← Chapters

အခန်း (၅၄)

Vol. 6 Ch. 54

အခန်း (၅၄)

Vol. 6 Ch. 54

ရှန်းမင်အမြင်တွင်တော့ ကျိုးထောင်ဟွားသည် ကျိုးရှန့်အန်းအားကြည့်ကာ လှလှလေးပြုံးပြ၍စကားပြောနေသည့်ဟန်ပင်။

"အစ်ကိုရှန့်အန်း အလ္လာပသလ္လာပတွေလုပ်မ‌နေပါနဲ့၊အခုသတိလစ်သွားတယ်ဆိုတာကလဲ အစ်ကိုသုံးနှစ်ပတ်လုံးဝက်သတ်လာခဲ့လို့စုမိနေတဲ့ သွေးစွမ်းအင်တွေက ကျန်းမာရေးကိုထိခိုက်သွားတာပါ၊အစ်ကို့ခန္ဓာကိုယ်က သားသတ်သမားလုပ်ဖို့ မသင့်တော်ပါဘူး၊အရင်ကစုထားတဲ့သွေးစွမ်းအင်တွေကို ညီမဖယ်ပေးလိုက်ပေမယ့် နောက်ပိုင်းအစ်ကိုသာဝက်တွေထပ်သတ်နေဦးမယ်ဆိုရင်တော့ အဲ့သွေးစွမ်းအင်တွေကအစ်ကို့ကျန်းမာရေးကို ဒုက္ခထပ်ပေးဦးမှာပဲ"

ကျိုးထောင်ဟွားစကားကိုကြားလိုက်သောအခါ ကျိန့်ရှီမှာအလွန်စိုးရိမ်သွား၍ပြောလာ၏။

"ဘယ်လိုလုပ်ကြမလဲ ရှန့်အန်းကသူ့ဆရာဆီမှာ ဝက်သတ်တဲ့ပညာသင်လာတာသုံးနှစ်ရှိပြီ၊အခုမှပညာစုံလို့ ကိုယ်ပိုင်လုပ်ငန်းစတော့မလို့လေ၊သူသာဝက်မသတ်ရရင် ရှန့်အန်းအတွက်ပိုက်ဆံရှာဖို့လမ်းစမရှိတော့ဘူးပေါ့"

ကျိုးရှန့်အန်းသည်လည်း မိမိကိုယ်ကိုဝက်သတ်သမားအလုပ်နှင့်မသင့်တော်ဟု ထင်မှတ်မထားခဲ့သဖြင့် ထုတ်မေးလိုက်သည်။

"ညီမထောင်ဟွား ဒါဆိုရင်အစ်ကိုကဘယ်လိုအလုပ်မျိုးနဲ့သင့်တော်တာလဲ"

ညီမထောင်ဟွားသာဆိုလျှင်သိနိုင်လိမ့်မည်ဟု ကျိုးရှန့်အန်းခံစားနေရ၏။

ထင်သည့်အတိုင်းပင် နောက်တစ်ခဏ၌ ကျိုးထောင်ဟွား၏ပြန်လည်ဖြေကြားသံကို ကြားလိုက်ရသည်။

"အစ်ကိုရှန့်အန်း အစ်ကို့ခန္ဓာကိုယ်ကတိရစ္ဆာန်တွေကိုသတ်ဖို့မသင့်တော်ပေမယ့် ဝက်မွေးမြူဖို့အတွက်တော့အရမ်းသင့်တော်ပါတယ်၊တစ်ကယ်လို့အစ်ကိုသာ ဝက်နဲ့အခြားတိရစ္ဆာန်တွေကိုမွေးမြူမယ်ဆိုရင် သေချာပေါက်ချမ်းသာကြွယ်ဝလာပါလိမ့်မယ်"

ချက်ချင်းဆိုသလိုပင် ကျိုးရှန့်အန်းမှာနူးညံ့နွေးထွေးသောအပြုံးလေးဖြင့်ပြန်ပြောလာ၏။

"ကျေးဇူးပဲနော် ညီမထောင်ဟွား၊ညီမစကားအတိုင်း တစ်ကယ်ဖြစ်လာပါစေ၊ဒါဆိုအစ်ကိုတိရစ္ဆာန်တွေပဲမွေးလိုက်တော့မယ်"

"ဟုတ်တယ် နောက်ဆိုတိရစ္ဆာန်တွေပဲ မွေး လုံးဝမသတ်နဲ့တော့"

ကျိန့်ရှီလည်းချက်ချင်းဝင်ထောက်ခံလိုက်၏။

ဤအချင်းအရာကိုကြည့်ပြီး လူတိုင်းအံ့အားသင့်ကုန်ကြပေသည်။

ကျိုးထောင်ဟွားသည် နတ်ဆိုးမိစ္ဆာများကိုသာနှင်နိုင်သည်မဟုတ်ဘဲ လူများစီးပွားရှာဖို့လမ်းကြောင်းကိုပါ လမ်းညွှန်ပေးနိုင်သည်လားဟုပင် အချို့ကတွေးတောကုန်ကြ၏။

ကျိုးရှန့်အန်းမှာအသက်ပြန်ရှင်လာသည့်အပြင် ကျိုးထောင်ဟွားမှရှန့်အန်းအတွက် ပိုက်ဆံရှာရမည့်လမ်းစကိုပါပြသပေးခဲ့သဖြင့် ကျိန့်ရှီတစ်ယောက်အလွန်ဝမ်းသာသွားရတော့သည်။

သူမသည် ချက်ချင်းဆယ်တေးထုတ်ကာ ကျိုးထောင်ဟွားထံပေးပြီး ပြောလိုက်၏။

"ထောင်ဟွား ဒီနေ့တစ်ကယ်ကျေးဇူးတင်ပါတယ်ကွယ်၊ဒီငွေကိုလက်ခံပေးပါဦး"

ကျိုးထောင်ဟွားမှာ နှစ်တေးသာယူပြီး ကျန်သည်ကိုပြန်ပေးကာပြောလိုက်၏။

"အဒေါ်ကအများကြီးပေးနေပါပြီ"

"ဟမ်"

ကျိန့်ရှီမှာအံ့အားသင့်သွားပြီး ထုတ်မေးလာ၏။

"နတ်ဆိုးတစ်ခါနှင်ရင်ဆယ်တေးယူတာ မဟုတ်ဘူးလား"

ဤသည်မှာ ကျိုးထောင်ဟွား၏စည်းကမ်းဖြစ်သည်ကို လူတိုင်းသိထားကြလေသည်။

ကျိုးအိမ်ဟောင်း၌ ကျိုးထောင်ဟွားမှအကြိမ်ကြိမ်နတ်ဆိုးနှင်ပေးစဉ်တွင် သူမမြင်ခဲ့ဖူးသည်ပင်။

ကျိုးထောင်ဟွား အပြုံးလေးဖြင့်ပြောလိုက်သည်။

"သမီးကအခြားသူတွေအတွက် နတ်ဆိုးနှင်ပေးရင်နှစ်တေးပဲယူတာပါ၊ဆယ်တေးဆိုတာကတော့ လူအချို့ရဲ့ကိစ္စတွေအတွက်ပါပဲ"

ထိုစကားကိုကြားသည်နှင့် ကျိန့်ရှီသည်လူအုပ်ထဲရှိကျိုးအိမ်ဟောင်းမှလူများထံ ချက်ချင်းလှည့်ကြည့်လိုက်သည်။

အခြားသူများလည်း သူတို့ထံကြည့်လာကြပြီး ထောင်ဟွားသည်ကျိုးအိမ်ဟောင်းကိုသာရည်ရွယ်ပြီး ပိုက်ဆံပိုတောင်းနေခြင်းဖြစ်ကြောင်း ချက်ချင်းနားလည်သွားကြတော့၏။

ကျိုးအိမ်ဟောင်းမှ ကျိုးရှီ၊ကျိုးတချမ်း၊ကျိုးဖုန်း၊ဝမ့်ရှီနှင့်ကျိုးစန်းရှီတို့မှာ မျက်နှာများရှုံ့မဲ့သွားကြသည်။ကျိုးထောင်ဟွားမှာ သူတို့အိမ်ဟောင်းကိုလူနုံလူအများအလားဆက်ဆံနေခြင်းဖြစ်သည်လား။

ကျိုးလျန်ဟွားတစ်ယောက်သာ စိတ်သက်သာရာရနေပေသည်။ကိုယ်တိုင် မခံစားဖူးသရွေ့ သူတစ်ပါးနာကျင်မှုကိုမသိနိုင်ရာ သူမသည်ကျိုးအိမ်ဟောင်းအပေါ် ထောင်ဟွားလုပ်ရပ်များကို ထောက်ခံနေလေ၏။

ကျိုးစန်းရှီသည် ဒေါသတကြီးရှေ့သို့တက်ကာငြင်းခုံလေတော့သည်။

"ထောင်ဟွား နင်ကဘာကိုဆိုလိုတာလဲ၊ငါတို့က နင့်အမျိုးတွေလေ၊နင့်ရဲ့အမျိုးရင်းကြီးတွေကို ဘယ်လိုလုပ်ဒီလိုသစ္စာဖောက်ရက်ရတာလဲ"

ကျိုးထောင်ဟွားမှာမူ အပြုံးလေးဖြင့်သာပြန်လည်တုံ့ပြန်လိုက်သည်။

"ဆွေမျိုးကိုသစ္စာဖောက်တဲ့နေရာမှာ သမီးကဦးလေးနဲ့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ၊တစ်ကယ်လို့ တစ်ယောက်ယောက်က ဦးလေးကိုကံကောင်းခြင်းအဆောင်အနေနဲ့ သေခါနီးအဘွားကြီးတစ်ယောက်ဆီရောင်းစားလိုက်ပြီး ရောင်းစားတဲ့လူကသေခါနီးဖြစ်နေရင် ဦးလေးရောသူ့ကိုကယ်ဦးမှာလား"

"သေချာပေါက်မကယ်....."

ကျိုးစန်းရှီသည် စကားပြောရင်းတန်းလန်း သူမှားသွားမှန်းသိကာထစ်အသွားတော့၏။

ကျိုးထောင်ဟွားမှ ဆက်ပြောလာသည်။

"ဟုတ်တာပေါ့၊ ဦးလေးရယ် အဘွားရယ် အဒေါ်ရယ်က သမီးကိုဒုက္ခပေးဖို့လုပ်ခဲ့ကြပေမယ့် သမီးကတော့အဘွားကိုကယ်ခဲ့ရုံတင်မကဘူးနော် အကြိမ်ကြိမ်ကယ်ခဲ့ပြီးမှ ဆယ်တေးပဲယူခဲ့တာ"

ကျိုးစန်းရှီမျက်နှာမှာရှုံ့မဲ့သွားရ၏။ကျိုးထောင်ဟွားသည် အလွန်အငြှိုးကြီးသောမိန်းကလေးတစ်ယောက်ဖြစ်နေသည်။

ကျိုးထောင်ဟွားအား သူပြန်လည်ငြင်းခုံရန်ပြင်လိုက်စဥ် ထင်မထားသည်မှာဘောင်းဘီသွားလဲနေသော အဘွားစွင်းပြန်ရောက်လာခြင်းပင်။

သူမသည်ဝင်လာသည်နှင့် ကျိုးစန်းရှီနားကိုဆွဲလိမ်ကာဆူလာ၏။

"ထောင်ဟွားပြောတာ ဘာမှားလို့လဲ၊အရင်က ငါတို့မှားခဲ့တာပဲလေ၊ပိုက်ဆံပေးပြီး ဘေးကင်းအောင်လုပ်ခွင့်ရတာကိုက ထောင်ဟွားသဘောထားကြီးပေးထားလို့ပဲ၊ဒါတောင်နင်ကတော့......ရှက်စရာကောင်းလိုက်တာ"

ကျိုးစန်းရှီမှာ မိခင်ဖြစ်သူသည်ထောင်ဟွားဘက်မှရပ်တည်လာမည်ကိုမျှော်လင့်မထားခဲ့သဖြင့် ပြန်လည်ငြင်းခုံချင်ပါသော်လည်း မဝံ့မရဲဖြစ်နေတော့သည်။

ကျိုးဆန်းရှီကို ဆူပူကြိမ်းမောင်းပြီးနောက် အဘွားစွင်းသည်ကျိုးထောင်ဟွားဘက်လှည့်ကာ ချော့မော့သောမျက်နှာပေးဖြင့်ပြောလိုက်၏။

"ထောင်ဟွား၊အဘွားတို့ကို ဆွေမျိုးအဖြစ်သတ်မှတ်ပြီး ကူညီပေးတာကို ကျေးဇူးတင်ပါတယ်ကွယ်၊ဒီကျေးဇူးမသိတဲ့ကောင်တွေကိုတော့ အဘွားပဲအိမ်ပြန်ခေါ်သွားပြီးသေချာဆုံးမလိုက်ပါ့မယ်"

ထိုသို့ပြောပြီးနောက် သူမအရိပ်အကဲပြလိုက်ရာ ကျိုးအိမ်ဟောင်းမှပထမအိမ်ထောင်စုနှင့်တတိယအိမ်ထောင်စုဝင်များအားလုံး သူမနောက်မှလိုက်သွားကြတော့သည်။

ကျိုးအိမ်ဟောင်းအတွင်း၌မူ......

ကျိုးစန်းရှီသည် အိမ်သို့ပြန်ရောက်သည်နှင့် အိမ်ခန်းမကြီး၌ထိုင်ကာငြီးငြူတော့၏။

"အမေက ဘာလို့အဲ့ကောင်မစုတ်လေးဘက်ကနေ ပါနေရတာလဲ၊သူကအခြားသူတွေအတွက် နတ်ဆိုးနှင်ပေးရင်ကျ နှစ်တေးပဲယူပြီး ကျွန်တော်တို့အိမ်ကျမှ ဆယ်တေးတောင်းတာလေ၊သူကကျွန်တော်တို့ကို လူအတွေလိုဆက်ဆံနေတာအသိသာကြီးပဲ"

ကျိုးစန်းရှီတစ်ယောက် မကျေမနပ်ဖြစ်နေသကဲ့သို့ အခြားသူများလည်းသူ့နည်းတူ ဒေါသထွက်နေကြပေသည်။အဘွားစွင်းသည် သူ့ထံသို့အပြေးသွားလိုက်ပြီး နှာခေါင်းအားလက်ညှိုးဖြင့်ထိုးကာ ဆူငေါက်တော့၏။

"ပါးစပ်ပိတ်ထားစမ်း"

ထို့နောက် လူတိုင်းထံလက်ညှိုးငေါက်ငေါက်ထိုးကာသတိပေးလိုက်၏။

"နင်တို့ကို အလကားအလိုလိုက်ခဲ့မိတယ်ဆိုတာ အခုမှပဲသိတော့တယ်၊ဒီနေ့ငါ့ကို ဘယ်သူလာကယ်တာလဲ ဘယ်သူတွေက ဝေးဝေးကိုထွက်ပြေးသွားကြတာလဲ ဟမ်၊ထောင်ဟွားကသာ ခရုနတ်ဆိုးကိုသုံးပြီး ငါ့ကိုမကယ်ခဲ့ရင် ငါတော့သေနေပြီ၊ထောင်ဟွား ငါ့ဆီကနေပိုက်ဆံယူတာမှန်ပေမယ့် အရေးကြီးတဲ့အချိန်ဆိုရင်တော့ ငါ့အသက်ကိုကယ်ပေးခဲ့တာပဲလေ၊နောက်ကျထောင်ဟွားအကြောင်း မကောင်းပြောတာထပ်ကြားရရင်တော့ နင်တို့မလွယ်ဘူးမှတ်"

ကျိုးစန်းရှီမှာ ကောင်းကင်ကြီးပြိုကျလာသလိုခံစားလိုက်ရသည်။

ကျိုးရှန့်အန်းအိမ်၌ သူ့အမေဖြစ်သူပြုမူခဲ့သမျှသည် ဟန်ဆောင်နေခြင်းမဟုတ်ခဲ့ပေ။ထိုခွေးစုတ်မလေးထောင်ဟွားမှာ အမှန်တစ်ကယ်ကောင်းမွန်လှသည်ဟု သူ့အမေတစ်ယောက်စိတ်ရင်းနှင့်ထင်မြင်နေပုံပင်။

ကျိုးထောင်ဟွားအိမ်ပြန်ရောက်လာသောအခါ ချမ်ရှီသည်ဆန်ဆေးနေရာမှအံ့ဩတကြီးပြောလာ၏။

"သမီးအဘွားက ဒီနေ့သမီးဦးလေးတွေကိုဆူပြီး သမီးဘက်ကနေဝင်ပြောပေးလိမ့်မယ်လို့ အမေတစ်ကယ်ထင်မထားခဲ့ဘူး"

ကျိုးထောင်ဟွားမှာမူ ထိုအရာကိုလုံးဝဂရုမစိုက်ပါပေ။

"ဘယ်သူက ဂရုစိုက်နေမှာလဲ၊ဘာပဲဖြစ်ဖြစ် ကျိုးအိမ်ဟောင်းကသာ နတ်ဆိုးနှင်ခိုင်းရင်အမြဲဆယ်တေးပဲယူမှာ"

သူမအားဒုက္ခပေးရန်ကြိုးစားခဲ့သူများကို သူမအနေဖြင့် အလွယ်တကူခွင့်လွှတ်လိုက်မည်မဟုတ်ပေ။

ညစာစားပြီးနောက် ကျိုးထောင်ဟွားသည် အိမ်ခန်းမကြီးဆီသို့သွားကာ ရာသီသွေးမိစ္ဆာမှယခင်တစ်လလုံးချုပ်ပေးထားသည့်လက်ကိုင်ပုဝါများကိုစစ်ဆေးကြည့်လိုက်သည်။

လက်ကိုင်ပုဝါတစ်ထည်ချင်းစီကို ပိုးထည်များဖြင့်ပြုလုပ်ထားပြီး ထိတွေ့ရသည်မှာအလွန်နူးညံ့ချောမွေ့လှရာ အထည်ကြမ်းများထက် များစွာသာလွန်လှပေ၏။

ရာသီသွေးမိစ္ဆာ၏လက်ရာမြောက်သော ပန်းထိုးအတတ်နှင့်ပေါင်းစပ်လိုက်ချိန်မှာတော့ လက်ကိုင်ပုဝါများမှာမြင်သူငေးရလောက်သည်ထိ လှပနေတော့သည်။

နောက်တစ်နေ့မနက်တွင် ကျိုးအာ့ရှုသည် ကျိုးထောင်ဟွားတစ်ယောက်တည်း စျေးသွားမည်ကိုစိုးရိမ်သဖြင့် သူမနှင့်အတူလိုက်လာလေ၏။

သားအဖနှစ်ဦးထွက်သွားပြီးနောက် ချမ်ရှီသည် အိမ်ခန်းမကြီးထဲတွင်အဝတ်အစားသစ်များကို ဆက်ချုပ်နေလိုက်သည်။အေးမြသောဆောင်းဦးအတွက် အဝတ်အထည်များသာမက လာမည့်ဆောင်းရာသီအတွက် ဂွမ်းအနွေးထည်များကိုပါ ပြင်ဆင်နေခြင်းပင်။

ရာသီသွေးမိစ္ဆာသည်လည်း ချမ်ရှီနှင့်အတူ အခန်းထဲထိုင်ကာ အဝတ်များကူချုပ်ပေးနေ၏။

သူမသည် ကျိုးထောင်ဟွား၏ကိုယ်ဟန်ကိုကြည့်ရုံဖြင့် အင်္ကျီအရွယ်အစားအားခန့်မှန်းနိုင်ပေသည်။

.........

သားအဖနှစ်ဦးသည် ဆိုင်နေရာဟောင်းတွင်ပင်စောင့်နေလိုက်ကြရာ ထင်သည့်အတိုင်းပင် သခင်မဟယ်တစ်ယောက် ချိန်းထားသည့်အချိန်ထက်စော၍ရောက်ရှိလာ၏။

"နိမ့်ကျတဲ့သားအဖက သခင်မဟယ်ကို ဂါရဝပြုပါတယ်"

ကျိုးထောင်ဟွားတို့သားအဖမှာ ဂါရဝပြုရင်းရိုရိုသေသေပြောလိုက်ကြသည်။

လမ်းတွင်ကျိုးထောင်ဟွားမှာကျိုးအာ့ရှုအား သခင်မဟယ်အကြောင်းမိတ်ဆက်ပေးထားသဖြင့် ကျိုးအာ့ရှုမှာတစ်လျှောက်လုံး သူမနှင့်မျက်လုံးချင်းမဆုံဝံ့ဘဲရှောင်နေတော့၏။

တစ်လခန့်ကြာပြီးနောက်တွင် သခင်မဟယ်မှာ ကျိုးထောင်ဟွားကိုမှတ်မိရန်ပင်ခဲယဉ်းသွားရသည်။

ထိုမိန်းကလေးမှာ အလွန်လှပလာပြီး ကျေးတောသူနှင့်ပင်မတူတော့ဘဲ မြို့သူမိန်းကလေးတစ်ဦးနှင့်တူနေတော့၏။

"မိန်းကလေး ငါမှာထားတဲ့ပစ္စည်းတွေကို ပြပါဦး"

သခင်မဟယ် ပြောလိုက်သည်။

All Chapters