အဆုံးမဲ့ စီးဆင်းမှု၏ ပင်မ နတ်ဘုရားလော၊ တောင်နှင့် ပင်လယ် နယ်မြေကို စီမံကိန်းချခြင်း
Vol. 32 Ch. 479
~ကောင်းကင်ယံ အထက်တွင်...
နင်ချီသည် ကမ္ဘာလောကကို ငုံ့ကြည့်လိုက်၏။
ထိုအချိန်၌ အစစ်အမှန်သိုင်း ကမ္ဘာ တစ်ခုလုံးသည် လှုပ်ရှား ဆူပွက်နေ၏။ သက်ရှိ ကုဋေပေါင်းများစွာသည် ဉာဏ်အလင်း နယ်ပယ် သစ်ပင်ကြီးနှင့် စတင် ချိတ်ဆက်နေကြပြီး၊ ၎င်း၏ ဆန်းကြယ်မှုများကို အံ့ဩ မဆုံး ဖြစ်နေကြကာ၊ နယ်မြေ အရှင်သခင်၏ ကြီးမြတ်မှုကို အဆက်မပြတ် ချီးမွမ်းနေကြ၏။
ခဏတာ အတွင်းမှာပင်...
နင်ချီသည် မရေမတွက်နိုင်သော စိတ်ကူးများနှင့် ဉာဏ်အလင်းများ စုဝေး စီးဆင်းလာသည်ကို အာရုံခံလိုက်မိ၏။ ထိုအရာများကို ဉာဏ်အလင်း နယ်ပယ် သစ်ပင်၏ ဆန္ဒက စစ်ထုတ်ပေးလိုက်ပြီးနောက်၊ အဖိုးတန် အရင်းအမြစ်များ အဖြစ် ပြောင်းလဲသွား၏။
ဒါက သက်ရှိ အားလုံး၏ ဉာဏ်ပညာ ဖြစ်ပြီး၊ သူ၏ အခြေခံအုတ်မြစ်ကို သိသိသာသာ မြှင့်တင်ပေး လေသည်။
အချိန်တိုင်းတွင် ကြီးမားသော တိုးတက်မှုများ ရှိနေ၏။
နယ်မြေများ ပင်လယ် အပြင်ဘက်တွင်၊ ဝိညာဉ်စွမ်းအင်များသည် ဒီရေလှိုင်းများကဲ့သို့ လှိမ့်ဝင်လာပြီး၊ သန့်စင်ပြီးနောက် အစစ်အမှန်သိုင်း ကမ္ဘာ အတွင်းသို့ ပေါင်းစပ်သွားသည်။ နေ့ရက်တိုင်းတွင် ကမ္ဘာသစ်၊ မြေပြင်သစ်များ ပေါ်ထွက်လာပြီး၊ ကန့်သတ်ချက်သို့ ရောက်ရှိသည်အထိ ဆက်လက် တိုးတက်နေ၏။
ဆိုရလျှင်...၊ အစစ်အမှန်သိုင်း ကမ္ဘာ၏ အလားအလာသည် အသွင်ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ မျက်နှာကြက် နိမ့်ခြင်းမှလွဲ၍၊ မူလဝိညာဉ် နယ်ပယ် အောက်ရှိ ကျင့်ကြံသူများသည် ဝိညာဉ် ကမ္ဘာ တစ်ခုထက်ပင် သာလွန်ကောင်း သာလွန်နိုင်ပေသည်။
ဒါက နင်ချီ၏ မောက်မာမှု လုံးဝ မဟုတ်ပေ။
ဉာဏ်အလင်း နယ်ပယ် သစ်ပင်က ပေးစွမ်းသော စွမ်းအား မြှင့်တင်မှုသည် အလွန် ကြီးမားလွန်းလှပေသည်။
ကျင့်ကြံခြင်း အခက်အခဲများသည် သိသိသာသာ လျော့နည်းသွားပြီး၊ နယ်ပယ် အဆင့်တက်ခြင်းသည် နတ်ဘုရား အကူအညီ ရလိုက်သကဲ့သို့ လွယ်ကူနေ၏။
သို့သော်...
လူတစ်ဦးစီ၏ စွမ်းအား မြှင့်တင်မှုသည် တူညီခြင်း မရှိဘဲ၊ ဉာဏ်အလင်း နယ်ပယ် သစ်ပင်နှင့် ရင်းနှီးကျွမ်းဝင်မှု အပေါ် မူတည်၏။ ရင်းနှီးကျွမ်းဝင်မှု မြင့်မားလေ၊ စွမ်းအား မြှင့်တင်မှု ကြီးမားလေ ဖြစ်ပေသည်။
ကြိုတင် ခန့်မှန်း၍ ရနေပေသည်။
နောက်ထပ် နှစ်တစ်ရာလောက် ကြာလျှင်၊ အစစ်အမှန်သိုင်း ကမ္ဘာ၏ ဖွဲ့စည်းပုံတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပေလိမ့်မည်။
လောလောဆယ်တွင် "အင်မော်တယ် ဂိုဏ်းကြီး ရှစ်ဂိုဏ်း" သည် အခြား ဂိုဏ်းများထက် သာလွန်နေသော်လည်း၊ ဉာဏ်အလင်း နယ်ပယ် သစ်ပင်၏ အကျိုးသက်ရောက်မှုကြောင့်၊ ပြိုင်ဘက်ကင်း ပါရမီရှင်များ သေချာပေါက် ပေါ်ထွက်လာမည် ဖြစ်ပြီး၊ ရှေ့လူများကို ကျော်တက်သွားနိုင်ပေသည်။
နင်ချီ သေချာစွာ အာရုံခံ ကြည့်လိုက်ရာ၊ အရည်အချင်းရှိသော ပုဂ္ဂိုလ် အများအပြားကို ရှာဖွေ တွေ့ရှိလိုက်ရ၏။
… အနာဂတ်မှာ... တန်ဖိုး သတ်မှတ်တဲ့ စနစ် တစ်ခု ဖန်တီးပေးရင် ကောင်းမယ်... အစစ်အမှန်သိုင်း ကမ္ဘာ့ သက်ရှိတွေ အနေနဲ့ ဉာဏ်အလင်း နယ်ပယ် သစ်ပင်ကတစ်ဆင့် ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ နက်ရှိုင်းတဲ့ ကျင့်စဉ်တွေ၊ နတ်ဘုရား နည်းစနစ်တွေ နဲ့ နယ်ပယ် ချိုးဖောက်ခြင်း အသိဉာဏ်တွေကို အပြန်အလှန် ဖလှယ်လို့ ရအောင်ပေါ့…
တစ်ခဏချင်းမှာပင် စိတ်ကူးများစွာ သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာတော့သည်။
အကယ်၍ ဉာဏ်ပညာကို မျှဝေနိုင်မည် ဆိုပါက၊ အစစ်အမှန်သိုင်း ကမ္ဘာသည် မည်မျှ တောက်ပသော အလင်းရောင်များ ထုတ်လွှတ်နိုင်မည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။
ဉာဏ်အလင်း နယ်ပယ် သစ်ပင်ကို ဖန်တီးသူ အနေဖြင့်၊ နင်ချီတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ ဂိမ်း မန်နေဂျာ တစ်ယောက်လိုပင်၊ သူ အလိုရှိသူကို စွမ်းအား မြှင့်တင်ပေးနိုင်သည်။ ဥပမာအားဖြင့် ယခုအချိန်တွင် အစစ်အမှန် နက်ရှိုင်းခြင်း တောင် ပေါ်ရှိ စစ်မှန်သူ ပိုင်ရှန် နှင့် အစစ်အမှန်သိုင်း အင်မော်တယ် ဂိုဏ်းမှ ညီအစ်ကိုများ ပြုံးပျော်နေကြသည်မှာ သက်သေပင်။
သို့သော် အခြားသူများအတွက်မူ၊ ဤကိစ္စကို အဆင်ပြေချောမွေ့စေရန် တိကျသော စနစ်တစ်ခု လိုအပ်ပေသည်။
" 'ကံအမှတ် စနစ်' က ကောင်းမွန်တဲ့ စိတ်ကူး တစ်ခု ဖြစ်နိုင်တယ်... ဒါပေမယ့်.. လောလောဆယ် အစစ်အမှန်သိုင်း ကမ္ဘာ အတွင်းမှာ ကံအမှတ် ရစရာ သိပ်မရှိသေးဘူး... အများဆုံး လုပ်နိုင်တာက ကမ္ဘာကြီးကို နယ်မြေများ ပင်လယ်ထဲက ဝိညာဉ်စွမ်းအင်တွေ စုပ်ယူရာမှာ ကူညီပေးတာလောက်ပဲ ရှိမယ်... တကယ့် ကံအမှတ် ရနိုင်တဲ့ လမ်းကြောင်းတွေက အပြင်ဘက်မှာ ရှိသင့်တယ်"
နင်ချီ၏ မျက်လုံးများ အရောင်လက်သွား၏။
ဒါက သူ နောက်ထပ် လုပ်ဆောင်ရန် စီစဉ်ထားသော ကိစ္စလည်း ဖြစ်ပေသည်။
အစစ်အမှန်သိုင်း ကမ္ဘာ၏ အခြေခံအုတ်မြစ် တည်ငြိမ်သွားပြီ ဖြစ်ရာ၊ နယ်မြေ အရှင်သခင် (ပြည့်စုံခြင်း) အဆင့်သို့ ရောက်ရှိရန်မှာ အချိန် ကိစ္စသာ ဖြစ်တော့သည်။ "စည်းမျဉ်း မူလအစ" နှင့် ပတ်သက်၍ ဆက်လက် စီမံကိန်းချရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
လုံလောက်သော စည်းမျဉ်း မူလအစ ရှိမှသာလျှင်၊ နင်ချီ အနေဖြင့် ဒုတိယ နယ်ပယ် ဖြစ်သော "စည်းမျဉ်း နယ်ပယ်"သို့ တက်လှမ်းနိုင်မည် ဖြစ်ပြီး၊ သို့မဟုတ်ပါက အဟန့်အတား တွင် သောင်တင်နေပေလိမ့်မည်။
"တောင်နှင့် ပင်လယ် နယ်မြေ က ရွေးချယ်စရာ ကောင်း တစ်ခုပဲ"
"မိစ္ဆာနက် အစစ်အမှန် ဧကရာဇ် ပြောပုံအရဆို... တောင်နှင့် ပင်လယ် နယ်မြေ ဟာ အရင်က အစစ်အမှန်သိုင်း ကမ္ဘာ အပါအဝင်၊ ဝိညာဉ် ကမ္ဘာ မူလအစ အများအပြားကို ပေါင်းစပ်ထားပြီးပြီ... သူ.. ပြောသလိုပဲ ..တစ်နေ့ကျရင် လက်အောက်ခံ ကမ္ဘာငယ်လေးတွေ အားလုံးကို ယဇ်ပူဇော်ပြီး အဆင့်တက်ဖို့ ကြိုးစားလာနိုင်တယ်"
"အဲဒီလို ဆိုမှတော့... လက်ပိုက် ကြည့်နေလို့ မဖြစ်တော့ဘူး"
"နယ်မြေများ ပင်လယ် ထဲက စည်းမျဉ်း မူလအစတွေကို နှစ်ထောင်ချီပြီး ဖြည်းဖြည်းချင်း ထုတ်ယူနေမယ့်အစား... တောင်နှင့် ပင်လယ် နယ်မြေ ထဲမှာ အသင့်ရှိပြီးသား ဟာတွေကို ရယူနိုင်မလား ကြည့်တာ ပိုကောင်းမှာပေါ့.."
နှစ် ၂၀ ကြာ တံခါးပိတ် ကျင့်ကြံစဉ် ကာလအတွင်း၊ ဤ ကိစ္စသည် နင်ချီ့အနေနှင့် .. အလေးအနက် စဉ်းစားခဲ့သော ကိစ္စ တစ်ခု ဖြစ်ပါသည်။
အနာဂတ် လမ်းကြောင်းကို ရပ်တန့်ထား၍ မရပေ။
ထို့အပြင်၊ သူ့မှာ အကြံ ရှိပြီးသား ဖြစ်ပါသည်။
"တောင်နှင့် ပင်လယ် နယ်မြေ ကို တိတ်တဆိတ် သွားဖို့ ဆိုရင်... အဲဒီ ဒေသခံရဲ့ အမှတ်အသား လိုအပ်တယ်... ဒီကိစ္စ ပူစရာ မလိုဘူး... အရင်က မိစ္ဆာနက်ဂိုဏ်း ကျူးကျော်တုန်းက ကျင့်ကြံသူ တစ်သိန်းလောက် ကျဆုံးခဲ့တယ်... သူတို့ရဲ့ အမှတ်အသား အားလုံးကို ငါ ရယူထားပြီးသားပါ... ဆိုတော့..လောလောဆယ်တော့ လုံလောက်တယ်"
"ဒါကို အသုံးချပြီး... အစစ်အမှန်သိုင်း ကမ္ဘာ့ သက်ရှိတွေက တောင်နှင့် ပင်လယ် နယ်မြေ ထဲကို မသိအောင်.. ခိုးဝင်နိုင်မယ်... ငါ့အတွက် အသုံးဝင်တဲ့ အရင်းအမြစ်တွေ၊ စည်းမျဉ်း မူလအစ ပါဝင်တဲ့ အထွတ်အထိပ် ရတနာတွေ ရှာဖွေပေးနိုင်မယ်... အပြန်အလှန် အနေနဲ့ ကံအမှတ်တွေ ပေးမယ်... အဲဒါတွေနဲ့ သူတို့ လိုချင်တာတွေ ပြန်လဲလို့ ရမယ်"
သေချာသည်မှာ...၊ တောင်နှင့် ပင်လယ် နယ်မြေ ထဲသို့ ဝင်စားခြင်းသည် လွယ်ကူသော ကိစ္စ မဟုတ်ပါပေ။ အထူး နည်းလမ်းများ လိုအပ်သည်။ ပါဝင်ပတ်သက်နေသော ပြဿနာများကို ဖြေရှင်းရန် နင်ချီ အချိန်အတော်ကြာ ကြိုးစားခဲ့ရသည်။
တံခါးပိတ် ကျင့်ကြံခြင်း မပြုမီ၊ နင်ချီသည် ရှေးဟောင်း သိုင်းသူတော်စင် များစွာနှင့် ဝင်စားခြင်း နည်းစနစ်များကို ဖလှယ်ခဲ့သည်။ တွက်ချက်မှုများ ပြုလုပ်ပြီးနောက်၊ နောက်ဆုံးတွင် အစစ်အမှန်သိုင်း ကမ္ဘာ့ သက်ရှိများ တောင်နှင့် ပင်လယ် နယ်မြေ သို့ ဝင်စားနိုင်မည့် နည်းလမ်း တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ နောက်ဆုံး အဆင့် တစ်ခုသာ ကျန်တော့သည်။ မိစ္ဆာနက်ဂိုဏ်း တွင် သူ ချန်ထားခဲ့သော အမှတ်အသားများကို အသက်သွင်းပြီး နောက်ဆုံး အဆင့်ကို ပြီးမြောက်စေရန် ဖြစ်သည်။
"နှစ် ၂၀ တောင် ကြာသွားပြီ... မိစ္ဆာနက်ဂိုဏ်းရဲ့ ဂိုဏ်းစောင့် အခင်းအကျင်း စွမ်းအင်တွေ ကုန်ခမ်းလောက်ရောပေါ့"
"အဲဒီကျရင်... တောင်နှင့် ပင်လယ် နယ်မြေ မှာ စီမံကိန်းချဖို့အတွက် ဝင်စားတဲ့ ကိုယ်ပွား တစ်ခု လွှတ်လိုက်လို့ ရပြီ... အချိန် လုံလောက်ရင် သေချာပေါက် အကျိုးအမြတ် ရမှာပါ... ဘာပဲဖြစ်ဖြစ် အစစ်အမှန်သိုင်း ကမ္ဘာ့ သက်ရှိတွေ အဲဒီမှာ ဝင်စားရင်တောင်... ဉာဏ်အလင်း နယ်ပယ် သစ်ပင်ဆီက စွမ်းအားကို ရယူနိုင်သေးတာပဲ... မြန်မြန်ဆန်ဆန် ကြီးထွားနိုင်မှာ... တစ်နည်းအားဖြင့် ပြောရရင်... သူတို့က 'အကူအညီပါတဲ့ ကမ္ဘာကူးသူများ' လိုမျိုးပေါ့"
နင်ချီ၏ အကြည့်သည် ထူးဆန်းနေ၏။
"ဒီလို တွက်ကြည့်မယ် ဆိုရင်... ငါ့ရဲ့ အခန်းကဏ္ဍက အရင်ဘဝက ဖတ်ဖူးတဲ့ 'အဆုံးမဲ့ စီးဆင်းမှု' ဝတ္ထုတွေထဲက 'ပင်မ နတ်ဘုရား' နဲ့ တူမနေဘူးလား"
"ကန့်သတ်ချက် တစ်ခုကတော့... လောလောဆယ် တောင်နှင့် ပင်လယ် နယ်မြေ တစ်ခုတည်းကိုပဲ ရောက်နိုင်သေးတာ... ဒါပေမယ့်.. ကိစ္စ မရှိပါဘူး... အနာဂတ်မှာ ငါ့စွမ်းရည်တွေ ပိုကြီးလာရင်... နယ်မြေများ ပင်လယ် ထဲက ကုဋေပေါင်းများစွာသော ဝိညာဉ် ကမ္ဘာတွေ၊ အဆုံးမဲ့ ကမ္ဘာငယ်လေးတွေ အားလုံး... အစစ်အမှန်သိုင်း ကမ္ဘာ့ သက်ရှိတွေရဲ့ ပစ်မှတ် ဖြစ်လာမှာပဲ"
"အဲဒီအချိန်ကျရင်... မရေမတွက်နိုင်တဲ့ သိုင်းကမ္ဘာ့ သက်ရှိတွေက... 'ကမ္ဘာ တစ်သောင်း' ဆီ သွားပြီး ငါ့အတွက် အရင်းအမြစ်တွေ ရှာဖွေပေးကြမယ်... မူလအစတွေ ထုတ်ယူပေးကြမယ်... မဟာ တာအို ဆိုတာ လက်တစ်ကမ်းမှာပဲ"
နင်ချီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ် တစ်ခု ပေါ်လာ၏။
သူ၏ အတွေးများနှင့် စဉ်းစားချက်များသည် ချိတ်ဆက်နေပြီး၊ ဉာဏ်အလင်း နယ်ပယ် သစ်ပင်သည် ပထမ ခြေလှမ်းသာ ဖြစ်ပေသည်။
တောင်နှင့် ပင်လယ် နယ်မြေတွင် စီမံကိန်းချခြင်းသည် နောက်တစ်ဆင့် ဖြစ်သည်။
အန္တိမ ရည်မှန်းချက်မှာ ကမ္ဘာ တစ်သောင်းကို ပိုင်စိုးရန်ပင် ဖြစ်သည်။