← Chapters

ဉာဏ်အလင်း နယ်ပယ် သစ်ပင် ထူထောင်ခြင်း၊ လမ်းစဉ် အားလုံး၏ မူလအစ

Vol. 32 Ch. 477

ဉာဏ်အလင်း နယ်ပယ် သစ်ပင် ထူထောင်ခြင်း၊ လမ်းစဉ် အားလုံး၏ မူလအစ

Vol. 32 Ch. 477

~"နှစ်ပေါင်း ၂၀ တောင် ကြာသွားခဲ့ပြီ... ဒါပေမယ့်.. တာအိုရှာဖွေခြင်း ကျောင်းတော် ထဲက စားပွဲတွေ၊ ကုလားထိုင်တွေကတော့ အရင်အတိုင်း မပြောင်းလဲသေးပါလား"

လော့ဝမ်ထျန်း သည် သက်ပြင်းချလိုက်၏။ သူ၏ စကားများတွင် အကန့်အသတ်မဲ့ ပျော်ရွှင်မှုများ ပါဝင်နေ၏။

နေရာဒေသက ပြောင်းလဲသွားသော်လည်း၊ လူတွေကတော့ ရှိနေဆဲပင်။

ကံကောင်းထောက်မစွာဖြင့် အားလုံး ဒီနေရာမှာ ရှိနေကြသေးသည်။ သူတို့၏ အဆင့်အတန်းနှင့် ဂုဏ်ပုဒ်များသာ ပြောင်းလဲသွားပြီး၊ စွမ်းအားများ ပိုမို ကြီးမားလာခဲ့ကြခြင်းသာ ဖြစ်သည်။ ယခင်က ဂိုဏ်းတူ ညီအစ်ကို မောင်နှမများသည် ယခုအခါ ဆရာသခင်များ၊ စီနီယာများ ဖြစ်နေကြပြီ ဖြစ်ရာ၊ ယခင်ကကဲ့သို့ မနုံအကြတော့ပေ။

နှစ် ၂၀ ကြာပြီးနောက်၊ အငယ်ဆုံး ဖြစ်သော လီလင် ပင်လျှင် ခရမ်းရောင် နန်းတော် နယ်ပယ်သို့ တက်လှမ်းနိုင်ပြီ ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်အနည်းငယ် ကတည်းက တပည့် လက်ခံခဲ့ပြီး ဖြစ်သည်။

လော့ဝမ်ထျန်း၏ တပည့် ဖြစ်ခဲ့ဖူးသော လော့နမ်ချူး သည်လည်း အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း၏ မျိုးဆက်သစ် ခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့တော့၏။

သေချာသည်မှာ... ယွမ်ထျန်းရှန်း ကို ထည့်မတွက်ထားပေ။

သူသည်လည်း ခရမ်းရောင် နန်းတော် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ကျွမ်းချန်နှင့် ရင်ပေါင်တန်းနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားကာ၊ အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း၏ အထွတ်အထိပ်တွင် ရပ်တည်နေ၏။ လူသား အသွင် အပြည့်အဝ ပြောင်းလဲနိုင်စွမ်း ရှိသော်လည်း၊ ထိုခြေလှမ်းကို မလှမ်းသေးဘဲ နင်ချီ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပါသည်။

မျောက်ဖြူသည် ခေါင်းကို ကုတ်လိုက်ပြီး၊ သူ၏ ဆရာများနှင့် ဦးလေးများအတွက် စားပွဲများ၊ ကုလားထိုင်များကို တလေးတစား စီစဉ်ပေးနေကာ၊ သစ်ပင်ပေါ်သို့ ကျွမ်းကျင်စွာ တက်ရောက်ပြီး ဉာဏ်အလင်း လက်ဖက်ခြောက်များ ခူးယူ၍ ရေနွေးကြမ်း ဖျော်ပေးနေ၏။

သူ အလွန် စိတ်လှုပ်ရှားနေပြီး၊ နားရွက်များနှင့် ပါးများကို ကုတ်နေမိ၏။

လွန်ခဲ့သော နှစ် ၂၀ က နင်ချီသည် သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည်။ သူ၏ ကျေးဇူးရှင်ကို မတွေ့ရသည်မှာ ကြာမြင့်ပြီ ဖြစ်သလို၊ တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်းသို့လည်း မရောက်ဖြစ်ခဲ့ပေ။ သူ၏ လွမ်းဆွတ်မှုသည် အနက်ရှိုင်းဆုံး ဖြစ်ပြီး၊ ယခု နင်ချီ ထွက်ပေါ်လာပြီ.. ဖြစ်သဖြင့် ဝမ်းသာလွန်း၍ ကခုန်ချင်စိတ်ပင် ပေါက်နေမိ၏။

လူတိုင်း ပြုံးနေကြ၏။

"ဒီ နှစ် ၂၀ အတွင်းမှာ... ငါ ဉာဏ်အလင်း လက်ဖက်ရည် မသောက်ရတာ မဟုတ်ပါဘူး... ဒါပေမယ့်.. တစ်ခုခု လိုနေသလို ခံစားခဲ့ရတယ်... အခုမှပဲ သိတော့တယ်... တာအိုရှာဖွေခြင်း ကျောင်းတော် ထဲမှာ မသောက်ရလို့ ဖြစ်မယ်"

ပုံမှန်အားဖြင့် တည်ကြည် လေးနက်ပြီး ဂိုဏ်းစည်းကမ်း ထိန်းသိမ်းရေးကို တာဝန်ယူထားသော ရှုံးရှီသည် ဟားတိုက် ရယ်မောလိုက်၏။ ယနေ့တွင်မူ သူသည် အကြိမ်ကြိမ် ရယ်မောနေမိ၏။

ထိုအခိုက်အတန့်၌၊ ချင်ယွင် က မှတ်ချက်ချလိုက်သည်။

"ဒီနေ့ ဒုတိယ အစ်ကိုကြီးရဲ့ အပြုံးက... လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ပြုံးခဲ့တာထက်တောင် ပိုများနေပါလားဗျ"

နင်ချီ၏ ရင်ထဲတွင် နွေးထွေးမှု တစ်ခု စီးဆင်းသွား၏။

ရင်းနှီးသော မျက်နှာများကို ပြန်လည် မြင်တွေ့ရသောအခါ၊ နှစ် ၂၀ ကြာ တံခါးပိတ် ကျင့်ကြံခြင်းကြောင့် ဖြစ်ပေါ်လာသော အနည်းငယ် စိမ်းသက်မှုများသည် ချက်ချင်း ပျောက်ကွယ်သွား၏။

သူသည် စီနီယာ နှင့် ဂျူနီယာ အစ်ကိုများ၏ ရယ်မော ပြောဆိုသံများကို နားထောင်နေပြီး၊ အင်မော်တယ် ဂိုဏ်းနှင့် သိုင်းကမ္ဘာ၏ အပြောင်းအလဲများကို ပြောပြနေကြသည်ကို၊ ယခင်ကကဲ့သို့ပင် အချင်းချင်း စနောက်နေကြသည်ကို ကြည့်ရှုနေမိ၏။

ရယ်မောသံများသည် ခြံဝင်းအတွင်း ပြည့်နှက်နေလေသည်။

ခြံဝင်း အပြင်ဘက်တွင် မက်မွန်ပန်းများ ပွင့်လန်းနေကြပါ၏။

ဤမြင်ကွင်းသည် နင်ချီကို နက်ရှိုင်းသော ငြိမ်းချမ်းမှုကို ပေးစွမ်းလာသည်။

ညီအစ်ကိုများ ပြန်လည် ဆုံစည်းကြပြီး၊ သုံးရက် သုံးညတိတိ အချိန်ကုန်ဆုံးခဲ့ကြ၏။

သို့တိုင်အောင် သူတို့ မကျေနပ်နိုင်သေးချေ။

နင်ချီ၏ အနာဂတ် တံခါးပိတ် ကျင့်ကြံမည့် နှစ်ကာလများသည် များပြားလာမည် ဖြစ်ပြီး၊ သူတို့ အနေဖြင့် နင်ချီကို အမီ မလိုက်နိုင်ပါက ပြန်လည် ဆုံတွေ့ခွင့် ရရန် ခဲယဉ်းသွားမည်ကို သိရှိထားကြသဖြင့်၊ ဤ အခွင့်အရေးကို တန်ဖိုးထားနေကြခြင်း ဖြစ်ပါသည်။

"နောက်တစ်ခါ အစစ်အမှန်သိုင်း မက်မွန်ပွဲတော် ဘယ်တော့မှ ကျင်းပနိုင်မလဲ မသိဘူး"

ကျန်းပိုင်ရှန်း .. သက်ပြင်းချလိုက်၏။

သက်ဝင် လှုပ်ရှားနေသော လေထုသည် ခေတ္တ ရပ်တန့်သွား၏။

လူတိုင်း အနည်းငယ် ဝမ်းနည်းသွားကြ၏။

လွန်ခဲ့သော နှစ် ၂၀ က နင်ချီ တံခါးပိတ် ကျင့်ကြံခြင်း မပြုမီ၊ တာအိုရှာဖွေခြင်း ကျောင်းတော် ကို ပိတ်ထားခြင်း မရှိဘဲ၊ လူတိုင်း လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ပြုခဲ့သည်။ သို့သော် ဂိုဏ်းသား အများစုသည် မလာရောက်ရန် တိတ်တဆိတ် ဆုံးဖြတ်ခဲ့ကြ၏။ တာအိုရှာဖွေခြင်း ကျောင်းတော် သည် အဓိက မဟုတ်ဘဲ၊ လူစုံတက်စုံ ရှိနေခြင်းကသာ အရေးကြီးသည် မဟုတ်ပါလော။

ကျန်းပိုင်ရှန်း ကသိကအောက် ပြုံးလိုက်သော်လည်း၊ နင်ချီက ပြုံး၍ ပြောလိုက်၏။

"ဘာ ပူစရာ ရှိလို့လဲဗျာ... အနာဂတ်မှာ ကျွန်တော်တို့ တစ်ယောက်ချင်းစီ အင်မော်တယ် အဆင့်ကို ရောက်သွားကြရင်... အချိန်တွေက အဆုံးမဲ့ ဖြစ်သွားမှာပဲ... လက်ရှိ အခိုက်အတန့်လေးမှာ ကန့်သတ်မနေကြပါနဲ့ဗျ"

လူတိုင်း ပြုံးရုံသာ ပြုံးလိုက်ကြ၏။

သူတို့သည် နင်ချီ၏ အလားအလာကို ဘယ်သောအခါမှ သံသယ မဝင်ခဲ့ကြသော်လည်း၊ ကျွမ်းချန်ကဲ့သို့ ပါရမီ အရှိဆုံး သူပင်လျှင် မူလဝိညာဉ် နယ်ပယ် သို့မဟုတ် ပေါင်းစည်းခြင်း နယ်ပယ် အထိ ရောက်ရှိရန်မှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရှိထားကြ၏။ အင်မော်တယ် အဆင့် ဆိုသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။

နင်ချီက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး၊ သူ၏ အကြည့်သည် ဉာဏ်အလင်း လက်ဖက်ပင် ပေါ်သို့ ရောက်ရှိသွား၏။

ဤအပင်ကို သူ ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ပြီး၊ ကြိုးစားအားထုတ်မှု များစွာ ပြုလုပ်ခဲ့ရသည်။ အကြိမ်ကြိမ် အသွင်ပြောင်းလဲပြီးနောက်၊ ၎င်းသည် အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း၏ ထိပ်တန်း ရတနာ တစ်ပါး ဖြစ်လာခဲ့ပြီး၊ စိမ်းလန်းစိုပြေကာ ပေ ၉၉ ကျော် မြင့်မားနေတော့၏။ အရွက်များသည် အလွှာလိုက် ဖြစ်နေပြီး တာအို အငွေ့အသက်များ ထုတ်လွှတ်နေရာ၊ အစစ်အမှန်သိုင်း ကမ္ဘာတွင် မှတ်တမ်းတင်ထားသော မည်သည့် ဉာဏ်အလင်း လက်ဖက်ပင် ထက်မဆို ပိုမို အဖိုးတန်လှပေသည်။

လူအုပ်ကြီး နားမလည်နိုင် ဖြစ်နေကြ၏။

ထို့နောက် နင်ချီ၏ အသံကို ကြားလိုက်ရ၏။ သူ၏ အကြည့်သည် အချိန်နှင့် နေရာကို ထိုးဖောက်သွားသကဲ့သို့ ဖြစ်နေပြီး၊ အသံသည် ညင်သာသော်လည်း ကြီးမားသော စွမ်းအားများ ပါဝင်နေလေသည်။

"ကျွန်တော်... ဉာဏ်အလင်း လက်ဖက်ပင်ကို အခြေခံပြီး... 'ဉာဏ်အလင်း နယ်ပယ် သစ်ပင်' ကို တည်ထောင်မယ်"

သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက်...၊

ကောင်းကင် ကိုးဆင့်ထက်မှ မိုးကြိုးသံများ ဟိန်းထွက်လာပြီး၊ တုံ့ပြန်လိုက်သကဲ့သို့ ရှိ၏။

ထိုအချိန်၌...၊

သိုင်းကမ္ဘာ့ သက်ရှိများသည် အလိုအလျောက် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး၊ "ကောင်းကင်ဘုံ အထွတ်အထိပ်" ဆီသို့ အံ့အားသင့်စွာ မော့ကြည့်လိုက်ကြကာ၊ ရိုသေလေးစားမှုများ ဖြစ်ပေါ်လာကြ၏။

တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်း၌၊ ညီအစ်ကို အားလုံး နင်ချီကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

နင်ချီ၏ ဝတ်ရုံများ လွင့်ပျံနေပြီး၊ သူ၏ ဟန်ပန်သည် ထူးကဲနေ၏။

သူ၏ အကြည့် ကျရောက်ရာ နေရာတိုင်းတွင် ဉာဏ်အလင်း လက်ဖက်ပင်သည် တောက်ပသော အစိမ်းရောင် အလင်းတန်းများ ထုတ်လွှတ်လာပြီး၊ ပိုမို ပြင်းထန်လာကာ၊ ကြွယ်ဝသော သက်စောင့်စွမ်းအားများသည် အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်း တစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားသည်။

အင်မော်တယ် ဂိုဏ်း တပည့်များသည် အစစ်အမှန်သိုင်း တောင်ထွတ် ရှိရာသို့ လှမ်းကြည့်လိုက်ကြရာ၊ မိုးပျံမတတ် မြင့်မားသော ဝိညာဉ် သစ်ပင်ကြီး တောက်ပနေသည်ကို တွေ့လိုက်ရပသည်။ ထိပ်ဖျားတွင် လောကီလူသား မဟုတ်သော ပုံရိပ်တစ်ခု ရပ်နေကာ ကောင်းကင်နှင့် မြေကြီးကို ဦးညွှတ်စေနေသကဲ့သို့ ခံစားလိုက်ရ၏။

တပည့်တိုင်း၏ စိတ်အာရုံထဲတွင် အမည်နာမ တစ်ခု ပဲ့တင်ထပ်သွား၏။

"နယ်မြေ အရှင်သခင်…"

အင်မော်တယ် ဂိုဏ်း တစ်ခုလုံး ဆူညံသွားပြီး၊ ထောင်ပေါင်းများစွာသော မျက်လုံးများတွင် လေးစားအားကျမှုများ ပြည့်နှက်နေ၏။

နင်ချီ ပြုံးလိုက်ပြီး ကြောင်အနေသော ညီအစ်ကိုများကို ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် ပြန်လာမယ့် အချိန်ကို စောင့်နေကြပါဗျ"

ထိုသို့ ပြောဆိုပြီးသည်နှင့်တပြိုင်နက်၊ သူသည် လက်ကို နောက်ပစ်လျက် ရပ်နေပြီး၊ ကောင်းကင်ဘုံ အထွတ်အထိပ် ဆီသို့ ဦးတည် သွားလိုက်ရာ၊ အောက်ဘက်ရှိ ဧရာမ ဉာဏ်အလင်း လက်ဖက်ပင်ကြီးသည်လည်း အမြစ်မှ ကျွတ်ထွက်ပြီး သူနှင့်အတူ လိုက်ပါ မြင့်တက်သွား၏။

သူတို့၏ မျက်လုံးများ လိုက်ပါသွားကြ၏။

ဉာဏ်အလင်း လက်ဖက်ပင်သည် ကြီးမားကျယ်ပြန့်သော အမြစ်စနစ် ရှိပြီး၊ ဝိညာဉ်မြေကြီး၏ အာဟာရ မရှိသော်လည်း ညှိုးနွမ်းသွားမည့် လက္ခဏာ မပြဘဲ၊ ပိုမို သန်စွမ်းလာလေသည်။

မည်သည့်အချိန်က ရောက်သွားမှန်း မသိဘဲ...၊

နင်ချီသည် သစ်ပင်ထိပ်ဖျားတွင် တင်ပျဉ်ခွေ ထိုင်နေပြီး ဖြစ်၏။

အင်မော်တယ် ဂိုဏ်း တပည့် အများအပြားသည် နင်ချီ၏ ရည်ရွယ်ချက်ကို နားမလည်ကြသော်လည်း၊ နက်ရှိုင်းသော အံ့ဩမှုနှင့် မျှော်လင့်ချက်များကို ခံစားနေကြရ၏။ လော့ဝမ်ထျန်းနှင့် အခြားသူများမှာမူ အနည်းငယ် တုန်ယင်နေကြသည်။

နင်ချီ၏ တိုတောင်းသော စကားများသည် ထင်ကြေးပေါင်းများစွာကို ဖြစ်ပေါ်စေခဲ့ပြီး၊ ယခု သူတို့ မျက်စိရှေ့မှောက်တွင် အမှန်တကယ် ဖြစ်လာတော့မည် မဟုတ်ပါလော။

ဉာဏ်အလင်း လက်ဖက်ပင်သည် နင်ချီကို သယ်ဆောင်လျက် ကောင်းကင်ဘုံ အထွတ်အထိပ် ဆီသို့ ဦးတည်သွား၏။

နင်ချီ စိတ်တစ်ချက် လှုပ်ရှားလိုက်ရာ၊ ကြီးမားသော ဝိညာဉ်စွမ်းအင်များနှင့် လှိမ့်ဝင်နေသော နယ်ပယ် စွမ်းအားများသည် စုစည်းလာပြီး၊ ဉာဏ်အလင်း လက်ဖက်ပင်ကို ရေလောင်း ပေါင်းသင်ပေးလိုက်၏။

တစ်ခဏချင်းမှာပင်...

အသွင်ပြောင်းလဲမှု စတင်တော့၏။

“ဝေါ..”

ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာ၏။

ယခင်ကတည်းက ကြီးမားနေသော ဉာဏ်အလင်း လက်ဖက်ပင်ကြီးသည် ယုံကြည်နိုင်စရာ မရှိလောက်အောင် မြန်ဆန်သော နှုန်းဖြင့် စတင် ကြီးထွားလာလေတော့သည်။

All Chapters