အခန်း (၅၈)
Vol. 6 Ch. 58
ကျိုးရှန့်ရုံမှာထိုစကားအားကြားလိုက်ရသောအခါ မှင်တက်သွားပြီးမှဒေါသတကြီးကျိန်ဆဲတော့သည်။
"ကျိုးရှန့်လင် မင်းပဲငါ့ကိုအရင်လှည့်စားပြီးခေါ်လာခဲ့တာလေ၊ငါ့အဘွားကျန်းမာရေးကမကောင်းတော့ အချိန်တိုအတွင်းဆေးကုမပေးနိုင်သေသွားလိမ့်မယ်ဆိုပြီး မင်းပြောခဲ့တာမလား၊ဦးလေးအာ့ရှုတို့အိမ်မှာဆို ပိုက်ဆံတွေအများကြီးရှိတယ်၊အစ်မထောင်ဟွားကလဲ အခုတလောပိုက်ဆံတွေအများကြီးရှာထားတာမလို့ နည်းနည်းပါးပါးခိုးတာကဘာမှမဖြစ်ပါဘူးဆိုပြီး ငါ့ကိုခေါ်လာတာမလား"
ချောင်ရှီသည် သားဖြစ်သူပိုက်ဆံခိုးရသည့်အကြောင်းရင်းမှာ ဤအတွေးကြောင့်ဖြစ်သည်ကိုမသိခဲ့သဖြင့် ရင်ထဲတွင်တဆစ်ဆစ်နာကျင်သွားရသည်။သူမသည် ရှေ့သို့အပြေးသွားကာ ကျိုးရှန့်လင်အားဆဲဆိုတော့၏။
"ကျိုးရှန့်လင် နင်ကနင်ကိုယ်တိုင်လဲကောင်းတာမလုပ်တဲ့အပြင် ငါ့သားကိုပါ လမ်းမှားရောက်အောင် ဆွဲခေါ်တယ်ပေါ့လေ၊ရွာလူကြီး သူ့ကိုရွာခန်းမဆီပို့ပြီး အကြီးအကဲတွေဆုံးမတာခံခိုင်းလိုက်ပါ၊နင်ဆိုတာလေ တစ်နေကုန်လက်ကြောတင်းတင်းနဲ့အလုပ်ကျမလုပ်ဘဲ ဒီလိုယုတ်မာတဲ့အကြံတွေပဲတွေးနေတော့တာပဲ၊ငါ့ရှန့်ရုံကအခုမှ၁၃နှစ်ပဲရှိသေးတာကို သူများပစ္စည်းခိုးတတ်အောင်သင်ပေးရဲတယ်နော်၊နင်ကတစ်ကယ်ကို လူစိတ်မရှိတာပဲ"
ကျိုးရှန့်လင်မှာသာမန်အချိန်ဆိုလျှင် မထီလေးစားဟန်ဖြင့်ရိုင်းစိုင်းတတ်သူ ဖြစ်သော်လည်း ရွာလူကြီးနှင့်ရွာအကြီးအကဲတို့ရှေ့တွင်မူ မရိုမသေမလုပ်ရဲချေ။ရွာလူကြီးမှာ ကျိုးရှန့်လင်အားဆူငေါက်လိုက်သည်။
"ရှန့်လင် မင်းအသက်ကဖြင့်၁၉နှစ်တောင်ရှိနေပြီ ကလေးမဟုတ်တော့ဘူးကွ၊ရှန့်ရုံကိုလမ်းမှားရောက်အောင် ဘယ်လိုစိတ်နဲ့ဒီလိုအလုပ်မျိုးခိုင်းရတာလဲ"
ရွာလူကြီးသည် ကျိုးရှန့်လင်အားစိတ်ပျက်စွာကြည့်လိုက်မိသည်။သူ့မိသားစုမှာ ဆင်းရဲနေပါလျက် လက်ကြောတင်းတင်းဖြင့် အလုပ်ကျလုပ်မည်မရှိဘဲပျင်းရိကာ သူတစ်ပါးထံမှပစ္စည်းကိုပင်ခိုးယူခိုင်းနေသည်မဟုတ်ပါလား။ကျိုးရှန့်လင်တွင် ဆိုဆုံးမမည့်ဖခင်မရှိရာ ရွာအုပ်ချုပ်ရေးမှူးထံသာအပ်နှံ၍အပြစ်ပေးရန် ရွာလူကြီးဆုံးဖြတ်လိုက်သည်။
"ဒါဆိုရှန့်လင်ကို ရွာခန်းမဆီပဲပို့လိုက်ကြတာပေါ့"
"ရွာလူကြီး သနားကြင်နာပေးပါဦး"
ကျိုးရှန့်လင်မိခင်ရှုရှီမှာ မည်သည့်အချိန်၌ရောက်လာသည်မသိ လူအုပ်ထဲမှတိုးထွက်လာကာ ရွာလူကြီးရှေ့တွင်ဒူးထောက်တောင်းပန်တော့သည်။ရွာလူကြီးအားဦးတိုက်ပြီးနောက် သူမသည်ကျိုးအာ့ရှုနှင့်ချမ်ရှီတို့ရှေ့တွင် ဦးထပ်တိုက်လိုက်ပြန်၏။
"အစ်ကိုအာ့ရှု အစ်မဟုန်ယန် ရှန့်လင်ကို အခွင့်အရေးတစ်ကြိမ်လောက်ထပ်ပေးပါနော်၊သူသာအကျဥ်းထောင်ထဲရောက်သွားခဲ့ရင် တစ်သက်လုံးရာဇဝတ်သားအမည်တပ်ခံရပါလိမ့်မယ် အဟွတ် အဟွတ် အဟွတ်....."
ရှုရှီသည်ကျန်းမာရေးမကောင်းလှသူဖြစ်ရာ စကားမဆုံးမီမှာပင်အဆုတ်ကွဲထွက်မတတ်ပြင်းပြင်းထန်ထန်ချောင်းဆိုးတော့သည်။ရွာလူကြီးနှင့်ကျိုးအာ့ရှုတို့မှာ ရှုရှီအားကြည့်ကာ သနားမိသွားကြ၏။သူတို့အားလုံးမှာ တစ်ရွာတည်းသားချင်းများဖြစ်သလို ဆွေမျိုးတော်စပ်သူများလည်းဖြစ်ကြသည်။
ရှုရှီမှာကျန်းမာရေးမကောင်းသောမုဆိုးမတစ်ဦးပင်ဖြစ်ရာ သူမ၏တစ်ဦးတည်းသောသားသာအကျဥ်းထောင်ထဲရောက်သွားပါက စိတ်ထိခိုက်ပြီးရောဂါပိုဆိုးနိုင်ကာ အသက်အန္တရာယ်ပင်စိုးရိမ်ရပေလိမ့်မည်။
ထို့ကြောင့် ကျိုးအာ့ရှုပြောလိုက်၏။
"သူတို့ကအမှားလုပ်ခဲ့တာမလို့ အပြစ်ဒဏ်တော့ခံရမယ်၊ရွာခန်းမဆီမပို့တော့ပေမယ့် ရှန့်လင်နဲ့ရှန့်ရုံတို့နှစ်ယောက်စလုံး ငါ့အိမ်အတွက်မြေဩဇာကို ဆယ်ရက်တိတိသယ်ပေးရမယ်"
"ဘာရယ်"
ကျိုးရှန့်လင်နှင့်ကျိုးရှန့်ရုံတို့၏ မျက်နှာထားများမှာတန်းပျက်သွားတော့သည်။မြေဩဇာနံ့မှာ အလွန်နံစော်လှသည့်အပြင် ထမ်းပိုးနှစ်ခုမှာလည်းလေးလံလွန်းလှသည်။ဆယ်ရက်မဆိုထားနှင့် တစ်ရက်တည်းနှင့်ပင်သူတို့ပခုံးများ ပွန်းပဲ့ကုန်ပေလိမ့်မည်။
သို့သော် သူတို့ထံတွင်ငြင်းဆန်ခွင့်မရှိပေ။ချောင်ရှီနှင့်ရှုရှီတို့မှာ ချက်ချင်းသဘောတူလိုက်ကြသည်။
"မနက်ဖြန်ကျရင် ရှန့်ရုံကိုမြေဩဇာထမ်းဖို့လွှတ်လိုက်ပါ့မယ်"
ရှုရှီလည်းချောင်းဆိုချင်သည်ကိုထိန်းကာ ကတိပေးလာ၏။
"ကျွန်မလဲရှန့်လင်ကို မြေဩဇာလာထမ်းဖို့သေချာပြောလိုက်ပါ့မယ်"
ထိုသို့ဖြင့်ကိစ္စများပြီးပြတ်သွားကာ လူတိုင်းအိမ်ပြန်သွားကြတော့သည်။မပြန်မီတွင် ကျိုးရှန့်ရုံမှာကျိုးရှန့်လင်ထံဒေါသတကြီးစိုက်ကြည့်သွားသေး၏။သူသည် နောက်များကျကျိုးရှန့်လင်စကားကိုလုံးဝနားယောင်တော့မည်မဟုတ်ပေ။ကျိုးရှန့်လင်မှာမူ ကျိုးထောင်ဟွားအိမ်ရှိနတ်ဆိုးလေးကောင်ထံကြည့်ကာ စိတ်ထဲမှနေကြောက်ရွံ့သွားမိသည်။
"ဒီနတ်ဆိုးလေးကောင်က ခွေးတွေထက်တောင်ပါးနပ်သေးတယ်၊အသံကြားတာနဲ့ချက်ချင်းဝိုင်းလာကြတော့တာပဲ၊သေစမ်း ဒီနေ့ကတော့ပိုက်ဆံလဲမရတဲ့အပြင် မနက်ဖြန်ကျမြေဩဇာပါ ထမ်းရတော့မယ်"
နောက်တစ်နေ့တွင် ရွာသားများမှာစပါးပင်များကိုစတင်ရိတ်သိမ်းကြပြီး ဆေးပင်စိုက်ရန်မြေများကိုထွန်ယက်ကြတော့သည်။ကျိုးအာ့ရှု၏ကြီးကြပ်မှုအောက်တွင် ကျိုးရှန့်လင်နှင့်ကျုးရှန့်ရုံတို့သည် မြေဩဇာများထမ်းကာ ရေနှင့်ရောပြီးဆေးပင်စိုက်ခင်းများသို့သွားလောင်းပေးကြရ၏။
ကျိုးကျားရွာတစ်ရွာလုံးရှိရွာသားများမှာ လယ်ထဲ၌သာအလုပ်များနေကြပြီး မည်သူမှအပြင်သို့အလုပ်သွားမလုပ်ကြတော့သလို ယခင်ကထက်ပင်ပိုမိုတက်ကြွစွာဖြင့် စိုက်ပျိုးရေးအလုပ်များကိုသာလုပ်ကိုင်နေကြတော့သည်။
လူတိုင်းထံတွင်မျှော်လင့်ချက်ကိုယ်စီရှိနေကြ၏။ယခုအချိန်၌ဆေးပင်စိုက်ပျိုးထားပါက နောက်ပိုင်းတွင်နှစ်တေးကျော်ထိ ရရှိနိုင်မည်မဟုတ်ပါလား။မြေတစ်မူစိုက်ရုံဖြင့် တစ်မိသားစုလုံးတစ်နှစ်တာရှာရမည့်ငွေပမာဏကိုရနိုင်သည်ဖြစ်ရာ လူတိုင်းတက်ကြွနေကြတော့၏။
ဆယ်ရက်ဆိုသောအချိန်သည် မျက်တောင်တစ်ခတ်စာအတွင်းကုန်ဆုံးသွားခဲ့သည်။ညနေစောင်းချိန်တွင်ကျိုးရှန့်လင်နှင့်ကျိုးရှန့်ရုံတို့မှာ ထမ်းပိုးနှင့်မြေဩဇာပုံးများကိုချကာ အလုပ်ဆင်းသည်နှင့်နှစ်ဦးစလုံးမှာပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးကျသွားသလိုခံစားလိုက်ရ၏။ဤဆယ်ရက်အတွင်း ကျိုးရှန့်ရုံမှာရေသာခိုရန်လုပ်ခဲ့သော်လည်း နတ်ဆိုးလေးများမှာသူ့နောက်သို့တကောက်ကောက်လိုက်နေသဖြင့် အခွင့်အရေးမရဘဲအလုပ်ပြီးအောင်သာ လုပ်ခဲ့ရရှာသည်။
ဆယ်ရက်တိတိနံစော်လှသည့်အနံ့အသက်များကိုအောင့်အီးကာ ကျိုးမိသားစုအတွက် အခမဲ့လုပ်အားပေးခဲ့ရသော်လည်း သူတို့ကတော့ထမင်းတစ်နပ်ပင်မကျွေးခဲ့ပေ။သူတို့စားနေကြသော အရသာရှိမည့်ဟင်းနံ့များကိုသာ အဝေးမှနေရှူရှိုက်ခဲ့ရသည်။
ညနေပိုင်းတွင် ချောင်ရှီနှင့်ရှုရှီတို့သည် ကျိုးမိသားစုအိမ်သို့လာ၍ သားဖြစ်သူများကိုလာခေါ်သွားကြ၏။ချောင်ရှီနှင့်ကျိုးရှန့်ရုံတို့သည် ကျိုးမိသားစုထံကျေးဇူးတင်စကားပြောကာပြန်သွားခဲ့ကြသည်။ရှုရှီမှာလည်း ကျိုးမိသားစုအားအလွန်ကျေးဇူးတင်နေမိသည်။ရှန့်လင်းသာအကျဉ်းထောင်ထဲရောက်သွားခဲ့ပါက သူ့တစ်ဘဝလုံးဝပျက်စီးသွားနိုင်သည်ကို သူမနားလည်လေ၏။
အိမ်အပြန်လမ်းတွင် ရှုရှီမှာကျိုးရှန့်လင်အားဆုံးမစကားပြောလာသည်။
"ရှန့်လင် နောက်ဆိုရင်လိမ်လိမ်မာမာနေရမယ်နော် သိလား"
ကျိုးရှန့်လင်မှာမူ စိတ်မရှည်ဟန်ဖြင့်နားအားကလော်ရင်းပြန်မဖြေပါဘဲ မိခင်ဖြစ်သူထံကိုမေးခွန်းပြန်ထုတ်လာသည်။
"အမေ အမေ့ကိုပြုစုပေးဖို့အတွက် ကျွန်တော်ချွေးမတစ်ယောက်ရှာပေးရမလား"
ရှုရှီမှာဒုက္ခခံစားခဲ့ရပြီးနောက် သားဖြစ်သူမှာ တစ်ကယ်ရင့်ကျက်လာပြီဟုထင်၍ အတိုင်းမသိဝမ်းသာသွားတော့သည်။သို့သော်ချက်ချင်းပင် ကျိုးရှန့်လင်မှဖြတ်ပြောလာ၏။
"အမေ ကျွန်တော်ကျိုးထောင်ဟွားကိုလက်ထပ်ပြီး အမေ့ချွေးမလုပ်ခိုင်းရင်ရောဘယ်လိုလဲ"
ရှုရှီမှာမှင်တက်သွားပြီးမှ ဒေါသတကြီးဆူပူငေါက်ငမ်းတော့သည်။
"နင့်ကိုယ်နင်မှန်ထဲပြန်ကြည့်ပါဦး၊နင်က ထောင်ဟွားနဲ့တန်လို့လား၊ထောင်ဟွားက အရည်အချင်းရှိတယ် ငွေရှာလဲတော်တယ် သူ့မိသားစုကလဲ သိပ်ချမ်းသာတာကို နင့်မှာကျဘာရှိလို့လဲ၊နင်ကတော့လေ တစ်ကယ်ကိုငန်းသားစားချင်နေတဲ့ ဖားပြုတ်ပဲ"
မိခင်ဖြစ်သူ၏ဆူပူမှုကြောင့် ကျိုးရှန့်လင်တိတ်သွားသည်။သူသည် ရှုရှီနောက်မှနေ ခေါင်းငုံ့လိုက်လာရင်း စိတ်ထဲမှကြိတ်တွေးနေလိုက်၏။
*ကျိုးထောင်ဟွားရဲ့မိသားစုက ချမ်းသာပြီး သူမကငွေရှာတော်တော့ရော ဘာဖြစ်လဲ၊ငါ့မိန်းမဖြစ်လာပြီဆိုရင်တော့ ငါ့ကိုအလိုလိုက်ပြီး ပိုက်ဆံတွေအကုန်ပေးသုံးရမှာပဲမလား*
ကျိုးမိသားစုအတွက် ဆယ်ရက်တိတိမြေဩဇာသယ်ပေးနေရစဉ်အတွင်း ကျိုးထောင်ဟွားတို့ဘဝမှာမည်မျှကောင်းမွန်ကြောင်း သူကောင်းကောင်းကြီးသိခဲ့ရသည်။သူတို့စားသော ထမင်းဖြူနှင့်အသားငါးများကို သူအလွန်တောင့်တမိ၏။သူသည်လည်း ကျိုးမိသားစု၏နွားလှည်းကိုမောင်းကာ ကြွားပစ်ချင်သလို လျှော်ထည်အဝတ်အစားသစ်များကိုလည်းဝတ်ချင်မိသည်။
ကျိုးရှန့်လင်တစ်ယောက် မဖြစ်နိုင်သည်တို့အားစိတ်ကူးယဉ်နေစဉ်မှာပင် ရုတ်ချည်းဆိုသလို သူ့အားတစ်စုံတစ်ယောက်မှ ဖမ်းချုပ်လာ၏။
သူသည် ရှေ့မှလျှောက်နေသော ရှုရှီအားလှမ်းခေါ်ရန်လုပ်လိုက်သော်လည်း ပါးစပ်မှာပိတ်ခံထားရသည်။ထိုလူမှာ သူ့ခန္ဓာကိုယ်အား ဂျိုင်းမှနေ,မ,၍သယ်သွားရာ အေးစက်လှသောဆောင်းဦးလေပြင်းများမှာ သူ့မျက်နှာနှင့်လည်ပင်းအတွင်းတိုးဝင်လာသဖြင့် တုန်ယင်သွားရတော့၏။
ကျိုးရှန့်လင်ထိတ်လန့်တကြားတွေးလိုက်မိသည်။
*နေ့ခင်းကြောင်တောင်ကြီးရွာထဲတင် နတ်ဆိုးနောက်တစ်ကောင်နဲ့ ငါဆုံလိုက်တာလား၊ငါ့ကိုတောင်ပေါ်ခေါ်သွားပြီး စားတော့မှာပေါ့*
သူတို့တောင်ထိပ်သို့ရောက်သောအခါ ထိုလူမှာသူအားမြေကြီးပေါ်သို့ပစ်ချလိုက်သည်။ကျိုးရှန့်လင်မော့ကြည့်လိုက်ရာ ရှန်းမင်တစ်ယောက် မဖော်ရွေသောအကြည့်ဖြင့် သူ့ထံစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရ၏။
"မင်း မင်းဘာလုပ်မလို့လဲ"
ရှန်းမင်မျက်ဝန်းများမှာ အေးစက်နေသောရေကန်တစ်ကန်အလား နက်ရှိုင်းအေးစက်နေကာ ထက်ရှလှသောသူ့အကြည့်များမှာလည်း ကျိုးရှန့်လင်ထံတွင်သာစူးစိုက်ကြည့်နေတော့သည်။