အရပ်ဆယ်မျက်နှာ ငရဲပွက် မိစ္ဆာ အခင်းအကျင်း (၂)
Vol. 32 Ch. 466
~"ဂိုဏ်းချုပ်... ကယ်ပါဦးဗျ"
"စောစောက ပြောတာတွေက ဒီ အဆင့်နိမ့် ကမ္ဘာက ဒေသခံတွေကို လှည့်စားဖို့ ပြောတာပါ... ဂိုဏ်းချုပ် အစ်ကိုကြီး အတည်မယူပါနဲ့ဗျာ... ကျွန်တော်တို့ ဒီသိုင်းကမ္ဘာရဲ့ အခြေအနေမှန်ကို မြင်ပြီးပါပြီ... ဒီ နယ်မြေ အရှင်သခင် ဆိုတဲ့ကောင် ကလွဲရင်... ကျန်တာတွေက အားနည်းတဲ့ ကောင်တွေချည်းပါပဲ"
သူတို့ ကြောက်လန့်တကြား ဖြစ်နေပြီး၊ စိတ်ထဲမှ ကျိန်ဆဲနေမိကြ၏။
ဘာလို့ အခုမှ လာရတာလဲ။ ဒါ သက်သက်မဲ့ ရူးသွပ်တာပဲ။
သူတို့နှစ်ဦး ငိုချင်လာကြ၏။
သို့သော် သိုင်းကမ္ဘာ့ သက်ရှိများမှာမူ သူတို့နှစ်ဦး၏ မျက်နှာထား ပြောင်းလဲမှုကို ခံစားကြည့်ရှုနေမည့် အချိန် မရှိကြပေ။ သွေးရောင် အလင်းတိုင်ကြီး အတွင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါသည် သူတို့ကို ကြီးမားသော ဖိအား ဖြစ်စေပြီး၊ အထူးသဖြင့် ရှေ့ဆုံးမှ ပုံရိပ် ဆယ်ခုသည် ပြိုင်ဘက်ကင်း စွမ်းအားများကို ထုတ်လွှတ်နေသောကြောင့်တည်း။
စောစောက အစစ်အမှန် ဧကရာဇ် မီးတောက်နက် နှင့် ဇီယွင် တို့ ပြောခဲ့သော စကားများကို သူတို့ ပြန်လည် ကြားယောင်မိလိုက်ကြ၏။
မိစ္ဆာနက်ဂိုဏ်းတွင် နောက်ထပ် မူလဝိညာဉ် နယ်ပယ် အဆင့် ဆယ်ပါး ကျန်ရှိနေသေးသည် ဟူ၏။
မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် မီးတောက်နက် နှင့် ဇီယွင် တို့ကို လှောင်ပြောင်လိုသော အပြုံးဖြင့် တစ်ချက် ကြည့်လိုက်ပြီး၊ လိုချင်တပ်မကသော မျက်လုံးများဖြင့် နင်ချီကို စိုက်ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်၏။
"မိစ္ဆာနက်ဂိုဏ်းမှာ လာပြီး ပြဿနာ ရှာရဲမှတော့... တန်ကြေး ပေးဆပ်ဖို့ ပြင်ထားပေါ့"
"ငါ ပြောသားပဲ... ငါတို့ မကြာခင် ပြန်တွေ့ကြမယ် လို့"
နင်ချီသည် လက်တံတစ်ရာ ဘီလူးကြီး အသွင် မဟုတ်တော့သော်လည်း၊ သိုင်းကမ္ဘာ၏ အသိဉာဏ် ပွင့်လင်းလာသော ကမ္ဘာ့ဆန္ဒ ဖြစ်ကြောင်း သူ ချက်ချင်း မှတ်မိလိုက်သည်။
နင်ချီသည် တည်ငြိမ်စွာ ကြည့်နေပြီး၊ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့ ပေါ်လာ၏။
"ကျွန်တော် မထင်ထားခဲ့ဘူး..ခင်ဗျား ဒီလောက် စိတ်မရှည်ဖြစ်မယ်လို့"
ဒါ အမှန်တရားပင်။
မူလက ကောင်းကင်ထိုး ကြေးမုံကို သူ ယူဆောင်သွားပြီးနောက်၊ မိစ္ဆာနက်ဂိုဏ်းသည် ကမ္ဘာ့လမ်းကြောင်း တည်ဆောက်ရန် အရင်းအမြစ်များ စုဆောင်းရမည် ဖြစ်သဖြင့် အချိန်အတန်ကြာမည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် ဤမျှ မြန်ဆန်စွာ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် အချိန်ဆွဲနေလျှင် အိပ်မက်ရှည်ပြီး အန္တရာယ်များမည်ကို စိုးရိမ်သဖြင့်၊ အရင်းအမြစ်များ မရှာဖွေတော့ဘဲ ဂိုဏ်းသားများကို သွေးယဇ်ပူဇော်ပြီး လာလိမ့်မည်ဟု သူ ထည့်မတွက်ခဲ့မိချေ။
ထင်ရှားလှသည်မှာ...၊
အချိန်ကာလ ကိစ္စက နင်ချီကို အံ့အားသင့်စေရုံသာ ရှိသည်။
အရင်က ကမ္ဘာ့ ခြေရာ၊ လက်ရာများကို တမင် ချန်ထားခဲ့စဉ်ကတည်းက၊ ဖြစ်နိုင်ချေ အမျိုးမျိုးကို သူ တွက်ချက်ထားပြီး ဖြစ်သည်။ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် မဟာစွမ်းအားရှင် တစ်ပါးနှင့် ရင်ဆိုင်ရမည့် အဆိုးဆုံး အခြေအနေကိုပင် ပြင်ဆင်ထားခဲ့သည်။ ယခု မိစ္ဆာနက်ဂိုဏ်း တစ်ခုတည်းသာ ပါဝင်ပြီး၊ အခြား ဂိုဏ်းများ မပါဝင်ခြင်းသည် သူ မျှော်လင့်ထားသော ကောင်းမွန်သည့် ရလဒ်များထဲမှ တစ်ခု ဖြစ်နေ၏။
မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ လောဘကို သူ လျှော့တွက်မိခဲ့သည်။
သို့မဟုတ်... ဝိညာဉ် ကမ္ဘာ ကျင့်ကြံသူများ၏ အခွင့်အရေးအပေါ် တပ်မက်မှုနှင့် ဇွဲရှိမှုကို လျှော့တွက်မိခြင်း ဖြစ်တန်ရာ၏။
ဝိညာဉ် ကမ္ဘာတွင် "အင်မော်တယ် လမ်းစဉ်အတွက် တိုက်ခိုက်ခြင်း ခေတ်" စတင်ကတည်းက၊ မရေမတွက်နိုင်သော ဝိညာဉ် ကမ္ဘာသားများသည် "တိုက်ခိုက်ခြင်း" လမ်းစဉ်ကို လိုက်လျှောက်ခဲ့ကြ၏။ အင်မော်တယ် လမ်းမထက်တွင် မတိုက်ခိုက်လျှင် သေခြင်းတရားသာ ရှိပေသည်။
မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ အကြည့်သည် စူးရှသွား၏။
"ငါတို့ လာမယ် ဆိုတာ မင်း ကြိုသိနေတာလား"
ထို့နောက် သူ သဘောပေါက်သွားပြီး၊ မျက်လုံးများတွင် အန္တရာယ် အလင်းရောင်များ တောက်ပလာ၏။
"ဒါဆို... မင်း တမင်သက်သက် ဟာကွက် ချန်ထားခဲ့တာပေါ့"
နင်ချီ နှုတ်ဆိတ်နေလိုက်သည်။
ဟင်းလင်းပြင် အခင်းအကျင်း ပေါ်ထွက်လာစဉ်က၊ အနည်းငယ် ကြာရှည်နေသော ကွာဟချက် တစ်ခု ရှိခဲ့သည်။ ထိုအရာကို အသုံးပြု၍ မိစ္ဆာနက်ဂိုဏ်းတွင် သူ ချန်ထားခဲ့သော အမှတ်အသားများကို အာရုံခံကြည့်ရာ၊ အချို့ ပျောက်ကွယ်သွားပြီး ဤ မဟာ အခင်းအကျင်းကြီးနှင့် ပေါင်းစပ်သွားကြောင်း၊ အချို့မှာမူ မူလနေရာတွင် ကျန်ရှိနေသေးကြောင်း တွေ့ရှိခဲ့ရသည်။
ဘာဖြစ်သွားလဲ ဆိုတာ နင်ချီ ယေဘုယျ နားလည်လိုက်သည်။ မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်ကို ကြည့်သော သူ၏ အကြည့်သည် ထူးဆန်းနေ၏။
ဒီလူ… တော်တော် ရက်စက်တာပဲ။
ဒါပေမယ့်..... အလကားပါပဲ။
နင်ချီ၏ ဝတ်ရုံဖြူသည် လေမတိုက်ဘဲ လှုပ်ရှားသွား၏။
ငှက်ပျံ ပင်လယ်ဒေသတွင် ကျန်ရှိနေသေးသော မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများသည် မရေမတွက်နိုင်သော အပိုင်းအစများ အဖြစ် ကြေမွသွားကြ၏။ အစစ်အမှန် ဧကရာဇ် မီးတောက်နက် နှင့် ဇီယွင် တို့သည်လည်း မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြရာ၊ ဘယ်ရောက်သွားမှန်း မသိရတော့ချေ။
သူတို့သည် မိမိ၏ "အတွင်းကမ္ဘာ" ထဲသို့ အပို့ခံလိုက်ရကြောင်း နင်ချီ တစ်ဦးတည်းသာ သိ၏။
အမှန်စင်စစ်... မိစ္ဆာနက် အစစ်အမှန် ဧကရာဇ် ရောက်မလာလျှင်ပင်၊ ထိုနှစ်ယောက်၏ သစ္စာခံမှုကို လက်ခံရန် နင်ချီ စိတ်ကူးမရှိခဲ့ပေ။ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ နှစ်ယောက်လောက်က အပိုပါပဲ။ စကားနားထောင်သော မူလဝိညာဉ် နယ်ပယ် ကျွန်နှစ်ယောက် ထားရှိခြင်းထက်၊ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားများကို သိုင်းကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုလိုက်ခြင်းက ပိုကောင်းသည်ဟု နင်ချီ ခံယူထား၏။
မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး၊ ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်၏။
"ကောင်းပြီလေ"
"ဒီနေ့... ဘယ်သူ့ နည်းလမ်းက ပိုသာမလဲ ကြည့်ကြသေးတာပေါ့"
ဤအရာ အားလုံးသည် နင်ချီ၏ အစီအစဉ် ဖြစ်ကြောင်း သိလိုက်ရသဖြင့်၊ သူ နင်ချီကို လျှော့မတွက်တော့ပေ။
သို့သော်...
သူ့ကို လာခြိမ်းခြောက်လို့ မရ။ ယခု တစ်ခုတည်းသော ဖြေရှင်းနည်းမှာ တိုက်ခိုက်ခြင်းသာ ဖြစ်သည်။
သူသည် အင်မော်တယ် လမ်းစဉ်တွင် နှစ်ပေါင်း တစ်သောင်းကျော် လျှောက်လှမ်းခဲ့ပြီး၊ တိုက်ပွဲပေါင်းများစွာ ကြုံတွေ့ခဲ့ရဖူးသလို၊ ကြီးမားသော စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ခဲ့ရဖူးသူ ဖြစ်ရာ၊ အလွယ်တကူ နောက်တွန့်မည့်သူ မဟုတ်ချေ။
ဤနေရာသို့ ရောက်ရှိလာစဉ်ကတည်းက၊ မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့သည်။
အဓိက အချက်များကို သူ လျင်မြန်စွာ သဘောပေါက်လိုက်သည်။
ပထမ အချက်မှာ ကောင်းကင်တွင် ပြည့်နှက်နေသော ကြယ်တာရာ အလင်းတန်းများ…။
ဒုတိယ အချက်မှာ နင်ချီ…။
ဤနှစ်ခုမှ လွဲ၍ ကျန်သော ဒေသခံများသည် ကြောက်စရာ မလိုပေ။
ဤအချက်ကို သိရှိလိုက်ရသောအခါ...
သူ အေးစက်စွာ နှာမှုတ်လိုက်ရာ၊ ကြောက်မက်ဖွယ် မိစ္ဆာချီများ စုစည်းလာပြီး၊ ဧရာမ အမည်းရောင် အရိုးခေါင်းကြီး တစ်ခု ပေါ်ထွက်လာကာ သိုင်းကမ္ဘာ့ စွမ်းအားရှင် အများအပြားကို ဖိနှိပ်လိုက်၏။ အသိဉာဏ် ပွင့်လင်းလာသော ဤ သိုင်းကမ္ဘာ့ အရှင်သခင်သည် ထို သာမန် ဒေသခံများကို အလွန် ဂရုစိုက်ပုံ ရကြောင်း သူ သတိထားမိလိုက်သည်။
ဒါက ဟာကွက်ပဲ။
တောင်ကြီးပမာ ကြီးမားသော အမည်းရောင် မိစ္ဆာ အရိုးခေါင်းကြီးသည် မိစ္ဆာတိမ်တိုက်များနှင့်အတူ လှိမ့်ဝင်လာပြီး ဟင်းလင်းပြင်ကို တိုက်စားသွား၏။ "ကြယ်တာရာ နက်ရှိုင်းခြင်း အလင်း" များပင် ထိုးဖောက်၍ မရချေ။ သိုင်းကမ္ဘာ့ သက်ရှိများသည် ပထမဆုံးအကြိမ် အဖြစ် ကြယ်တာရာ အလင်းတန်းများ ဖိနှိပ်ခံလိုက်ရသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။
ပစ်မှတ်ထားခံရသော သိုင်းကမ္ဘာ့ စွမ်းအားရှင်များသည် ကောင်းကင် ပြိုကျလာသကဲ့သို့ ကြီးမားသော ဖိအားကို ခံစားလိုက်ရ၏။
ထင်ရှားသည်မှာ မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် မူလဝိညာဉ် နယ်ပယ် အဆင့် တိုက်ခိုက်စွမ်းအားကို ထုတ်ဖော်နိုင်နေခြင်း ဖြစ်သည်။ အထွတ်အထိပ် မဟုတ်လျှင်ပင် အလွန် ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။
နင်ချီ၏ အကြည့် စူးရှသွား၏။
သူသည် လက်ဖြင့် ဓားမုဒြာ ဖော်လိုက်ရာ၊ လှိမ့်ဝင်နေသော နယ်ပယ် စွမ်းအားများ စုစည်းသွား၏။ ရောင်စုံ ငါးမျိုး ဖြာထွက်နေသော ဧရာမ ဓားကြီး တစ်စင်းသည် ဟင်းလင်းပြင်ထဲမှ ခုတ်ပိုင်း ထွက်လာပြီး၊ ကမ္ဘာ့ မူလအစ စွမ်းအားများဖြင့် အားဖြည့်ထားသဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ဒါက နင်ချီ ဖန်တီးခဲ့သော "ဓာတ်ကြီးငါးပါး နတ်ဘုရား ဓားချီ" မှ ဆင့်ပွားလာသော "မဟာ ဓာတ်ကြီးငါးပါး ဓားချီ" ဖြစ်ပြီး၊ သာမန်ကို ကျော်လွန်သော အစွမ်းထက် နတ်ဘုရား နည်းစနစ် တစ်ခု ဖြစ်သည်။
နယ်မြေ အရှင်သခင် အဆင့်သို့ ရောက်ရှိပြီးနောက်၊ နင်ချီသည် သိုင်းပညာ သို့မဟုတ် နတ်ဘုရား နည်းစနစ်များတွင် ကန့်သတ်မနေတော့ပေ။ နတ်ဘုရား နည်းစနစ်များသည် သယ်ဆောင်ရာ ယာဉ်များသာ ဖြစ်ပြီး၊ စစ်မှန်သော စွမ်းအားသည် စွမ်းအား၏ မူလအစကို သဘောပေါက် နားလည်ခြင်း၌ တည်ရှိ၏။
ပိုမို နက်ရှိုင်းစွာ သွားနိုင်လျှင် "စည်းမျဉ်း စွမ်းအား"အား ထိတွေ့နိုင်ပေလိမ့်မည်။
ဒါက အင်မော်တယ် လမ်းစဉ်နှင့် ဆင်တူယိုးမှား ရှိလှပေသည်။
ထိုအချိန်၌...
ရောင်စုံ ငါးမျိုး ဓားချီသည် လေထဲတွင် လွင့်ပျံလာပြီး၊ လျင်မြန်စွာပင် ကောင်းကင်ထိုး ဓားကြီး အဖြစ် ပြောင်းလဲသွား၏။ ဧရာမ ဓားကြီးသည် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ရာ၊ အမည်းရောင် မိစ္ဆာ အရိုးခေါင်းကြီးသည် နှစ်ခြမ်းကွဲသွား၏။ ဓားချီ၏ ထက်မြက်မှုသည် ပြိုင်ဘက်ကင်းပြီး၊ ကြောက်မက်ဖွယ် မိစ္ဆာချီများကို ချေမှုန်းပစ်လိုက်၏။ ကြယ်တာရာ အလင်းတန်းများသည် ကောင်းကင်မှ တစ်ဖန် ပြန်လည် ကျဆင်းလာပြန်ရာ၊ သိုင်းကမ္ဘာ့ သက်ရှိများ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
သို့သော် နောက်အခိုက်အတန့်မှာ၊ ...၊
မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် အေးစက်စွာ ရယ်မောလိုက်ပြီး၊ ဟင်းလင်းပြင် အလွှာပေါင်းစုံကို ဖြတ်ကျော်ကာ နင်ချီ၏ ရှေ့မှောက်သို့ ရုတ်ချည်းပင်..ရောက်ရှိလာ၏။
မူလဝိညာဉ် နယ်ပယ် အကြီးအကဲ အများအပြားသည်လည်း ပြိုင်တူ ရှေ့တိုးလာကြပြီး၊ နင်ချီကို ဗဟိုပြု၍ အရပ်လေးမျက်နှာမှ ဝိုင်းရံလိုက်ကြကာ စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်ပေါ်စေလိုက်သည်။ အမည်းရောင် မိစ္ဆာ အရိုးခေါင်းကြီးသည် နင်ချီ၏ အာရုံကို လွှဲရန် သက်သက်သာ ဖြစ်ပေသည်။
ယခု အချိန်တွင်မူ...
မူလဝိညာဉ် နယ်ပယ် ပုံရိပ် ဆယ်ခုသည် အေးစက်စက်.. ရယ်မောလိုက်ကြပြီး၊ တိုးဝင်နေသော မိစ္ဆာချီများသည် သံကြိုးများ အဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးကို ချိပ်ပိတ်လိုက်၏။ သံကြိုးများသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ကြက်ခြေခတ် ယှက်သန်းသွားရာ၊ ကြီးမားသော စွမ်းအားများ စုစည်းသွား၏။
"အရပ်ဆယ်မျက်နှာ ငရဲပွက် မိစ္ဆာ အခင်းအကျင်း"
ဤ အခင်းအကျင်းသည် မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်သည်။ လက်တံတစ်ရာ ဘီလူးကြီးတွင် မူလဝိညာဉ် နယ်ပယ် အဆင့် တိုက်ခိုက်စွမ်းအား ရှိကြောင်း၊ အားမနည်းကြောင်း သိထားပြီး ဖြစ်သဖြင့်၊ သူသည် တစ်ကိုယ်တော် ဝင်ရောက် တိုက်ခိုက်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူမှ လွဲ၍ ကျန်သော မူလဝိညာဉ် နယ်ပယ် ကိုးဦးသည် မူလဝိညာဉ် နယ်ပယ် တိုက်ခိုက်စွမ်းအားနှင့် နီးစပ်ရုံသာ ရှိသေးသည်။
အနည်းငယ် လွဲချော်လိုက်သည်နှင့် ကွာခြားချက် ကြီးမားသွားနိုင်သည်။
မည်မျှပင် နီးစပ်ပါစေ၊ စစ်မှန်သော မူလဝိညာဉ် နယ်ပယ်နှင့် ကွာခြားနေဆဲပင်။
ဤအခြေအနေဖြင့် ကမ္ဘာငယ်လေးထဲ ဝင်ရောက်ခြင်းသည် အန္တရာယ် ကြီးမားလှပေသည်။
သို့သော် "အရပ်ဆယ်မျက်နှာ ငရဲပွက် မိစ္ဆာ အခင်းအကျင်း" နှင့် ဆိုလျှင်မူ ကွာခြားသွားတော့၏။
ဤ အခင်းအကျင်းသည် မိစ္ဆာနက်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ဝှက်ဖဲ ဖြစ်ပြီး၊ ဟင်းလင်းပြင်တွင် အမြစ်တွယ်ကာ ကမ္ဘာ့အပြင်ဘက်မှ စွမ်းအားများကို ရယူ အသုံးပြုနိုင်သည်။ ချိပ်ပိတ်နိုင်စွမ်း ရှိရုံသာမက၊ အခင်းအကျင်း ထိန်းချုပ်သူ၏ စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်။
ယခု အချိန်၌...
မူလဝိညာဉ် နယ်ပယ် အကြီးအကဲ ကိုးဦးစလုံးသည် အနှောင်အဖွဲ့များမှ လွတ်မြောက်သွားကြပြီး၊ စစ်မှန်သော မူလဝိညာဉ် နယ်ပယ် အဆင့် တိုက်ခိုက်စွမ်းအားကို ထုတ်ဖော်နိုင်လာကြ၏။ မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည်လည်း တစ်ဆင့်တက်သွားပြီး၊ ပိုမို အစွမ်းထက်သော စွမ်းရည်များကို ဖွင့်လှစ်နိုင်လိုက်၏။
စွမ်းအားရှင် ဆယ်ဦးသည် ကြီးမားသော အရှိန်အဝါများကို အတားအဆီးမရှိ ထုတ်လွှတ်လိုက်ရာ၊ လှိမ့်ဝင်နေသော မိစ္ဆာချီများသည် မိုးကောင်းကင်သို့ ထိုးတက်သွားပြီး၊ မိစ္ဆာနေမင်း ဆယ်စင်း ပေါ်ထွက်လာသကဲ့သို့ ဖြစ်နေ၏။ ထိုအချိန်၌ ကောင်းကင် အမိုးခုံးကို မဖောက်ထွင်းရသေးသော်လည်း၊ သိုင်းကမ္ဘာ့ သက်ရှိများသည် ငှက်ပျံ ပင်လယ်ဒေသ ဘက်မှ ကြောက်မက်ဖွယ် အရှိန်အဝါများ ရိုက်ခတ်လာသည်ကို မြင်တွေ့နေကြရ၏။
ကောင်းကင်ကြီး မည်းမှောင်လာပြီး သိုင်းကမ္ဘာ တုန်ခါသွား၏။
ကောင်းကင်ယံတွင် ဖိအားများကြောင့် လှိုင်းထနေပြီး၊ မြေကြီးသည် ခြေအောက်တွင် တုန်လှုပ်နေ၏။
ဟင်းလင်းပြင် ကိုယ်တိုင်ကပင် ထိုမျှ ကြီးမားသော အရှိန်အဝါကို မခံနိုင်တော့ကြောင်း ထင်ရှားနေပြီး၊ သိုင်းကမ္ဘာ့ သက်ရှိများ ကြောက်ရွံ့ တုန်လှုပ်သွားကြရ၏။
မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် ရက်စက်စွာ ရယ်မောလိုက်၏။
"ဟီးဟီးဟီး…မိစ္ဆာနက်ဂိုဏ်း စစ်သည်တော်များ... အသင့် ပြင်ထားကြ"
နင်ချီ၏ လူများကို သူ့မျက်စိရှေ့မှာတင် သတ်ဖြတ်ပြပြီး၊ သွေးချောင်းစီးစေရန် သူ ရည်ရွယ်ထားခြင်း ဖြစ်သည်။
မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူ အားလုံး၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေပြီး၊ ကြာရှည်စွာ အောင့်အီးထားခဲ့ရသော ဒေါသများကို ပေါက်ကွဲရန် အသင့် ဖြစ်နေကြတော့၏။
ယခု အခါတွင်...
သိုင်းကမ္ဘာ့ စွမ်းအားရှင်များသည် သူတို့၏ ဒေါသ ဖြေဖျောက်ရာ ထွက်ပေါက်များ ဖြစ်လာကြလေတော့သည်။