြောင့် သူမစကားကိုကြားရချိန်တွင် သူ့နှုတ်ခမ်းအစုံ၌ မသိမသာပြုံးယောင်သန်းသွားမိသည်။သို့သော် သူမော့ကြည့်လိုက်ချိန်တွင်တော့ ၁၅နှစ် ၁၆နှစ်အရွယ်လူငယ်လေးများစွာမှာ ကျိုးထောင်ဟွားထံစူးစိုက်ကြည့်နေကြသည်ကိုမြင်လိုက်ရ၍ သူ့အပြုံးမှာချက်ချင်းပင်တောင့်တင်းသွားတော့၏။ရင်ထဲတွင် တစ်စုံတစ်ခုတစ်ဆို့သွားသလိုခံစားရကာ စိတ်အခြေအနေမှာလည်း ချက်ချင်းဆိုသလိုညှိုးငယ်သွားတော့သည်။
ဆေးပင်စိုက်ခင်းရှိပိုးမွှားများကင်းစင်သွားပြီဖြစ်ရာ အားလုံးလည်းအိမ်ပြန်သွားကြတော့၏။ယခု သူတို့လုပ်ရမည်မှာ မြေဩဇာကျွေး၍သေသေချာချာ ပြုစုပျိုးထောင်ရန်သာကျန်တော့ပြီး ဆေးပင်များရိတ်သိမ်းပြီးလျှင်ငွေရတော့မည်ဖြစ်သည်။
ကျိုးရှန့်အန်းတစ်ယောက် ခြေနှစ်လှမ်းစာမျှလျှောက်ပြီးချိန်တွင် ရုတ်တရက်နောက်သို့လန်ကျသွားတော့၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျိုးထောင်ဟွားမှာလည်း သူ့နောက်တည့်တည့်၌ လမ်းလျှောက်နေခြင်းပင်။
"!!!"
ကျိုးထောင်ဟွားမှာ လန့်ဖြန့်သွားရ၏။
ကျိုးရှန့်အန်း၏ခန္ဓာကိုယ်ကြီးမှာ တောင်ကြီးတစ်လုံးပြိုကျလာသကဲ့သို့ သူမထံသို့ ဦးတည်လာနေသည်မဟုတ်ပါလား။သူမ ဘာလုပ်ရမည်မသိဖြစ်နေစဉ်မှာပင် ရုတ်ချည်းဆိုသလို လက်တစ်စုံပေါ်လာပြီး ကျိုးရှန့်အန်း၏ကိုယ်လုံးကြီးကို လှမ်းထိန်းပေးလိုက်တော့သည်။