← Chapters

အတွင်းကမ္ဘာ ဆင်းသက်ခြင်း၊ စစ်ပွဲ နိဂုံး

Vol. 32 Ch. 467

အတွင်းကမ္ဘာ ဆင်းသက်ခြင်း၊ စစ်ပွဲ နိဂုံး

Vol. 32 Ch. 467

~"သောက်ကျိုးနည်း... ဒီ ဒေသခံတွေသာ မရှိရင်... ဂိုဏ်းချုပ်ကြီး ဒီလောက် ဒေါသထွက်မှာ မဟုတ်ဘူး"

"သတ်ကြ"

"အကုန် သတ်ပစ်ကြ"

မိစ္ဆာနက်ဂိုဏ်း တပည့်များသည် ဟိန်းဟောက်သံများ ပြုလျက် ရှေ့သို့ တိုးဝင်လာကြ၏။

သူတို့သည် ဒေါသများ၊ မကျေနပ်မှုများ စုပြုံနေကြသော်လည်း၊ မူလလက်သည် ဖြစ်သော ဂိုဏ်းချုပ်ကြီး အပေါ်တွင်မူ ဒေါသ မထွက်ရဲကြချေ။ ထို့ကြောင့် သင့်တော်သော ပစ်မှတ်ကို ရှာဖွေရာ သိုင်းကမ္ဘာ့ ဒေသခံများသည် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်လာခဲ့၏။

“ဝုန်း..”

မရေမတွက်နိုင်သော မှော်စွမ်းအင် အလင်းတန်းများ ပစ်ခတ်လာကြ၏။ ဤ မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများသည် ယခင် စစ်ချီ တပ်ဖွဲ့ဝင် ငါးသောင်းလောက် အရေအတွက် မများသော်လည်း၊ အရည်အချင်း ပိုင်းတွင်မူ လျော့နည်းခြင်း မရှိပေ။ မည်သို့ပင်ဆိုစေ မိစ္ဆာနက်ဂိုဏ်း၏ သွေးယဇ်ပူဇော်ပွဲတွင် အဆင့်နိမ့် တပည့်များမှ အဆင့်မြင့် တပည့်များအထိ စတေးခံခဲ့ရသည် မဟုတ်ပါလော။

ဖိအားသည် ကြီးမားလှပေသည်။

ဂူချန်ချင်းနှင့် အခြားသူများသည် မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ ဆယ်ဦး၏ ဝိုင်းရံခြင်း ခံနေရသော နင်ချီကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြ၏။ ထို့နောက် "ကြယ်တာရာ နက်ရှိုင်းခြင်း အလင်း" ၏ အကာအကွယ်အောက်တွင် မိစ္ဆာနက် စစ်တပ်ကြီးနှင့် တိုက်ပွဲဝင်လိုက်ကြသည်။

သူတို့ နင်ချီကို မကူညီနိုင်ကြပေ။ သူတို့ လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာမှာ နင်ချီ၏ အာရုံစိုက်မှုကို အနှောင့်အယှက် မဖြစ်စေရန်ပင်။

သွေးမိုးများ ရွာသွန်းနေ၏။

ခန္ဓာကိုယ် အပိုင်းအစများ နေရာအနှံ့ ပြန့်ကျဲနေသည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သိုင်းကမ္ဘာ့ ကျင့်ကြံသူများ အထိအခိုက် သိပ်မရှိလှချေ။ စစ်ချီတပ်ဖွဲ့ဝင် ငါးသောင်း နှင့် မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ် နှစ်ပါး ပေါင်းစပ် တိုက်ခိုက်မှုကိုပင် သူတို့ တောင့်ခံနိုင်ခဲ့ကြသည် မဟုတ်ပါလော။ ယခုမူ ပို၍ပင် ပြဿနာ မရှိတော့ပေ။ ထို့ပြင် မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူ သောင်းနှင့်ချီ၏ ဝိညာဉ်စွမ်းအားများကို စုပ်ယူ ပေါင်းစည်းပြီးနောက်၊ သူတို့၏ အခြေခံအုတ်မြစ်သည် ပိုမို ခိုင်မာလာခဲ့ပြီး စွမ်းအား တိုးတက်မှုများလည်း ရှိလာခဲ့၏။

ထို့အပြင်...၊

နင်ချီ.. ဤနေရာတွင် ရှိနေခြင်းက အကြီးမားဆုံး အားဆေး တစ်ခွက်ပင် ဖြစ်သည်။

ကြယ်တာရာ အလင်းတန်းများသည် မိစ္ဆာတိမ်တိုက်များကို ထိုးဖောက် ဝင်ရောက်လာပြီး၊ သိုင်းကမ္ဘာ့ စွမ်းအားရှင် အများအပြားကို လွှမ်းခြုံ ကာကွယ်ပေးထားရာ၊ သူတို့ကို ကြီးမားသော စွမ်းအားများ ပေးစွမ်းပြီး ယုံကြည်မှုများ ပြည့်နှက်စေခဲ့သည်။ ယခုလေးတင် သတ်ဖြတ်ခဲ့သော အတွေ့အကြုံအရ၊ အထက်ကမ္ဘာမှ သက်ရှိ ဆိုသူများသည်လည်း သိပ်ပြီး မြင့်မြတ်လှသည် မဟုတ်ကြောင်း သူတို့ သိမြင်ခဲ့ကြရတော့၏။

သတ်လိုက်လျှင်... သူတို့လည်း သေကြသည်ပင်။

သိုင်းကမ္ဘာ့ သက်ရှိများသည် မကြောက် မရွံ့ဘဲ တိုက်ခိုက်နေကြ၏။

နင်ချီ ကျေနပ်အားရနေမိသည်။ ဤစစ်ပွဲကြီး ပြီးဆုံးသွားပါက သိုင်းကမ္ဘာသည် အသွင်ပြောင်းလဲမှု ကြီးမားစွာ ဖြစ်ပေါ်လာမည် ဖြစ်ပြီး၊ ၎င်းသည် သိုင်းကမ္ဘာနှင့် သက်ရှိများအတွက် ကံကောင်းခြင်း တစ်ပါး ဖြစ်လာပေလိမ့်မည်။

"အာရုံလွင့်နေရဲသေးတယ်ပေါ့လေ"

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်က အေးစက်စွာ နှာမှုတ်လိုက်သည်။

သူ လက်ကို ဆန့်ထုတ်လိုက်ရာ၊ ငရဲပွက် မိစ္ဆာသံကြိုးများမှ ရစ်သိုင်းနေသော မိစ္ဆာချီများ ထွက်ပေါ်လာပြီး၊ ချက်ချင်းပင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် ဧရာမ လက်ဝါးကြီး အဖြစ် စုစည်းသွား၏။ ဟင်းလင်းပြင် အလွှာလိုက် ပြိုကျပျက်စီးသွားရာ၊ မျက်နှာပြင်သာမက နက်ရှိုင်းသော ဟင်းလင်းပြင် အထိပါ ပျက်စီးသွားရ၏။

မူလဝိညာဉ် နယ်ပယ် အကြီးအကဲ တစ်ဦးစီတိုင်းသည် သူတို့၏ နည်းဗျူဟာများကို ထုတ်ဖော်လိုက်ကြသည်။

နတ်ဘုရား နည်းစနစ်များကို သုံးသူသုံး၊ ရတနာများကို ထုတ်သူထုတ်ဖြင့် စွမ်းအားများ လွှမ်းမိုးနေ၏။ သူတို့ နင်ချီကို လုံးဝ လျှော့မတွက်ရဲကြချေ။ အကယ်၍ တောင်နှင့် ပင်လယ် နယ်မြေတွင် ဆိုပါက သူတို့ ကြောက်ရွံ့မည် မဟုတ်သော်လည်း၊ ယခုမူ ရန်သူ့နယ်မြေထဲတွင် ရောက်ရှိနေသည် မဟုတ်ပါလော။

နယ်မြေ အရှင်သခင် ဆိုသည်မှာ အလွယ်တကူ ရန်စ၍ ရသူ မဟုတ်ပေ။

"ဝုန်း"

ကြောက်မက်ဖွယ် တုန်ခါမှုကြီးသည် သိုင်းကမ္ဘာ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး၊ ကောင်းကင်ကို မဖောက်ထွင်းနိုင်သေးသော်လည်း ကြီးမားသော တုန်ခါမှုကို ခံစားနေကြရသည်။ နက်ရှိုင်းသော ဟင်းလင်းပြင် ပြိုကျမှု၏ ဂယက်ရိုက်ခတ်မှုများသည် နေရာအနှံ့ ရိုက်ခတ်သွားရာ၊ တောင်တန်းကြီးများ တစ်ခုပြီး တစ်ခု ပြိုကျပျက်စီးကုန်ပြီး၊ သက်ရှိ ကုဋေပေါင်းများစွာ ထိတ်လန့်တကြား ထွက်ပြေးကြရ၏။

"မဟာ ဓာတ်ကြီးငါးပါး ဓားချီ" အလင်းတန်းများသည် ကောင်းကင်သို့ ထိုးတက်သွားပြီး၊ များပြားလှသော မူလဝိညာဉ် နယ်ပယ် ရန်သူများကို ရင်ဆိုင် တိုက်ခိုက်လိုက်၏။

ဤ အံ့မခန်း ထိပ်တိုက်တွေ့ဆုံမှုကြီးကြောင့် အနီးနားရှိ သိုင်းကမ္ဘာ့ စွမ်းအားရှင်များနှင့် မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများသည် ကြောက်ရွံ့ တုန်လှုပ်နေကြရ၏။ အကယ်၍ "အရပ်ဆယ်မျက်နှာ ငရဲပွက် မိစ္ဆာ အခင်းအကျင်း" ကသာ စွမ်းအား အများစုကို ပိတ်ဆို့ထားခြင်း မရှိပါက၊ သူတို့သည် ဤမျှ နီးကပ်စွာ တိုက်ခိုက်ရဲကြမည် မဟုတ်ဘဲ၊ ချက်ချင်း အမှုန့်ကြိတ်ခံရပေလိမ့်မည်။

နင်ချီ၏ ဆံပင်ရှည်များသည် လေထဲတွင် လွင့်ပျံနေ၏။ သူ၏ ပုံရိပ်သည် ထည်ဝါ ခံ့ညားနေကာ တစ်ကိုယ်လုံး အလင်းရောင်များ ဖြာထွက်နေ၏။

ကြယ်တာရာ အလင်းတန်းများနှင့် နယ်ပယ် စွမ်းအားများ စုစည်းထားသဖြင့်၊ သူသည် တစ်ယောက်တည်းနှင့် ရန်သူ ဆယ်ယောက်ကို ရင်ဆိုင်နေရသော်လည်း အားနည်းသည့်ပုံ မပေါ်။

တစ်ခါတစ်ရံတွင် သိုင်းကမ္ဘာ့ စွမ်းအားရှင်များကို ကူညီရန် ကြယ်တာရာ စွမ်းအားများကိုပင် ခွဲဝေပေးနိုင်သေး၏။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် အံ့အားသင့်သလို ဒေါသလည်း ထွက်နေမိသည်။

နင်ချီ ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ဤအဆင့် စွမ်းအားသည် မူလဝိညာဉ် နယ်ပယ် (ပြည့်စုံခြင်း) အဆင့် ဟု သတ်မှတ်နိုင်ပြီး၊ သူ၏ အစွမ်းကုန် အင်အားနှင့်ပင် ယှဉ်နိုင်လောက်နေပြီ ဖြစ်သည်။

ပြတ်သားစွာ ဆုံးဖြတ်ရပေမည်။

"အရပ်ဆယ်မျက်နှာ မိစ္ဆာ သံကြိုး"

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ် ဟိန်းဟောက်လိုက်သည်နှင့် ကြိုတင် ပြင်ဆင်ထားသော အကြီးအကဲများသည် သွေးတစ်လုပ်စီ ပြိုင်တူ ထွေးထုတ်လိုက်ကြ၏။ သွေးစွန်းသွားသော မိစ္ဆာချီများသည် ပိုမို အားကောင်းလာပြီး၊ ဟင်းလင်းပြင် တစ်ခုလုံးကို အနီနှင့် အမည်း ရောယှက်နေသော အရောင် အဖြစ် ပြောင်းလဲသွားစေရာ၊ ကြယ်တာရာ အလင်းတန်း အနည်းငယ်သာ ထိုးဖောက် ဝင်ရောက်နိုင်တော့သည်။

ခံစားချက်သည် အလွန်အမင်း ဖိစီး လေးလံလှ၏။

ပိုမို ကြောက်မက်ဖွယ် ကောင်းသော သွေးရောင် မိစ္ဆာသံကြိုးများသည် ဟင်းလင်းပြင် နက်ရှိုင်းရာမှ၊ ကမ္ဘာ့အပြင်ဘက်မှ လာသကဲ့သို့ ထိုးထွက်လာကြသည်။

ထို မိစ္ဆာသံကြိုးများသည် သက်ရှိ သတ္တဝါများကဲ့သို့ပင်၊ မဟာ ဓာတ်ကြီးငါးပါး ဓားချီ၏ ကာကွယ်မှုကို ထိုးဖောက်ပြီး၊ နင်ချီကို သိုင်းကမ္ဘာထဲမှ အတင်းအကြပ် ဆွဲထုတ်ရန် ကြိုးစားလိုက်ကြ၏။

ဒါက မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ မဟာဗျူဟာပင်။

နင်ချီ၏ ကမ္ဘာ့ဆန္ဒသည် ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲတွင် ရှိနေသမျှ ကာလပတ်လုံး အမြဲတမ်း အထွတ်အထိပ် အခြေအနေတွင် ရှိနေမည်ကို သူ ကောင်းစွာ သိထား၏။ လုံးဝ ပြတ်သားသော စွမ်းအားဖြင့် ချေမှုန်းနိုင်ခြင်း မရှိပါက၊ သူ့ကို အနိုင်ယူရန် မလွယ်ကူပေ။ သို့မဟုတ်ပါက ဤအတိုင်း ဆက်တိုက်နေလျှင် သူတို့ ဆယ်ယောက်စလုံး အင်အားကုန်ခမ်းသွားပေလိမ့်မည်။

ကမ္ဘာတစ်ခု၏ အခြေခံ အုတ်မြစ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ကမ္ဘာငယ်လေး ဖြစ်နေလျှင်ပင် ခြွင်းချက် မရှိပေ။

"တစ်ခုတည်းသော နည်းလမ်းက... သူ့ကို ကမ္ဘာငယ်လေးထဲကနေ ဆွဲထုတ်ပစ်ဖို့ပဲ... အဲဒီကျမှ 'အရပ်ဆယ်မျက်နှာ ငရဲပွက် မိစ္ဆာ အခင်းအကျင်း' ရဲ့ စွမ်းအားနဲ့ သူ့ကို အလွယ်တကူ ဖိနှိပ်ပစ်လိုက်မယ်"

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် အစွမ်းကုန် ကြိုးစား အားထုတ်လိုက်ရာ၊ မိစ္ဆာသံကြိုးများသည် ဟင်းလင်းပြင် မြွေဆိုးများပမာ နင်ချီနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေကြ၏။

နင်ချီ ဖြတ်တောက်လိုက်သော ဓားချီ တစ်ချက်တိုင်းတွင် မိစ္ဆာသံကြိုးများ ပြတ်တောက်သွားသော်လည်း၊ နောက်ထပ် သံကြိုးများ ချက်ချင်း အစားထိုး ဝင်ရောက်လာကြ၏။

မိစ္ဆာနက်ဂိုဏ်းမှ မူလဝိညာဉ် နယ်ပယ် ကျွမ်းကျင်သူ ဆယ်ဦးစလုံးသည် အစွမ်းကုန် ထုတ်သုံးနေကြပြီး၊ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်နေကြ၏။

မျက်စိတစ်မှိတ် အတွင်း...

နင်ချီသည် အရပ်ဆယ်မျက်နှာ မိစ္ဆာသံကြိုးများ၏ လုံးဝ ရစ်ပတ် ချည်နှောင်ခြင်းကို ခံလိုက်ရ၏။ အပြည့်အဝ ပိတ်မိခြင်း မရှိသေးသော်လည်း၊ သံကြိုးများသည် ထိုဟင်းလင်းပြင် အပိုင်းအစကိုပါ ဖိအားပေး၍ ဆုတ်ဖြဲ ယူဆောင်သွားကြ၏။

သိုင်းကမ္ဘာ့ လူထုကြီး၏ ထိတ်လန့်တကြား အကြည့်အောက်တွင်...

နင်ချီသည် များပြားလှသော မိစ္ဆာသံကြိုးများ၏ ဆွဲတင်ခြင်းကို ခံရပြီး ကောင်းကင်ယံသို့ တရိပ်ရိပ် မြင့်တက်သွား၏။

မရေမတွက်နိုင်သော နှလုံးသားများထဲတွင် မကောင်းသော နိမိတ်များ ဖြစ်ပေါ်လာကြ၏။

မိစ္ဆာနက်ဂိုဏ်း ကျွမ်းကျင်သူများ၏ ရည်ရွယ်ချက်ကို သူတို့ မသိကြသော်လည်း၊ မရိုးသားကြောင်းကိုတော့ ရှင်းလင်းစွာ သိမြင်နေကြ၏။

နှလုံးသားတိုင်း ဆွေးမြည့်သွားကြ၏။

မရေမတွက်နိုင်သော လူများသည် ဒူးထောက် ဆုတောင်းနေကြပြီး၊ နယ်မြေ အရှင်သခင် အနေဖြင့် ကပ်ဘေး အပေါင်းကို ကျော်လွှားနိုင်ပါစေကြောင်း ဆုတောင်းနေကြ၏။

နင်ချီ၏ ပုံရိပ် ကောင်းကင်ယံတွင် ဝေးကွာသွားသည်ကို မြင်လိုက်ရသောအခါ၊ သိုင်းကမ္ဘာ့ စွမ်းအားရှင်များသည် စိုးရိမ်ပူပန်လာကြပြီး၊ မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်နှင့် အပေါင်းအပါများမှာမူ နောက်ဆုံး ရလဒ်ကို ကြိုတင် မြင်ယောင်နေသကဲ့သို့ ပြုံးဖြီးဖြီး ဖြစ်နေကြတော့၏။

All Chapters