အခန်း (၆၀)
Vol. 6 Ch. 60
ရွာသားများမှာ ကျိုးရှန့်လင်ထံသံသယမျက်လုံးများဖြင့် ဝိုင်းကြည့်လာကြတော့သည်။အချို့ကတော့ အဘွားစွင်းစကားမှာ အဓိပ္ပာယ်ရှိပြီး ကျိုးရှန့်လင်ကဲ့သို့လူမျိုးသာ ဤသို့လုပ်ရန်ဖြစ်နိုင်ချေအရှိဆုံးဟုထင်ကြ၏။သို့သော် အချို့ကမူမဖြစ်နိုင်ဟုယူဆကြသည်။
ရက်မတိုင်တစ်ခုကိုသယ်ရန် အနည်းဆုံးသန်သန်မာမာရှိသည့်လူသုံးယောက်ခန့်လိုအပ်ရာ ကျိုးရှန့်လင်သည်တစ်ညတည်းနှင့် တစ်ရွာလုံးရှိရက်မတိုင်၅၀၀ကျော်ကို မည်သို့ခိုးယူနိုင်ပါမည်နည်း။
ရွာလူကြီးမှာမူ တစ်ခုခုလွဲနေပြီဟုခံစားနေရသည်။သူသည် ကျိုးထောင်ဟွားတို့အိမ်တံခါးသို့သွားကာ ခေါက်လိုက်၏။
"ထောင်ဟွား အိမ်မှာရှိလား"
...........
ကျိုးထောင်ဟွားမှာ မနက်စာစားပြီးစဖြစ်၍ အိမ်ခန်းမကြီးတွင်းထိုင်လျက် ယခုနှစ်နှင်းမုန်တိုင်းကျမည့်ရက်ကို တွက်ချက်နေ၏။လောလောဆယ် အိမ်ဆောက်နေကြသည့်အရှိန်နှင့်ဆိုလျှင် ရွာသားများလည်းအချိန်မီပြီးကြပေလိမ့်မည်။လူတိုင်း အုတ်အိမ်ဖြစ်ဖြစ် လုံလုံခြုံခြုံရှိသောအိမ်ဖြစ်ဖြစ်ဆောက်ပြီးသွားလျှင်တော့ နှင်းထုကြောင့်အိမ်ပြိုကျမည်ကို စိုးရိမ်စရာမလိုတော့ပေ။
အုတ်အိမ်များမှာ အလွန်နွေးထွေးလှ၏။အပြင်ဘက်၌နှင်းများသည်းကြီးမည်းကြီးကျလာလျှင်ပင် အိမ်ထဲရှိအပူပေးကုတင်အားအပူပေး၍ စိတ်အေးလက်အေးနေနိုင်လေသည်။ကျိုးထောင်ဟွားမှာ ထိုသို့တွက်ဆရင်းကျေနပ်နေတော့၏။
ထိုစဉ်မှာပင် ရွာလူကြီး၏တံခါးခေါက်လာသံကိုကြားလိုက်ရသည်။
ချမ်ရှီသည် ခြံထဲတွင်အဝတ်လှမ်းနေရာမှတံခါးဖွင့်ပေးလိုက်ရာ ရွာလူကြီးဖြစ်နေ၍ အိမ်ထဲသို့လှမ်းခေါ်လိုက်၏။
"ထောင်ဟွား ရွာလူကြီးကသမီးကိုလာရှာနေတယ်"
ကျိုးထောင်ဟွားထွက်လာသောအခါ ရွာလူကြီး၏သောကရောက်နေသောမျက်နှာအားမြင်လိုက်ရသဖြင့် သူမအပြုံးများ ပျောက်ကွယ်သွားတော့သည်။
"အဘိုးရွာလူကြီး ဘာများဖြစ်လို့လဲ"
ရွာလူကြီးသည်သက်ပြင်းတစ်ချက်အရင်ချလိုက်ပြီးမှ ရွာရှိရက်မတိုင်များ အားလုံးပျောက်ဆုံးကုန်သည့်အကြောင်းကို ပြောပြတော့၏။
"ဘယ်လို ရက်မတိုင်တွေအကုန်ပျောက်ကုန်ပြီဟုတ်လား"
ကျိုးထောင်ဟွား ထိတ်လန့်သွားရသည်။
ရက်မတိုင်မရှိဘဲ အိမ်ခေါင်မိုးကိုမည်သို့လုပ်နိုင်ပါမည်နည်း။အုတ်ကြွပ်များကိုလည်း မည်သို့ခင်းနိုင်မည်နည်း။ရက်မတိုင်မရှိလျှင် အိမ်ခေါင်မိုးမှာခိုင်ခံ့မှုရှိတော့မည်မဟုတ်ပေ။ကျိုးထောင်ဟွားမှာ အံ့အားသင့်သွားသလို ဒေါသလည်းထွက်သွားမိသည်။ယခုကဲ့သို့ အရေးကြီးသည့်အချိန်မှ ဤပြဿနာမျိုးပေါ်လာလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။သူမမှာခုနလေးတင် နှင်းမုန်တိုင်းကျတော့မည့်အချိန်ကို တွက်ချက်ထားသည်မဟုတ်ပါလား။
"ထောင်ဟွား မနေ့ညကတစ်ရွာလုံးထူးထူးခြားခြားကိုတိတ်ဆိတ်နေတာလေ၊တစ်ကယ်လို့ တစ်ယောက်ယောက်ကခိုးတာသာဆိုရင် အဘိုးအိမ်ခွေးကရောဘာလို့မဟောင်တာလဲ၊အဘိုးအိမ်တင်မကဘူး ရွာထဲကခွေးမွေးထားကြတာဆယ်အိမ်မကဘူးကို ဘယ်အိမ်ကခွေးမှမဟောင်ခဲ့တာ၊တစ်ရွာလုံးရဲ့ရက်မတိုင်တွေကို တစ်ညတည်းနဲ့ လူတစ်ယောက်ခိုးသွားတယ်ဆိုတာ အဘိုးမယုံဘူး၊ဒါနတ်ဆိုးတစ်ကောင်ကောင်ရဲ့ လက်ချက်ပဲဖြစ်ရမယ်လို့ အဘိုးသံသယရှိတယ်"
ရွာလူကြီးလေသံမှာလေးနက်နေ၏။
ကျိုးထောင်ဟွားသည် ချက်ချင်းဆိုသလိုအိမ်ပြင်သို့ထွက်လာခဲ့သည်။ဘေးအိမ်ရှိ ဒေါ်လေးကျိန့်တို့၏ရက်မတိုင်လည်း ပျောက်နေသည်ကိုတွေ့လိုက်ရ၏။ဒေါ်လေးကျိန့်တို့အုတ်တံတိုင်းမှာ သူမအိမ်နှင့်ဆယ်မီတာခန့်သာဝေးလေသည်။သူမအိမ်ပြန်လာပြီး ရာသီသွေးမိစ္ဆာအပါအဝင်အခြားနတ်ဆိုးသုံးကောင်ကိုပါမေးလိုက်၏။
"မနေ့ညက အသံတစ်သံကြားလိုက်ကြသေးလား၊ထူးဆန်းတာဘာညာရော သတိထားမိကြလား"
"???"
ရာသီသွေးမိစ္ဆာအပါအဝင်အခြားနတ်ဆိုးသုံးကောင်မှာ သူမထံမျက်လုံးအပြူးသားဖြင့်ကြောင်ကြည့်လာကြသည်။ကျိုးထောင်ဟွား အံ့သြသွားရ၏။သူတို့လေးယောက်လုံး မနေ့ညကဖြစ်ခဲ့တာတွေကိုဘာမှမသိလိုက်ကြဘူးလား။ရွာထဲက ရက်မတိုင်၅၀၀ကျော်တောင်ပျောက်သွားတာကိုလေ။ရက်မတိုင်တစ်ခုကို လူကြီးသုံးယောက်သယ်ရသည့်အပြင် ဒေါ်လေးကျိန့်တို့အိမ်ဆိုသည်မှာလည်း သူမအိမ်နှင့်အလွန်နီးလေသည်ပင်။
အကယ်၍ အိမ်ရှိနတ်ဆိုးလေးကောင်လုံးပင် ဘာတစ်ခုမှမသိခဲ့ရလျှင်တော့ တစ်ဖက်လူမှာ အလွန်ထူးခြားသောစွမ်းအားမျိုးရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ချက်ချင်းဆိုသလို ကျိုးထောင်ဟွားမျက်နှာမှာ တည်တံ့သွားပြီးဘေးအိမ်သို့သွားစစ်ဆေးလိုက်၏။
ဒေါ်လေးကျိန့်သည် ကျိုးထောင်ဟွားအားမြင်သောအခါ ကျိုးရှန့်အန်းကိုခေါ်၍ ရက်မတိုင်ထားခဲ့သောနေရာဆီပြခိုင်းလိုက်သည်။
"ညီမထောင်ဟွား အစ်ကိုတို့အိမ်ရဲ့ရက်မတိုင်တွေကို မနေ့ကခြံအရှေ့ဘက်အုတ်တံတိုင်းထောင့်မှာချထားတာပါ"
ကျိုးရှန့်အန်းမှာ ထိုနေရာအားညွှန်ပြလိုက်သည်။
ကျိုးထောင်ဟွား တောင်ဘက်မှမြောက်ဘက်သို့ ထိုထောင့်တစ်လျှောက်အတိုင်းလျှောက်ကြည့်ခဲ့သော်လည်း မည်သည့်နတ်ဆိုးအငွေ့အသက်ကိုမှ မခံစားခဲ့ရပေ။သို့သော် ရုတ်ချည်းဆိုသလိုသူမခြေထောက်အောက်ရှိ မြေသားမှာအခြားနေရာမှမြေများနှင့်မတူဘဲ ထူးခြားနေသည်ကိုသတိပြုမိလိုက်သည်။မြေအနေအထားမှာ ကျစ်လစ်မနေဘဲတစ်စုံတစ်ယောက်မှ တူးဆွထားကာစပုံစံဖြစ်နေ၏။
သူမ ကျိုးရှန့်အန်းအားမေးလိုက်သည်။
"အစ်ကိုရှန့်အန်း ဒီနေရာကို ဒီနေ့ဖြစ်ဖြစ် မနေ့ကဖြစ်ဖြစ် တူးမိထားသေးလား"
ကျိုးရှန့်အန်း ခဏတာမျှစဥ်းစားပြီးသည်နှင့် ခေါင်းယမ်းလိုက်သည်။
"မရှိပါဘူး ခြံထဲကမြေကိုဘယ်သူမှမထိခဲ့ကြဘူး"
သူ လေးလေးနက်နက်ပြန်ဖြေလိုက်တော့သည်။
ထိုစကားကိုကြားသည်နှင့် ကျိုးထောင်ဟွား ချက်ချင်းဆိုသလိုဆောင့်ကြောင့်ထိုင်ပြီး မြေကြီးအားတူးဆွကြည့်လိုက်ရာ အောက်ဘက်ရှိမြေသားများမှာလည်းပွနေပြီး တစ်စုံတစ်ရာမှနှောက်ယှက်ထားသည့်လက္ခဏာရှိနေသည်ကို တွေ့လိုက်ရ၏။သူမသည်တစ်ပေခန့်ထိ အလွယ်တကူတူးလိုက်နိုင်သည်။ချက်ချင်းဆိုသလို သူမကောက်ချက်ချလိုက်၏။
"ဒါကဘယ်သူမှမသိအောင် ရက်မတိုင်တွေကိုခိုးယူသွားတဲ့နည်းလမ်းပဲ"
"မြေအောက်ထဲကို ဆွဲသွားတာလား"
ရွာလူကြီး ထိတ်လန့်တကြားရေရွတ်လိုက်၏။
ကျိုးထောင်ဟွားသည် အဝါရောင်စက္ကူတစ်ရွက်ကို ချက်ချင်းထုတ်ကာ စုတ်တံဖြင့်မန္တန်တစ်ခုအား အမြန်ရေးဆွဲပြီးတစ်ပေခန့်နက်သောမြေကျင်းထဲသို့ပစ်ထည့်လိုက်သည်။သူမလက်ချောင်းထိပ်တွင် ဝိညာဉ်စွမ်းအားများအားစုစည်းကာ မန္တန်ပေါ်သို့ဖိနှိပ်လိုက်ပြီး ထိုစွမ်းအားများကိုမန္တန်မှတစ်ဆင့်ဖွခံထားရသောမြေကြောအတိုင်းစီးဆင်းစေကာ နတ်ဆိုးဖြတ်သွားခဲ့ရာလမ်းကြောင်းကို ရှာဖွေခိုင်းလိုက်၏။
ကျိုးထောင်ဟွားသည် ဝိညာဉ်စွမ်းအားများမှာ မြေအောက်၌အချိန်အတော်ကြာသည်ထိ ကွေ့ကောက်သွားလာနေသည်ကို အာရုံခံမိနေပြီး နောက်ဆုံးတွင်မှ ရည်ရွယ်ရာပန်းတိုင်သို့ရောက်ရှိသွားတော့သည်။
ကျိုးထောင်ဟွား သူမလက်ချောင်းများကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်မှောင်ကြုံ့လျက်ရေရွတ်လိုက်၏။
"ဝါးတောထဲကို သွားတာလား"
ရွာတောင်ဘက်တွင် ဝါးတောကြီးတစ်ခု ရှိသည်။ရံဖန်ရံခါတွင် လူများသည် ခြင်းတောင်းရက်ရန်ဖြစ်စေ ဝါးဖြတ်ရန်ဖြစ်စေ မျှစ်တူးရန်ဖြစ်စေ ထိုနေရာသို့သွားတတ်ကြ၏။ထိုနတ်ဆိုးမှာ အလွန်ပိရိလှသည်။ကျိုးထောင်ဟွားသည် ၎င်း၏တည်ရှိနေမှုကို အစောကလုံးဝသတိမပြုမိခဲ့ဘဲ ရက်မတိုင်များကိုဝါးတောထဲသို့ခိုးယူသွားသည်ကိုသာ အာရုံခံမိခဲ့ခြင်းပင်။
"ဘယ်ဝါးတောလဲ ထောင်ဟွား သမီးဘာပြောလိုက်တာလဲ"
ရွာလူကြီးမှာ နားမလည်ဟန်ဖြင့်မေးလာ၏။ကျိုးရှန့်အန်း၊ဒေါ်လေးကျိန့်နှင့်ကျိုးကွမ်းခွင်တို့လည်း ကျိုးထောင်ဟွားထံဇဝေဇဝါဖြင့်ကြည့်လာကြသည်။ကျိုးထောင်ဟွား ရှင်းပြလိုက်၏။
"ရက်မတိုင်တွေကိုပြန်ရှာဖို့ဆိုရင် အရင်ဆုံးဝါးတောထဲကို သွားဖို့လိုပါတယ်"
လမ်းတစ်လျှောက်တွင် ရက်မတိုင်များအား နတ်ဆိုးတစ်ကောင်မှဝါးတောထဲသို့ ရွှေ့ပြောင်းသွားခြင်းဖြစ်နိုင်ကြောင်းသိလိုက်ရသဖြင့် အခြားရွာသားများလည်း အမှန်တစ်ကယ်ဟုတ်မဟုတ်သိလိုရာ လိုက်လာကြတော့သည်။
အဘွားစွင်းသည် နောက်ဆုံးတော့ကျိုးရှန့်လင်နားရွက်ကို လွှတ်ပေးလိုက်ပြီး သူမရက်မတိုင်များအား လိုက်ရှာတော့၏။ကျိုးရှန့်လင်လည်း ပွစိပွစိရေရွတ်လာသည်။
"ကျွန်တော် မခိုးပါဘူးလို့ပြောသားပဲ"
သူ့လိုပိန်ပိန်ပါးပါးလူတစ်ယောက်မှာ မည်သို့သယ်နိုင်ပါမည်နည်း။အကယ်၍ သူကခိုးခိုင်းသည်ဆိုလျှင်ပင် ဤမျှများပြားသောလူအင်အားကို မည်သည့်နေရာမှသွားရှာရပါမည်နည်း။သို့သော် သူသည်လည်း တစ်ရွာလုံးလိုအပ်နေသည့် ရက်မတိုင်များကိုမည်သည့်နတ်ဆိုးမှခိုးသွားသည်အားသိလိုသဖြင့် လူအုပ်နှင့်အတူလိုက်လာခဲ့သည်။
မကြာမီ ကျိုးထောင်ဟွားသည်သူမဝိညာဉ်စွမ်းအားဖြင့် မှတ်သားထားသော နေရာသို့ရောက်ရှိလာ၏။ထိုနေရာရှိ မြေသားများမှာ အမှန်တစ်ကယ်ပင်ပွထနေ၏။သို့သော် အနားတွင်တော့စုပုံထားသည့် ရက်မတိုင်များအားမတွေ့ရပေ။သူမသည် မတ်တတ်ရပ်၍ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မြေကြီးထက်တွင်ရက်မတိုင်များအား တရွတ်တိုက်ဆွဲသွားသည့်လက္ခဏာမျိုးပါရှိမနေခဲ့ချေ။ထိုသို့ဆိုလျှင် ရက်မတိုင်များမှာမည်သည့်နေရာသို့ရောက်ကုန်ပါသနည်း။
"ညီမထောင်ဟွား တစ်ခုခုတွေ့ပြီလား"
ကျိုးရှန့်အန်းသည် ကျိုးထောင်ဟွားနောက်မှလိုက်လာရင်း သူမနှင့်အတူ ဝိုင်းရှာပေးလိုက်သည်။သို့သော် အနားတွင်ဝါးပင်များ၊ပေါင်းပင်များနှင့်ကျောက်ခဲများသာရှိနေ၏။ဟင်းလင်းပြင်ကြီးဖြစ်နေသည့်တိုင် ရက်မတိုင်တစ်ခုကိုမျှမမြင်ရသေးပေ။
ကျိုးထောင်ဟွား ခေါင်းယမ်းပြလိုက်ပြီး ရှေ့သို့ဆက်လျှောက်သွားလိုက်သည်။ရုတ်ချည်းဆိုသလို သူမသည်မြေပုံလေးတစ်ခုအား မျက်စိရှေ့၌တွေ့လိုက်ရ၏။ထိုမြေပုံလေးမှာ နေရောင်အောက်တွင်စိုစွတ်၍တောက်ပနေကာ မြေသင်းနံ့များလည်းထွက်ပေါ်နေပြီး အနားရှိခြောက်သွေ့နေသောမြေကြီးများနှင့်လုံးဝကွာခြားနေသည်။
ချက်ချင်းဆိုသလို ကျိုးထောင်ဟွားသည် တစ်ခုခုမှားနေပြီကိုအာရုံရလိုက်၍ ထိုမြေပုံအားအသာဖယ်ကြည့်လိုက်သည်။ထင်မထားသည်မှာ ထိုမြေပုံသည်အပေါ်ယံမြေသားလွှာလေးမျှသာဖြစ်ပြီး အောက်ဘက်တွင်မူ ဟာလာဟင်းလင်းကြီးဖြစ်နေတော့၏။ကျိုးထောင်ဟွားမှာ ချက်ချင်းဆိုသလို အောက်သို့ပြုတ်ကျသွားတော့သည်။
"ညီမထောင်ဟွား"
ကျိုးထောင်ဟွား အောက်သို့ကျသွားသည်မှာရုတ်တရက်ဆန်လွန်းလှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင်ပျောက်ကွယ်သွားတော့၏။ကျိုးရှန့်အန်းမှာ မှောင်မည်းနေသောထိုတွင်းဝထဲသို့သာ လှမ်းအော်နိုင်တော့သည်။
သို့သော် လက်တစ်စုံမှာထိုတွင်းထဲသို့ဆန့်ထုတ်လိုက်ရာ ထိုသူပါပြုတ်ကျသွားတော့၏။
ကျိုးရှန့်အန်းသည် တောက်ပနေသောငွေရောင်ဆံနွယ်များကို ဖြတ်ကနဲမြင်လိုက်ရသည်။
*ရှန်းမင်လား*