အခန်း (၅၉)
Vol. 6 Ch. 59
ရှန်းမင်ကိုယ်မှထွက်ပေါ်နေသောဖိအားများမှာ အလွန်ပြင်းထန်လှသဖြင့် ကျိုးရှန့်လင်မှာအသက်ပင်ဝဝမရှူရဲတော့ပေ။
ရှန်းမင်သည် ကျိုးရှန့်လင်ရှေ့တွင်အရိပ်မည်းကြီးသဖွယ် အုပ်မိုးကာရပ်လိုက်ပြီး
"ကျိုးရှန့်လင် ထောင်ဟွားအပေါ်ထားတဲ့ ညစ်ညမ်းတဲ့မင်းစိတ်ကူးတွေကိုရုတ်သိမ်းလိုက်တာပိုကောင်းမယ် မဟုတ်ရင်တော့ ငါမင်းကိုဝံပုလွေစာကျွေးပစ်မယ်"
ရှန်းမင်၏သတိပေးစကားတစ်လုံးချင်းစီမှာ နားထောင်ရသူ၏ကျောရိုးထဲထိစိမ့်တက်သွားစေသည်။သူစကားပြောပြီးသည်နှင့် တစ်ပြိုင်နက်တောင်ထိပ်မှ ဝံပုလွေတစ်ကောင်၏အူသံထွက်ပေါ်လာတော့၏။
ကျိုးရှန့်လင်သိထားသည်မှာ ကျိုးထောင်ဟွားတစ်ယောက် တောင်ပေါ်မှနတ်ဆိုးလေးများကိုနှိမ်နင်းပြီးချိန်မှစ၍ သူတို့သည် လူများအားခြောက်လှန့်ရန် ဝံပုလွေအူသံကိုတုပပြီး ဝံပုလွေများအားတောင်အောက်ဆင်းလာရန်လှမ်းခေါ်ခြင်းမျိုးမလုပ်ကြတော့ပေ။သို့သော် ဤသည်ကပင် ဝံပုလွေများမှာတောင်ထိပ်တွင် အမှန်တစ်ကယ်ရှိနေသည်ဟုဆိုလိုခြင်းမဟုတ်ပါလား။
ချက်ချင်းဆိုသလို ကျိုးရှန့်လင်မှာကြောက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်သွားပြီး မျက်နှာမှာလည်းလူသေအလားဖြူဖျော့သွားတော့သည်။ရှန်းမင်ထံသို့ပြေးသွားကာ ခြေထောက်အားဖက်တွယ်ရင်း သူကတိပေးလိုက်၏။
"ငါကတိပေးပါတယ်၊နောက်ဆိုရင် ထောင်ဟွားကိုအခွင့်ကောင်းယူဖို့ ဘယ်တော့မှမကြိုးစားတော့ပါဘူး"
ရှန်းမင်မှ သူ့အားမယုံမည်စိုးသဖြင့် သူသည်ညာလက်ကိုမြှောက်ကာ ကျိန်ဆိုလိုက်သည်။
"ကျွန်တော်ကျိုးရှန့်လင် ကောင်းကင်ဘုံကိုတိုင်တည်ပြီး ကျိန်ဆိုပါတယ်၊တစ်ကယ်လို့ ကျွန်တော်သာထောင်ဟွားကို အခွင့်ကောင်းယူဖို့ ထပ်ကြံစည်မိမယ်ဆိုရင် မိုးကြိုးပစ်ချပြီး အသေဆိုးနဲ့သေပါစေ"
ထို့နောက် သူသည်အသနားခံလာ၏။
"ရှန်းမင် ငါတောင်းပန်ပါတယ်ကွာ ငါ့ကိုတောင်အောက်ပြန်ပို့ပေးပါဦး"
ဝံပုလွေများအနားသို့ချဉ်းကပ်လာသည်ကို သူခံစားနေရသည်။သူသာဆက်နေလျှင် ဧကန်အမှန်ဝံပုလွေစာဖြစ်ပေလိမ့်မည်။ရှန်းမင်မှ သူ့အားတောင်ပေါ်တွင် တစ်ယောက်တည်းထားခဲ့ပြီး ဝံပုလွေစာအဖြစ် စွန့်ပစ်သွားမည်ကိုလည်း အလွန်ကြောက်နေမိသည်။
သူ့ပုံစံမှာ အမှန်တစ်ကယ်နောင်တရနေသည်ကိုမြင်ပါမှ ရှန်းမင်သည်သူ့အားဂျိုင်းမှနေပြန်,မ,ကာ တောင်ထိပ်မှသယ်သွားတော့၏။တောင်ခြေသို့ရောက်မှသာ ကျိုးရှန့်လင်လည်း အသက်ပြန်ရှင်လာသလို ခံစားလိုက်ရတော့သည်။
ကျိုးရှန့်လင်အိမ်ပြန်ရောက်သောအခါ ရှုရှီမှမေးလာ၏။
"နင် ဘယ်တွေသွားနေတာလဲ၊ငါကနင့်ကို ဆုံးမစကားလေးနည်းနည်းပြောလိုက်ရုံနဲ့တင် ထောင်ဟွားအိမ်ဘက်ပြေးသွားတာတော့မဟုတ်ပါဘူးနော်"
ရှုရှီမှာ သားဖြစ်သူသည်ကိုယ့်အခြေအနေကိုယ်နားမလည်ဘဲ ငန်းသားစားချင်သည့် ဖားပြုတ်ဖြစ်သွားမည်အား တစ်ကယ်စိုးရိမ်နေခြင်းပင်။
*ထောင်ဟွား*ဆိုသည့်အမည်ကိုကြားလိုက်ရုံဖြင့် ကျိုးရှန့်လင်ကိုယ်မှာ အလိုလိုတုန်တက်သွားတော့သည်။
"အမေ စိတ်မပူပါနဲ့၊ကျွန်တော်ခုနကအပေါ့သွားရင်း ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်နေတာပါ၊နောက်ဆိုရင် ကျွန်တော့်ရှေ့မှာထောင်ဟွားအကြောင်း ဘယ်တော့မှထပ်မပြောပါနဲ့တော့"
ရှန်းမင်မှ သူ့ကိုတောင်ပေါ်ဖမ်းခေါ်သွားသည့်အကြောင်းကိုတော့ ရှုရှီဆီသို့ကျိုးရှန့်လင်မပြောဝံ့ပေ။တောင်ပေါ်၌ရှန်းမင်ပြောခဲ့သည့်စကားများအား ပြန်တွေးမိရုံနှင့်ပင်ကျောချမ်းနေရဆဲဖြစ်သည်။
ရှန်းမင်က ကျိုးထောင်ဟွားကိုဒီလောက်ကာကွယ်ပေးနေပုံအရဆို သူကထောင်ဟွားကိုသဘောကျနေလို့လား။
ထိုအတွေးဝင်လာသည်နှင့်တစ်ပြိုင်နက် ကျိုးရှန့်လင်မှာ ချွေးအေးများစီးကျလာတော့သည်။
..........
နှမ်းရွက်နှင့်ယီမူချောင်တို့မှာ သန်သန်မာမာဖြင့်ကြီးထွားလာပြီး ပင်စည်များမြင့်တက်ကာ အရွက်များမှာလည်းကြီးမားလှ၏။
လဝက်ခန့်ကြာသောအခါ လူတိုင်းသည်နှမ်းရွက်များအားခူးယူရောင်းချလိုက်ကြရာ ဆေးခန်းများမှာလည်းတစ်ပေါင်လျှင်ကိုးပြားနှုန်းဖြင့် ဝယ်ယူကြသည်။လူတိုင်းမှာခြင်းတောင်းကိုယ်စီဖြင့် ဆေးရွက်ခူးကြကာ ဂုန်နီအိတ်များထဲသို့ထည့်၍ရောင်းချကြ၏။
မိသားစုလိုက်ဝိုင်းခူးကြခြင်းဖြစ်ရာ အချို့မိသားစုများဆိုလျှင် တစ်နေ့လျှင်ပေါင်တစ်ထောင်ကျော်ထိခူးနိုင်ကြသဖြင့် တစ်နေ့လျှင်ပြား၉၀၀ကျော်ထိ ဝင်ငွေရကြသည်။
ဤသည်မှာရေရှည်တည်တံ့မည့်ဝင်ငွေဖြစ်ရာ အထူးသဖြင့်ဆေးပင်အများအပြား စိုက်ပျိုးထားသူများအတွက် ပိုမိုတွက်ခြေကိုက်လှ၏။တစ်နေ့လျှင် တစ်တေး နှစ်တေးနီးပါးဝင်ငွေရနေသဖြင့် ရွာသားများမှာ အတိုင်းမသိပျော်ရွှင်နေကြတော့သည်။ဆယ်ရက်ခန့်အကြာတွင် လူအများအပြားမှာ ငွေအလုံအလောက်စုမိသွားကြသဖြင့် သူတို့ကိုယ်တိုင်အတွက်အုတ်အိမ်ဆောက်ရန်ပြင်ဆင်ကြတော့၏။
ရွာသားအများစုမှာ ယခင်ကကျိုးမိသားစုအိမ်ဆောက်ရာတွင်ကူညီခဲ့ကြဖူးသဖြင့် ယခုအခါအခြားသူများအိမ်ပြင်သည်တို့ အိမ်ဆောက်သည်တို့လုပ်လျှင် ကျိုးထောင်ဟွားနှင့်ကျိုးအာ့ရှုတို့လည်း ပြန်လည်ကူညီပေးလိုက်ကြသည်။သူတို့မိသားစုသည် ရွာသားများထံမှအကူအညီများစွာရရှိခဲ့ဖူးရာ ကျေးဇူးဆပ်သည့်အနေဖြင့် နတ်ဆိုးလေးကောင်ကိုပါ လိုက်ကူညီခိုင်းခဲ့၏။
ပထမဆုံးနေ့တွင် ကျိုးထောင်ဟွားမှာရှန်းမင်အိမ်သို့ သွားရောက်ကူညီရန်ဆုံးဖြတ်လိုက်သည်။ရှန်းမင်မှာ ခြံထဲ၌ယာယီသက်ငယ်မိုးတဲလေးတစ်ခု ဆောက်လုပ်ပြီးစီးသွားပြီဖြစ်၍ အိမ်ဟောင်းထဲမှပစ္စည်းများကို တဲအတွင်းသို့ ရွှေ့ရန်ပြင်ဆင်နေခြင်းပင်။
ကျိုးထောင်ဟွားသည် သူနှင့်အတူအိမ်ထဲသို့လိုက်ဝင်သွားပြီး ပြောလိုက်၏။
"အစ်ကိုရှန်းမင် ကျွန်မပစ္စည်းတွေဝိုင်းရွှေ့ပေးမယ်လေ"
ကျိုးထောင်ဟွားသည် ပန်းကန်များအားစုပုံကာ ဇလုံတစ်ခုထဲထည့်လိုက်ပြီး အားလုံးကိုသယ်ဖို့လုပ်လိုက်၏။သို့သော် သူမ,မလိုက်သည်နှင့် ထိုဇလုံကြီးမှာ,မ,၍မရနိုင်လောက်အောင် လေးလံနေသည်ကိုသိလိုက်ရ၍ မှင်တက်သွားတော့သည်။
ငါပန်းကန်တွေအများကြီး ထည့်လိုက်မိသွားတာလား။
ကျိုးထောင်ဟွား ဇလုံထဲမှပန်းကန်အချို့ကိုပြန်ထုတ်ရန်ပြင်လိုက်စဉ်မှာပင် ရှန်းမင်သည် သူမနောက်မှရောက်လာကာ ဇလုံကြီးအားအသာ,မ,၍ယူသွားတော့သည်။
ကျိုးထောင်ဟွားနှုတ်ခမ်းစူရင်းစိတ်ထဲမှပင် နောက်တီးနောက်တောက်တွေးရင်းပြုံးမိသွား၏။
*ရှင့်အရပ်ရှည်တော့ရော ဘာလုပ်ရမှာလဲ*
"ထောင်ဟွား အခန်းထဲသွားပြီးပေါ့တဲ့ပစ္စည်းတွေပဲရွှေ့လိုက်နော်၊မီးဖိုချောင်ကကိစ္စတွေကို အစ်ကိုပဲလုပ်လိုက်မယ်"
ရှန်းမင်အသံမှာ နောက်ဘက်မှနေ ရုတ်ချည်းထွက်လာသည်။ကျိုးထောင်ဟွားလည်း မီးဖိုချောင်ထဲတွင်ကျန်နေသေးသည့် စားပွဲနှင့်ရေအိုးကြီးကိုလှမ်းကြည့်လိုက်ပြီးနောက် ရှန်းမင်ပြောသည့်အတိုင်း အခန်းထဲသို့သာဝင်လာခဲ့လိုက်တော့၏။
ဗီရိုတံခါးကိုဖွင့်လိုက်သည်နှင့် ဝံပုလွေသားရေအချို့ကိုတွေ့လိုက်ရရာ သူမနှုတ်ခမ်းဖျားတွင်အပြုံးလေးတစ်ခုပေါ်လာတော့သည်။ရှန်းမင်သည် သူမစကားကိုအမှန်တစ်ကယ်နားထောင်ကာ ဝံပုလွေသားရေအားလုံးကို ရောင်းမပစ်ဘဲသိမ်းထားခဲ့သည်မဟုတ်ပါလား။
အချိန်များကုန်လွန်လာသည်နှင့်အမျှ ကျိုးကျားရွာတွင်အုတ်အိမ်ဆောက်သည့် မိသားစုများ တစ်နေ့တခြားပိုများလာသည်။အနီးနားရှိရွာများမှ လက်သမားများနှင့်ပန်းရန်ဆရာများလည်း ကျိုးကျားရွာသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြတော့၏။တစ်ချိန်၌ရွာနီးချုပ်စပ်တွင် အဆင်းရဲဆုံးဖြစ်ခဲ့သည့် ကျိုးကျားရွာမှာ ယခုကဲ့သို့ချမ်းသာလာလိမ့်မည်ဟု မည်သူမှထင်မထားခဲ့ကြပေ။
ယခင်ကစပါးအထွက်နှုန်းနည်းပါးလှသောလယ်ကွင်းများမှာ ယခုအချိန်တွင်တော့ အပင်ကြီးထွားမြန်သောနှမ်းရွက်ပင်များဖြင့် ဝေဆာနေတော့သည်။ရွာသူရွာသားများသည် တစ်နေ့တခြားမြင့်တက်လာသော သူတို့အုတ်အိမ်ကြီးများကိုကြည့်ကာ မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေကြတော့၏။
"အုတ်အိမ်သစ်ကြီးထဲကို ရက်ပိုင်းအတွင်းပြောင်းနေရတော့မယ်ကွ"
"ဟုတ်ပတော် ငါတို့အိမ်ကတော့ မနက်ဖြန်ရက်မတင်မှာလေ"
"ငါတို့လည်း အတူတူပဲဟေ့"
လူတိုင်းပျော်ရွှင်နေကြစဉ်မှာပင် နောက်တစ်နေ့မနက်ရောက်သောအခါ အိမ်တိုင်ရက်မများပျောက်ဆုံးကုန်ကာ ဘယ်ရောက်သွားသည်ကိုမသိရတော့ပေ။အဘွားစွင်းသည် သူမခြံဝတွင်ခါးထောက်ရပ်ကာ စတင်ကျိန်ဆဲတော့သည်။
"ဘယ်ကလေကဝ အုတ်ကြားမြက်ပေါက်ကောင်က ငါ့ရဲ့ရက်မတိုင်ငါးခုကိုခိုးသွားတာလဲ"
အဘွားဖုန်းလည်း ခြေဆောင့်ကာကျိန်ဆဲပြန်သည်။
"ငါတို့အိမ်အတွက်လိုတဲ့ရက်မတိုင်တွေကို ခိုးသွားရအောင်ဘယ်သူကဒီလောက်ယုတ်မာရိုင်းစိုင်းရတာလဲ"
ယနေ့တွင် ဒေါ်လေးကျန်းနှင့်ဒေါ်လေးကျိန့်တို့မိသားစုများမှာလည်း ရက်မတိုင်တင်ရန်ပြင်ဆင်ထားကြသော်ငြား သူတို့တိုင်များလည်းပျောက်ကုန်တော့သည်။သူတို့ လေးဦးသည် သူခိုးအားမိအောင်ဖမ်းမည်ဟုဆုံးဖြတ်ကာ တစ်အိမ်တက်ဆင်းလိုက်လံရှာဖွေကြတော့၏။
သို့သော် ထိုလေးအိမ်ထဲပျောက်ဆုံးခြင်းမဟုတ်ဘဲ ရက်မတိုင်တင်ရန်အဆင့်မရောက်သေးသည့် အခြားရွာသားများ၏တိုင်များပါပျောက်သွားခြင်းဖြစ်သည်။မြေကြီးထက်ချထားသောရက်မတိုင်မှန်သမျှ တစ်ခုမှမကျန်ခဲ့တော့ချေ။
အဘွားစွင်းအံ့သြတကြီးရေရွတ်မိသည်။
"ညတွင်းချင်း ဒီလောက်များတဲ့ရက်မတိုင်တွေကို ဘယ်သူကခိုးနိုင်မှာလဲ"
စုစုပေါင်းတိုင်အလုံးရေ၅၀၀ခန့်ရှိသည် မဟုတ်ပါလား။
ကျိုးရှန့်လင်သည် တစ်နေရာမှရုတ်ချည်းထွက်ချလာကာ သဘောတကျရယ်မောလျက်ပြောလိုက်သည်။
"အဘွားစွင်း ဒါကောင်းကင်ဘုံကနေ ကျွန်တော်တို့ရွာမှာအုတ်အိမ်ဆောက်တာမကြည့်ချင်လို့ တားမြစ်လိုက်တာဖြစ်မှာပါ၊အဲ့တော့အိမ်မဆောက်ဘဲ ဒီအတိုင်းသာနေလိုက်ကြတော့လေ"
ရွာထဲရှိလူတိုင်း အုတ်အိမ်ဆောက်နေကြချိန်တွင် သူ့မိသားစုမှာမူယိုယွင်းနေသောတဲစုတ်လေးထဲတွင်သာ နေနေရဆဲ ဖြစ်သည်။အခုတလော ရာသီဥတုမှာလည်းအေးလာရာ ညဘက်ဆိုလျှင်နံရံအက်ကြောင်းများမှတစ်ဆင့် လေအေးများဝင်လာတတ်သဖြင့် စောင်ခြုံထားလျှင်ပင်နွေးထွေးမနေခဲ့ပေ။ထို့ကြောင့် သူ၏မစ္ဆိရိယစိတ်မှာအထွတ်အထိပ်သို့ရောက်နေပြီဖြစ်သည်။ယခု လူတိုင်းမှာရက်မတိုင်များ ပျောက်ကုန်ကြပြီဖြစ်၍ သူမပျော်သည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။
အဘွားစွင်းသည် သူ့အားစိုက်ကြည့်ကာ လှစ်ကနဲပြေးချလာပြီး သူ့နားရွက်ကိုအတင်းဆွဲမေးတော့သည်။
"နင်ခိုးတာမလား၊အဲ့တိုင်တွေကို နင်ခိုးပြီးရောင်းစားလိုက်တာမလား ပြောစမ်း"
"ဘာတွေလျှောက်ပြောနေတာလဲ၊ရက်မတိုင်တွေကဖြင့် ဒီလောက်လေးတာကို ကျွန်တော်တစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်,မ,နိုင်မှာလဲ"
ကျိုးရှန့်လင် နားရွက်ကိုအမြန်ကာရင်းပြောလိုက်သည်။
သို့သော် အဘွားစွင်းမှာတော့ လက်မလွှတ်သေးပေ။
"နင့်လိုအလုပ်မရှိအကိုင်မရှိတဲ့လူပျင်းက အခုမှချမ်းသာချင်လာပြီးကြံစည်တာရောမဖြစ်နိုင်ဘူးလား၊နင်တစ်ယောက်တည်း မနိုင်ရင်တောင် အခြားလူတွေနဲ့ပေါင်းပြီးခိုးတာဖြစ်မှာပဲ၊အရင်တစ်ခါ ထောင်ဟွားအိမ်မှာပိုက်ဆံခိုးဖို့ ရှန့်ရုံကိုခေါ်သွားတုန်းကတော့ ထောင်ဟွားတို့က နင့်ကိုခွင့်လွှတ်ပေးလိုက်တယ်၊ဒါပေမယ့် ငါကတော့လုံးဝခွင့်မလွှတ်ပေးနိုင်ဘူး"
"လာစမ်း နင့်ကိုအရာရှိတွေဆီခေါ်သွားရမယ်"