အခန်း (၅၃)
Vol. 6 Ch. 53
ကျိုးထောင်ဟွားလှည့်ကြည့်လိုက်သောအခါ ရှန့်အန်းအားထိန်းထားသည်မှာ ရှန်းမင်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"ကျိုးရှန့်အန်း ဘာဖြစ်တာလဲ"
"ရှန့်အန်း ဘာလို့သတိလစ်သွားတာလဲ"
ဖြစ်ရပ်မှာရုတ်ချည်းဆန်လွန်းလှသဖြင့် ရှန်းမင် သူ့ကိုထိန်းပေးလိုက်မှသာ လူတိုင်းသတိပြုမိသွားကြပြီး အံ့အားသင့်ဟန်ဖြင့်မေးလာကြပေသည်။
ရှေ့၌လျှောက်နေသော ကျိန့်ရှီနှင့်ကျိုးကွမ်းခွင်တို့လည်းဆူညံသံကြောင့် ကျိုးရှန့်အန်းထံ ချက်ချင်းလှည့်ကြည့်လိုက်ကြ၏။
ကျိန့်ရှီသည် သတိလစ်နေသောကျိုးရှန့်အန်းကိုမြင်သောအခါ အလွန်စိုးရိမ်သွားပြီး သူ့ခန္ဓာကိုယ်အားလှုပ်ယမ်းကာ အကြိမ်ကြိမ်ခေါ်လိုက်သည်။
"ရှန့်အန်း ရှန့်အန်း သတိထားပါဦး"
ဘေးရှိရွာသားတစ်ယောက်မှ အော်ပြောလိုက်၏။
"လမ်းဖယ်ပေးကြပါဦး ဦးလေးရှန့်ဖျင်လာနေပြီ"
ထိုအချိန်တွင် နေဝင်လုနီးပြီဖြစ်၍မြင်ကွင်းမှာသိပ်မကြည်လင်တော့ပေ။
ကျိုးရှန့်အန်းကို သေသေချာချာစမ်းသပ်စစ်ဆေးနိုင်ရန်အတွက် ကျိုးရှန့်ဖျင်မှာ ကျိုးရှန့်အန်းကိုအိမ်အရင်ခေါ်သွားရန် အကြံပြုလေသည်။
ထိုစကားကိုကြားသည်နှင့် ရှန်းမင်မှာ ကျိုးရှန့်အန်းအားကျောပိုး၍ ခေါ်သွားပေးလိုက်၏။
လူတိုင်းလည်းနောက်မှလိုက်လာရင်း စကားပြောလာကြကာတဖွဖွချီးမွမ်းနေတော့သည်။
"ရှန်းမင်က တစ်ကယ်သန်မာတာပဲ!"
ချမ်ရှီသည် ကျိုးထောင်ဟွားဘေးနားသို့လျှောက်လာပြီး စိုးရိမ်တကြီးမေးလာ၏။
"ထောင်ဟွား သမီးဘာမှမဖြစ်ဘူးမလား"
ကျိုးထောင်ဟွားမှာ ကျိုးရှန့်အန်းတစ်ယောက်ရုတ်ချည်းသတိလစ်သွားကာ သူမပေါ်ပြုတ်ကျလာလုနီးနီးဖြစ်သွားသောကြောင့် အလွန်စိုးထိတ်သွားရသည်။
ကျိုးရှန့်အန်းသည် ရှန်းမင်လောက်အရပ်မရှည်သော်လည်း အကယ်၍သူသာ လဲကျလာပါက ထောင်ဟွားကိုကျိန်းသေဒဏ်ရာရစေမိမှာအမှန်ပင်။
ကျိုးထောင်ဟွား ခေါင်းယမ်းပြလိုက်ပြီး ပြန်ဖြေလိုက်သည်။
"အစ်ကိုရှန်းမင်ရှိနေတာ ကံကောင်းတာပဲ"
ချမ်ရှီသည်လည်း ထိုမြင်ကွင်းကိုမြင်တွေ့ခဲ့ပြီးဖြစ်ရာ ရှန်းမင်ကိုသဘောတွေ့သွားရသည်။သူသည် ထောင်ဟွားကိုအကြိမ်ကြိမ်ကယ်တင်ခဲ့ဖူးသည်မဟုတ်ပါလား။
ရှန်းမင်မှာအသက်အနည်းငယ်ပိုကြီးနေရုံသာဖြစ်ပြီး ယခုနှစ်တွင်၁၈ နှစ်ရှိပြီဖြစ်ကာ ထောင်ဟွားထက်၄နှစ်ပိုကြီးပေသည်။
မကြာမီမှာပင် ရှန်းမင်သည်ကျိုးရှန့်အန်းကိုအိမ်သို့ခေါ်လာပေးပြီး ကုတင်ပေါ်တင်ပေးလိုက်၏။
သူပြန်ထွက်မည်အပြုတွင် ကျိုးထောင်ဟွားမှာ သူနှင့်အတူအခန်းထဲလိုက်ဝင်လာသည်ကိုတွေ့လိုက်ရသဖြင့် ချက်ချင်း ရပ်တန့်လိုက်သည်။
ကျိန့်ရှီမှ အခန်းထဲရှိဖယောင်းတိုင်များကိုအကုန်ထွန်းလိုက်သည်နှင့် ကျိုးထောင်ဟွားမျက်နှာအမူအရာပြောင်းလဲသွားသည်ကို သူသတိပြုမိလိုက်၏။
ကျိုးရှန့်ဖျင်မှာ ကျိုးရှန့်အန်းနားသွားပြီး သွေးခုန်နှုန်းစမ်းလိုက်ရာ သူ့မျက်နှာသည် ချက်ချင်းဆိုသလိုလေးနက်တည်ကြည်သွားသဖြင့် ကျိန့်ရှီနှင့်ကျိုးကွမ်းခွင်တို့မှာ အသက်ရှူအောင့်ကာဆက်လက်စောင့်ကြည့်နေလိုက်ကြသည်။
ကျိုးကွမ်းခွင်တွင် ဤသားတစ်ယောက်သာရှိသဖြင့် အလျင်စလိုမေးမြန်းလိုက်၏။
"အဘိုးရှန့်ဖျင် ကျွန်တော့်သားရှန့်အန်းက ဘာဖြစ်တာလဲ"
ကျိုးရှန့်ဖျင်မှာ လက်ကိုမြှောက်ကာ ကျိုးရှန့်အန်း၏သွေးခုန်နှုန်းကို ထပ်စမ်းလိုက်ပြန်၏။
အတန်ကြာပြီးနောက်တော့ လက်ကိုပြန်ရုတ်လိုက်ပြီး စိတ်မကောင်းဟန်ဖြင့်ပြောလိုက်သည်။
"ရှန့်အန်းရဲ့အသက်ရှူသံက အားနည်းနေပြီ၊သွေးခုန်နှုန်းကလဲ မရှိသလောက်ပဲ၊သူသေတော့မယ် ကလေးအတွက်နာရေးကိစ္စတွေသာ အမြန်ပြင်ဆင်ထားကြတော့"
"ဟမ်"
"ဘယ်လို ရှန့်အန်းကဖြင့်၁၅ နှစ်ပဲရှိသေးတာကို နာရေးအတွက်ပြင်ခိုင်းလိုက်တာလား"
လိုက်လာကြသောရွာသားများအားလုံး တုန်လှုပ်သွားကြသည်။
ကျိန့်ရှီသည် ချက်ချင်းဆိုသလိုကြမ်းပြင်ပေါ်သို့လဲကျသွားပြီး ကျိုးရှန့်အန်းကုတင်ဘေးသို့တွားသွားကာ ရှိုက်ကြီးတငင်ငိုကြွေးတော့၏။
"ရှန့်အန်း သားလေး ထပါဦး၊အမေ့ကိုတစ်ယောက်တည်းထားမသွားပါနဲ့"
ကျိုးကွမ်းခွင်မှာလည်း ငိုကြွေးလိုက်ခြင်းမရှိသော်လည်း မျက်လုံးများထဲတွင်တော့ မျက်ရည်စများဖြင့်ပြည့်လျှံနေလေသည်။
သူသည်ကျိုးရှန့်ဖျင်လက်ကိုဆွဲကာ မေးလိုက်ပြန်၏။
"အဘိုးရှန့်ဖျင် တစ်ကယ်ကိုအခြားနည်းလမ်းမရှိတော့ဘူးလား"
ကျိုးရှန့်ဖျင်သည် ရွာနီးစပ်ချုပ်တစ်ခွင်၌ အရည်အချင်းအရှိဆုံးသမားတော်ဖြစ်သည်။အကယ်၍ အခြားသူများမကယ်နိုင်လျှင်ပင် သူကယ်နိုင်ပေ၏။
သို့သော်လည်း သူမှမကယ်နိုင်တော့ပါဟု ပြောလာပြီဆိုလျှင်တော့ ကျိန်းသေမကယ်နိုင်တော့ခြင်းပင်။
ယခင်နှစ်ရက်၌ ရှန့်အန်းတစ်ယောက်မြို့မှပြန်လာစဉ်ခေါင်းကိုက်သဖြင့် အိမ်တွင်နှစ်ရက်ခန့်အနားယူမည်ဟုပြောခဲ့သည်။သူတို့လည်း သာမန်အအေးမိရုံမျှသာဖြစ်မည်ဟုထင်မှတ်ကာ အလေးအနက်မထားခဲ့ကြပေ။
မည်သူက သိနိုင်ပါမည်နည်း...
အကယ်၍ ဤကဲ့သို့ဖြစ်ပျက်လာမည်ကို သိထားခဲ့ပါလျှင် သူတို့သည်ရှန့်အန်းစကားကိုနားမထောင်ဘဲ အဘိုးရှန့်ဖျင်ကို အမြန်ဆုံးလာကြည့်ခိုင်းမိမည်မှာအမှန်ပင်။ထိုသို့ဆိုလျှင် ရလဒ်မှာလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေလိမ့်မည်။
အဒေါ်ကျိန့်နှင့်ဦးလေးကွမ်းခွင်တို့ ဝမ်းပန်းတနည်းငိုကြွေးနေကြသည်ကိုမြင်သောအခါ ကျိုးထောင်ဟွားလည်းအလွန်စိတ်မကောင်းဖြစ်သွားရပေသည်။
သူမ ရှေ့သို့လျှောက်သွားကာ ပြောလိုက်၏။
"ဦးလေးကွမ်းခွင် သမီးမှာနည်းလမ်းရှိမယ်ထင်တယ်၊အစ်ကိုရှန့်အန်းက သွေးစွမ်းအင်တွေရဲ့တိုက်စားတာကိုခံနေရတာမလို့ အခုလိုဖြစ်နေတာလို့ခံစားနေရတယ်"
"တကယ်လားဟင်"
ကျိုးကွမ်းခွင်မှာ စိတ်လှုပ်ရှားနေဟန်ဖြင့်မေးလာသည်။
"ထောင်ဟွား အဒေါ်တို့ရှန့်အန်းကိုကယ်နိုင်သေးတယ်လို့ သမီးတစ်ကယ်ထင်တာလား"
ဤစကားကိုကြားသောအခါ ကျိန့်ရှီလည်း ကြမ်းပြင်ပေါ်မှစိတ်လှုပ်ရှားစွာဖြင့်ထရပ်လာတော့သည်။
ကျိုးထောင်ဟွားမှာ သူတို့နှစ်ဦးထံခေါင်းငြိမ့်ပြလိုက်၏။
ခုနကအခန်းထဲဖယောင်းတိုင်များထွန်းလိုက်ချိန်တွင် ကျိုးရှန့်အန်းမျက်နှာပေါ်၌သွေးစွမ်းအင်များဖုံးလွှမ်းနေသည်ကို ချက်ချင်းမြင်တွေ့လိုက်ရခြင်းပင်။
၎င်းမှာသတ်ဖြတ်ခြင်းမှတစ်ဆင့်ဖြစ်ပေါ်လာသော သွေးစွမ်းအင်များဖြစ်၏။ယေဘုယျအားဖြင့်ပြောရလျှင် လူသတ်ရာမှထွက်ပေါ်လာသော သွေးစွမ်းအင်မျိုးသာမဟုတ်ပါက လူတစ်ဦးအပေါ်သက်ရောက်မှုကြီးကြီးမားမားရှိမည်မဟုတ်ပေ။
သို့သော်လည်း ကျိုးရှန့်အန်းမှာထိုကဲ့သို့သောသူမဟုတ်သည်မှာရှင်းပေသည်။
ထို့ကြောင့် ကျိုးရှန့်အန်းသည်ဝက်များကို ပိုသတ်မိလေလေ သူ့ခန္ဓာကိုယ်ထဲ၌သွေးစွမ်းအင်များပိုစုပုံလာလေလေဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်လာစေခြင်းပင်။
ကျိုးရှန့်ဖျင်ပြောသလိုပြောရလျှင် မျှော်လင့်ချက်မရှိတော့၍ နာရေးအတွက်သာပြင်ဆင်ရတော့မည်ဟုပင်။
အကယ်၍ သူမသာဤနေရာတွင်မရှိခဲ့ပါက ကျိုးရှန့်အန်းမှာသေမည့်ရက်ကိုထိုင်စောင့်နေရုံသာရှိပေတော့မည်။
သူမသည် ကျိုးရှန့်အန်းကုတင်ဘေးသို့လျှောက်သွားလိုက်ပြီး ညာဘက်လက်ညှိုးနှင့်လက်ခလယ်ကိုမြှောက်လိုက်သည်။မန္တန်ရွတ်ဆိုလိုက်သည့် ခဏ၌ပင် သူမလက်ချောင်းထိပ်များတွင်ဝိညာဉ်စွမ်းအင်များ စုစည်းလာတော့၏။
သူမသည်ကိုယ်ကိုကိုင်းကာ ထိုဝိညာဉ်စွမ်းအင်ကိုအသုံးပြု၍ ကျိုးရှန့်အန်း၏မျက်ခုံးနှစ်ခုကြားတွင် အဆောင်တစ်ခုရေးဆွဲလိုက်ရာ သုံးနှစ်တာကာလပတ်လုံး ကျိုးရှန့်အန်းစုဆောင်းလာခဲ့သမျှ သွေးစွမ်းအင်များအားလုံးမှာချက်ချင်းဆိုသလိုလွှင့်စင်ပပျောက်သွားတော့သည်။
အခြားသူများမှာ တာအိုပညာရပ်ကိုနားမလည်ကြသော်ငြား ကျိုးထောင်ဟွားမန္တန်ရွတ်အပြီးတွင် ကျိုးရှန့်အန်းမျက်နှာအမူအရာမှာ ယခင်ကထက်အများကြီးပိုကောင်းလာသည်ကို တစ်ချက်ကြည့်ရုံနှင့်ပင်သိသွားကြ၏။သူသည် သေလုမျောပါးဖြစ်နေသောလူပုံစံနှင့်ပင် မတူတော့ပေ။
ကုတင်ဘေးမှ ကျိုးထောင်ဟွားနှင့်ကုတင်ပေါ်မှကျိုးရှန့်အန်းကို လူတိုင်းစိုက်ကြည့်နေကြပြီး ကျိုးရှန့်အန်းနိုးလာမလာကို တွေးပူနေကြတော့သည်။
"အင်း"
ခပ်ဖွဖွငြီးငြူသံတစ်သံထွက်လာလေသည်။
လူတိုင်းကုတင်ပေါ်သို့ကြည့်လိုက်ကြရာကျိုးရှန့်အန်းနိုးလာသည်ကိုတွေ့လိုက်ရတော့၏။
လူတိုင်းမှာအံ့အားသင့်သွားပြီး အသက်ရှူပင်မှားသွားကာ တစ်ယောက်တစ်ပေါက်ပြောဆိုကုန်ကြတော့သည်။
"ထောင်ဟွားက တစ်ကယ်တော်တာပဲ၊ဦးလေးရှန့်ဖျင်ကတောင် နာရေးပြင်ခိုင်းထားတဲ့ရှန့်အန်းကို တစ်ကယ်ကြီးပြန်ရှင်လာအောင်လုပ်နိုင်ခဲ့တယ်"
ဘေးမှတစ်ယောက်လည်း ဝင်ပြောလာ၏။
"ထောင်ဟွားပြောတာ ရှန့်အန်းကသွေးစွမ်းအင်တွေတိုက်စားခံခဲ့ရတာတဲ့၊ထောင်ဟွားက အခုပဲသူ့ကိုယ်ထဲကသွေးစွမ်းအင်တွေကိုဖယ်ထုတ်ပေးလိုက်လို့ သူနိုးလာတာပဲဖြစ်ရမယ်"
ကျိန့်ရှီသည် ကျိုးရှန့်အန်းအားပြေးဖက်ကာ ငိုကြွေးရင်းပြောလိုက်၏။
"အမေ့ကိုလန့်သေအောင်လုပ်နေတာပဲ"
ကျိုးရှန့်အန်းမှာ သူမ၏တစ်ဦးတည်းသောသားဖြစ်ရာ အကယ်၍သူသာမရှိတော့လျှင် သူမမည်သို့အသက်ဆက်ရှင်နိုင်ပါမည်နည်း။
သူမမှာအသက်၃၀ကျော်နေပြီဖြစ်ရာ ဤအရွယ်တွင် နောက်ထပ်ကလေးလည်းထပ်ရနိုင်တော့မည်မဟုတ်ပေ။
ကျိုးရှန့်အန်းသည် ကျိန့်ရှီထံဇဝေဇဝါဖြင့်ကြည့်နေ၏။သူ့မှတ်ဉာဏ်မှာ ဆေးပင်ခင်းများဘက်မှအိမ်အပြန်လမ်းတွင် ရုတ်ချည်းအပြင်းအထန်ခေါင်းကိုက်သွားသည့်အချိန်၌သာ ရပ်တန့်နေပေသည်။
ထို့နောက် သူသတိလစ်သွားခဲ့ပြီး နိုးလာချိန်တွင်တော့ သူ့အခန်းထဲရှိကိုယ်ပိုင်ကုတင်ပေါ်သို့ မည်သို့ရောက်သွားရသည်နှင့် အဘယ်ကြောင့်ရွာသားများမှ ဝိုင်းကြည့်နေကြသည်ကို လုံးဝနားမလည်နိုင်တော့ပေ။
ကျိန့်ရှီမှရှင်းပြလာ၏။
"အဘိုးရှန့်ဖျင်က သားသွေးခုန်နှုန်းကိုစမ်းပြီး သေတော့မယ်လို့ပြောခဲ့တာလေ၊ကံကောင်းလို့ ထောင်ဟွားရှိနေလို့သာပဲ သားကိုကယ်လိုက်နိုင်တာ၊ထောင်ဟွားကို အမြန်ကျေးဇူးတင်လိုက်ဦး"
ထိုသို့ပြောရင်း ကျိန့်ရှီမှာကုတင်ဘေးတွင်ရပ်နေသော ထောင်ဟွားထံလက်ညှိုးထိုးပြလိုက်၏။
ကျိုးရှန့်အန်းသည် ကျိုးထောင်ဟွားမှသူ့အားကယ်တင်ခဲ့သည်ဟု ကြားသောအခါ ရှက်ကိုးရှက်ကန်းဖြင့်ပြုံးလိုက်မိသည်။
"အစ်ကို့ကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ်နော် ညီမထောင်ဟွား"
မူလကဖြူဖျော့နေသော ကျိုးရှန့်အန်းမျက်နှာမှာ ရုတ်တရက်ကြီးရှက်သွေးဖြန်းပြီးနီမြန်းသွားသည်မှာ သိသာလှ၏။
လူအုပ်ထဲရပ်နေသော ရှန်းမင်သည်ကျိုးရှန့်အန်းမှ ကျိုးထောင်ဟွားအားစိုက်ကြည့်နေသည့်ပုံကိုမြင်လိုက်ရသောအခါ ရင်ထဲတွင်တစ်မျိုးတစ်ဖုံတင်းကြပ်သွားရတော့သည်။