← Chapters

အခန်း (၅၇)

Vol. 6 Ch. 57

အခန်း (၅၇)

Vol. 6 Ch. 57

ပိုးမွှားဒဏ်ကင်းဝေးသွားပြီးနောက် ဆေးပင်စိုက်ခင်းရှိအပင်များမှာ ယခင်ကထက်ပိုမိုသန်စွမ်း၍ကြီးထွားလာသည်ကို ကျိုးထောင်ဟွားသတိပြုမိသည်။ဤနှုန်းအတိုင်းဆိုလျှင် သုံးလေးလအတွင်း၌ အပင်များမှာအပြည့်အဝကြီးထွားတော့မည်ဖြစ်ပြီး အထွက်နှုန်းမှာလည်းခန့်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ပေလိမ့်မည်။

ရွာလူကြီးနှင့်ကျိုးရှန့်ဖျင်တို့ စာချုပ်ချုပ်ဆိုထားသောဆေးခန်းများမှာ ဆေးပင်အားလုံးကိုဝယ်ယူနိုင်မည်မဟုတ်သဖြင့် ပိုလျှံနေသောဆေးပင်များကို သခင်လေးလီထံရောင်းချနိုင်ရန် သူမစီစဉ်ထား၏။ကျိုးထောင်ဟွားနှင့်ကျိုးအာ့ရှုတို့ရွာပြန်ရောက်လာသောအခါ လမ်းတစ်လျှောက်ရှိရွာသားများမှာ နွားလှည်းအားမြင်ပြီး ဝိုင်းအုံကြည့်ရှုကြတော့သည်။

"ဒီနွားကတစ်ကယ်သန်တာပဲ၊နွားလှည်းကလဲလှလိုက်တာ"

"ထောင်ဟွား ဒီလှည်းကိုဝယ်လာတာလား ဘယ်လောက်ပေးခဲ့ရလဲ"

ကျိုးထောင်ဟွားပြန်ဖြေလိုက်သည်။

"နွားနဲ့လှည်းအပါအဝင် စုစုပေါင်း၅၂တေးပေးရတယ်"

"အမလေး ပိုက်ဆံတွေအများကြီးကုန်တာပါလား"

"ဟုတ်ပါ့ဟယ် ငါတို့မိသားစုဆိုဒီလှည်းမျိုးဝယ်နိုင်ဖို့ ဘယ်လောက်တောင်စုရမလဲမသိဘူး"

လူတိုင်းသည် ကျိုးမိသားစုနွားလှည်းအားကြည့်ကာ အားကျမဆုံးဖြစ်နေကြ၏။ကျိုးထောင်ဟွား အပြုံးလေးဖြင့်ပြောလိုက်သည်။

"အဒေါ်တို့သာ ဆေးပင်တွေရောင်းပြီးသွားရင် ဝယ်နိုင်မှာပါ"

ထိုစကားကြားသည်နှင့် ရွာသားများမှာ ရယ်မောလိုက်ကြတော့သည်။လူတိုင်းမှာ ဆေးပင်များရောင်းပြီး ငွေရမည့်ရက်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေကြ၏။ယခုလယ်ထဲရှိစပါးများမှာလည်း ရိတ်သိမ်းရန်အသင့်ဖြစ်နေပြီဖြစ်ရာ စပါးရိတ်ပြီးလျှင်ဆေးပင်စိုက်ရန်မြေနေရာပိုထွက်လာပေလိမ့်မည်။

ရွာရှိအိမ်ထောင်စုတိုင်းတွင် မြေဩဇာကောင်းသောလယ်မြေလေးမူ ငါးမူခန့်ရှိထားကြပြီး အချို့ဆိုလျှင်ဆယ်မူထိရှိကြသည်။ရွာလူကြီး၏ခန့်မှန်းချက်အရ တစ်မူလျှင်၂တေးခွဲခန့်ရရှိမည်ဆိုပါက သူတို့လည်းငွေစုနိုင်ကြမည်ဖြစ်ကာ ထောင်ဟွားတို့ကဲ့သို့ နွားလှည်းလည်းဝယ်နိုင်ကြပေလိမ့်မည်။

သို့သော် ထောင်ဟွားတို့မိသားစုမှာတော့လူတိုင်းထက် ခြေတစ်လှမ်းအမြဲစောနေခဲ့သည်။ပထမဆုံး အုတ်အိမ်ဆောက်ကာ ယခုနွားလှည်းထပ်ဝယ်လာခဲ့ပြန်ပြီပင်။

ကျိုးရှန့်လင်သည် ကျိုးမိသားစုနွားလှည်းအိမ်ထဲသို့ဝင်သွားသည်ကို အဝေးမှလှမ်းကြည့်နေပြီးနောက် ခြံတံခါးအားပြန်ပိတ်လိုက်သည်။သူသည် သက်ပြင်းတစ်ချက်ချကာ တိုးတိုးလေးရေရွတ်လိုက်၏။

"ငါးဆယ့်နှစ်တေးတောင်ပေါ့လေ"

သူ့အကြည့်မှာ ကျိုးမိသားစု၏အုတ်အိမ်အသစ်ကြီးပေါ်သို့ကျရောက်သွားသည်။ထိုအရာများမှာ ငွေများပင်ဖြစ်၏။ကျိုးထောင်ဟွားသည် နတ်ဆိုးနှင်ပေးခြင်းနှင့်လူသန်ကြီးကိုသုံးကာ မြေဖော်ပေးခြင်းတို့မှငွေအမြောက်အမြားရရှိထားသည်။

ဤအိမ်နှင့်နွားလှည်းကိုကြည့်ခြင်းဖြင့် သူတို့တွင်တေးတစ်ရာနီးပါးရှိနေပေမည်။မိသားစုတွင်လည်း ငွေအများကြီးကျန်နေဦးမည်မှာသေချာ၏။ထို့ပြင် ကျိုးမိသားစုဝင်သုံးဦးစလုံးမှာ ယခုဆိုလျှင်လျှော်ထည်များကိုသာ ဝတ်ဆင်နေကြပြီပင်။နွားလှည်းအိမ်ထဲသို့ရောက်သည်နှင့် ချမ်ရှီသည် လက်ထဲမှချုပ်လက်စအလုပ်ကိုချကာ ခြံထဲသို့ပြေးထွက်လာ၏။

"ဘုရားရေ ဒီနွားနဲ့လှည်းဆိုအရမ်း‌ဈေးတန်မှာပဲ၊နွားလှည်းကကောင်းလိုက်တာ"

ချမ်ရှီ ဝမ်းသာအားရဖြင့်နွား၏ခေါင်းနှင့်ဗိုက်ကိုပွတ်သပ်နေတော့သည်။ကျိုးထောင်ဟွားသည် ခရုနတ်ဆိုးနှင့်ဒူးရင်းသီးနတ်ဆိုးတို့အား နွားစာမြက်သွားရိတ်ရန်ခိုင်းလိုက်၏။နွားမှာတေး၅၀တန်ကြောင်းသိလိုက်ရသော် ချမ်ရှီလည်း ချက်ချင်းထရပ်ကာလိုက်သွားတော့သည်။

"အမေလိုက်သွားလိုက်ဦးမယ်၊သူတို့ကနွားစားတဲ့မြက်ဘယ်လိုဆိုတာသိမှာမဟုတ်ဘူး၊ဒီလောက်ဈေးကြီးတဲ့နွားကို သေသေချာချာဂရုစိုက်ရမယ်၊ဘာမြက်မှန်းမသိတဲ့ဟာတွေကျွေးမိလို့ နေမကောင်းဖြစ်ရင်ဒုက္ခပဲ"

ယနေ့ကျိုးထောင်ဟွားသည် နွားလှည်းဝယ်လာရုံတင်မကဘဲ အောင်ပွဲခံရန်အသားများကိုပါဝယ်လာခဲ့သည်။ရာသီသွေးနတ်ဆိုးသည် မိသားစုအတွက်တေးနှစ်ရာကျော်ရှာပေးထားသဖြင့် ထောင်ဟွားသည် သူမအားရက်အနည်းငယ်အနားယူခွင့်ပေးလိုက်ရာ သူမအနေဖြင့် လက်ကိုင်ပုဝါများအားဆက်တိုက်ချုပ်နေစရာမလိုတော့ပေ။

ညရောက်သော် အားလုံးလည်းစားသောက်ပြီးနောက် အခန်းထဲအနားယူရန်ဝင်သွားကြတော့သည်။ကျိုးကျားရွာမှာ ဖြည်းဖြည်းချင်းတိတ်ဆိတ်သွားပြီး လေတိုက်သဖြင့်သစ်ရွက်လှုပ်သံနှင့်ရံဖန်ရံခါထွက်လာတတ်သည့် ခွေးဟောင်သံများကိုသာကြားရတော့၏။

ရုတ်ချည်းဆိုသလို ကျိုးမိသားစုအုတ်တံတိုင်းထောင့်မှနေ အသံတိုးတိုးထွက်လာရာ အိမ်ခန်းမကြီးတွင်းအနားယူနေကြသော ရာသီသွေးမိစ္ဆာ၊ဒူးရင်းသီးနတ်ဆိုး၊လူသန်ကြီးနှင့်ခရုနတ်ဆိုးတို့မှာ တပြိုင်တည်းထလာကြတော့သည်။အမှောင်ထုအတွင်း၌ မျက်ဝန်းလေးစုံလုံးသည် အသံလာရာသို့စိုက်ကြည့်လိုက်ကြ၏။

ကျိုးရှန့်လင်မှာ အုတ်တံတိုင်းထက်မှခုန်ဆင်းလိုက်ပြီး ကျိုးရှန့်ရုံခေါင်းကိုပုတ်ကာ ပြောလိုက်သည်။

"မင်းအရင်ဝင်သွားလိုက် ပိုက်ဆံရလာရင် ဝေစုအများဆုံးမင်းရလိမ့်မယ်"

ကျိုးရှန့်ယုံမှာ အနည်းငယ်ကြောက်လန့်နေရာ ခပ်တိုးတိုးပြန်ပြောလိုက်သည်။

"ရှန့်လင် ဦးလေးအာ့ရှုအိမ်မှာ နတ်ဆိုးတွေရှိတယ်လို့ ပြောကြတယ်လေ၊ငါတော့ကြောက်လို့မဝင်ရဲဘူး၊ပြီးတော့ ဟိုလူသန်ကြီးဆိုတာလဲရှိသေးတယ်၊သူကအရမ်းသန်မာတာကွ ငါ့ကိုရိုက်ပစ်မှာကြောက်တယ်"

ကျိုးရှန့်ရုံအသံမှာ တုန်ယင်ပြီးတိုးဝင်သွားတော့သည်။

ထိုစဉ်လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး တိမ်တိုက်များနောက်ရှိလမင်းကြီးထွက်လာရာ ကျိုးကျားရွာတစ်ရွာလုံးကို ရုတ်ချည်းလင်းထိန်သွားစေ၏။ထိုခဏ၌ပင် ကျိုးရှန့်ရုံသည်ကျိုးရှန့်လင်နောက်ရှိတောင်ကြီးတစ်လုံးသဖွယ် ထွားကျိုင်းပြီးဦးခေါင်းထက်တွင် လခြမ်းသဏ္ဍာန်ကွေးနေသော ဦးချိုတစ်စုံရှိသည့် လူတစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရသည်။

ကျိုးရှန့်ရုံတစ်ကိုယ်လုံးတုန်တက်သွားပြီး အော်ဟစ်လိုက်တော့၏။

"သူ သူ ရောက်နေပြီ"

သူလှည့်ပြေးရန်ပြင်လိုက်သော်လည်း ခေါင်းအလှည့်တွင် ဖြူဖပ်ဖြူလျော်မျက်နှာဖြင့် သူ့ရှေ့တည့်တည့်ရပ်နေသော ရာသီသွေးမိစ္ဆာကိုတွေ့လိုက်ရပြန်သည်။

"အား"

ကျိုးရှန့်ရုံမှာထိတ်လန့်လွန်းသဖြင့် အသံကုန်အော်ချလိုက်တော့၏။

ချက်ချင်းပင် ကျိုးရှန့်လင်လည်းတစ်ခုခု မှားနေပြီကို ရိပ်မိသွားသည်။အရိပ်မည်းကြီးတစ်ခုမှာ သူ့အားလွှမ်းမိုးထားလေပြီပင်။နောက်သို့လှည့်ကြည့်လိုက်ရာ တစ်ကယ်ကိုလူသန်ကြီးဖြစ်နေ၏။တစ်နေ့တည်းနှင့် မြေ၁၅မူကိုဖော်နိုင်သည့် ဤနတ်ဆိုးမှာကြောက်စရာကောင်းလွန်းလှ၏။

ကျိုးရှန့်လင်မှာအသက်လုပြေးသွားလိုက်သော်လည်း နှစ်လှမ်းသာလှမ်းပြီးချိန်တွင် ဒူးရင်းသီးနတ်ဆိုးနှင့်ခရုနတ်ဆိုးတို့မှာ သူ့လမ်းအားပိတ်ဆို့ထားပြီးဖြစ်သည်။

"အား!!!"

တိတ်ဆိတ်သောညဉ့်သန်းခေါင်ယံတွင် ကျိုးရှန့်ရုံ၏ကြောက်လန့်တကြားအော်ဟစ်သံမှာ ရွာသားအားလုံးနားထဲသို့ရောက်သွားတော့သည်။

ကျိုးထောင်ဟွားအိမ်ရှိနတ်ဆိုးလေးကောင်မှာ သူတို့ဝင်လာသည်ကိုဤမျှမြန်မြန်သိသွားလိမ့်မည်ဟု ကျိုးရှန့်လင်ထင်မထားခဲ့ပေ။အုတ်တံတိုင်းပေါ် သူပြန်တက်ပြေးရန်လုပ်လိုက်သော်လည်း နတ်ဆိုးလေးကောင်မှာ လုံးဝအလွတ်မပေးချေ။

ကျိုးမိသားစုဝင်များလည်း ချက်ချင်းနိုးလာကြသလို အိမ်နီးနားချင်းများလည်း ဆူညံသံကြောင့် မီးများကိုယ်စီထွန်းလိုက်ကြသည်။ကျိုးအာ့ရှုသည် အဝတ်အစားများကိုအမြန်လဲကာ ရေနံဆီမီးအိမ်လေးကိုင်၍ထွက်လာ၏။သူ့နောက်တွင် ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့လိုက်လာသည်။

"ရှန့်ရုံ ရှန့်လင်မင်းတို့ငါ့အိမ်ထဲဘာလာလုပ်နေကြတာလဲ"

ကျိုးအာ့ရှုမှာ မြင်မြင်ချင်းပင်မေးခွန်းထုတ်လာတော့သည်။

သူတို့နှစ်ဦးမှာ အုတ်တံတိုင်းပေါ်တက်ပြေးရန် ပျာယာခတ်နေပြီဖြစ်သော်လည်း ရာသီသွေးမိစ္ဆာတို့မှာ သူတို့အားမြေကြီးထက်၌ မလှုပ်နိုင်အောင်ဖိနှိပ်ထားဆဲပင်။

"ကျွန် ကျွန်တော်တို့လာတာက....."

ကျိုးရှန့်ရုံမှာ ရာသီသွေးမိစ္ဆာ၏အငွေ့အသက်ကြောင့် ထိတ်လန့်နေသဖြင့် ဘာပြောရမည်ကိုပင်မသိတော့ချေ။

"အာ့ရှု မင်းအိမ်မှာဘာဖြစ်လို့လဲ"

အရင်ဆုံးရောက်လာသူမှာ ဘေးအိမ်မှဒေါ်လေးကျိန့်တို့မိသားစုဝင်သုံးဦး ဖြစ်သည်။

"ထောင်ဟွား သမီးအိမ်မှာဘာဖြစ်တာလဲ"

ရေနံဆီမီးအိမ်ကိုယ်စီနှင့် ရွာသားများမှာဖြည်းဖြည်းချင်းရောက်လာကြပြီဖြစ်သဖြင့် ကျိုးရှန့်ရုံတစ်ယောက်ကြောက်လန့်လွန်းသဖြင့် ငိုချင်စိတ်ပေါက်နေပြီဖြစ်သည်။ထိုအခါ ကျိုးရှန့်လင်မှာ အခြေအနေကြည့်ပြီး ကျိုးအာ့ရှုထံအလျင်စလိုပြောလိုက်၏။

"ဦးလေးအာ့ရှု ကျွန်တော်တို့အိပ်မပျော်လို့ လမ်းလျှောက်ထွက်ရင်းရောက်လာတာပါ"

ကျိုးထောင်ဟွား မျက်မှောင်ကြုံ့ကာ

"အိပ်မပျော်လို့ ငါတို့အိမ်ထဲကိုအုတ်တံတိုင်းကျော်ဝင်လာတာလား"

ကျိုးရှန့်လင်မှာ ရွာတွင်အလုပ်မရှိအကိုင်မရှိ လေလွင့်နေသောလူဖျင်းတစ်ယောက်ဖြစ်ကြောင်း လူတိုင်းသိသဖြင့်ထောင်ဟွားကတော့လုံးဝယုံမပေးနိုင်ပေ။သူမသည် နှစ်မီတာကျော်မြင့်သောအုတ်တံတိုင်းအားမော့ကြည့်ကာ‌မေးလိုက်သည်။

"နင်တို့ကျော်တက်လာတာက ပိုက်ဆံခိုးဖို့မလား"

"မဟုတ်ဘူး လုံးဝမဟုတ်ပါဘူး၊လမ်းလျှောက်တာပါဆို"

ကျိုးရှန့်ရုံမှာ အသံကျယ်ကျယ်ဖြင့်ပြန်ဖြေလာသည်။သို့သော် သူ့အသံနှင့်အမူအရာမှာတော့ သူခိုးလူမိဖြစ်နေသည်မှာထင်ရှားလှ၏။

ဒေါ်လေးကျိန့်မှာ မီးအိမ်အားသူတို့မျက်နှာနားကပ်ပြီး ပြောလိုက်သည်။

"ထောင်ဟွားတို့မိသားစုက ဒီနေ့နွားလှည်းဝယ်လာတာလေ၊နင်တို့က ချက်ချင်းမျက်စိကျသွားတယ်မလား"

ထိုစဉ်မှာပင် ကျိုးရှန့်ရုံမိဘများ၊ရွာလူကြီးနှင့်ရွာအကြီးအကဲတို့ရောက်လာကြသည်။ကျိုးရှန့်ရုံ၏မိခင်ချောင်ရှီမှာ သားဖြစ်သူနားရွက်ကိုဆွဲပြီးဆူပူတော့၏။

"နင်ကအိမ်မှာအိပ်မနေဘဲ ထောင်ဟွားအိမ်ကို ဘယ်လိုလုပ်ရောက်နေတာလဲ၊အုတ်တံတိုင်းကျော်ပြီး ဘာလုပ်မလို့လဲဆိုတာ ပြောစမ်း"

ချောင်ရှီမှ ပြင်းပြင်းထန်ထန်ရိုက်နှက်ဆုံးမလိုက်ရာ ကျိုးရှန့်ရုံတစ်ယောက် အဆက်မပြတ်အော်ဟစ်တောင်းပန်နေရတော့သည်။ချောင်ရှီမှာတော့ ရိုက်နှက်သည်အားမရပ်သည့်အပြင် ခြေထောက်နှင့်ပါကန်ကျောက်လိုက်ချိန်မှာတော့ ကျိုးရှန့်ရုံမှာ နာကျင်လွန်း၍ရော ကြောက်လွန်း၍ပါ ငိုယိုပြီးအမှန်အတိုင်းဝန်ခံလာတော့၏။

"အမေ မရိုက်ပါနဲ့တော့၊ထောင်ဟွားအိမ်ကပိုက်ဆံတွေကိုခိုးဖို့ ကျွန်တော်ရောက်လာတာပါ"

"ဘာရယ် နင်ကတစ်ကယ်ခိုးတာလား"

"အာ့ရှု နင့်ပိုက်ဆံတွေပျောက်သေးလားမြန်မြန်စစ်ကြည့်ဦး"

ရွာလူကြီးမှပြောလာသည်။

"ခိုးမှုဆိုတာကြီးလေးတဲ့ပြစ်မှုပဲ၊ဒီကိစ္စကိုရွာအုပ်ချုပ်‌ရေးမှူးဆီပို့ရမယ်....."

ရွာလူကြီးစကားမဆုံးမီမှာပင် ကျိုးရှန့်လင်မှာကြောက်လန့်သွားပြီး ဒူးထောက်ချကာ

"အဘိုးရွာလူကြီး ကျွန်တော်ကအပြစ်မရှိပါဘူး၊ပြီးတော့ ဒီကိုပိုက်ဆံခိုးဖို့လာတာမှန်းလဲ ကျွန်တော်မသိပါဘူး၊ရှန့်ရုံကသာ ကျွန်တော့်ကိုလှည့်စားပြီးခေါ်လာတာပါ"

All Chapters