← Chapters

အခန်း (၅၆)

Vol. 6 Ch. 56

အခန်း (၅၆)

Vol. 6 Ch. 56

ကျိုးထောင်ဟွားမှာ ကျိုးအာ့ရှုကို အသာပြန်ဆွဲ၍နှစ်သိမ့်လိုက်သည်။

"အဖေ အဆင်ပြေပါတယ်၊သခင်ကြီးလီရဲ့အသက်က အခုသမီးလက်ထဲမှာရှိနေတာလေ၊သူကသမီးကိုဘာမှမလုပ်ရဲပါဘူး"

ကျိုးထောင်ဟွားမှာ အဆောင်များရောင်းပေးခဲ့သည့် ဆရာသခင်ဖြစ်ကြောင်းသိလိုက်ရသော်အဒေါ်ခုန့်မျက်နှာထက်တွင် ချက်ချင်းဆိုသလိုမျက်နှာချိုသွေးသောအပြုံးတစ်ခုပေါ်လာတော့၏။

"ကျိုးမိန်းကလေး ကျွန်မတို့သခင်ကြီးကို တစ်ချက်လောက်ကြည့်ပေးပါဦး၊ဘာနည်းလမ်းများရှိလဲ"

အဒေါ်ခုန့်စကားအဆုံးတွင် အခြားကိုယ်လုပ်တော်များမှာလည်း ဝိုင်းပြောလာကြသည်။

"ဟုတ်ပါတယ် ကျိုးမိန်းကလေး သခင်ကြီးကိုကယ်ပေးပါဦး"

သူတို့သည် တစ်ယောက်တစ်ပေါက်ပြောဆိုရင်း မျက်ရည်များပင်ကျလာကြတော့သည်။

အဒေါ်ခုန့်ဦးဆောင်မှုဖြင့် ကျိုးထောင်ဟွားသည်သခင်ကြီးလီရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်သွား၏။သို့သော် သူမအနားသို့ရောက်ခါနီးတွင် အမျိုးသားတစ်ဦးမှ တားဆီးလိုက်သည်။

လီတန်းချင်းမှ ခြိမ်းခြောက်လာ၏။

"နို့နံ့တောင်မစင်သေးတဲ့ ကောင်မလေးကများလူတွေကိုလိမ်ညာဖို့ ထွက်လာရဲတယ်ပေါ့လေ၊ငါ့အဖေသာ မင်းလက်ထဲမှာသေသွားခဲ့ရင် မင်းကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူး"

ထို့နောက် သူသည်ဝေကျန့်ဖုန်းကိုပါ ငေါက်ငမ်းလိုက်၏။

"သူ့ကို ဘာလို့အပြင်ဆွဲထုတ်မသွားသေးတာလဲ"

လီတန်းချင်း၏အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကျိုးထောင်ဟွားအားကယ်ခိုင်းနေကြသော ကိုယ်လုပ်တော်များအားလုံး တိတ်ဆိတ်သွားကြတော့၏။

"သူ့ကိုအနားလာခိုင်းလိုက်ပါ"

ကုတင်ပေါ်တွင်လဲလျောင်းနေသော သခင်ကြီးလီမှ ခက်ခက်ခဲခဲပြောလာသည်။

"အဖေ သူကလူလိမ်မလေးသာသာပဲကို အဖေဒုက္ခရောက်သွားလိမ့်မယ်"

လီတန်းချင်းမှာ မလှုပ်မယှက်ဖြင့်ပိတ်ရပ်ထားဆဲပင်။

ကျိုးထောင်ဟွားသည် စိတ်ဆိုးသွားမည့်အစားအပြုံးဖျော့ဖျော့လေးဖြင့်လီတန်းချင်းထံတိုးတိုးလေးပြောလိုက်သည်။

"ရှင့်လက်တွေမှာ သွေးစွန်းသွားပြီဆိုရင်ရှင်တင်မကဘူး ရှင့်သားသမီးတွေပါဝဋ်လည်ကုန်လိမ့်မယ်နော်၊ဒါကိုရှင်သေချာစဉ်းစားပြီးပြီလား"

လီတန်းချင်းမျက်ဝန်းထဲတွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ချက်ဖြတ်ပြေးသွားပြီး ပြဲကားနေသောသူ့မျက်နှာကြီးမှာတုန်ယင်သွားတော့သည်။

"မင်းဘာတွေပြောနေတာလဲဆိုတာကို ငါ ငါမသိဘူး"

သူ့စကားမဆုံးခင်မှာပင် ကျိုးထောင်ဟွားမှာသူ့အားဘေးဖယ်ကာ သခင်ကြီးလီရှိရာသို့တန်းလျှောက်သွားလိုက်သည်။

လီတန်းချင်းလှမ်းတားရန်လုပ်လိုက်သော်လည်း ကျိုးထောင်ဟွားစကားကို ရုတ်ချည်းသတိရလိုက်မိ၏။

ဒီကောင်မလေး ဘာတွေသိထားတာလဲ။

အဒေါ်ခုန့်အပါအဝင်အခြားကိုယ်လုပ်တော်များမှာလည်း ဝိုင်းအုံ၍မေးလာကြ၏။

"ကျိုးမိန်းကလေး သခင်ကြီးကဘာဖြစ်နေတာလဲ"

"သခင်ကြီးလီဆီမှာ နတ်ဆိုးအငွေ့အသက်တွေစွဲကပ်နေတာပါ၊အတော်လေးခက်ခဲနိုင်ပေမယ့် မဖြေရှင်းနိုင်တာမျိုးတော့မဟုတ်ပါဘူး"

ကျိုးထောင်ဟွားသည် သခင်ကြီးလီကိုယ်မှထွက်ပေါ်နေသော နတ်ဆိုးအငွေ့အသက်များကို ချက်ချင်းသတိပြုမိလိုက်သည်။ထိုအငွေ့အသက်များမှာ သူကိုယ်တိုင်ပြုလုပ်ခဲ့သောမကောင်းမှုများမှဖြစ်တည်လာခြင်းပင်။ထို့နောက် သူမသည် သခင်ကြီးလီအိပ်နေသောကုတင်အားကြည့်လိုက်၏။

လီတန်းချင်းမှာအံ့သြတကြီးဖြင့်နောက်သို့လှည့်ကြည့်မိသည်။သူမကဘာလို့လူကြားထဲမှာဖွင့်မချလိုက်တာလဲ။သူ လုပ်ခဲ့တာကို သူမကတစ်ကယ်သိတာလား မသိတာလား။

အဒေါ်ခုန့်တို့မှာမူ ထိုစကားကိုကြားသည်နှင့်မှင်တက်ကုန်ကြ၏။မျှော်လင့်ချက်ရှိသေးတာလား။သူတို့အားလုံးသည် အတင်းအကြပ်ခေါ်ဆောင်ခံခဲ့ရ၍ သခင်ကြီးလီ၏ကိုယ်လုပ်တော်များဖြစ်ခဲ့ရသူများပင်။သားသမီးများရလာပြီးနောက်တွင်တော့ သူတို့ကံကြမ္မာအားသူတို့လက်ခံခဲ့ကြရသည်။သူမသေသေးသရွေ့တော့ သူတို့မှာမခုခံရဲသလို နာခံတတ်သောကိုယ်လုပ်တော်များအဖြစ်ဟန် ဆောင်နေရသည်ကိုလည်း မရပ်တန့်ရဲကြပေ။

သခင်ကြီးလီမှာ အနည်းငယ်စိတ်သက်သာရာရသွားပြီး အပြုံးဖျော့ဖျော့ဖြင့်မေးလာသည်။

"ဆရာသခင် ကျွန်တော့်ကိုယ်ပေါ်မှာဘာနတ်ဆိုးရှိနေတာလဲ"

"အနက်ရောင်ပိုးချည်ကောင်တစ်ကောင်ပါ၊သူကလူတစ်ယောက်ရဲ့အဆီအနှစ်ကို စုပ်ယူတတ်တယ်၊အဆီအနှစ်တွေကုန်သွားပြီဆိုရင်တော့ အဲ့လူရဲ့အသက်လဲသေပြီပဲ"

ကျိုးထောင်ဟွားသည်စကားပြောရင်းပင် မုဒြာလက်ဟန်ဖြင့်အဆောင်တစ်ခုရေးဆွဲလိုက်၏။ခဏအတွင်းမှာပင် လူတိုင်းရှေ့၌အနက်ရောင်ပိုးအိမ်ကြီးတစ်ခုပေါ်ထွက်လာပြီး သခင်ကြီးလီနှင့်ကုတင်တစ်ခုလုံးကိုဖုံးအုပ်ထားတော့သည်။ပိုးအိမ်ပေါ်တွင် အလင်းမှုန်ဖျော့ဖျော့လေးများတောက်ပနေ၏။

သခင်ကြီးလီမှာထိတ်လန့်တကြားဖြင့် တောင်းဆိုလာသည်။

"ဆရာသခင် ဒီပိုးကောင်ကိုမြန်မြန်သတ်ပေးပါ"

"အင်း"

ကျိုးထောင်ဟွားပြန်ဖြေကာ သူမဝိညာဉ်စွမ်းအားများဖြင့် ပိုးအိမ်အလယ်၌လူးလွန့်နေသော အနက်ရောင်ပိုးချည်ကောင်ကို တုတ်နှောင်လိုက်သည်။ဝိညာဉ်စွမ်းအားများထူထဲလာသည်နှင့်အမျှ ဘေးတွင်ရပ်နေသောလီတန်းချင်းတစ်ယောက် ပျာယာခတ်လာတော့၏။

သူအပင်ပန်းခံ၍ရယူထားသော နတ်ဆိုးအတတ်မှ သူ့အဖေအားသတ်နိုင်တော့မည့်အချိန်တွင် ဆရာသခင်တစ်ဦးပေါ်လာလိမ့်မည်ဟုသူထင်မထားခဲ့ပေ။

ဝိညာဉ်စွမ်းအားများမှ အနက်ရောင်ပိုးချည်ကောင်ကို ညှစ်သတ်လိုက်သည်နှင့် ပိုးအိမ်ကြီးလည်းပျောက်ကွယ်သွားကာ သခင်ကြီးလီ၏သေလုမျောပါးဝေဒနာမှာလည်း ချက်ချင်းဆိုသလိုသက်သာသွားတော့၏။သူသည်ပျော်ရွှင်စွာဖြင့်ရယ်မောချလိုက်တော့သည်။

အခန်းထဲရှိလူတိုင်းထံတွင် မတူညီသော မျက်နှာအမူအရာများရှိနေကြပြီး လီတန်းချင်းမှာမူ မလိုလားဟန်အပြဆုံးပင်။

"လောင်ဝေ့ ဆရာသခင့်ကိုတေး၅၀ပေးလိုက်စမ်း"

သခင်ကြီးလီမှာ ဝမ်းသာအားရဖြင့်အမိန့်ပေးလိုက်သည်။

ကျိုးထောင်ဟွားသည် ငွေများကိုလက်ခံရရှိပြီးနောက် လေးလေးစားစားဖြင့်ကျေးဇူးတင်စကားဆိုကာ ကျိုးအာ့ရှုနှင့်အတူထွက်လာခဲ့၏။လီတန်းချင်းဘေးမှဖြတ်သွားစဉ် သူမမှာတိုးတိုးလေးကပ်ပြောခဲ့သည်။

"အနက်ရောင်ပိုးချည်ကောင်ကသေသွားပြီဆိုပေမယ့် သူစုပ်ယူထားတဲ့အဆီအနှစ်တွေကိုတော့ ပြန်ပေးလို့မရတော့ဘူးလေ၊အဲ့တော့ မလောပါနဲ့၊သခင်ကြီးလီက အသက်သိပ်ရှည်မှာမဟုတ်ပါဘူး၊သူ့လိုလူမျိုးအတွက်နဲ့ ရှင့်လက်တွေကို သွေးစွန်းခံစရာမလိုဘူးမလား"

လီတန်းချင်းသည် မယုံကြည်နိုင်ဟန်ဖြင့် ကျိုးထောင်ဟွားနောက်ကျောကိုကြည့်ကာ မျက်ဝန်းများတုန်ယင်သွားတော့သည်။

ဝေကျန့်ဖုန်းမှာမူ ကျိုးထောင်ဟွားအား ဝမ်းသာအားရဖြင့်ပြန်လိုက်ပို့ရင်း ချီးကျူးလာ၏။

"ဆရာသခင်ကျိုးကတော့ တစ်ကယ်အံ့သြဖို့ကောင်းတာပဲ"

သူ့သခင်ဖြစ်သူဘေးကင်းသွားပြီဖြစ်ရာ ကျိုးထောင်ဟွားထံမှ ဘေးကင်းလုံခြုံရေးအဆောင်ကို သခင်ကြီးလုယူသွားမည်အားစိုးရိမ်စရာမလိုတော့ဘဲ စိတ်အေးလက်အေးဖြင့်ဝယ်ယူနိုင်ပြီပင်။

ကျိုးထောင်ဟွားအိမ်ပြန်ရန်အတွက်နွားလှည်းပေါ်သို့တက်လိုက်ချိန်မှာပင် လီတန်းချင်းတစ်ယောက် အနောက်မှပြေးလိုက်လာလေ၏။

"ကျိုးမိန်းကလေး ကျွန်တော်မေးစရာလေးရှိလို့ပါ"

လီတန်းချင်းသည် အသက်လေးဆယ်ဝန်းကျင်ခန့်ဖြင့်ခပ်ဝဝလူတစ်ယောက်ပင်။

"ပြောပါ သခင်လေးလီ"

ကျိုးထောင်ဟွားသည် နွားလှည်းပေါ်မှဆင်းကာ လီတန်းချင်းထံ လေးလေးစားစားဖြင့်ဂါရဝပြုလိုက်၏။

"အဲ့ဒါ....ကျွန်တော်လုပ်တယ်ဆိုတာကို မင်းဘယ်လိုလုပ်သိတာလဲ"

လီတန်းချင်းမှာ ကျိုးထောင်ဟွားကိုဘေးသို့ဆွဲခေါ်ကာတိုးတိုးလေးမေးလိုက်သည်။

ကျိုးထောင်ဟွားမျက်ဝန်းလေးများမှာ ပြုံးယောင်သန်းသွားပြီး လျှို့ဝှက်ဆန်းကြယ်သောအမူအရာဖြင့် ပြန်ဖြေလိုက်၏။

"ကျွန်မမျက်လုံးတွေက အခြားသူတွေမမြင်နိုင်တာကိုမြင်နိုင်လို့ပါ၊ပြီးတော့ အနက်ရောင်ပိုးချည်ကောင်မှာ ချည်မျှင် နှစ်မျှင်ရှိတယ်လေ၊တစ်မျှင်က ပူးကပ်တဲ့လူဆီကအဆီအနှစ်တွေကို စုပ်ယူတယ်၊နောက်တစ်မျှင်ကတော့ သူ့ကိုစေခိုင်းတဲ့သူနဲ့ချိတ်ဆက်ထားတာပါ၊အခြားဆရာသခင်တွေလာရင်လဲ ဒါကိုမြင်ကြမှာပါပဲ"

ထိုသို့ပြောရင်း ကျိုးထောင်ဟွားသည်လီတန်းချင်းလက်ချောင်း၌ ချည်နှောင်ထားသောအနက်ရောင်ပိုးချည်မျှင်ကို ဖြတ်တောက်ပစ်လိုက်သည်။ယခုဆိုလျှင် ပိုးချည်ကောင်အား သူစေခိုင်းခဲ့ကြောင်းကို မည်သူမှသိနိုင်တော့ပေ။

"သူကမကောင်းမှုတွေအများကြီးလုပ်ခဲ့ပြီး နတ်ဆိုးအငွေ့အသက်တွေကိုစုဆောင်းမိထားတာ၊ရှင်ဘာမှမလုပ်ရင်တောင် သူ့နေ့ရက်တွေကရေတွက်လို့ ရနေပါပြီ၊ရှင်လုပ်ရမှာကစောင့်နေရုံပါပဲ"

"!!!"

လီတန်းချင်းမှာ အံ့သြလွန်းသဖြင့် မျက်လုံးများပင်ပြူးကျယ်သွားရကာ ကျိုးထောင်ဟွားထံ လက်ခုပ်အုပ်လျက်ကျေးဇူးတင်စကားဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ် ဆရာသခင်ကျိုး"

သူသည်ကျိုးထောင်ဟွားအားကြည့်ကာ စိတ်ထဲမှနေလေးစားမိသွား၏။ဤမိန်းကလေးမှာ ငယ်ရွယ်၍အမှုမဲ့အမှတ်မဲ့ဟန်ပေါ်သော်လည်း အလွန်အားကိုးထိုက်သောအရှိန်အဝါမျိုးရှိနေသည်ပင်။

"ဆရာသခင်ကျိုး ဒါလေးကိုလက်ခံပေးပါ၊နောက်များမှာ အကူအညီလိုတာရှိခဲ့ရင်လဲ လီအိမ်တော်ဆီလာခဲ့လို့ရပါတယ်"

လီတန်းချင်းသည် ကျိုးထောင်ဟွားထံစာအိတ်နီတစ်အိတ်ပေးလိုက်ပြီး နွားလှည်းလေးထွက်ခွာသွားသည်ကိုကြည့်ကာ ကျန်ရစ်ခဲ့သည်။

ကျိုးထောင်ဟွားသည် စာအိတ်နီအားကိုင်ကြည့်ရာအလွန်ပါးလွှာသည်ကိုခံစားမိ၏။သူမစာအိတ်နီအားဆွဲဖွင့်ကြည့်လိုက်သောအခါ အတွင်း၌၁၀တေးတန်ငွေစက္ကူငါးရွက်ကို တွေ့လိုက်ရသည်။ဤသည်မှာ သခင်လေးလီ၏လက်ဆောင်ပင် ဖြစ်ပေလိမ့်မည်။ကျိုးအာ့ရှုလည်း စာအိတ်နီထဲလှမ်းကြည့်လိုက်ရာ လန့်ဖြန့်သွားရသည်။

"ထောင်ဟွား သခင်ကြီးလီကလဲပိုက်ဆံ ပေးပြီးသားကို သူကထပ်ပေးပြန်တာလား"

ကျိုးထောင်ဟွားအပြုံးလေးဖြင့်ပြန်ဖြေလိုက်သည်။

"ဒါက သူ့စေတနာပါ၊ဒီနေ့ သမီးသူ့ကိုကူညီခဲ့တာဆိုတော့ တေး၅၀ဆိုတာသူ့အတွက်မများပါဘူး"

ထိုသို့မဟုတ်ပါဘဲ သူ့လက်၌သွေးစွန်းထင်းသွားပြီဆိုလျှင်တော့ တေး၅၀နှင့်ပင် အစားထိုးနိုင်မည်မဟုတ်ပေ။

ကျိုးထောင်ဟွားဆက်ပြောလိုက်သည်။

"သခင်ကြီးလီရဲ့ကိုယ်မှာ နတ်ဆိုးအငွေ့အသက်တွေကအများကြီးပဲ၊အရင်က သူမကောင်းတာတွေအများကြီးလုပ်ခဲ့ပုံရတယ်"

"ဟုတ်တယ်လေ"

ကျိုးအာ့ရှုတွင်လည်း သူ့အကြောင်းပြောစရာအများကြီးရှိနေ၏။

"သခင်ကြီးလီက ကျန့်မိသားစုထဲကိုလက်ထပ်ဝင်လာခဲ့တာလေ၊ကျန့်မိသားစုရဲ့လုပ်ငန်းအားလုံးကို သမက်အဖြစ်နဲ့လွှဲယူခဲ့တာပေါ့၊ယောက္ခထီးရှိတုန်းကတော့ ငြိမ်နေသေးတယ်၊သူသေပြီးတဲ့နောက်မှာတော့ သူ့ဗီဇအမှန်ကထွက်လာတော့တာပဲ၊ရိုးသားဖြောင့်မတ်မှုဆိုတာတွေအကုန်ပျောက်ပြီး ပြည့်တန်ဆာအိမ်တွေဆီသွားတယ်၊ကိုယ်လုပ်တော်တွေထားတယ်၊လောင်းကစားတွေလုပ်ပြီး ကျန့်မိသားစုစည်းစိမ်တွေကို ဖြုန်းတီးပစ်ခဲ့တာ၊နောက်ဆုံး သူ့ပထမဇနီးမိန်းကလေးကျန့်လဲ စိတ်ဆင်းရဲပြီးသေသွားရှာရော၊သူ့ဇနီးလဲမရှိတော့ဘူးဆိုတော့ သူကပေါ်ပေါ်ထင်ထင် ကိုယ်လုပ်တော်တွေယူတော့တာ‌ပဲ၊သူသဘောကျတဲ့မိန်းကလေးဆိုရင် အတင်းအကြပ်ခေါ်သွားတော့တာ၊အခုဆို အိမ်တော်အမည်ကိုတောင် ကျန့်အိမ်တော်ကနေလီအိမ်တော်လို့ပြောင်းပြီး ကျန့်မျိုးရိုးခံယူထားတဲ့ သူ့သားတွေကိုတောင် လီမျိုးရိုးပြောင်းခိုင်းထားတယ်လေ"

သခင်ကြီးလီသည် ချင်းရွှေမြို့တွင်နာမည်ကြီးသောလူယုတ်မာတစ်ဦးဖြစ်ရာ သူနေမကောင်းဖြစ်သည်ကိုကြားသည်နှင့် လူအများစုမှာကြိတ်ဝမ်းသာနေကြခြင်းပင်။ကျိုးအာ့ရှု လီအိမ်တော်သို့ဝင်သွားစဉ်တွင် သခင်ကြီးလီမှထောင်ဟွားအားအနိုင်ကျင့်မည်ကို အလွန်စိုးရိမ်ခဲ့မိသော်လည်း ကံကောင်းစွာဖြင့် ထိုလူမှာထောင်ဟွားအား ဆရာသခင်တစ်ဦးအဖြစ်ရိုရိုသေသေဆက်ဆံခဲ့လေသည်။ကျိုးထောင်ဟွား ရုတ်တရက်ကြီးတစ်ခုခုကိုသတိရသွားကာ မေးလိုက်၏။

"အဖေ မြို့ထဲကလီမိသားစုဆေးခန်းကရော သူတို့ပိုင်တာပဲလား"

"ဟုတ်တယ်လေ သခင်ကြီးလီက ကျန့်မိသားစုပိုင်သမျှကို လီအမည်ပြောင်းထားပြီးသားပဲ"

ကျိုးထောင်ဟွားနှုတ်ခမ်းဖျားတွင် အပြုံးဖျော့ဖျော့လေးတစ်ခုပေါ်လာတော့သည်။သခင်ကြီးလီမှာ သိပ်မကြာခင်သေတော့မည်ဖြစ်၍ သူမအထင်မမှားလျှင် လီမိသားစုကိုသခင်လေးလီမှ ဆက်ခံရပေလိမ့်မည်။ထိုအချိန်ကျလျှင် သူမအနေဖြင့်သူ့ထံအကူအညီတောင်းစရာကိစ္စတစ်ခု တစ်ကယ်ရှိနေလေသည်

All Chapters