← Chapters

အခန်း (၅၅)

Vol. 6 Ch. 55

အခန်း (၅၅)

Vol. 6 Ch. 55

"သခင်မဟယ်ကို ဟိုနားကလက်ဖက်ရည်ဆိုင်ဆီသွားဖို့ ဒုက္ခပေးရဦးမယ် ကျွန်မသီးသန့်ခန်းတစ်ခန်းကြိုမှာထားပါတယ်"

ယခုတစ်ကြိမ်တွင်တော့ ကျိုးထောင်ဟွားမှာယခင်အတွေ့အကြုံများမှနေ သင်ခန်းစာယူကာ ငွေအမြောက်အမြားလွှဲပြောင်းသည့်ကိစ္စများကို လူသူမမြင်နိုင်သောသီးသန့်နေရာတွင်ပြုလုပ်ခြင်းသည်သာ ပို၍ဘေးကင်းမည်ဖြစ်ကြောင်း နားလည်သွား၏။ထိုမှသာ လူဆိုးများ၏ပစ်မှတ်ထားခြင်းကိုမခံရဘဲ မိမိကိုယ်ကိုအန္တရာယ်ကင်းအောင်ကာကွယ်နိုင်လိမ့်မည်။

သခင်မဟယ်သည် မျက်ခုံးတစ်ချက်ပင့်လိုက်မိသည်။သာမန်တောရွာမှမိန်းကလေးတစ်ဦးနှင့်မတူဘဲ ဤမျှရဲတင်းပြတ်သားသည့်လုပ်ဆောင်ချက်မျိုးရှိလာလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။

လက်ဖက်ရည်ဆိုင်ရှိသီးသန့်ခန်းတစ်ခန်းမှာ အနည်းဆုံးပြားတစ်ရာခန့်ကုန်ကျမည်ဖြစ်ရာ ဤမိန်းကလေးသည်အမှန်တစ်ကယ်ငွေသုံးရဲသူဖြစ်၏။

သို့သော်လည်း သူတို့အရောင်းအဝယ်မှာတေးတစ်ရာကျော်တန်ဖိုးရှိပေသည်။

တောရွာမှမိန်းကလေးတစ်ဦးအနေဖြင့် ဤမျှငွေသုံးရဲသည်ကိုမြင်သောအခါ သခင်မဟယ်မှာသူမထံ အထင်ကြီးလေးစားသောမျက်လုံးများဖြင့် ကြည့်လာတော့၏။လက်ဖက်ရည်ဆိုင်ရှိသီးသန့်ခန်းထဲသို့ရောက်သောအခါ ကျိုးထောင်ဟွားသည် ရာသီသွေးမိစ္ဆာထိုးပေးထားသောလက်ကိုင်ပုဝါတစ်ထောင်ကျော်ကို သခင်မဟယ်စစ်ဆေးနိုင်ရန်ထုတ်ပြလိုက်သည်။

သခင်မဟယ်၏ဆန္ဒပြုချက်အတိုင်း ထိုလက်ကိုင်ပုဝါအားလုံးကို ပိုးထည်နှင့်ဖဲသားများပေါ်တွင် ပန်းထိုးထားခြင်းပင်။

အထည်အမျိုးအစားမတူညီပါက ပန်းထိုးလက်ရာတစ်ခုတည်းဖြစ်စေကာမူ ထွက်ပေါ်လာသောအကျိုးသက်ရောက်မှုမှာ လုံးဝကွဲပြားသွားလေ၏။

သခင်မဟယ်သည် ပစ္စည်းများကိုကြည့်ရင်း တစ်ထည်ချင်းစီမှာ အပြစ်ပြောစရာမရှိအောင်ပြည့်စုံလွန်းလှ၍ အင်မတန်ကျေနပ်သွားတော့သည်။

ကျိုးထောင်ဟွားမှာ လိုရင်းကိုသာတိုက်ရိုက်ပြောလိုက်၏။

“သခင်မဟယ် ပိုးထည်နဲ့ဖဲသားတွေက စျေးကြီးတော့လက်ကိုင်ပုဝါစျေးနှုန်းကလည်း သာမန်အထည်တွေထက်ပိုမြင့်သွားမှာ သဘာဝကျပါတယ်နော်၊ပိုးသားလက်ကိုင်ပုဝါတစ်ထည်ကို တစ်ရာနှစ်ဆယ့်ငါးပြား၊ဖဲသားလက်ကိုင်ပုဝါတစ်ထည်ကို ပြားနှစ်ရာကျပါမယ်၊အခုဒီမှာ ပိုးသားလက်ကိုင်ပုဝါ ခုနစ်ရာ့နှစ်ဆယ်နဲ့ဖဲသားလက်ကိုင်ပုဝါ ခုနစ်ရာ့နှစ်ဆယ်ရှိတော့ စုစုပေါင်း နှစ်ရာသုံးဆယ့်လေးတေးကျသင့်ပါတယ်၊ပြီးခဲ့တဲ့အခေါက်က သခင်မပေးထားတဲ့စရန်ငွေတေးငါးဆယ်ကိုနှုတ်လိုက်ရင် သခင်မက တစ်ရာရှစ်ဆယ့်လေးတေးထပ်ပေးရပါလိမ့်မယ်”

ကျိုးထောင်ဟွားဘေးတွင်ထိုင်နေသော ကျိုးအာ့ရှုမှာ သူမစကားကိုကြားလိုက်သည်နှင့် အနည်းငယ်တုန်လှုပ်သွားရသည်။

နှစ်ရာသုံးဆယ့်လေးတေးတောင်လား။

ထိုမျှများပြားသောငွေပမာဏကိုမမြင်ဖူးခဲ့ရုံသာမက ကိန်းဂဏန်းအားကြားရုံဖြင့်ပင် ကျိုးအာ့ရှုတစ်ယောက်မူးဝေသွားတော့သည်။

သခင်မဟယ်သည် လက်ကိုင်ပုဝါများကို အလွန်သဘောကျသွားသဖြင့် ကျန်ရှိသောငွေများကို အလွယ်တကူပေးချေလိုက်၏။

“မိန်းကလေးကျိုးနဲ့အလုပ်လုပ်ရတာ တစ်ကယ့်ကိုအဆင်ပြေတာပဲ၊နောက်ပိုင်းကျမှ အခြားပန်းထိုးထည်တွေကို ငါထပ်မှာပါ့မယ်၊ဒါနဲ့မိန်းကလေးက ဘယ်မှာနေတာလဲ နေရာသိထားမှနောက်ဆိုငါလဲလိုက်ရှာလို့ရမှာလေ”

“ကျိုးကျားရွာကပါ ကျွန်မနာမည်ကျိုးထောင်ဟွားပါ”

အထည်နှင့်အပ်ချည်ဖိုးအနည်းငယ်မှအပ ရာသီသွေးမိစ္ဆာအတွက်ကုန်ကျစရိတ်မရှိရာ သူမအနေဖြင့်တေး၂၀၀ကျော်အမြတ်ထွက်ခဲ့ပေသည်။

ကျိုးထောင်ဟွားမှာစိတ်ပျော်နေ၍ ကျိုးအာ့ရှုအားမြင်းလှည်းအရောင်းဆိုင်သို့တိုက်ရိုက်ခေါ်ဆောင်သွား၏။

ကျိုးကျားရွာမှနေ မြို့သို့လမ်းလျှောက်လာပါက နာရီဝက်ခန့်ကြာမြင့်လှရာအလွန်ပင်ပန်းလှပေသည်။

ထိုဆိုင်တွင်မြင်းလှည်းများနှင့်နွားလှည်းများရှိသော်လည်း နွားသည်မြင်းထက်မည်သို့ပိုမြန်နိုင်ပါမည်နည်း။ကျိုးကျားရွာမှာဆင်းရဲလွန်းလှသဖြင့် တစ်ရွာလုံး၌နွားတစ်ကောင်ပင်မရှိခဲ့ပေ။ထို့ကြောင့် စီးစရာနွားလှည်းလည်းမရှိသည်မှာသဘာဝကျလေ၏။

မြင်းတစ်ကောင်အား သူမလက်ညှိုးထိုးပြကာ ဆိုင်အကူကိုမေးလိုက်သည်။

"အဲ့မြင်းက ဘယ်လောက်လဲဟင်"

"မိန်းကလေး"

ဆိုင်အကူမှ ပြန်ဖြေလာသည်။

"မြင်းတွေကရှားပါးပြီးအရမ်းစျေးကြီးပါတယ်၊ကျွန်တော်တို့ဆိုင်မှာတောင် သုံးကောင်ပဲရှိတာ၊သူတို့ကို မင်းသားတွေလို ပြုစုထားရတာလေ၊မိန်းကလေးပြတဲ့မြင်းဆို တေးတစ်သောင်းကျသင့်ပါတယ်"

ဆိုင်အကူ၏အဖြေကိုကြားသောအခါ ကျိုးအာ့ရှုတစ်ယောက်အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။

"ဒီလောက်တောင် စျေးကြီးတာလား"

သူသည်ကျိုးထောင်ဟွားအား ဆိုင်ထဲမှနေပြန်‌ခေါ်ရန်ပြင်လိုက်၏။ဤကဲ့သို့နေရာမျိုးမှာ သူတို့လိုဆင်းရဲသားများအတွက်မဟုတ်ပေ။သို့သော်လည်း ကျိုးထောင်ဟွားမှာတော့ထွက်သွားရန် ရည်ရွယ်ချက် မရှိပေ။

"အဖေရယ် ကျွန်မတို့မဝယ်နိုင်ရင်တောင် အနည်းဆုံးတော့ကြည့်လို့ရတာပဲမလား၊ပြီးတော့ဆိုင်အကူကတောင် ဘာမှမပြောတာကို"

ကျိုးအာ့ရှု၏တုံ့ပြန်မှုကိုမြင်သောအခါ ဆိုင်အကူကလည်း စိတ်အေးသွားစေရန်ပြောလိုက်၏။

"ဦးလေးကလဲ ကြည့်လို့ရပါတယ်၊မြင်းတွေကစျေးကြီးတာမလို့ ဦးလေးတို့မဝယ်နိုင်တာကပုံမှန်ပါပဲ၊ကြည့်ရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး၊ဒီရက်ပိုင်းမှာ နန်းတော်ကမြင်းတွေအများကြီးဝယ်နေတော့ အများစုကစစ်မြင်းတွေဖြစ်ကုန်ပြီလေ၊အပြင်မှာကျန်နေခဲ့တဲ့မြင်းတွေကတော့ ရွှေနဲ့လဲရသလိုတန်ဖိုးရှိနေတော့တာပေါ့"

ထိုအခါမှ ကျိုးထောင်ဟွားသည်နွားများဘက်သို့လှည့်ကြည့်ရတော့သည်။ကံကောင်းသည်မှာ နွားတစ်ကောင်လျှင် တေးသုံးဆယ်သာကျသင့်ပြီး နှစ်နှစ်အရွယ်နွားပေါက်ဆိုပါက တေးငါးဆယ်ခန့်ရှိရာ စျေးပိုကြီးလေ၏။ကျိုးထောင်ဟွားသည်တွန့်ဆုတ်မနေဘဲ နှစ်နှစ်သားအရွယ်နွားတစ်ကောင်နှင့်လှည်းမိုးပါသောလှည်းတစ်စီးကို စုစုပေါင်းငါးဆယ့်နှစ်တေးပေး၍ဝယ်လိုက်သည်။

စီးနင်းရန်လေ့ကျင့်ထားသောနွားများမှာ ယဉ်ပါးလှသဖြင့်ကျိုးထောင်ဟွားနှင့်ကျိုးအာ့ရှုတို့နွားလှည်းစမောင်းရာတွင် မည်သည့်ပြဿနာမျှမရှိခဲ့ပေ။နွားလှည်းပေါ်ထိုင်နေရသဖြင့် သူတို့ခြေထောက်များမှာလမ်းလျှောက်ရသည့်ဒုက္ခမှ ကင်းဝေးသွားပြီဖြစ်ရာ ကျိုးထောင်ဟွားတစ်ယောက်အလွန်ဝမ်းသာနေတော့သည်။

သူတို့၏ခြေထောက်များလည်း နောက်ဆုံးတော့အနားရသွားပြီမဟုတ်ပါလား။နွားလှည်းပေါ်ထိုင်နေရင်း ကျိုးအာ့ရှုသည်လည်း ဖြည်းဖြည်းချင်းလက်တွေ့ဘဝသို့ပြန်ရောက်လာ၏။မြို့ထဲ၌ဖြတ်မောင်းလာရသောအခါ သူသည်ရုတ်တရက်ဆိုသလို ဂုဏ်ယူဝင့်ကြွားစိတ်များဖြစ်ပေါ်လာတော့သည်။

သားအဖနှစ်ဦးစျေးဆိုင်လမ်းမှထွက်သွားတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်မှ အော်ဟစ်၍ပြေးလာသည်ကိုတွေ့လိုက်ရ၏။

"မိန်းကလေးကျိုး ခဏစောင့်ပါဦး"

ကျိုးထောင်ဟွားလှည့်ကြည့်လိုက်ရာ ဝေ့ကျန့်ဖုန်းဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"အဖေ ခဏလောက်ရပ်လိုက်ပါဦး၊သူက သမီးဆီကနေ အဆောင်ဝယ်နေကျဖောက်သည်တစ်ယောက်ပါ"

ကျိုးထောင်ဟွားမှ ကျိုးအာ့ရှုအားပြောလိုက်သည်။ဝေ့ကျန့်ဖုန်းသည် နွားလှည်းနားသို့ပြေးလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။

"မိန်းကလေးကျိုး နောက်ဆုံးတော့တွေ့ရပြီပဲ၊ကျွန်တော်နဲ့အတူ အိမ်တော်ကိုလိုက်ပြီး ကျွန်တော့်သခင်ကိုကယ်ပေးပါဦး"

ဝေ့ကျန့်ဖုန်းမျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။

"ဦးလေးပြောခဲ့ဖူးတဲ့ သခင်လား"

သူမမှတ်မိသလောက်ဆိုလျှင် ဝေ့ကျန့်ဖုန်း၏သခင်သည် ဝေ့ကျန့်ဖုန်းထံမှဘေးကင်းလုံခြုံရေးအဆောင်နှစ်ခုကိုလုယူသွားသည်ဟု ယခင်ကပြောခဲ့ဖူး၏။ဝေ့ကျန့်ဖုန်း ခေါင်းငြိမ့်ပြကာပြောလာ၏။

"အခုကျွန်တော့်သခင်သေလုမျောပါးဖြစ်နေလို့ပါ၊မိန်းကလေးရဲ့အဆောင်နှစ်ခုသာမရှိရင် သူဆုံးသွားတာကြာနေပြီ၊ဒါပေမယ့် အဲ့ဒီအဆောင်နှစ်ခုကလဲပြာဖြစ်သွားလို့ မိန်းကလေးဆီကထပ်ဝယ်ထားတဲ့အဆောင်နှစ်ခုကို ထပ်ယူသွားခဲ့သေးတယ်၊အခုအဆောင်တစ်ခုပဲကျန်တော့တာကို အဲ့ဒါကလဲမနည်းထိန်းထားရတဲ့ပုံပါပဲ၊တစ်ကယ်လို့ အဲ့အဆောင်ပါပြာဖြစ်သွားရင် သူတစ်ကယ်ဆုံးပါးသွားမှာကိုစိုးရိမ်နေမိတယ်"

ထို့ကြောင့်ပင် မကြာသေးမီ၌သူ့သခင်သည် မိန်းကလေးကျိုးကိုအမြန်ရှာပြီး အဆောင်များဝယ်သည်ဖြစ်စေ မိန်းကလေးကျိုးကိုယ်တိုင်ရောက်လာလာစေရန်ဖြစ်စေလုပ်ပေးဖို့ သူ့ထံအမြဲမပြတ်တိုက်တွန်းနေခဲ့သည်။အချုပ်အားဖြင့်ဆိုသော် တစ်ခုခုကိုတော့အိမ်တော်သို့ယူလာပေးရမည်ဖြစ်၏။

"ဒါပေမယ့် ကျွန်မရဲ့နတ်ဆိုးနှင်တဲ့ဈေးနှုန်းက အရမ်းများတယ်နော်၊အရင်တစ်ကြိမ်ကထက် နှစ်တေးထပ်ပိုသွားမှာပါ"

ကျိုးထောင်ဟွား သတိပေးလိုက်သည်။ဝေ့ကျန့်ဖုန်း၏သခင်ကို သူမ,မတွေ့ရသေးသော်လည်း သူ့အပေါ်ရှိနေသော နတ်ဆိုးစွမ်းအင်မှာမူ သာမန်မဟုတ်ကြောင်း သူမခန့်မှန်းထားပြီးဖြစ်၏။သို့မဟုတ်ပါလျှင် သူမ၏အဆောင်သုံးခုလုံးပြာဖြစ်သွားစရာအကြောင်းမရှိပေ။

"စိတ်မပူပါနဲ့ မိန်းကလေးကျိုးရယ်၊ကျွန်တော့်သခင်က အရမ်းချမ်းသာပါတယ်၊သခင့်ကိုသာကယ်နိုင်မယ်ဆိုရင် မိန်းကလေးလိုချင်သလောက် ငွေပေးပါလိမ့်မယ်"

ဝေ့ကျန့်ဖုန်း ပြောလာသည်။ကျိုးထောင်ဟွားသည်မြင်းတစ်ကောင်ဝယ်ရန် ငွေစုနေသဖြင့်ပိုက်ဆံရှာရန်အတွက် ဤအခွင့်အရေးကိုလက်မလွှတ်လိုရာ ဝေ့ကျန့်ဖုန်းနှင့်အတူအိမ်တော်သို့လိုက်သွားလေ၏။

နွားလှည်းရပ်လိုက်သည်နှင့် ဝေ့ကျန့်ဖုန်းသည်အစေခံများကို လှည်းအားအတွင်းသို့ယူသွားကာ နွားကိုမြက်ခြောက်များကျွေးရန်နှင့်သေချာဂရုစိုက်ရန် ညွှန်ကြားလိုက်သည်။

"မိန်းကလေးကျိုး အထဲကိုကြွပါ"

ဝေ့ကျန့်ဖုန်းမှာ ယဉ်ကျေးပျူငှာစွာဖြင့် လမ်းပြလာသည်။ကျိုးထောင်ဟွား တံခါးဝသို့ရောက်သည်နှင့် အိမ်တော်ကဗ္ဗည်းပြားအားမော့ကြည့်လိုက်၏။

"လီအိမ်တော်လား"

ဝေ့ကျန့်ဖုန်းပြုံးလျက်ဖြင့်ပြန်ဖြေလာသည်။

"ဟုတ်ပါတယ် ကျွန်တော့်သခင်ရဲ့မျိုးရိုးက လီပါ"

လီအိမ်တော်မှာ အလွန်ကျယ်ဝန်းလှပြီး ခြံဝင်းသုံးခုပါသောအိမ်ကြီးဖြစ်သည်။အတန်ကြာသည်ထိ လမ်းလျှောက်ပြီးပါမှ အလယ်ခြံဝန်းရှိအဓိကအဆောင်သို့ရောက်ရှိလာကြ၏။ကျိုးထောင်ဟွားနှင့်ကျိုးအာ့ရှုတို့ဝင်လာသည်နှင့် အခန်းထဲရှိ လူတိုင်းလှည့်ကြည့်လာကြသည်။

ကျိုးထောင်ဟွား ပတ်ဝန်းကျင်အားစူးစမ်းကြည့်လိုက်ရာ လူနှစ်ဆယ်ခန့်ရှိနေပြီး ခန်းမကြီးတစ်ခုလုံးပြည့်နေသည်ကိုတွေ့လိုက်ရ၏။အများစုမှာ အသက်အရွယ်အစုံဖြင့်အမျိုးသမီးများသာဖြစ်ကြသည်။

"အိမ်တော်ထိန်း ဒီနှစ်ယောက်ကဘယ်သူတွေလဲ"

အဒေါ်ခုန်အာ့မှာ ကျိုးထောင်ဟွားနှင့်ကျိုးအာ့ရှုတို့ထံ အထင်သေးသောအကြည့်ဖြင့်ကြည့်ရင်း မေးလိုက်၏။

"အဒေါ်ခုန့် သူကမိန်းကလေးကျိုးပါ၊ကျွန်တော့်ကို အဆောင်တွေရောင်းပေးခဲ့တဲ့ ဆရာသခင်ပါ"

ဝေ့ကျန့်ဖုန်းမှ ရိုရိုသေသေဖြင့်ပြန်ဖြေလိုက်သည်။တစ်ခဏချင်းမှာပင် အခန်းထဲရှိလူအားလုံးမှာ ကျိုးထောင်ဟွားအားစူးစမ်းသောမျက်လုံးများဖြင့်ကြည့်လာကြသော်လည်း သူတို့အမူအရာများမှာ တစ်ယောက်နှင့်တစ်ယောက်မတူညီကြပေ။

"သူ့ကိုဒီဘက်လာခိုင်းလိုက်"

ကုတင်ပေါ်ရှိအဘိုးအိုမှပြောလိုက်၏။

ချက်ချင်းပင်အခန်းထဲရှိလူအားလုံးမှာ ကျိုးထောင်ဟွားအတွက် လမ်းဖယ်ပေးလိုက်ကြသော်လည်း အမျိုးသားတစ်ဦးမှာမူ မလှုပ်မယှက်ဖြင့်ရပ်နေပေသည်။

ကျိုးထောင်ဟွားမှာ ထိုလူ့ထံအေးစက်စက်အကြည့်ဖြင့်ကြည့်လိုက်၏။ပထမဆုံးတွေ့ဆုံမှုမှာပင် သူ့မျက်လုံးထဲ၌ရန်လိုမုန်းတီးမှုကို သူမခံစားလိုက်ရသည်။ထိုအချိန်တွင် ကိုယ်လုပ်တော်များဟုထင်ရသော အမျိုးသမီးများဖြင့်ပြည့်နေသည့်အခန်းကိုကြည့်ရင်း ကျိုးအာ့ရှုမှာအခြေအနေကိုသဘောပေါက်သွားကာမေးလိုက်၏။

"ဒါကလီမိသားစုအိမ်တော်လား"

ဝေ့ကျန့်ဖုန်းမှ ခေါင်းတဆတ်ဆတ်ငြိမ့်ကာပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ် ကျွန်တော့်သခင်ကအရမ်းချမ်းသာတာမလို့ မိန်းကလေးကျိုးကသာ သခင့်ကိုကယ်နိုင်ရင် ဆုလာဘ်ကအတော်လေးများမှာပါ"

ဤသည်မှာ လီအိမ်တော်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် ကျိုးအာ့ရှုသည်ကျိုးထောင်ဟွားကို ချက်ချင်းခေါ်ထုတ်သွားတော့သည်။

လီမိသားစုသည် မူလကကံကောင်းခြင်းအဆောင်အဖြစ် ခုနစ်လပိုင်း ခုနစ်ရက်နေ့တွင်မွေးဖွားသော မိန်းကလေးတစ်ဦးကို ဝယ်ယူလိုခဲ့ခြင်းဖြစ်ပြီး ထောင်ဟွားမွေးနေ့မှာလည်း ထိုနေ့ပင်ဖြစ်၏။

နောက်ဆုံးတော့ သူတို့ကိုယ်တိုင်ပင်ထိုလူ့အိမ်ရှေ့သို့ရောက်လာလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။

All Chapters