မင်းဆက်၏ ဂိုဏ်းကြီးသုံးဂိုဏ်း၊ ဆန်းကြယ်ရွှမ်ယင်းကျင့်စဉ်
Vol. 6 Ch. 59
လီရန် ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်ကြောင်း ယန်ကျွယ်တိန် သတိထားမိလိုက်သည်။ သူ အချိန်ကို တွက်ချက်ကြည့်လိုက်ရာ တပည့်ဖြစ်သူ၏ အမြန်နှုန်းအရ ယခုအချိန်ဆိုလျှင် ဂိုဏ်းသို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
သူ ချက်ချင်း လှည့်၍ လီရန်ရှိရာသို့ ပြေးသွားလိုက်တော့ ဒဏ်ရာရထားပြီး ဖြစ်သော ကွမ်းလန်ထျန်းနှင့် ကျန်းစုန်းကျင်းတို့က ထပ်မံ တိုက်ခိုက်လာကြရာ သူ့မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
"သေချင်နေကြတာပဲ..."
ယန်ကျွယ်တိန်က ကိုးကောင်းကင် နတ်လက်ဝါးဖြင့် သူ့စွမ်းအား အကုန်လုံးကို ထုတ်သုံးလိုက်ရာ အတွင်းအားများမှာ ရေစီးကြောင်းကြီး တစ်ခုအလား လှိမ့်ဝင်သွားပြီး ကွမ်းလန်ထျန်း နှင့် ကျန်းစုန်းကျင်း တို့ကို သွေးအန်လျက် နောက်သို့ လွင့်ထွက်သွားစေသည်။
ကျွမ်းကျင်သော ခြေသိုင်းကွက်ဖြင့် လီရန်၏ ဘေးသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး လက်တစ်ဖက်ဖြင့် လီရန်၏ ဝတ်ရုံ အနောက်ဘက်ကို ဆွဲကာ ချင်းရှောင်ဂိုဏ်း ရှိရာသို့ သယ်ဆောင် ပြေးလေသည်။ လမ်းတစ်လျှောက်တွင် အခြားလက်တစ်ဖက်ကို အဆက်မပြတ် ဝှေ့ယမ်း၍ တားဆီးရန် ကြိုးစားသူများကို ရိုက်ထုတ်လိုက်သည်။
ကွမ်းလန်ထျန်း နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နောက်ထပ် သွေးတစ်လုပ် အန်ထုတ်လိုက်ရပြန်သည်။သူ ခေါင်းလှည့်၍ ယန်ကျွယ်တိန်ကို ကြည့်လိုက်ရာ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
"ဒီလူက..."
ယန်ကျွယ်တိန်၏ ခွန်အားကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ယန်ကျွယ်တိန် ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ကာစက သူ့ခွန်အားမှာ သာမန်မျှသာ ရှိသေးသည်။ ယခုအခါတွင်မူ သူ့ကို အလွယ်တကူ ဒဏ်ရာရစေနိုင်ခဲ့ပြီ ဖြစ်သည်။
သိုင်းလောကမှ ဒဏ္ဍာရီလာ သိုင်းပညာက တကယ်ပဲ ဒီလောက်တောင် စွမ်းအားကြီးတာလား...
ယန်ကျွယ်တိန်က လီရန်ကို သယ်ဆောင်ရင်း ဝိုင်းရံထားခြင်းကို လျင်မြန်စွာ ဖောက်ထွက်လိုက်သည်။ ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များက ချက်ချင်း လိုက်ဖမ်းကြပြီး ပွဲကြည့်နေသော ဂိုဏ်းများကလည်း ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လိုက်ဖမ်းရာတွင် ပါဝင်လာကြလေသည်။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် ယန်ကျွယ်တိန်ထံ၌ စွမ်းအင် အကုန်လုံး ကုန်ခမ်းသွားပြီ ဖြစ်သည်။ ကွမ်းလန်ထျန်းတို့ကို ရိုက်လိုက်သော လက်ဝါးချက်က သူ့လက်ကျန် စွမ်းအင်အားလုံးကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။သို့မဟုတ်ပါက သူတို့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ချင်းဂိုဏ်း၊ ထယ်ယွဲ့တောင်ထွတ်၊ ချီယွဲ့မဟာမိတ် နှင့် အခြားသော ထိပ်တန်း ကျွမ်းကျင်ပညာရှင်များ သူ့ဘေးသို့ လျင်မြန်စွာ ရောက်လာကြပြီး အဆက်မပြတ် တိုက်ခိုက်ကြလေသည်။
ယန်ကျွယ်တိန် ပြေးနေရင်း ရက်စက်သော ခြေကန်ချက် တစ်ချက်ကို ခါးကိုင်း၍ ရှောင်လိုက်ရသည်။ ထို့နောက် အပေါ်သို့ ခုန်တက်၍ ကန့်လန့်ဖြတ် ခုတ်ပိုင်းလာသော ဓားမကြီး တစ်လက်ကို ကျော်ဖြတ်လိုက်သည်။ ထို့နောက် လက်ဝါးကို မြှောက်၍ ဓားကိုင်ထားသူ၏ ရင်ဘတ်ကို ရိုက်ချလိုက်ရာ ထိုလူမှာ သွေးအန်လျက် ဒူးထောက်ကျသွားပြီး နောက်သို့ လျှောကျသွားသည်။
ယန်ကျွယ်တိန် သူ့ကိုကူညီပေးနေသော်လည်း လီရန် စိတ်သက်သာရာ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကြီးမားသော အရှက်ရမှုကို ခံစားနေရပြီး ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းနေသောကြောင့် ဖြစ်သည်။
ဘုန်း...
ယန်ကျွယ်တိန်၏ ကျောကုန်းကို ပြင်းထန်သော ကန်ချက်တစ်ချက် ထိမှန်သွားသည်ကို ခံစားလိုက်ရပြီး ယိုင်နဲ့ကာ ဟန်ချက်ပျက်၍ ရှေ့သို့ လိမ့်သွားလေသည်။ လီရန်မှာမူ ဟိုသည် လွင့်စင်သွားပြီး မူးနောက်သွားသည်။
အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက် ယန်ကျွယ်တိန်က လက်ဝါးကို ဝင်ရိုးအမှတ်အဖြစ် အသုံးပြု၍ ကိုယ်ကို ထိန်းလိုက်ပြီး တစ်ချိန်တည်းမှာပင် အနောက်သို့ လှည့်လိုက်သည်။
သူ သေချာ ကြည့်လိုက်သောအခါ တိုက်ခိုက်လိုက်သူမှာ ချင်းဂိုဏ်း၏ ဂိုဏ်းချုပ် တွမ်ထု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တွမ်ထုမှာ အရပ်ပုသော်လည်း ယခုအချိန်တွင် အလွန် အာဏာဆန်နေပြီး ရက်စက်သော အော်ရာများ ထုတ်လွှတ်နေကာ နှင်းပြင်ပေါ်မှ သတ်ဖြတ်ခြင်း နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ယန်ကျွယ်တိန် တွမ်ထုနှင့် တိုက်ခိုက်ခဲ့ဖူးပြီး ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရဖူးသည်။ တွမ်ထု သူ့လမ်းကို ပိတ်ဆို့ထားသည်ကို မြင်သောအခါ မျက်ဝန်းထဲတွင် လူသတ်လိုသော အငွေ့အသက်များ လက်ခနဲ ဖြစ်သွားလေသည်။
တွမ်ထုက ယန်ကျွယ်တိန်ထံသို့ ထပ်မံ တိုးဝင်လာသည်။ သူသာမက ဂိုဏ်းကြီးများမှ ကျွမ်းကျင်ပညာရှင် ဒါဇင်ကျော်လည်း ပြေးဝင်လာကြသည်။ တစ်ယောက်ချင်း တိုက်ခိုက်ခြင်းသာ ဆိုလျှင် ယန်ကျွယ်တိန်က သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း ယခုအခါ ယန်ကျွယ်တိန်မှာ မောပန်းနွမ်းနယ်နေပြီး အားကုန်ခမ်းနေပြီ ဖြစ်သဖြင့် ရှောင်တိမ်းဖို့သာ တတ်နိုင်တော့သည်။
လီရန်၏ အမြင်အာရုံ ရှင်းလင်းသွားသည်နှင့် ဓားတစ်လက် သူ့ရှေ့သို့ ရောက်လာသည်။ သူ မော့ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အမာရွတ်နှင့် လူလတ်ပိုင်း အမျိုးသား တစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူက ညစ်ပတ်နေသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကောက်ရိုးခမောက် ဆောင်းထားလေသည်။
သူ့အကြည့်နှင့် တစ်ဖက်လူ၏ အကြည့်တို့ ဆုံသွားပြီး ချက်ချင်းပင် မှင်သက်သွား၏။
အလွန် အေးစက်သော မျက်လုံးများ ဖြစ်သည်။ ထိုကဲ့သို့ အကြည့်မျိုးကို သူ တစ်ခါမှ မမြင်ဖူးချေ။ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး နှလုံးသားတခုလုံး ခံစားချက် ကင်းမဲ့သွားသည့် အခြေအနေသို့ ရောက်ရှိနေသည့်အလား ဖြစ်စေသောမျက်လုံးများပင်။
"ခင်ဗျား..." လီရန်က မသိစိတ်ကြောင့် မေးချင်သွားသော်လည်း ဓားကိုင်ထားသော လူလတ်ပိုင်း အမျိုးသားက ခေါင်းလှည့်ကြည့်လိုက်သည်ကို မြင်လိုက်ရသည်။ သူလည်း မသိစိတ်ဖြင့် ထိုလူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်။
တစ်စုံတစ်ယောက်က သူ့ဆီသို့ မြင်းစီး၍ လာနေသည်ကို တွေ့လိုက်ရပြီး ထိုသူမှာ သူ့ဝမ်းကွဲညီမ ကျောက်လင်းလုံမှလွဲ၍ တခြားသူ မဟုတ်ပေ။
အချို့လူများက ကျောက်လင်းလုံကို တားဆီးရန် ကြိုးစားကြသော်လည်း အစွမ်းထက်သော အားတစ်ခုကြောင့် လွင့်ထွက်သွားကြပြီး လုံးဝ တားဆီး၍ မရနိုင်ချေ။
တွမ်ထုက ခေါင်းလှည့်လိုက်ပြီး ရှေ့သို့ ပြေးထွက်ကာ လီရန်ကို တားဆီးခဲ့သကဲ့သို့ ကျောက်လင်းလုံကို တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ စတင် လှုပ်ရှားလိုက်သည်နှင့် အစွမ်းထက်သော အားတစ်ခုကြောင့် လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာလေသည်။
လီရန် ကိုယ့်မျက်လုံးကိုပင် မယုံနိုင်တော့ပေ။
ကျောက်လင်းလုံ၏ အတင်းအဓမ္မ ဝင်ရောက်လာမှုကြောင့် ယန်ကျွယ်တိန်ကို ဝိုင်းရံထားသော ကျွမ်းကျင်ပညာရှင်များ ရပ်တန့်လိုက်ရပြီး ယန်ကျွယ်တိန်ကို ဝိုင်းထားရင်း ကျောက်လင်းလုံကို သတိထား ကြည့်နေကြသည်။
ကျောက်လင်းလုံ လီရန်နှင့် အခြားလူရှိရာသို့ မြင်းစီး၍ ရောက်လာပြီး သူမက လက်တစ်ဖက်ဖြင့် မြင်းကို တားလိုက်ရာ သန်မာသော မြင်းကြီးမှာ ခြေနှစ်ချောင်းထောက်၍ ဟီလျက် ရပ်တန့်သွားသည်။ သူမ၏ အပြာရောင် ဂါဝန်က မြင်းကျောပေါ်တွင် လွင့်ပျံနေပြီး သူမ၏ ပုံမှန် အားနွဲ့သော ပုံစံနှင့် လုံးဝ မတူညီဘဲ အစွမ်းထက်သော အော်ရာများကို ထုတ်လွှတ်နေလေသည်။
ကျောက်လင်းလုံ၏ မျက်လုံးများမှာ ဓားကိုင်ထားသော လူလတ်ပိုင်း အမျိုးသားကဲ့သို့ပင် အေးစက်နေပြီး ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်ကို ထုတ်လွှတ်နေသည်။
မြင်းပေါ်မှ ဆင်းလိုက်သည်နှင့် သူမက ဓားကိုင်ထားသော လူလတ်ပိုင်း အမျိုးသားကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"သွေးဆာဓား တျန်မင်... ရှင် သိုင်းလောက ကနေ အနားယူသွားတာ ဆယ်နှစ်ကျော်ပြီလေ... ကုကျိုး သိုင်းလောက ကိစ္စတွေမှာ ဘာလို့ လာပါနေတာလဲ..."
သူမ၏ အသံမှာ နူးညံ့သော်လည်း ဤအချိန်၌ လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။ သူမ၏ အသံမှာ ဝေးကွာသော နေရာထိ ရောက်သွားသဖြင့် ယန်ကျွယ်တိန်နှင့် အခြားသူများပင် ကြားလိုက်ကြရသည်။
"သွေးဆာဓား တျန်မင်... လွန်ခဲ့တဲ့ ဆယ်နှစ်က ဝေကျိုးရဲ့ နံပါတ်တစ် သိုင်းပညာရှင်..."
ထယ်ယွဲ့တောင်ထွတ်မှ သိုင်းပညာရှင် တစ်ဦးက အံ့ဩခြင်းနှင့် သံသယများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။
ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့နှင့် ချင်းဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များလည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိလိုက်ကြသည်။ သူတို့ ဝေကျိုးမှ မည်သူ့ကိုမှ မဖိတ်ကြားခဲ့ချေ။ သူတို့ အချင်းချင်း ကြည့်လိုက်ကြသော်လည်း တျန်မင်ကို မည်သူမျှ မသိကြကြောင်း တွေ့လိုက်ရသည်။
တျန်မင်က ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ သူ့ရဲ့ သွေးဆာဓားမှာ မိုးမခရွက်သဏ္ဍာန်ရှိပြီး ဓားသွား နှစ်ဖက်လုံးတွင် သွေးနီရောင် မြောင်းများ ပါရှိသည်။ နှင်းပွင့်များ ဓားသွားပေါ်သို့ ကျရောက်ပြီး အငွေ့များ ဖြစ်သွားကြသည်။
သူ့မျက်နှာမှာ ရာသီဥတုဒဏ် ခံထားရပြီး ညာဘက်ပါးပေါ်တွင် ဆယ်စင်တီမီတာလောက် ရှည်သော အမာရွတ်တစ်ခု ရှိနေကာ ကြမ်းတမ်းပြီး ကြောက်စရာ ကောင်းနေသည်။ သူ့မုတ်ဆိတ်မွေးများမှာ ဆံပင်ဖြူအချို့နှင့် ရောနှောနေသဖြင့် အိုမင်းပြီး ရက်စက်သော ဝံပုလွေကြီး တစ်ကောင်နှင့် တူနေသည်။
"ဒီလိုအရွယ်နဲ့ ဒီလောက် ကျွမ်းကျင်မှု ရှိတာ... ပါရမီအရှိဆုံး လူတောင် မလုပ်နိုင်ဘူး... မင့်မျိုးရိုးနာမည် ဘယ်သူလဲ..."
တျန်မင်က ကျောက်လင်းလုံကို စိုက်ကြည့်ရင်း အေးစက်စွာ မေးလိုက်သည်။
နောက်မှ ရောက်လာကြသော ဂိုဏ်းများ အားလုံး ရပ်တန့်သွားကြပြီး ကျောက်လင်းလုံနှင့် တျန်မင်တို့ ထိပ်တိုက် တွေ့နေသည်ကို အဝေးမှ လှမ်းကြည့်နေကြသည်။ တျန်မင်ဆိုသူက သာမန်လူ မဟုတ်ကြောင်း မျက်စိပါသူတိုင်း မြင်နိုင်လေသည်။
ကျောက်လင်းလုံက မြင်းပေါ်မှ မဆင်းဘဲ တျန်မင်ကို ငုံ့ကြည့်ကာ…
"ကျောက်..."
တျန်မင်၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး မဲ့ပြုံး ပြုံးလိုက်သည်။
"သြော်... ဒါကြောင့်ကိုး... မင်းက ဆန်းကြယ်ရွှမ်ယင်းကျင့်စဉ်ရဲ့ လက်ရှိ ဆက်ခံသူ ဖြစ်ရမယ်... မင့်ဆီကို အနည်းဆုံး နှစ်ပေါင်း နှစ်ရာစာ စွမ်းအားတွေ လွှဲပြောင်းပေးထားတာပဲ... အဲဒီလူအိုကြီး သေသွားပြီနဲ့ တူတယ်..."
နှစ်ပေါင်း နှစ်ရာစာ စွမ်းရည်...
ဂိုဏ်းပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များသာ ထိတ်လန့်သွားသည် မဟုတ်၊ လီရန်လည်း မှင်သက်သွားလေသည်။ သူ့ဝမ်းကွဲညီမ ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
ထိုစဉ်က သူ ကျောက်လင်းလုံကို ခေါ်မလာချင်ခဲ့သော်လည်း သူ့ဖခင် အတင်း ခေါ်သွားခိုင်းခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ့ဝမ်းကွဲညီမ အတွေ့အကြုံ ရစေချင်၍ မဟုတ်ဘဲ သူ့ကို ကာကွယ်ပေးစေချင်၍ ဖြစ်နေသည်။
လမ်းတစ်လျှောက်တွင် သူ အန္တရာယ်များမှ အမြဲ လွတ်မြောက်ခဲ့ပြီး ကံဆိုးမိုးမှောင်ကျမှုများကို ကောင်းကျိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ သူ မကြာခဏ စဉ်းစားရခက်ခဲ့သော်လည်း ကူညီပေးခဲ့သူမှာ သူ့ဘေးနားတွင် ရှိနေခဲ့လိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ချေ။
ကျောက်လင်းလုံက မြေကြီးပေါ်တွင် လဲနေသော လီရန်ကို မကြည့်ပေ။ သူမက တျန်မင်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။
"ရှင်လည်း သိုင်းလောကရဲ့ ဒဏ္ဍာရီလာ သိုင်းပညာတွေကို မျက်စိကျနေတာလား..."
တျန်မင်က ခြိမ်းခြောက်သလို ပြုံးလိုက်ပြီး…
"အဲဒီလို နတ်သိုင်းပညာမျိုးက မင့်ရဲ့ ရွှမ်ယင်းကျင့်စဉ်ထက်တောင် ပိုစွမ်းအားကြီးသေးတယ်..."
သူက ရုတ်တရက် ဓားကို မြှောက်၍ ကျောက်လင်းလုံကို ခုတ်ပိုင်းလိုက်လေသည်။ ဓားချက်မှာ လျှပ်စီးကဲ့သို့ လျင်မြန်သဖြင့် ထိပ်တန်း ဆရာသခင်များကို အနိုင်ယူနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ထားသော လီရန်မှာ တျန်မင် ဓားဝှေ့ယမ်းသည့် အရှိန်ကိုပင် လိုက်မမီနိုင်ချေ။
ကျောက်လင်းလုံကလည်း ထပ်တူ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူမက သရဲတစ္ဆေ တစ်ကောင်အလား မြင်းခေါင်းပေါ်မှ ခုန်ကျော်လိုက်ပြီး မြင်းရိုင်းကြီး၏ ရှေ့သို့ ဆင်းသက်လိုက်ပြီး လက်ဝါးကို မြှောက်၍ ရိုက်ထုတ်လိုက်ရာ အတွင်းအားများ ထွက်ပေါ်လာပြီး သူမနှင့် မြင်းရိုင်းကြီးကို ကာကွယ်ပေးထားသော ဒိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဘုန်း...
တျန်မင်က ဓားချက်တစ်ချက်တည်းဖြင့် ဓားစွမ်းအင် သုံးခုကို ထုတ်လွှတ်လိုက်ရာ ကျောက်လင်းလုံ၏ အကာအကွယ် အော်ရာကို ဖြတ်ကျော်ပြီး အနောက်သို့ တိုးဝင်သွားသည်။ အာဏာဆန်သော ဓားစွမ်းအင်များက နှင်းများကို ခွဲဖြတ်သွားပြီး ရှောင်တိမ်းချိန် မရလိုက်သော သိုင်းပညာရှင် လေးဦးမှာ ဓားစွမ်းအင်များ၏ ရိုက်ခတ်မှုကြောင့် အပိုင်းပိုင်း ပြတ်သွားကြသည်။ဓားစွမ်းအင်များ နှင်းပြင်ကို ဖြတ်သန်းသွားသဖြင့် အခြား သိုင်းပညာရှင်များ ကြောက်လန့်တကြား ပုန်းကွယ်လိုက်ကြရသည်။
ကျောက်လင်းလုံက အနောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် တျန်မင်ကို သွားရောက် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
လူရိပ်နှစ်ခု ဝါးတားတား လှုပ်ရှားနေပြီး သူတို့၏ အမြန်နှုန်းမှာ မြန်လွန်းသဖြင့် ယန်ကျွယ်တိန်ပင် မယုံနိုင်အောင် ဖြစ်နေရသည်။ဘေးမှ ကြည့်နေသူများ အတွက်မူ ထိုနှစ်ယောက်မှာ ပုံရိပ်ယောင်များ ဖန်တီးနေသကဲ့သို့ ဖြစ်နေပြီး သူတို့၏ လှုပ်ရှားမှုများမှာ ပြင်းထန်လွန်းသဖြင့် လိုက်ကြည့်ရန် မဖြစ်နိုင်ပေ။
ဓားစွမ်းအင်နှင့် ချီစွမ်းအင်များ မြေကြီးထဲမှ ထွက်ပေါ်လာပြီး သူတို့ ခြေထောက်အောက်ရှိ နှင်းများကို အဆက်မပြတ် အရည်ပျော်ကျစေသည်။ အပေါ်စီးမှ ကြည့်လျှင် ဖြူဖွေးသော နှင်းပြင်ပေါ်၌ မြေကြီးအရောင် ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာနေသည်။
ကွမ်းလန်ထျန်း ယိုင်နဲ့စွာ မတ်တပ်ရပ်လိုက်ပြီး ကျောက်လင်းလုံနှင့် တျန်မင်တို့ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဒီလောကကြီးမှာ ဒီလောက် သိုင်းပညာ မြင့်မားတဲ့သူတွေ တကယ် ရှိနေတာလား...
ထိုညက ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့ကို ဝင်ရောက် တိုက်ခိုက်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် လူသည် ဤနှစ်ယောက်နှင့် ယှဉ်လျှင် ပြိုင်ဘက် မဟုတ်ဟု သူ ခံစားလိုက်ရသည်။
ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ် ပိုင်ဟယ်ကလည်း ကလဲ့စားချေလိုသော တစ္ဆေတစ်ကောင်အလား လူအုပ်ကြားမှ တိုးထွက်လာကာ ရှေ့မှ တိုက်ပွဲကို စိုက်ကြည့်နေပြီး မျက်နှာတစ်ခုလုံး သွေးများ ပေကျံနေကာ မျက်လုံးများ ပြူးကျယ်နေပြီး ရှေ့သို့ မတိုးရဲဘဲ ဖြစ်နေသည်။
"စီနီယာယန်... ကျေးဇူးပြုပြီး ကျွန်မ ဝမ်းကွဲအစ်ကိုကို တောင်ပေါ် ခေါ်သွားပေးပါ..."
ကျောက်လင်းလုံ၏ နူးညံ့သော အသံ ထွက်ပေါ်လာပြီး ယန်ကျွယ်တိန် သတိဝင်လာသည်။ထို့နောက် ထိုနှစ်ယောက်၏ စစ်မြေပြင်ကို ချက်ချင်း ကွေ့ပတ်သွားပြီး လီရန်၏ ဘေးသို့ ရောက်လာကာ သူ့ကို တွဲထူ၍ ချင်းရှောင်ဂိုဏ်းဘက်သို့ ဦးတည် ထွက်ပြေးလေသည်။
ချင်းဂိုဏ်း၊ ချီယွဲ့မဟာမိတ် နှင့် ထယ်ယွဲ့တောင်ထွတ်တို့မှ ကျွမ်းကျင်ပညာရှင်များ လိုက်ဖမ်းရန် ပြင်လိုက်စဉ်မှာပင် ကျောက်လင်းလုံက တဖက်လှည့်၍ လက်ဝါးချက် တစ်ချက် ရိုက်ထုတ်လိုက်သည်။ လက်ဝါးစွမ်းအင်က မြေပြင်ကို ဖြတ်သန်းပြီး သူတို့ရှေ့တည့်တည့်မှ ဖြတ်သွားသဖြင့် လန့်ဖျပ်ပြီး ရပ်တန့်သွားကြသည်။
ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းရည်……
တျန်မင်ကတော့ လီရန်ကို မလိုက်ဘဲ ကျောက်လင်းလုံကို တိုက်ခိုက်ရန်သာ အာရုံစိုက်ထားသည်။ သူတို့နှစ်ယောက်မှာ လက်ရည်တူ ဖြစ်ပြီး သူတို့၏ ခွန်အားကို ဆုံးဖြတ်ရန် ခက်ခဲလေသည်။
ယန်ကျွယ်တိန်က လီရန်ကို လက်တစ်ဖက်ဖြင့် သယ်ဆောင်ပြီး လျင်မြန်စွာ ပြေးလေသည်။
"ထိပ်သီးသိုင်းပညာရှင်... ခင်ဗျား ဝမ်းကွဲညီမက တကယ်ကို အံ့မခန်းပါပဲ... အဲဒီ ရွှမ်ယင်းကျင့်စဉ်က ဘယ်က လာတာလဲ... နှစ်ပေါင်း နှစ်ရာစာ စွမ်းအားကိုတောင် လက်ဆင့်ကမ်းပေးနိုင်တယ်... ကျွန်တော် တစ်ခါမှ မကြားဖူးဘူး..."
လီရန် သတိပြန်ဝင်လာပြီး ခါးသက်သက် ပြုံးကာ …
"သူ ဒီလောက် စွမ်းအားကြီးမှန်း ကျွန်တော် မသိခဲ့ဘူး... ဆန်းကြယ်ရွှမ်ယင်းကျင့်စဉ် ဆိုတာကိုတော့ ကြားဖူးတယ်... အဲဒါက မင်းဆက်ရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ခုဖြစ်တဲ့ လီယင်းဂိုဏ်းရဲ့ အထွတ်အထိပ် ကျင့်စဉ်ပဲ... နှစ်ပေါင်း တစ်ထောင် သမိုင်းကြောင်းရှိတယ်လို့ ဆိုကြပြီး ကိုယ့်စွမ်းအားကို တခြားသူဆီ လွှဲပြောင်းပေးနိုင်တယ်တဲ့... ဒါပေမဲ့ လွှဲပြောင်းပေးပြီးတာနဲ့ သေရတယ်... နှစ်ပေါင်း နှစ်ရာစာ စွမ်းအားကို လွှဲပြောင်းပေးနိုင်မယ့်သူ ရှိလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး..."
ယန်ကျွယ်တိန်က ရှေ့သို့ ဆက်သွားရင်း ဆက်လက် မေးမြန်းနေသော်လည်း သူ မောပန်းလာသဖြင့် ခြေလှမ်းများ နှေးကွေးလာသည်။
မိုင်အနည်းငယ် ပြေးပြီးနောက် ယန်ကျွယ်တိန် လူရိပ်တစ်ခုကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။ သူ သေချာ ကြည့်လိုက်သောအခါ ကျန်းယွီချွန်း တပည့်တစ်စုကို ဦးဆောင်လာနေသည်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားလေသည်။
ဟွမ်ယွမ်ကျမ်းကို လေ့ကျင့်ပြီးနောက် ဟွမ်ယွမ်ကျမ်း၏ မူလစတင်ခြင်း အဆင့်မည်မျှ စွမ်းအားကြီးကြောင်း သူ သိရှိထားသည်။ ကျန်းယွီချွန်းသည် မူလစတင်ခြင်း အဆင့် ၂ ဆရာသခင် တစ်ဦး ဖြစ်ပြီး ကျန်းယွီချွန်း ရောက်လာပြီ ဆိုကတည်းက ရွှီနင်းးလည်း မကြာခင် ရောက်လာတော့မည် ဖြစ်သည်။
ယန်ကျွယ်တိန်နှင့် သူ့အဖော်ကို မြင်သောအခါ ကျန်းယွီချွန်းက လေပြင်းသိုင်းကွက်ကို ချက်ချင်း အသုံးပြု၍ သူတို့ဆီသို့ အမြန် ရောက်လာသည်။ သူ့နောက်မှ လိုက်လာသော တပည့်များမှာ တောင်အောက်ပိုင်းတွင် သိုင်းပညာ လေ့ကျင့်နေကြသူများ ဖြစ်ပြီး လမ်းတစ်လျှောက် ခေါ်လာခဲ့ခြင်း ဖြစ်ကာ အခြား တပည့်များမှာ နောက်မှ လိုက်လာနေကြဆဲ ဖြစ်သည်။
သူက ယန်ကျွယ်တိန်၏ ဘေးသို့ သွားပြီး လီရန်ကို လွှဲယူလိုက်ကာ ပြန်လျှောက်ရင်း .."အခြေအနေ ဘယ်လိုလဲ..."ဟု မေးလိုက်သည်။
"လီရန်ရဲ့ ဝမ်းကွဲညီမက ရန်သူတွေကို တားပေးထားတယ်... ဝေကျိုးရဲ့ နံပါတ်တစ် ကျွမ်းကျင်ပညာရှင်ဟောင်း ပေါ်လာတော့ တိုက်ပွဲအခြေအနေက မမျှော်လင့်ဘဲ ပြောင်းလဲသွားတယ်..." ဟု ယန်ကျွယ်တိန်က လျင်မြန်စွာ ပြောလိုက်သည်။
ကျန်းယွီချွန်း မျက်မှောင်ကြုတ်လိုက်မိသည်။သူ ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး လီရန်နှင့် ယန်ကျွယ်တိန် တို့ကို တွန်းထုတ်လိုက်သည်။ ထိုအခါ ဝှစ်ခနဲ အသံတစ်သံ ထွက်ပေါ်လာပြီး ဓားပျံတစ်လက်က သူနှင့် လီရန်ကြားမှ ဖြတ်သန်းသွားလေသည်။
ဓားပျံက အခင်းဖြစ်ပွားရာသို့ ပြေးလာနေကြသော ချင်းရှောင်ဂိုဏ်း တပည့်များထံ တည့်တည့် ပျံသန်းသွားသည်။
ချင်းရှောင်ဂိုဏ်း တပည့်များ၏ အနောက်မှ လူရိပ်တစ်ခု ခုန်တက်လာပြီး ငန်းတစ်ကောင်ကဲ့သို့ ကျက်သရေရှိစွာ ဆင်းသက်ကာ ဓားချက်တစ်ချက်တည်းဖြင့် ဓားပျံကို နှစ်ပိုင်း ပိုင်းပစ်လိုက်သည်။ ထိုသူမှာ ရွှီနင်းး ဖြစ်လေသည်။
ရွှီနင်းးက လီချင်းချိုးကို အမှတ်ရစေသော ဟန်ပန်ဖြင့် ဓားကို ချောမွေ့စွာ ပြန်သိမ်းလိုက်သည်။
ရွှီနင်းး ရောက်လာသည်ကို မြင်သောအခါ ယန်ကျွယ်တိန် လုံးဝ စိတ်အေးသွားသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပြန်သည်။
လူရိပ် ခုနစ်ခုက နှင်းမုန်တိုင်းကြားမှ သူတို့ဆီသို့ လျှောက်လာနေကြသည်။ ဤလူခုနစ်ယောက်ကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း တစ်ယောက်ချင်းစီက သူ့ကို အန္တရာယ်ရှိသော ခံစားချက် ပေးစွမ်းနေကြသည်။ သူတို့အားလုံးက တျန်မင်ထက် မနိမ့်ကျသော ပြိုင်ဘက်ကင်း ဆရာသခင်များ ဖြစ်ပုံရသည်။
အခြေအနေတွေ ဒီအဆင့်ထိ ရောက်လာတော့ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ယန်ကျွယ်တိန် သဘောပေါက်လိုက်ချေပြီ။
ချင်းဂိုဏ်း ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ ဒီလောက်များတဲ့ ပြိုင်ဘက်ကင်း ဆရာသခင်တွေကို ဖိတ်ကြားဖို့ဆိုတာ မဖြစ်နိုင်ပေ…
ဒီကိစ္စရဲ့ နောက်ကွယ်မှာ ပိုပြီး အားကောင်းတဲ့ အင်အားစု တစ်ခု ရှိနေတာများလား……