အဆုံးမဲ့ စီးဆင်းမှု၏ ပင်မ နတ်ဘုရားလော၊ တောင်နှင့် ပင်လယ် နယ်မြေကို စီမံကိန်းချခြင်း (၂)
Vol. 32 Ch. 480
~သို့သော်...
ဤအရာ အားလုံးသည် အနည်းငယ် ဝေးကွာနေသေးသည် ဖြစ်ရာ၊ တစ်ဆင့်ချင်းစီ သွားရပေမည်။
ထိုစဉ်က မိစ္ဆာနက်ဂိုဏ်းတွင် ချန်ထားခဲ့သော အမှတ်အသားကို သေချာစွာ အာရုံခံကြည့်ရာ၊ မည်သည့် လှုပ်ရှားမှုမျှ မရှိသေးသည်ကို တွေ့ရသဖြင့် နင်ချီ စိတ်ကို လျှော့ချလိုက်၏။
"နောက်ရက်နည်းနည်းလောက် ဆက်ပြီး တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်... အဲဒီ အမှတ်အသားတွေ အသက်ဝင်လာမှ... တောင်နှင့် ပင်လယ် နယ်မြေ မှာ စီမံကိန်း စချတော့မယ်"
နောက်ပိုင်း ရက်များတွင်...
ဉာဏ်အလင်း နယ်ပယ် သစ်ပင်သည် အစစ်အမှန်သိုင်း ကမ္ဘာ တစ်ခုလုံးတွင် ရေပန်းအစားဆုံး ခေါင်းစဉ် ဖြစ်လာခဲ့၏။
မရေမတွက်နိုင်သော သက်ရှိများသည် စမ်းသပ်မှုများ ပြုလုပ်လာကြပြီး၊ အချိန်တို အတွင်းမှာပင် ကျင့်ကြံခြင်း လမ်းစဉ်နှင့် တွဲဖက် အသုံးပြုနိုင်သော နည်းလမ်းသစ် များစွာကို ဖော်ထုတ်နိုင်ခဲ့ကြ၏။ ပါရမီ အလွန် နည်းပါးသော ကျင့်ကြံသူများ ဆိုလျှင်လည်း၊ "အင်မော်တယ် ကျင့်ကြံခြင်း ပညာရပ် တစ်ရာ" နှင့် ပေါင်းစပ် အသုံးပြုကြ၏။ သာမန် ကျင့်ကြံသူ အများအပြားသည်လည်း နယ်ပယ် အသီးသီးတွင် လက်တွေ့ အသုံးချလာကြ၏။
အတိုချုပ် ပြောရလျှင်...၊
အစစ်အမှန်သိုင်း ကမ္ဘာ၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုသည် အံ့အားသင့်ဖွယ် နှုန်းဖြင့် စတင်လာခဲ့တော့၏။
နင်ချီသည် ဆရာဖြစ်သူ နှင့် စီနီယာ၊ ဂျူနီယာ ညီအစ်ကိုများ နှင့်အတူ စုဝေးပြီး၊ လမ်းညွှန်မှုများ ပေးသည့် အပြင်၊ ဉာဏ်အလင်း နယ်ပယ် သစ်ပင်၏ လည်ပတ်ပုံကို စောင့်ကြည့်ကာ လိုအပ်သော ပြုပြင်မှုများ လုပ်ဆောင်ပေးခဲ့သည်။
လအနည်းငယ် ကုန်လွန်သွား၏။
အရာရာ လမ်းကြောင်းမှန် ပေါ်သို့ ရောက်ရှိသွားသောအခါ၊ နင်ချီ နောက်တစ်ကြိမ် တံခါးပိတ် ကျင့်ကြံလိုက်သည်။
ယခုအခါ သူသည် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ထားပြီး ဖြစ်ရာ၊ ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံခြင်းသည် သာမန် ကိစ္စမျှသာ ဖြစ်သည်။ အမှန်စင်စစ် မှော်စွမ်းအင် နယ်ပယ် ကျင့်ကြံသူ တစ်ဦးသည်ပင် နှစ်ပေါင်း သုံးထောင် အသက်ရှင်နိုင်ပြီး၊ နက်ရှိုင်းသော တံခါးပိတ် ကျင့်ကြံမှု တစ်ခုသည် ဆယ်စုနှစ်များစွာ ကြာမြင့်တတ်သည် မဟုတ်ပါလော။ နင်ချီ ကဲ့သို့ သက်တမ်းကို "ခေတ်"နှင့် တိုင်းတာရသူ အတွက် ဆိုလျှင် ပြောဖွယ်ရာ မရှိပါပေ။
အချိန်ကာလ၏ ခြေလှမ်းများသည် ရပ်တန့်မသွားချေ။
ဉာဏ်အလင်း နယ်ပယ် သစ်ပင် တည်ထောင်ပြီးကတည်းက၊ အစစ်အမှန်သိုင်း ကမ္ဘာသည် စစ်မှန်သော "ပေါက်ကွဲအားကောင်းသည့် တိုးတက်မှု ခေတ်"သို့ ရောက်ရှိသွားခဲ့၏။
မှော်စွမ်းအင် နယ်ပယ် ကျင့်ကြံသူများသည် မိုးရွာပြီးစ မျှစ်များ ပေါက်သကဲ့သို့ ပေါ်ထွက်လာကြပြီး၊ ခရမ်းရောင် နန်းတော် နယ်ပယ် စစ်မှန်သူများလည်း မရှားပါးတော့ချေ။ မရေမတွက်နိုင်သော အင်မော်တယ် တံခါးများသည် မြေကြီးထဲမှ ပေါ်ထွက်လာသကဲ့သို့ တည်ထောင်လာကြပြီး၊ တစ်ခုစီတိုင်းသည် ကိုယ်ပိုင် ဟန်ပန်ဖြင့် ပွင့်လန်းလာကြ၏။
...
တောင်နှင့် ပင်လယ် နယ်မြေ ဆိုသည်မှာ..၊
တစ်ဝက်က တောင်၊ တစ်ဝက်က ပင်လယ် ဖြစ်ပြီး၊ အင်မော်တယ် နယ်မြေ ရာပေါင်းများစွာ ရှိကာ၊ အရွယ်အစား ကွာခြားကြ၏။ အင်မော်တယ် ဂိုဏ်းကြီးများ အခြေစိုက်သော နယ်မြေများကို "မဟာ နယ်မြေ" ဟု ခေါ်ပြီး၊ ကျန် နယ်မြေများကို "နယ်မြေငယ်" ဟု ခေါ်ကြ၏။ ထို နယ်မြေငယ်များ ထဲမှ တစ်ခုကို "ပေ့ရွှမ်" ဟု ခေါ်ပြီး၊ ၎င်း၏ အရှင်သခင်မှာ "ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း" ဖြစ်သည်။ ၎င်းသည် အဆင့်မြင့် ဂိုဏ်းများ အကြားတွင် ထင်ရှားပြီး၊ "ပေါင်းစည်းခြင်း နယ်ပယ်"မဟာစွမ်းအားရှင်ကြီး တစ်ပါး ရှိသည်ဟု ကောလာဟလများ ရှိ၏။
မိစ္ဆာနက်ဂိုဏ်းသည် ဤ နယ်မြေတွင် တည်ရှိသည်။
နယ်မြေငယ် တစ်ခု ဖြစ်သော်လည်း၊ ဧရိယာ အလွန် ကျယ်ဝန်းပြီး၊ လက်ရှိ အစစ်အမှန်သိုင်း ကမ္ဘာ ထက် များစွာ ပိုမို ကြီးမား၏။
မိစ္ဆာနက်ဂိုဏ်းသည် ပေ့ရွှမ် နယ်မြေတွင် အတော်အတန် နာမည်ကြီးသော မိစ္ဆာဂိုဏ်း တစ်ခု ဖြစ်သည်။ အထူးသဖြင့် ဂိုဏ်းချုပ် ဖြစ်သော မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် ဂုဏ်သတင်း ကြီးမားလှပေသည်။ သူသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် သို့ မကြာမီ ရောက်ရှိတော့မည် ဖြစ်ပြီး၊ မဟာစွမ်းအားရှင် ဖြစ်လာကာ မိစ္ဆာနက်ဂိုဏ်းကို အဆင့်မြင့် ဂိုဏ်း အဖြစ် မြှင့်တင်ပေးနိုင်လိမ့်မည်ဟု လူအများက ခန့်မှန်းထားကြ၏။
သို့သော် မိစ္ဆာနက်ဂိုဏ်းသည် ဆယ်စုနှစ်များစွာ တောင်တံခါး ပိတ်ထားခဲ့သဖြင့်၊ ပေ့ရွှမ် နယ်မြေရှိ အင်မော်တယ် ကျင့်ကြံခြင်း လောကမှ အချို့သော မျက်လုံးများသည် ထိုနေရာသို့ ရောက်ရှိလာကြသည်။
သတင်းများ အရ...
မိစ္ဆာနက်ဂိုဏ်းသည် ကမ္ဘာငယ်လေး တစ်ခုကို သိမ်းပိုက်ရန် အစွမ်းကုန် ကြိုးစားနေပြီး၊ အောင်မြင်ပါက တောင်နှင့် ပင်လယ် နယ်မြေ၏ ကမ္ဘာ့ဆန္ဒထံမှ "ကောင်းချီး မင်္ဂလာ" ကို ခံယူရရှိမည် ဟု ဆိုကြ၏။
ဤအချက်က အင်မော်တယ် ကျင့်ကြံခြင်း ဂိုဏ်း အများအပြားကို မနာလို ဖြစ်စေခဲ့သည်။
အဆင့်မြင့် ဂိုဏ်း အဖြစ် တိုးမြှင့်ခံရခြင်းသည် ဂိုဏ်းပေါင်းများစွာ၏ အိပ်မက် ဖြစ်ပြီး၊ လိုချင်တပ်မက်သော မျက်လုံးများစွာသည် ဤ အခွင့်အရေးကို ယူ၍ ပြဿနာ ရှာချင်နေကြ၏။ သို့သော် မိစ္ဆာနက်ဂိုဏ်း၏ ကာကွယ်ရေးသည် တင်းကျပ်ပြီး၊ ဂိုဏ်းစောင့် အခင်းအကျင်း ဖွင့်ထားကာ တောင်တံခါးများ ပိတ်ထားသဖြင့်၊ အခွင့်အရေး မရဘဲ သက်ပြင်းချ နေရုံသာ တတ်နိုင်ကြ၏။
သို့သော် မကြာသေးမီက ကောလာဟလ များစွာ ထွက်ပေါ်လာခဲ့သည်။
"မိစ္ဆာနက်ဂိုဏ်းရဲ့ ကမ္ဘာငယ် ကျူးကျော်မှုက မတော်တဆမှု တစ်ခုခု ကြုံတွေ့ခဲ့ရပုံပဲ... သူတို့ရဲ့ ဂိုဏ်းစောင့် အခင်းအကျင်းက သိသိသာသာ အားနည်းလာပြီး... ဝိညာဉ် အာရုံ ဖြည့်တင်းတာမျိုး မရှိတော့ဘူး"
"ဒါကို အခင်းအကျင်း လမ်းစဉ် မဟာဆရာ ဖြစ်တဲ့ 'စစ်မှန်သူ လီ' ကိုယ်တိုင်..သွားရောက် လေ့လာပြီး ပြောခဲ့တာ"
"ဟဲဟဲ... စစ်မှန်သူ လီ တင် မကဘူး... မိစ္ဆာနက်ဂိုဏ်း အပြင်ဘက်မှာ ကျန်ရစ်ခဲ့တဲ့ ကျင့်ကြံသူ အချို့ကလည်း အဲ့ဒီလိုပဲ ပြောကြတယ်... မိစ္ဆာနက်ဂိုဏ်း တောင်တံခါး ပိတ်လိုက်တုန်းက အပြင်ရောက်နေတဲ့ လေ့ကျင့်ရေးဆင်း ကျင့်ကြံသူ အချို့ အချိန်မီ ပြန်မရောက်လိုက်ကြဘူးလေ... အခု သူတို့က ဘက်ပြောင်းခိုလှုံကုန်ကြပြီ"
အလားတူ အသံများစွာ ထွက်ပေါ်လာခဲ့သည်။
ဘာကြောင့် ဘက်ပြောင်းခိုလှုံသည်ဟု ခေါ်သည်လဲ။
တရားမျှတသည့် အကြောင်းပြချက် ရချင်၍ပင်။
မိစ္ဆာနက်ဂိုဏ်းသည် မိစ္ဆာဂိုဏ်း ဖြစ်ပြီး၊ ကျင့်ကြံသူများ၏ ဝိညာဉ်များ၊ ဝိညာဉ်သွေးများ နှင့် ရုပ်အလောင်းများကို အသုံးပြု၍ မှော်ရတနာများ သွန်းလုပ်ခြင်း၊ မိစ္ဆာ ကျင့်စဉ်များ ကျင့်ကြံခြင်းတို့ကို အနှစ်သက်ဆုံး ဖြစ်သည်။ ယခင်က အင်အားကြီးစဉ်က မည်သူမျှ မထိရဲကြသော်လည်း၊ ယခု ပြဿနာ တက်နေချိန်တွင် လိုချင်တပ်မက်သော မျက်လုံးများစွာက လှည့်ကြည့်လာကြသည်မှာ သဘာဝပင်။
ကျင့်ကြံသူ အများအပြား မှတ်မိကြသည်မှာ၊ မိစ္ဆာနက်ဂိုဏ်း လျင်မြန်စွာ ကြီးထွားလာခြင်းသည် ရွှေဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပြီးနောက်မှ ဖြစ်ကြောင်းပင်။
ပေါကြွယ်ဝသော အရင်းအမြစ်များသည် အခြေခံအုတ်မြစ် ဖြစ်၏။
မိစ္ဆာဂိုဏ်း ဟုတ်မဟုတ် ဆိုသည်မှာ၊ တောင်နှင့် ပင်လယ် နယ်မြေတွင် ဟာသ တစ်ခုသာ ဖြစ်သည်။
တောင်နှင့် ပင်လယ် နယ်မြေတွင် လက်သီးသည်သာ အမှန်တရား ဖြစ်ပြီး၊ မည်သည့် အင်မော်တယ် လမ်းစဉ် ဂိုဏ်းကများ ကမ္ဘာငယ်လေးတွေကို မသတ်ဖြတ်ခဲ့ဖူးသနည်း။ အချို့ ဂိုဏ်းများက သူတို့၏ ဖြောင့်မတ်မှန်ကန်မှုကို ပြသရန် မိမိကိုယ်ကို ချီးမွမ်းပြောဆိုကြပြီး၊ မိခင် ကမ္ဘာ တိုးတက်ဖို့အတွက် အားနည်းသည့် အဆင့်နိမ့် ကမ္ဘာတွေက ကံတရားကို လက်ခံသင့်သည် ဆိုပြီး ဆင်ခြေပေးကြသည်ပဲလေ။
တိတ်တဆိတ်ပင်...
"နေနီ ဂိုဏ်း" ၊ "စက်ယန္တရား တစ်ထောင် ဂိုဏ်း" နှင့် "လေနှင့် မိုးကြိုး ခန်းမဆောင်"အပါအဝင် ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ ဦးဆောင်မှုဖြင့် "မိစ္ဆာ နှိမ်နင်းရေး မဟာမိတ်အဖွဲ့" ကို ဖွဲ့စည်းလိုက်ကြ၏။
ထိုနေ့တွင်...၊ မိစ္ဆာနက် တောင်တန်း ရှေ့၌၊
ကျင့်ကြံသူ တစ်သန်းခန့် ကောင်းကင်ယံတွင် စုဝေး ရောက်ရှိနေကြ၏။
မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ် အပါး ၂၀ က ဦးဆောင်ထားသည်။
စွမ်းအားကြီးသော အရှိန်အဝါများသည် ဟင်းလင်းပြင်ကို ဖိနှိပ်ထားပြီး၊ အစစ်အမှန် ဧကရာဇ်များ အကြည့်ချင်း ဖလှယ်လိုက်ကြကာ၊ တုန်ယင်နေသော ကျင့်ကြံသူ တစ်ဦးဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ထိုသူသည် ယခင်က မိစ္ဆာနက်ဂိုဏ်းမှ လေ့ကျင့်ရေး ခရီးထွက်သွားသော တပည့်အရင်း တစ်ဦး ဖြစ်ပြီး၊ လက်ရှိ သူတို့ ရှာတွေ့ထားသော အသန်မာဆုံးသူ ဖြစ်သည်။
"မင်း ပြောတာ သေချာရဲ့လား" ခရမ်းရောင် အလင်းတန်းများ လွှမ်းခြုံထားသော အစစ်အမှန် ဧကရာဇ် တစ်ပါးက မေးမြန်းလိုက်ရာ၊ ဖိနှိပ်မှု အရှိန်အဝါများ ပြည့်နှက်နေ၏။
မိစ္ဆာနက်ဂိုဏ်း တပည့်သည် တံတွေး မျိုချလိုက်ပြီး၊
"ဂုဏ်သရေရှိ အစစ်အမှန် ဧကရာဇ်များ ခင်ဗျာ... ကျွန်တော်.. လိမ်ညာခြင်း မရှိကြောင်း အာမခံပါတယ်... ဒီ မိစ္ဆာနက် အခင်းအကျင်းက ကြည့်ရင်တော့ အကောင်းအတိုင်း လိုလို ရှိပေမယ့်... တကယ်တမ်းကျတော့ ပြိုလဲတော့မလို ဖြစ်နေပါပြီ... စက္ကူကျား ပါပဲ... အစစ်အမှန် ဧကရာဇ်များ ကိုယ်တိုင် စမ်းကြည့်ရင် သိပါလိမ့်မယ်"
"ဖယ်စမ်း"
ကြွက်သားများ ဖုထစ်နေသော ခန္ဓာကိုယ် ကျင့်ကြံသူ အစစ်အမှန် ဧကရာဇ် တစ်ပါးက အော်ဟစ်လိုက်သည်။
မျက်စိတစ်မှိတ် အတွင်း၊ သူ၏ ခန္ဓာကိုယ်သည် ဖောင်းပွလာပြီး ကောင်းကင်ထိုး ဘီလူးကြီး အဖြစ် ပြောင်းလဲသွားကာ၊ လက်ထဲတွင် ဧရာမ ပုဆိန်ကြီး တစ်လက် ပေါ်လာ၏။ သူသည် မတွန့်ဆုတ်ဘဲ ပုဆိန်ကြီးကို အားကုန် လွှဲခုတ်လိုက်၏။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံကြီး ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်သွား၏။
မူလက သိပ်သည်းနေသော ကတ္တီပါရောင် မိစ္ဆာတိမ်တိုက်ကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး၊ ချက်ချင်းပင် အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားကာ ရေကဲ့သို့ စီးဆင်း ပျောက်ကွယ်သွားသည်။
မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ် အများအပြားသည် သာမန် ပုဂ္ဂိုလ်များ မဟုတ်ကြပေ။
အခြေအနေကို မြင်လိုက်သည်နှင့်၊ မိစ္ဆာနက်ဂိုဏ်း၏ ဂိုဏ်းစောင့် အခင်းအကျင်းသည် အမှန်တကယ်ပင် စက္ကူကျား ဖြစ်ကြောင်း သဘောပေါက်လိုက်ကြ၏။ ထို့ပြင် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုမျိုးကို ခံရပါလျက်နှင့်၊ မိစ္ဆာနက်ဂိုဏ်းမှ မည်သူမျှ ထွက်မလာကြသည်ကို ထောက်ရှုလျှင်၊ ကြီးမားသော ကိစ္စရပ် တစ်ခုခု ဖြစ်ပျက်ခဲ့သည်မှာ သေချာသလောက် ရှိနေတော့၏။
အစစ်အမှန် ဧကရာဇ်များသည် သူတို့၏ နည်းလမ်းများကို ထုတ်ဖော်လိုက်ကြ၏။
မူလဝိညာဉ် ဓမ္မရုပ်သွင်များကို ထုတ်ဖော်သူက ထုတ်ဖော်၊ စွမ်းအားကြီး မှော်ရတနာများကို ဆင့်ခေါ်သူက ဆင့်ခေါ်ဖြင့်၊ ကြောက်မက်ဖွယ် တိုက်ခိုက်မှု လှိုင်းလုံးကြီးများသည် အခင်းအကျင်းကြီး အပေါ်သို့ မိုးရွာသကဲ့သို့ ကျရောက်သွား၏။
အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင်...၊
တချိန်က ကြောက်မက်ဖွယ် ကောင်းသည်ဟု ထင်ရသော မိစ္ဆာနက် အခင်းအကျင်းသည် အပိုင်းပိုင်း အစစ ကွဲအက်သွား၏။
အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး၊ နောက်ဆုံးတွင် ဝုန်းကနဲ မြည်ဟိန်းကာ လုံးဝ ပျက်စီးသွားလေတော့သည်။
"သတ်ကြ"
"မိစ္ဆာတွေကို ချေမှုန်းပြီး လမ်းစဉ်ကို ကာကွယ်ကြ... မိစ္ဆာနက်ဂိုဏ်းကို ဖျက်ဆီးပြီး မတရား သေဆုံးခဲ့ရတဲ့ ကျင့်ကြံသူတွေအတွက် လက်စားချေကြ"
ကြွေးကြော်သံများ၊ သတ်ဖြတ်လိုသော အော်ဟစ်သံများသည် လေထုထဲတွင် ပြည့်နှက်နေပြီး၊ ကျင့်ကြံသူ တစ်သန်း၏ အရှိန်အဟုန်သည် တားဆီးမရနိုင်လောက်အောင် ပြင်းထန်နေကာ တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေကြ၏။
လှိမ့်ဝင်နေသော မိစ္ဆာတိမ်တိုက်များ ဆုတ်ခွာသွား၏။
ကျင့်ကြံသူ အားလုံးသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်သက်သွားကြရသည်။ အပျက်အစီးများနှင့် အပိုင်းအစများ ပြန့်ကျဲနေပြီး၊ သေမင်း နယ်မြေ ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေသည်ကို တွေ့လိုက်ရသောကြောင့်တည်း။ မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူ တစ်ဦးတစ်လေမျှ မတွေ့ရသလို၊ သာမန် သက်ရှိ တစ်ကောင်မျှလည်း မရှိဘဲ၊ စူးရှသော သွေးညှီနံ့များသာ လေထုထဲတွင် ရိုက်ခတ်နေ၏။
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ"
လူတိုင်း တုန်လှုပ်သွားကြပြီး၊ အနည်းငယ် ထိတ်လန့်သွားကြ၏။
တစ်ချိန်က စည်ပင် ဝပြောခဲ့သော အင်မော်တယ် လမ်းစဉ် ဂိုဏ်းကြီး တစ်ခုသည် မျက်စိတစ်မှိတ် အတွင်း အမြစ်ပြတ် သုတ်သင်ခံလိုက်ရသကဲ့သို့ ဖြစ်နေသဖြင့်၊ သူတို့၏ အရိုးထဲထိ အေးစက်သွားစေခဲ့သည်။
မျက်လုံးများ အားလုံးသည် မိစ္ဆာနက်ဂိုဏ်း တပည့်အရင်း ထံသို့ ရောက်ရှိသွားကြသော်လည်း၊ သူကိုယ်တိုင်လည်း ကြောက်လန့်နေပြီး မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေရှာသည်။
…လေ့ကျင့်ရေး ခရီးလေး တစ်ခေါက် ထွက်သွားရုံ ရှိသေးတယ်၊ ပြန်လာတော့ ဒီလောက်တောင် ပျက်စီးသွားရသလား။…
"မိစ္ဆာနက်ဂိုဏ်းက... မဟာစွမ်းအားရှင်၊ ဒါမှမဟုတ် မဟာဘီလူးကြီး တစ်ပါးပါးနဲ့ ပြဿနာ ဖြစ်ပြီး... တိတ်တဆိတ် အရှင်းခံလိုက်ရတာများလား"ဟု အစစ်အမှန် ဧကရာဇ် တစ်ပါးက ခန့်မှန်းလိုက်သည်။
မုတ်ဆိတ်ဖြူနှင့် အဘိုးအို တစ်ဦးသည် မျက်မှောင်ကြုတ်လျက် အကဲခတ်နေပြီး၊ ခဏကြာသောအခါ ထို "စစ်မှန်သူ လီ" က လေးနက်စွာ ပြောလိုက်၏။
"ကြည့်ရတာ... သွေးယဇ်ပူဇော်ပွဲ လုပ်ထားသလိုပဲ"
"မိစ္ဆာနက်ဂိုဏ်းက သွေးယဇ်ပူဇော်ပွဲ လုပ်ခဲ့တာ... အရင်က သူတို့ ကမ္ဘာငယ်လေး တစ်ခုကို တိုက်ခိုက်နေတယ် ဆိုတာ... ဒီကိစ္စနဲ့ ဆက်စပ်နေမလား"
သူသည် အခင်းအကျင်း လမ်းစဉ်တွင် ကျွမ်းကျင်သူ ဖြစ်သဖြင့်၊ ထူးခြားမှု အချို့ကို တဖြည်းဖြည်း မြင်တွေ့လာရသည်။
နေရာအနှံ့တွင် ရုန်းကန်ခဲ့ရသော ခြေရာလက်ရာများ ရှိနေသော်လည်း၊ ဗဟိုချက် ဖြစ်သော "မိစ္ဆာနက် ကမ်းပါး"တွင်မူ မည်သည့် ပဋိပက္ခ လက္ခဏာမျှ မတွေ့ရချေ။ ဤအချက်က ဖော်ပြနေသည်မှာ မိစ္ဆာနက်ဂိုဏ်းသည် ပြင်ပ အင်အားစု တစ်ခုခု၏ အတင်းအကြပ် ဖိအားပေးမှုကို ခံရခြင်း မဟုတ်ဘဲ၊ မိစ္ဆာနက် အစစ်အမှန် ဧကရာဇ် ကိုယ်တိုင် ဆန္ဒအလျောက် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်နိုင်ကြောင်းပင်။
သူတို့ ထင်ကြေးပေးနေစဉ်မှာပင်...
အဝေး တစ်နေရာမှ တိုက်ပွဲ အသံများ ထွက်ပေါ်လာပြီး၊ ဒေါသတကြီး အော်ဟစ်သံများ လိုက်ပါလာ၏။
"ထွက်သွားစမ်း... ဒါ.. ငါ အရင် တွေ့တာကွ"
ဆူညံသံ ထွက်ပေါ်ရာ ဘက်သို့ လှမ်းကြည့်လိုက်ကြရာ၊ အစစ်အမှန် ဧကရာဇ် နှစ်ပါး..ဒေါသတကြီး တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရပြီး၊ အောက်ဘက်တွင် မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်နေ၏။
အထွတ်အထိပ် ရတနာ၊ ဝိညာဉ် ဆေးဝါး၊ နတ်ဘုရား နည်းစနစ်... အရာအားလုံး ရှိနေသည်။
မိစ္ဆာနက်ဂိုဏ်း၏ ရတနာ ခန်းမဆောင်... အကောင်း ပကတိ အတိုင်း ကျန်ရှိနေသည် ပါလား။
တစ်ခဏချင်းမှာပင်...၊
ကျင့်ကြံသူ အားလုံး၏ မျက်လုံးများတွင် လောဘရိပ် များ ယှက်သန်းလာကြ၏။
အဆင့်မြင့် ဂိုဏ်း အဆင့်ကို နီးကပ်နေသော စွမ်းအားကြီး ဂိုဏ်းတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ် အားလုံး အကောင်းအတိုင်း ကျန်ရှိနေပြီး၊ မည်သည့် အတားအဆီးမျှ မရှိပါက၊ ရလဒ်က ဘာဖြစ်မလဲ။
မိစ္ဆာနက်ဂိုဏ်း ဟူသော ပြင်ပ ခြိမ်းခြောက်မှု မရှိတော့လျှင်၊ အလျင်စလို ဖွဲ့စည်းထားသော ဤ "မိစ္ဆာ နှိမ်နင်းရေး မဟာမိတ်အဖွဲ့" သည် မည်သို့လျှင် စည်းလုံးနိုင်ပါဦးမည်နည်း။
မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ် အများအပြားသည် လုပ်ရပ်ဖြင့် အဖြေပေးလိုက်ကြလေ သည်။
“ဝုန်း”
“ဝုန်း”
ကမ္ဘာမြေကို တုန်ခါစေသော တိုက်ပွဲကြီး စတင် ဖြစ်ပွားလေတော့သည်။
အစစ်အမှန်သိုင်း ကမ္ဘာ အတွင်း၌၊
နင်ချီသည် ဟင်းလင်းပြင် အတွင်း၌ မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ အကြည့်သည် နက်ရှိုင်းနေပြီး၊ မျှော်လင့်ချက်များနှင့် ပျော်ရွှင်မှုများ ပြည့်နှက်နေရသည်။
"မိစ္ဆာနက်ဂိုဏ်းရဲ့ အခင်းအကျင်း... နောက်ဆုံးတော့ ပွင့်သွားပြီပဲ"