အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
🥝 Chapter 79
[ အောက်ခြေအသင်းသည် ဒုတိယအဆင့် မှော်လက်နက်ကိုအသုံးပြု၍ ပိုးကောင်ကျွေးမွေးခြင်း တာဝန်ကို ဒုတိယအကြိမ်မြောက်အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။ ]
[ ဆုလာဘ်- ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀! ]
[ ကြံ့ခိုင်မှုတာဝန်အတွင်း အခြေခံအဆင့်သားရဲတစ်ကောင်အား အောင်မြင်စွာသတ်ဖြတ်နိုင်ပါက အပိုဆောင်း ဝိညာဉ်ကျောက်တုံး ၅၀၀ ချီးမြှင့်မည်။ ]
စုကျို အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အခြားသူများ၏နဖူးပေါ်တွင်လည်း သူမကဲ့သို့ပင် ၂၉၉ ဟူသော နံပါတ်များကိုတွေ့လိုက်ရသည်။
ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ကို သူတို့အသင်း၏ခွဲတမ်းထဲသို့ တိုက်ရိုက်ထည့်သွင်းပေးလိုက်သည်။
အဖွဲ့သားများသည် လိုအပ်သည်များအား ချက်ချင်းဖြည့်တင်းပြီးနောက် အသင်းတာဝန်မှရရှိလာသော ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ရင်ပြင်အတွင်းရှိ တယ်လီပို့အစီရင်စုနှင့် ဝိညာဉ်စွမ်းအင်စုဆောင်းသည့် အစီရင်စုကိုအဆင့်မြှင့်တင်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် စုကျို ရင်းနှီးကျွမ်းဝင်သော တယ်လီပို့ရေတွင်းတစ်ခု ရင်ပြင်အတွင်း၌ပေါ်ပေါက်လာခဲ့သည်။
[ သခင်တစ်ရာခန်းမ ]
[ မိစ္ဆာကျွန်ခန်းမ ]
[ ဝိညာဉ်ပိုးဖလံဂေဟာ ထွက်ပေါက် (နားရက်များတွင်သာ အသုံးပြုနိုင်သည်) ]
[ ကျမ်းစာဂေဟာ (ဤအဆင့်ရှိ ထိပ်သီးအသင်း ဆယ်သင်းသာ ဝင်ရောက်နိုင်သည်) ]
[ ချုံးလင် ]
[ သားရဲလွင်ပြင် (အလွန်အန္တရာယ်များသည်။ သတိထား၍ ဝင်ရောက်ပါ။) ]
...
တယ်လီပို့ရေတွင်း၏အထက်တွင် ရွေးချယ်နိုင်သော ခရီးစဉ်များစွာပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လူတိုင်းမှာ မိမိတို့ နှစ်သက်ရာကျင့်ကြံရေးထိုင်ခုံများကို ဝယ်ယူခဲ့ကြပြီး အဖွဲ့လိုက်စကားပြောဆိုရင်း အသုံးပြုနိုင်ရန် ရင်ပြင်ထဲချထားလိုက်ကြသည်။ ၎င်းတို့မှာ ဆူးတစ်ထောင်ခန္ဓာကိုယ်လေ့ကျင့်ရေးထိုင်ခုံ၊ တည်ငြိမ်အေးချမ်းသော ‘သတိပဋ္ဌာန်’ ထိုင်ခုံ၊ မိုးကြိုးနှင့် မီးတောက်လောင်မြိုက်စေသော ထိုင်ခုံ အစရှိသည်တို့ ဖြစ်ကြသည်။
လိုကျားသည် ဆူးတစ်ထောင်ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးနောက် မျက်နှာသေဖြင့် အလျှင်အမြန် ပြန်ထရပ်ကာဆင်းလိုက်သည်။
ယနေ့တွင်မူ ပိုင်ယို့လုနှင့် ကျူးပိုင်ယွီတို့မှာ မောင်နှမအရင်းများကဲ့သို့ဖြစ်နေကြသည်။ သူတို့၏ပါရမီအားနည်းချက်များမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ကြသော်လည်း ‘သတိပဋ္ဌာန်’ ထိုင်ခုံပေါ်တွင်ထိုင်လိုက်သည်နှင့် သေသွားသည့်အလား... မည်သည့်ခံစားချက်မျှ မရှိဘဲ အေးချမ်းငြိမ်သက်နေကြသည်။
အခြားသူများမှာမူ မီးတောက်လောင်မြိုက်စေသော ထိုင်ခုံပေါ်တွင် တက်လိုက်ဆင်းလိုက်လုပ်နေကြပြီး ၎င်းတို့၏အမူအရာများမှာ ထူးဆန်းလို့နေသည်။
“အသုံးတော့ တည့်ပါတယ်... ဒါပေမဲ့ ခဏခဏတော့သုံးလို့မရဘူး” ယင်လီသည် ဖော်ပြမတတ်အောင် ထိတ်လန့်သွားသော အမူအရာဖြင့် သူမ ကျောပြင် မည်းတူးသွားသည်ကို ကြည့်ကာ အမြန်ပင်ထရပ်လိုက်ရသည်။
လိုကျားက မျက်လုံးမှိတ်လျက် ပြုံးလိုက်သည် - “အမိတဘ၊ တကယ်ပါပဲ၊ ကျင့်ကြံခြင်းဆိုတာ ကိုယ့်ကိုကိုယ်ပဲ အားကိုးရတာပါ”
သူ့အဖိုးတန် သင်္ကန်းမှာ ဆူးတစ်ထောင်ထိုင်ခုံကြောင့် အပေါက်အပြဲများဖြင့် ဗရပွဖြစ်သွားခဲ့ရသည်။
“အာ... နင် ဘာပြောလိုက်တာလဲ?”
ကျူးပိုင်ယွီ အမူအရာမှာ စက်ရုပ်တစ်ရုပ် စကားပြောနေသကဲ့သို့ တည်ငြိမ်နေသည်။
“ဘာဖြစ်လို့လဲ?”
တည်ငြိမ်အေးချမ်းရေးထိုင်ခုံမှာ တကယ်အသုံးဝင်လှသည်။
တခြားသူတွေ ဘာပဲပြောပြော သူ ဘာမှနားမလည်ပေ။
သဘာဝကျစွာပင် သူ့စိတ်မှာ ငြိမ်သက်နေပြီး ဒေါသထွက်ခြင်း သို့မဟုတ် အားငယ်ခြင်းများလည်းမရှိတော့ပေ။
လူတိုင်းက ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ စီအကုန်ခံ၍ ဝယ်ထားသော ‘အမြင့်မြတ်ဆုံး ပြစ်ဒဏ်’ ကျင့်ကြံရေးထိုင်ခုံများမှာ ချက်ချင်းပင် အလကားဖြစ်သွားရတော့သည်။
သူတို့၏အသစ်အဆန်းလိုချင်သောစိတ်ဖြင့် ဝယ်ယူမှုအပေါ် စုကျိုက ကိုယ်ချင်းစာသော်လည်း သူမ ကိုယ်တိုင်ကမူလိုက်မလုပ်ရန် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“အဲဒါတွေကို ပြန်ရောင်းလိုက်တော့”
“...မရောင်းပါဘူး၊ ငါတို့ သုံးမှာပါ”
“...”
ဒါကတော့ သာမန်အဖွဲ့တစ်ခု၏ အသစ်အဆန်းလိုချင်စိတ်ဖြင့် ဝယ်ယူမိသည့် ကိစ္စလေးတစ်ခုမျှသာ။
ဒါပေမဲ့ မှတ်တမ်းတင်ထားဖို့တော့ ကောင်းသည်။
၎င်းတို့ခြောက်ယောက်စလုံးမှာ ထိုင်ခုံများကိုပြန်မပေးရန် ခေါင်းမာနေကြပြီး အသစ်ဝယ်ယူထားသော ရင်ပြင်အတွင်းရှိ ဝိညာဉ်စွမ်း အင်စုဆောင်းသည့် အစီရင်စုထဲတွင်သာ နေ့ညမပြတ် ပုန်းအောင်း၍ကျင့်ကြံနေကြသည်။
စုကျို သူတို့၏ ဒုတိယအဆင့်ကျင့်ကြံရေးပလ္လင်ခြေထောက်များကို တစ်လက်မခွဲခန့်စီ ခိုးဖြတ်ကာ ပိုးအိမ်ထဲသို့ထည့်ပြီး ပိုးကောင်များကို ကျွေးလိုက်သည်ကိုပင် ၎င်းတို့ သတိမထားမိကြပေ။
စုကျို ပြုံးလိုက်မိသည်။
တကယ်ကောင်းတဲ့ အသင်းဖော်တွေပဲ။
သူ့အတွက်တော့ အကွက်တိပင်။
[ အောက်ခြေအသင်း ပိုးမွေးမြူရေးလူသစ် တတိယတာဝန်စတင်ပြီ! ]
[ ကြံ့ခိုင်မှုတာဝန်- သင်တို့မွေးမြူထားသော ပိုးကောင်များ၏သံမဏိစိတ်ဓာတ်နှင့် သံမဏိအရိုးအဆစ်များဖြစ်လာစေရန် လေ့ကျင့်ပေးပါ။ ]
[ ဝိညာဉ်ပိုးဖလံဂေဟာမှ ထွက်ရှိသော ပိုးကောင်များအတွက် ပထမဆုံးလိုအပ်ချက်မှာ ကြံ့ခိုင်မှုဖြစ်သည်။ ]
[ အကောင်းဆုံး ပိုးချည်ဆိုသည်မှာ ကြာရှည်စွာသိမ်းဆည်းထားသော်လည်း မပြဲနိုင်၊ မပုပ်နိုင်၊ ပိုးမွှားဒဏ်ကို မကြောက်ရဘဲ လေဒဏ်မိုးဒဏ်ကို ခံနိုင်ရည်ရှိရမည်။ ]
[ ဝိညာဉ်ပိုးကောင်၏စိတ်ဓာတ် ပိုမိုခိုင်မာလေလေ၊ ၎င်းမှ ထုတ်လုပ်ပေးမည့် ပိုးချည်မှာ ပိုခိုင်ခံ့လေလေ ဖြစ်ကာ နောင်တစ်ချိန်တွင် ဖျက်ဆီး၍မရသော နတ်ဘုရားဝတ်ရုံများကိုချုပ်လုပ်နိုင်မည်ဖြစ်သည်။ ]
[ ကြံ့ခိုင်မှုတာဝန်- တစ်ဦးချင်းစီသည် မိမိတို့၏ဝိညာဉ်ပိုးကောင်ကို မိစ္ဆာသားရဲတောအုပ်သို့ယူဆောင်သွားရမည်။ ထို့နောက် သားရဲရဲများ၏ ရှေ့တွင် တစ်နေ့လျှင် ၁၊ ၂၊ ၄၊ ၈၊ ၁၆၊ ၂၀ နှင့် ၂၄ အမွှေးတိုင်စာ အချိန်များအလိုက် ခုနစ်ရက် ဆက်တိုက်ထုတ်ပြ၍ ပိုးကောင်၏စိတ်ဓာတ်ကို လေ့ကျင့်ပေးရမည်။ ]
[ ထိုလုပ်ငန်းစဉ်အတွင်း ဝိညာဉ်ပိုးကောင်မှာ ထိတ်လန့်၍သတိလစ်သွားခြင်း၊ ထွက်ပြေးခြင်း၊ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ပါက ရှုံးနိမ့်သည်ဟု သတ်မှတ်မည်။ ]
[ ပိုးကောင်အားလုံး ကြံ့ခိုင်မှုတာဝန်ပြီးဆုံးမှသာ အသင်းတစ်ခုလုံးအောင်မြင်မည်။ ]
[ အသင်းလိုက် ဆုလာဘ်- ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀! ]
[ ကြံ့ခိုင်မှုတာဝန်အတွင်း အခြေခံအဆင့်သားရဲတစ်ကောင်အား အောင်မြင်စွာ သတ်ဖြတ်နိုင်ပါက အပိုဆောင်း ဝိညာဉ်ကျောက်တုံး ၅၀၀ ချီးမြှင့်မည်။ ]
စုကျိုသည် သူ့လက်ဖမိုးပေါ်တွင် စာသားအသေးလေးတစ်ခု ပေါ်လာသည်ကို သတိပြုမိလိုက်သည်။ (သားရဲတောအုပ် - ၀/၇ ရက်) ကျန်ရှိသည့်သူများ၏လက်ပေါ်တွင်လည်း ထို့သို့ပင် ပေါ်နေလေသည်။
“ဘာလို့ ဒီနေ့ ငါတို့ကို ဘယ်သူမှ လာမစိန်ခေါ်ကြတာလဲ ?” ကျူးပိုင်ယွီ ပိုးကောင်ကြံ့ခိုင်မှုတာဝန်ကို ကြည့်ကာပြောလိုက်သည်။
“ရုတ်တရက်ကြီး အထီးကျန်သလို ခံစားရတယ်နော်”
“ငါတို့ ဝိညာဉ်ကျောက်တုံးတွေကို နှစ်ဆမရှာနိုင်တော့ဘူး”
ကျန်ရှိသူများအားလုံးလည်း ထပ်တူထပ်မျှ နှမြောတသသော အမူအရာများပြသလာကြလေသည်။
ဝိညာဉ်ပိုးဖလံဂေဟာသည် တာဝန်များနှင့်ပြိုင်ပွဲများအားလုံးအတွက် ဆုလာဘ်အဖြစ် ဝိညာဉ်ကျောက်တုံးများကိုသာ အသုံးပြုသည်။ အကြောင်းမှာ ပိုးကောင်မွေးမြူခြင်းမှာ အမှန်တကယ်ပင် ကုန်ကျစရိတ်အလွန်ကြီးမားသောကြောင့် ဖြစ်သည်။
သူတို့ ပိုက်ဆံ အသည်းအသန်လိုအပ်နေကြသည်!
ဒုတိယအဆင့် ဝိညာဉ်လက်နက်၏အရသာကို မြည်းစမ်းဖူးသွားကြပြီးကတည်းက သူတို့ပိုးကောင်ပေါက်လေးများမှာ အစားအသောက် အလွန်ရွေးလာကြသည်။
ယခင်ကမူ မြတ်သောကျောက်စိမ်းပိုးစာရွက်များကို စားခဲ့ကြသော်လည်း၊ အဓိပ္ပာယ်မရှိသည့် လူသစ်တာဝန်ကို ပြီးဆုံးအောင်ဆောင်ရွက်ပြီး ပိုးကောင်လေးများကို ဒုတိယအဆင့် ဝိညာဉ်လက်နက်ကျွေးပြီးကတည်းက အဆိုပါပိုးစာရွက်များကို အနံ့ပင် မခံချင်ကြတော့ပေ။ တကယ့်ကို အသက်ရှူကျပ်စရာကောင်းသော လူသစ်တာဝန်ပင်!
သူတို့ပိုးကောင်များမှာ ဒုတိယအကြိမ်အရေခွံလဲသည့်အဆင့်အတွက် လိုအပ်သောကိုယ်အလေးချိန်နှင့် အရွယ်အစားသို့ ရောက်ရှိရန် ယခုအခါ နေ့စဉ် ဒုတိယအဆင့် ဝိညာဉ်ပစ္စည်းတစ်ခုကို စားသုံးရန်လိုအပ်နေပြီဖြစ်သည်။
“ငါတို့တော့ ပြုတ်ကုန်တော့မှာပဲ”
စုကျီကျီ တွက်ချက်ကြည့်လိုက်ရာ တတိယအကြိမ်အရေခွံလဲပြီးပါက တစ်နေ့လျှင် ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့်ကုန်ကျနိုင်သည်ကို သိလိုက်ရသည်။ သူမ ငိုချင်စိတ်ပေါက်သွားသည်။
“ဒီလူသစ်တာဝန်က ပိုက်ဆံပေးတာ မဟုတ်ဘူး၊ ပိုက်ဆံတွင်းကြီး ဖြစ်နေတာပဲ!”
“ဒုတိယအကြိမ်အရေခွံလဲပြီးကတည်းက သူတို့ရဲ့အစားအသောက်က ပိုကြီးလာတယ်”
“သူတို့ထက်တောင်ကြီးတဲ့ မှော်လက်နက်တွေကို ဘယ်လိုများ ကုန်အောင်စားနေကြတာလဲ? တကယ့် တိရစ္ဆာန်တွေအတိုင်းပဲ!”
“ငါဖတ်ခဲ့တဲ့ အချက်အလက်တွေအရဆိုရင်တော့...”
ယင်လီ လက်ညှိုးထောင်ကာပြောသည်။
“တတိယအကြိမ် အရေခွံလဲနေတုန်းမှာ သူတို့ ခန္ဓာကိုယ်ထက် အဆတစ်ဆယ်လောက်ကြီးတဲ့ ဝိညာဉ်အစာတွေကို နေ့တိုင်းစားမှသာ အဟာရပြည့်ဝတယ်လို့ သတ်မှတ်လို့ရတာတဲ့”
သူမ ပိုးကောင်တွေကို အပြင်သို့ လွှတ်ပစ်ချင်စိတ်ပေါက်သွားမိသည်။
လူတိုင်းမျက်နှာပေါ်တွင် လုံးဝစိတ်ပျက်အားငယ်သည့် အရိပ်အယောင်များဖြတ်ပြေးသွားကြသည်။
စုကျိုကမူ သူတို့၏သည်းခံနိုင်စွမ်းကို စဉ်းစားရင်းတိတ်ဆိတ်နေခဲ့သည်။
သူတို့၏ပိုးအိမ်လေးများနှင့် ယှဉ်လျှင် ဒါက ဘာများဖြစ်နိုင်မည်နည်း?
သူတို့ အရွယ်အစားထက် ဆယ်ဆကြီးသည့် ဝိညာဉ်အစာကို စားခြင်းမှာပင် များလှသည်မဟုတ်ပေ။
တယ်လီပို့ရေတွင်းအတွင်းသို့ လှမ်းဝင်လိုက်ကြစဉ် စုကျို ဆွဲထုတ်လိုက်သော ခွေးလှောင်အိမ်ကို မြင်လိုက်ရသည့်အခါ အားလုံး မှင်သက်သွားကြသည်။
“မဟုတ်ဘူး စုကျို... ခွေးလှောင်အိမ်ကြီး သယ်လာတာ ဘာသဘောလဲ?”
“နင် ဒီခွေးအသစ်ကို ဘယ်တုန်းက ဝယ်လိုက်တာလဲ?”
စုကျို လက်နှစ်ဖက်ဖြင့် မနည်းမတင်နေရသည့် လေးလံသော ခွေးလှောင်အိမ်ကြီးကို လူခြောက်ယောက်စလုံး စိုက်ကြည့်နေကြသည်။ အတွင်းရှိ ခုနစ်ရောင်ခြည် ဝိညာဉ်အလင်းလုံးကြီးကို မြင်လိုက်ရသည့်အခါ သူတို့ အသက်ရှူပင် ကျပ်သွားကြသည်။
“ဒီခွေးက... နင့်ရဲ့ပိုးကောင်လို့တော့ မပြောနဲ့နော်???”
“???”
“!!”
ပိုးအိမ်မှာကျုံ့နိုင်ဆန့်နိုင်သဖြင့် ပိုးကောင်ကြီးထွားရန် နေရာအလုံအလောက် ပေးထားနိုင်သည်။
အကယ်၍ ပိုးကောင်မှာ ခွေးငယ်လေးတစ်ကောင် အရွယ်အစားအထိ ကြီးထွားလာပါက ရွှေရောင်ပိုးအိမ်မှာ သဘာဝကျစွာပင် ခွေးလှောင်အိမ် ဖြစ်သွားပေလိမ့်မည်။
စုကျို သူ့ နှာခေါင်းကိုတို့ထိလိုက်သည်။ လက်တစ်ဖက်တည်းနှင့် မတင်ရန် ပိုလေးလံလာသဖြင့် သူ့နောက်မှ ချန်ယွမ်ထံသို့အမြန်လွှဲပေးလိုက်ရ သည် - “ဟေး... ငါ့ကောင်က နေ့တိုင်း သူ့အရွယ်အစားထက် ဆယ်ဆကြီးတဲ့ ဝိညာဉ်ပစ္စည်းတွေကိုစားနေတာ၊ တကယ် ခေါင်းကိုက်စရာပဲ”
“...”
“ဒါဆို... နင် သူ့ကို ဘာတွေကျွေးလို့လဲ?”
“အများကြီးတော့ မဟုတ်ပါဘူး၊ ချန်ယွမ် မလိုချင်တော့တဲ့ တတိယအဆင့် မျက်နှာဖုံးနှစ်ခုရယ်၊ ဪ... ပြီးတော့ ချန်ယွမ့်ခန္ဓာကိုယ်ပေါ်မှာ လဲလျောင်းပြီး သူ့ခန္ဓာကိုယ်ကိုထိုးဖောက်ထားတဲ့ သံကြိုးတွေကို ကိုက်စားခိုင်းလိုက်တာ”
လူတိုင်း၏အကြည့်များမှာ ပိုထူးဆန်းလာသည်ကို စုကျို သတိပြုမိလိုက်သည်။
သူမ မျက်နှာလေး အနည်းငယ်နီမြန်းသွားသည်။
“ငါက ချန်ယွမ့်ဆီက ဝိညာဉ်ရတနာကိုလိုချင်လို့ မဟုတ်ပါဘူး၊ သူ အချည်နှောင်ခံထားရတာ နေရခက်နေတာမြင်လို့ သူ့ကို ပိုပြီး သက်သောင့် သက်သာဖြစ်စေချင်ရုံတင်ပါ”
“...”
သူတို့ ခြောက်ယောက်စလုံးသည် သူမ နောက်တွင် ကိုယ်ရံတော်သဖွယ်ရပ်နေသည့် အလွန်ချောမောသော နီရဲသော ဝတ်ရုံနှင့် မိစ္ဆာလူငယ် လေးကိုလှည့်ကြည့်လိုက်ကြသည်။
အမှန်ပင်... သူ့ လက်မောင်းနှင့် ခြေထောက်များကို ချည်နှောင်ထားသည့် သံနက်ကြိုးများမှာ များစွာတိုတောင်းသွားခဲ့ပြီဖြစ်သည်!
“နင်တို့က တကယ်နှေးတာပဲ! ဒီနေ့မှ သတိထားမိကြတာလား?”
စုကျို သူ့အသင်းဖော်များ၏ စူးရှသောအမြင်အာရုံကို ချီးကျူးလိုက်သည်။
“ဒါ့အပြင် ငါက မလိုအပ်တဲ့ အရာတွေကိုပဲကျွေးခဲ့တာပါ၊ ပထမအဆင့် ထိုင်ခုံတွေ၊ အုတ်ကြွပ်ပြားတွေ၊ ကြမ်းခင်းကျောက်ပြားတွေ၊ ရွှေတိုင်တွေ...”
“ဒါတွေ အားလုံးကမလိုအပ်တော့တဲ့ အရာတွေပဲ၊ နှမြောစရာမှမဟုတ်တာ၊ ပြီးတော့ နင်တို့ မလိုချင်တော့တဲ့ ဒုတိယအဆင့် ထိုင်ခုံတွေလည်း ပါသေးတယ်...”
“! ?”
“???”
“!”
“အံ့ဩစရာ မရှိတော့ဘူး၊ ဒီနေ့ ငါ ထိုင်လိုက်တုန်းက ငါ့အင်္ကျီတွေ မြေကြီးပေါ်တရွတ်တိုက်နေသလိုခံစားရတာ!”
ကျူးပိုင်ယွီ ဒေါသထွက်သွားတော့သည်။
စုကျို အံ့အားသင့်သွားပြီး “ဟမ်... ယင်လီ နင်တို့ကို မပြောပြဘူးလား? သူ့ရဲ့ အရာအားလုံးကို သိနိုင်တဲ့ သစ်သားဓာတ်ပါရမီနဲ့ဆိုရင် သစ်သားထိုင်ခုံပေါ်က ငါ့ရဲ့လှုပ်ရှားမှုတွေကို သူ ဖတ်လို့ရနေရမှာလေ”
အားလုံးက ယင်လီထံ ဒေါသတကြီး လှည့်ကြည့်လိုက်ကြတော့သည်။
“လက်နက်ချစမ်း!”
“ဘုရားသခင်... ကျွန်တော့်ကို ကူညီပါ၊ ဒီဂျူနီယာညီမယင်လီကို သတ်ခွင့်ပြုပါ!”
“စီနီယာယင်... ဘဝသစ်ရွက်!”
ယင်လီ “...! စုကျို၊ ငါတို့ ထိုင်ခုံခြေထောက်တွေကို ခွဲဝေယူကြမယ်လေ၊ နင် ငါ့ကို ဘာလို့ ဒီလိုလုပ်ရတာလဲ!”
နောက်တစ်ခဏတွင် အောက်ခြေအသင်းသားများသည် ဝိညာဉ်ပိုးဖလံဂေဟာ၏တပည့်များလေ့ကျင့်ရာကွင်းပြင်ဖြစ်သော ‘သားရဲတောအုပ်’ သို့ တယ်လီပို့ခြင်းခံလိုက်ရသည်။
လူတိုင်းမှာ တိုက်ခိုက်လိုစိတ်များပြင်းထန်နေပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုအတွင်းသို့ရောက်ရှိသွားကြတော့သည်။
[ သတိပြုရန်၊ အောက်ခြေအသင်းသားများသည် သားရဲတောအုပ်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ အားလုံးသတိရှိကြပါ! ]
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း...
အောက်ခြေအသင်းသား ခုနစ်ဦးတိုက်ခိုက်နေသည့် မြင်ကွင်းမှာ အဆင့် ၃၀ ကောင်းကင်ယံထက်တွင် ချက်ချင်းပေါ်ပေါက်လာခဲ့သည်။
ကောင်းကင်သို့ မော့ကြည့်လိုက်သော တပည့်အားလုံးမှာ - “???”
တပည့်များအားလုံးသည် ဝိညာဉ်ကျောက်တုံးများအသုံးပြု၍ နေ့စဉ် ပြိုင်ပွဲများနှင့် လေ့ကျင့်ခန်း မြင်ကွင်းများကိုကြည့်ရှုခွင့်ရှိသည်။ ဝိညာဉ်ကျောက်တုံး အသုံးမပြုသောသူများမှာမူ အသက်ရှူအကြိမ် ခြောက်ဆယ်စာအချိန်ခန့်သာ ကြည့်ရှုနိုင်သည်။
“သားရဲတွေပဲ... ဒီအောက်ခြေအသင်းက ငါတို့ကို ဝိညာဉ်ကျောက်တုံးတွေသုံးပြီး သူတို့လေ့ကျင့်တာကို ကြည့်အောင်ထပ်ပြီး လှည့်စားနေ တာလား?”
“လူသစ်တွေ ပီပီ... သူတို့က ပုံရိပ်ယောင်ဖန်သားပြင်တွေ ဝယ်အောင်လှည့်စားဖို့အတွက် အာရုံစိုက်ခံရမယ့် အသင်းတွင်းရန်ဖြစ်တဲ့ နည်းဗျူ ဟာကိုတောင် သုံးလာကြတာပဲ”
“ငါတော့ အလိမ်မခံဘူး၊ လုံးဝ အလိမ်မခံဘူး! ဒါနဲ့... လစဉ် ပုံရိပ်ယောင်ကြည့်ဖို့ ဝယ်ရမယ့်နေရာက ဘယ်မှာလဲ ပြောကြဦး?”
“ကောင်းပြီလေ၊ ကောင်းပြီ... ငါ ဝယ်လိုက်ပါ့မယ်၊ ဒီတစ်ခါတော့ ဒီအောက်ခြေအသင်းက ဘယ်လောက်အထိ အတောမသတ်နိုင်အောင် လုပ်ဦးမလဲဆိုတာ ကြည့်ချင်သေးတယ်!”
[ အခြေခံအဆင့်ကျင့်ကြံသူ အများအပြားရှိနေခြင်းကြောင့် ရွှေအမြုတေအဆင့် မိစ္ဆာသားရဲများကို ဆွဲဆောင်မိရန်လွယ်ကူသည်။ ထို့ကြောင့် အောက်ခြေအသင်းသားများအနေဖြင့် လွတ်လပ်စွာအုပ်စုဖွဲ့ကြပါ။ ]
[ အုပ်စုတစ်ခုစီတွင် အခြေခံအဆင့်ကျင့်ကြံသူ အများဆုံးနှစ်ဦးသာ ပါဝင်နိုင်သည်။ ]
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း...
အောက်ခြေအသင်းသားများမှာတော့ ကျပန်းအုပ်စုဖွဲ့၍ တိုက်ခိုက်နေကြဆဲဖြစ်သည်။
ဒီနေ့အကောင်းဆုံး ကံဇာတာကိုရရှိထားသော ပိုင်ယို့လုသည် ချက်ချင်း မူလအရွယ်အစားထက်သုံးဆခန့် ကြီးထွားလာပြီး သူမ၏ ပိုးကောင်များပင် ပိုကြီးလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူမသည် ကြေးဝါငှက်ကြီးတစ်ကောင်ကိုဖမ်းဆွဲကာ ယင်လီထံသို့ပစ်ပေါက်လိုက်သည်။
ဖူး~
သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားပြီး အုပ်စုတစ်ခုအနေဖြင့် တယ်လီပို့ခြင်းခံလိုက်ရသည်။
ကျူးပိုင်ယွီ၏ကျောက်စိမ်းခါးပတ် ရှစ်ခုမှာ သူ့ပတ်ပတ်လည်တွင်လွင့်ပျံနေပြီး သူ လက်တစ်ဖက်ဖြင့် ညာဘက်မျက်ခုံးကိုဖိထားရင်း
“သည်းခံ... သည်းခံစမ်း၊ မိန်းမတွေကို မရိုက်နဲ့... ကလေးတွေကို မရိုက်နဲ့... သည်းခံ၊ သည်းခံ... ငါ သည်းခံနိုင်တယ်...”
စုကျီကျီနှင့် စုရှင်းချန်တို့က မျက်မှောင်ကြုတ်ကာ တစ်ပြိုင်နက်တည်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။
“အစ်ကို ဘယ်သူ့ကို ရိုက်ချင်တာလဲ?”
သူပြောတဲ့ မိန်းမက သူတို့ရဲ့ကျဲ စုကျိုလား?
ကလေးက သူတို့လား ?
ကလေးနှစ်ယောက်သည် ကျူးပိုင်ယွီထံသို့ ချက်ချင်းပြေးဝင်သွားကြသည်။
“အစ်ကိုကျူး၊ ကျွန်တော်တို့ လက်ရည်မစမ်းဖြစ်တာကြာပြီပဲ၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး!”
သူတို့ သုံးဦးစလုံးမှာလည်း ထိုနေရာမှပျောက်ကွယ်သွားပြီး တယ်လီပို့ခြင်း ခံလိုက်ရပြန်သည်။
မျက်စိမှိတ်ထားသော လိုကျားကမူ ပြုံးလိုက်ပြီး စုကျို သိုလှောင်အိတ်ကို ချက်ချင်းတို့လိုက်သည်။
“လက်နက်ချစမ်း!”
ဖူး~
စုကျိုကသူ့အပေါ် ကိုးဆသော ‘ကော်ပီစနစ်’အသုံးမပြုနိုင်အောင် သူ ရှောင်တိမ်းလိုက်သည်။
သို့သော် သူ နောက်ဆုတ်လိုက်သည်နှင့် နီရဲသောဝတ်ရုံဖြင့် ချောမောသော လူငယ်လေးမှာ သူ့နောက်တွင် ပေါ်လာပြီးလမ်းပိတ်လိုက်သည်။
“နောက်ပြန်ဆုတ်၊ မဟုတ်ရင် သေလိုက်!” ချန်ယွမ် ပြောလိုက်သည်။
သူ၊ စုကျိုနှင့် ချန်ယွမ်တို့မှာ ချက်ချင်းတယ်လီပို့ခြင်း ခံလိုက်ရတော့သည်။
[ မယုံနိုင်စရာပဲ... ]
[ ဒီလို အုပ်စုဖွဲ့တာမျိုး တစ်ခါမှမမြင်ဖူးဘူး... ]
[ အသေအလဲ တိုက်ခိုက်နေကြတာ၊ သူတို့က အသင်းဖော်တွေ ဟုတ်ရဲ့လား? တောင်းပန်ပါတယ်နော် ]
[ နည်းနည်းတော့ မျှော်လင့်မိသား၊ ဘာတွေ ဆက်ဖြစ်ကြမှာလဲ? ]
[ အောက်ခြေကနေ အထက်လူတွေကိုဖြုတ်ချတာဆိုတော့... နင်တို့ကို ‘ပြိုကွဲနေတဲ့အသင်း’ လို့ပဲ ခေါ်ရတော့မလား! ]
စုကျို၊ မျက်စိမှိတ်ထားသော လိုကျားနှင့် ချန်ယွမ်တို့မှာ သရဲတစ္ဆေနှင့် ဝံပုလွေများ အူဟောင်သံများပြည့်နှက်နေသည့် မှောင်မိုက်သော ပတ်ဝန်းကျင်တစ်ခုသို့ တယ်လီပို့ခြင်း ခံလိုက်ရသည်။
ဝဲယာကိုကြည့်လိုက်သောအခါ သူတို့ပတ်ပတ်လည်တွင် ဒုတိယအဆင့်အခြေခံအဆင့် ဝံပုလွေ ၁၀ ကောင်ကျော် ဝိုင်းထားသည်ကို တွေ့လိုက် ရသည်။
[ ငရဲအဆင့် ခက်ခဲမှုပဲ]
[ ကြံ့ခိုင်မှုတာဝန်က တကယ်ကို ခက်ခဲတာပဲ... လက်လျှော့လိုက်တာ ပိုကောင်းမယ်]
[ သွားပြီ၊ ဒီအုပ်စုကတော့ တာဝန်ပြီးမြောက်မှာ မဟုတ်တော့ဘူး ]
စုကျိုနှင့် မျက်စိမှိတ်ထားသော လိုကျားတို့အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ကျောချင်းကပ်လျက် ဝံပုလွေများကိုရင်ဆိုင်လိုက်ကြသည်။
သူတို့၏ ပိုးကောင်ပေါက်လေးများကို လွှတ်လိုက်ကြသည်။
နဖူးထက် ဗုဒ္ဓတံဆိပ်တော်ပါရှိသော လက်မအရွယ်ကျောက်စိမ်းရောင်ပိုးကောင်လေးမှာ ရွှေရောင်ဒီဇိုင်းပါသောဝတ်ရုံကို ဝတ်ဆင်ထားသယောင် ရှိနေသည်။
ထိုထူးဆန်းသော ဝတ်စားဆင်ယင်မှုမှလွဲ၍ ၎င်းမှာ ပုံမှန်အတိုင်းပင်။
*****
🥝 Chapter 80
စုကျို စိန်ခေါ်မှုကိုလက်ခံလိုက်သည့် ခဏ၌ပင် သူမထံသို့ပြေးဝင်လာကြသော အဆင့် ၃၀ ရှိ စစ်သည်တော်များမှာအေးခဲသွားကြလေသည်။
သူမ လက်ဖဝါးပေါ်ရှိ အဆီခဲတုံးကြီးမှာမြေပြင်ပေါ်ရှိ ခွေးအုပ်ကြီးနှင့်ပင် တစ်ရွယ်တည်းမဟုတ်တော့ပေ။
[ လုရန်ကျား၏ ဝိညာဉ်ပိုးကောင်: ]
[ အရပ်အမြင့်: ★★ ]
[ ခါးနှင့် တင်ပါး: ★★ ]
[ အလေးချိန်: ★★ ]
[ စုကျို၏ ဝိညာဉ်ပိုးကောင်: ]
[ အရပ်အမြင့်: ★★★★★★★★★ ]
[ ခါးနှင့် တင်ပါး: ★★★★★★★ ]
[ အလေးချိန်: ★★★★★★★★★★ ]
စိန်ခေါ်သူ: “!!!”
‘ဒိုင်း’ ခနဲ အသံနှင့်အတူ လေထုထဲရှိ စိန်ခေါ်မှုမှာ အပြတ်အသတ်အင်အားကြီးမားလှသည်။ စုကျို ဝိညာဉ်အလင်းမှာ တောက်ပစွာ လင်းလက်သွားပြီး တစ်ဖက်လူ၏သွေးတန်းမှာ လုံးဝကုန်ခမ်းသွားတော့သည်။
အဆင့် ၃၀ ရှိ လုရန်ကျားမှာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ရသည်။
ချက်ချင်းပင်လောင်းကြေးဖြစ်သော ဝိညာဉ်ကျောက်တုံး ငါးထောင်မှာ စုကျိုထံသို့ပါသွားလေပြီ!
[...]
[...]
ဒီအရပ်အမြင့်၊ ခါးနဲ့ အလေးချိန်က... တကယ်ပဲ ဝံပုလွေခွေး မဟုတ်ဘူးလား ?
[...]
[ ကျောက်တုံးကို ကြက်ဥနဲ့ထုတဲ့ အချည်းနှီးကြိုးပမ်းမှုပဲ။ ]
[ ပိုးကောင်ကိုသုံးပြီး ခွေးနဲ့ တိုက်ခိုက်နေတာလား...]
အဆင့် ၃၀ မှ လမ်းသွားလမ်းလာမှာ မျက်နှာကိုအုပ်၍ငိုယိုကာ အမြန်ထွက်ပြေးသွားတော့သည်။
“ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးနေရတာလဲ!”
စုကျို ပြုံးလိုက်ပြီး သူ့ဘေးရှိ လိုကျားထံသို့လှည့်ကြည့်လိုက်သည်။
“စီနီယာအစ်ကို၊ ကျွန်မနဲ့ အရွယ်အစားချင်းယှဉ်ကြည့်ချင်လား?”
လိုကျား: “...”
ဖြူဖွေးသော ဝံပုလွေနှစ်ကောင် ဘေးချင်းယှဉ် လျှောက်လှမ်းနေလျှင် ငါသည် ဝံပုလွေပိုးကောင် ဟုတ်၊ မဟုတ် မည်သို့ ခွဲခြားနိုင်မည်နည်း။ သားရဲတောအုပ်အတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည့် ဒုတိယအဆင့် သံမဏိဝံပုလွေအုပ်မှာ သူတို့အားလုံးဝဝိုင်းရံထား သော်လည်း သူတို့ရှေ့ရှိ နှင်းဝံပုလွေလုံးကြီးကိုကြည့်ကာ ဝံပုလွေအုပ်မှာ ခဏမျှမှင်သက်သွားကြသည်။ ထိုခဏ၌ သူတို့သည် ရန်သူလား မိတ်ဆွေလားဆိုသည်ကို မခွဲခြားနိုင်ကြပုံရသည်။
“ဝူး~”
ဝံပုလွေဟောင်သံမှာ ကောင်းကင်သို့ ပဲ့တင်ထပ်သွားသည်။ သူတို့သည် တောရိုင်းတိရစ္ဆာန်ဗီဇကို အသုံးချကာ သတ္တဝါကြီးကိုရှောင်ကွင်း၍ လိုကျား၏ပိုးကောင်လေးကို ဝိုင်းရံလိုက်ကြသည်! လိုကျားမှာ မျက်စိမှိတ်ထားလျက်ပင် ပါးစပ်ထောင့်မှာတွန့်ချိုးသွားရသည်။
“...”
“ဟေး ဟေး ဟေး၊ မသွားကြနဲ့ဦးလေ!”
စုကျိုသည် သိုးထိန်းခွေးက သိုးအုပ်ကို မောင်းသကဲ့သို့ ဝံပုလွေအုပ်နောက်သို့ချက်ချင်းလိုက်ပြီး ဝံပုလွေအချို့ကို သူ့ ပိုးကောင်လေးထံသို့ မောင်းထုတ်ရန်ကြိုးစားတော့သည်။
“ငါ့ရဲ့ ကြံ့ခိုင်မှုတာဝန်... မသွားနဲ့လေ၊ ငါ့ပိုးကောင်ကို တိုက်ခိုက်စမ်း!”
ဝံပုလွေများမှာ ပိုမြန်မြန်ပြေးကြပြီး လိုကျား၏ ပိုးကောင်လေးကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။
လိုကျား: “...လက်နက်ချစမ်း”
ဂျွတ် ဂျွတ် ဂျွတ် ဂျွတ်
သံနက်ကဲ့သို့ မာကျောသော ဝံပုလွေအချို့၏ပါးစပ်များနှင့် သူတို့အမွေးပေါ်ရှိ ချွန်ထက်သော ဆူးများမှာ ‘တောက်တောက်’ ခနဲ အသံနှင့်အတူ ကျွတ်ကျကုန်ကာ အမွေးမရှိသော ပန်းရောင်ဝံပုလွေပေါက်လေးများဖြစ်သွားကြသည်။
“ဝါး”
စုကျို အထင်ကြီးစွာဖြင့် လေချွန်လိုက်ပြီးနောက် ငိုမဲ့မဲ့ဖြစ်သွားပြန်သည်၊
“မဟုတ်ဘူးလေ၊ စီနီယာအစ်ကိုလိုကျား၊ အနည်းဆုံးတော့ ငါ့ပိုးကောင်အတွက် တစ်ကောင်လောက် ချန်ထားပေးလို့မရဘူးလား?”
လိုကျား၏ပိုးကောင်လေးနှင့် ရင်ဆိုင်ရသောအခါ ဝံပုလွေများမှာ ဖိအားသာပေးနိုင်ပြီး တိုက်ခိုက်ရန်နည်းလမ်းမရှိတော့ပေ! လိုကျား၏ ပိုးကောင်မှာ ဝင်းခနဲလင်းလက်သွားပြီး ဖိအားအောက်တွင် ပိုကြံ့ခိုင်လာသည်။ သို့သော် သူမ၏ ခုနစ်ရောင်ခြည်ပိုးကောင်ကြီးမှာမူ မြေပြင်ပေါ် တွင် လူးလှိမ့်ကာ ချစ်စဖွယ်အမူအရာများလုပ်ပြနေပြီး ၎င်းအား ဖိအားပေးမည့် ဝံပုလွေ သို့မဟုတ် သားရဲ တစ်ကောင်မှအနားတွင် မရှိပေ။
လိုကျား: “...ဂျူနီယာညီမစု၊ တခြားနေရာကို သွားကြည့်ရင်ကော ဘယ်လိုလဲ? ဝံပုလွေတွေက... သူ့အတွက် နည်းနည်းသေးလွန်းနေပုံရတယ်”
“...” စုကျိုမှာ တိတ်ဆိတ်သွားရသည်။
“အစာ အများကြီးစားပြီး နည်းနည်းဝနေရုံတင်ကို အပယ်ခံထားရတာလား?”
လိုကျားမှာ ဆွံ့အသွားပြီး ငုံ့ကြည့်လိုက်ရာ စုကျိုပိုးကောင်မှာ ပိုးကောင်ထက် သားရဲတစ်ကောင်နှင့်ပိုတူနေသည်ဟု ခံစားလိုက်ရသည်!
“ဂျူနီယာညီမစု၊ သားရဲတောအုပ်ရဲ့အလယ်ဗဟိုကို နီးကပ်သွားလေ သားရဲတွေက ပိုသန်မာလာလေပဲ၊ အဲဒီနေရာကို ဖြည်းဖြည်းချင်း ချဉ်းကပ်သွားရအောင်”
စုကျို ခေါင်းညိတ်လိုက်သည်။ ထိုနည်းလမ်းတစ်ခုသာ ရှိတော့သည်။ သားရဲတောအုပ်မှာ အလွန်အန္တရာယ်များသည်ဟု ဆိုသော်လည်း သူတို့သည် သီချင်းဆိုရင်း ဖြတ်သန်းသွားလာကာ ကြမ်းကြုတ်ပြီးအန္တရာယ်ရှိသော မိစ္ဆာသားရဲများစွာကို နှိမ်နင်းခဲ့ကြသည်။
သူတို့သည် တိုက်ခိုက်ရေး လေ့ကျင့်ရင်း ဝိညာဉ်ပိုးကောင်၏စိတ်ဓာတ်ကို မြှင့်တင်ပေးကြသည်။ လိုကျားလက်ဖမိုးပေါ်တွင် [ ကြံ့ခိုင်မှုတာဝန် ၁/၇ ရက် ] ဟု ပေါ်လာကာ ပထမဆုံးနေ့မှာ ပြီးဆုံးသွားပြီ ဖြစ်သည်။
စုကျိုလက်မှာမူ အပြောင်းအလဲမရှိဘဲ ၀/၇ ရက် အတိုင်းသာ ရှိနေသေးသည်။
“?” စုကျိုမှာ မယုံနိုင်စရာဖြစ်သွားရသည်။
“ခုနကတင် အခြေခံအဆင့်အစောပိုင်း ကျင့်ကြံသူတွေဖြစ်တဲ့ ကြေးဝါငှက်ကြီးတွေ အများကြီး ဖြတ်သွားတာပဲ၊ ဒါပေမဲ့ ငါ့ပိုးကောင်က အရေထူလွန်းလို့ သားရဲတောအုပ်ဆီက ဘာခြိမ်းခြောက်မှုကိုမှ မခံစားရတာလား?”
[ ကြံ့ခိုင်မှုတာဝန်: ဝိညာဉ်ပိုးကောင်၏ စိတ်ဓာတ်ခိုင်မာမှုကိုလေ့ကျင့်ပေးပါ၊ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင်ပင် ထွက်ပြေးခြင်းမရှိဘဲ ၎င်းသခင်နှင့်အတူ အခက်အခဲများကို အတူတကွရင်ဆိုင်နိုင်ပါစေ။ ]
“ဒီလို ဝိညာဉ်ပိုးကောင်မျိုးက နောင်တစ်ချိန်မှာခိုင်ခံ့ပြီး မပြတ်တောက်လွယ်တဲ့ ပိုးချည်ကိုထုတ်ပေးလိမ့်မယ”
“စုကျိုရဲ့ဝိညာဉ်ပိုးကောင်က သားရဲတောအုပ်ဆီကခြိမ်းခြောက်မှုကို ခံစားနေရသလိုလိုလည်းရှိတယ်၊ မရှိဘူးလည်း ဖြစ်နေတယ်နော်”
လိုကျား တိတ်ဆိတ်သွားသည်။
“ဒီလို အခြေအနေမျိုး ငါ တစ်ခါမှ မကြုံဖူးဘူး ဂျူနီယာညီမ”
ဘယ်သူကကော ဒီလောက်ကြီးတဲ့ ပိုးကောင်မျိုးကြုံဖူးမှာတဲ့လဲ?
“ရှောင်လုကို မေးကြည့်ရင်ကော ဘယ်လိုလဲ? သူမက ဒီအဆင့်မှာ နေလာတာ နှစ်ငါးဆယ်ရှိပြီဆိုတော့ အတွေ့အကြုံ ပိုရှိနိုင်တယ်”
ယနေ့အကောင်းဆုံးကံစာတာကို ရရှိထားသော ဟောက်ယို့လုသည် ရှောင်ယင်း၏ဂွမ်းရုပ်လေးမှတစ်ဆင့် စုကျိုနှင့်အဆက်အသွယ် အမြန်ပြုလုပ်ပေးသည်။ ဂွမ်းရုပ်လေး၏တစ်ဖက်ခြမ်းတွင် စီနီယာအစ်မယို့လုမှာ အချိန်အတော်ကြာ တိတ်ဆိတ်နေသဖြင့် သေသွားပြီလားဟုပင် ထင်မှတ်ရသည်၊ အတော်ကြာမှ သူ့အသံမှာ ထွက်ပေါ်လာတော့သည်။
“ရှောင်ကျို... နင့်ဘေးနားက ကြယ်ငါးပွင့်မိစ္ဆာကောင်က ပိုပြီးတော့ ကြမ်းကြုတ်နေလို့ဖြစ်နိုင်မလား?”
“???”
စုကျိုသည် အမှန်တရားနှင့် နီးကပ်လာသည်ဟုခံစားရကာ အသက်ရှူပင် ကျပ်သွားမိသည်။
“သူက ကြယ်ငါးပွင့် မိစ္ဆာကောင်နဲ့နေ့ရောညပါ အတူနေနေတာဆိုတော့ အရေထူသွားတာကြာပြီပဲ၊ မဟုတ်ဘူး၊ သူက သာမန်အခြေခံအဆင့် သားရဲတွေရဲ့ဖိအားကို မကြောက်တော့တာ”
စုကျို၏ ‘ပိုးကောင်လေး’ မှာ သူမကဲ့သို့ပင် ဝိညာဉ်သန့်စင်ခြင်း အဆင့်မှာသာရှိသေးသည်ကို သူမ ရှင်းရှင်းလင်းလင်းသိသည်။ သို့သော် ၎င်းမှာ မောက်မာဖောင်းပွလာသဖြင့် သာမန် အခြေခံအဆင့်သားရဲများကိုပင် မကြောက်တော့ပေ။ ပိုးမွေးမြူရေးလမ်းညွှန်ထဲက ပြောထားတာ မှန်ပေ သည်၊ ‘ပိုးကောင်တွေက သူတို့သခင်နဲ့တူတတ်တယ်’ တဲ့။ သူမ၏အရှက်မရှိတတ်သည့် စရိုက်ကိုကောင်းကောင်းကြီး အမွေဆက်ခံထားကြ သည်။
“ငါတို့ ဘာလုပ်ကြမလဲ?”
စုကျို ပျာယာခတ်သွားသည်။ သူ့ ပိုးကောင်မှာ သားရဲတောအုပ်ရှိ သားရဲများ၏ခြိမ်းခြောက်မှုကို မခံစားနိုင်ပါက၊ ပိုးချည်ခိုင်ခံ့စေသည့် တာဝန်ကို မပြီးမြောက်နိုင်တော့ပေ။ ထိုသို့ဆိုလျှင် ဝိညာဉ်ပိုးဖလံဂေဟာ၏လူသစ်တာဝန်များမှ အကျိုးအမြတ်ထုတ်နိုင်တော့မည် မဟုတ်ချေ။ သို့ဖြစ်ရာ သူမ ဘာလုပ်ရမည်နည်း?
“သားရဲတောအုပ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အတောင်ပံနှစ်ဖက်ပါတဲ့ ကျားတစ်ကောင်ရှိတာ ငါသိတယ်၊ သူက အခြေခံအဆင့် အထွတ်အ ထိပ်ကို ရောက်နေပြီး အမြုတေဖွဲ့စည်းဖို့နီးစပ်နေပြီ၊ အဲဒီကို သွားကြည့်ရင်ကော ဘယ်လိုလဲ?”
ဟောက်ယို့လုက အကြံပေးသည်။
“ဒါပေမဲ့ ငါအားနည်းလွန်းတော့ နင့်ကိုအကြံအမှားတွေ ပေးမိမှာကြောက်တယ်၊ နင့် ကံကြမ္မာကို ငါ တွက်ချက်ပေးရမလား?”
သူမ လုပ်ရပ်များမှာ ရိုလာကိုစတာ စီးနေရသကဲ့သို့ အလွန်စွန့်စားရလေ့ရှိပြီး အသင်းဖော်များကို ငရဲ သို့မဟုတ် နတ်ပြည်သို့ ရောက်သွားစေ တတ်သည်။ ရှေ့က ‘အနိုင်အရှုံး မျှတသည့်’ အောင်ပွဲအရသာကို မြည်းစမ်းဖူးထားသဖြင့် စုကျိုလောင်းကစားစိတ်ဓာတ်မှာ ထပ်မံနိုးကြားလာ ပြန်သည်။
“အဆိုးဆုံးဖြစ်လှရင်လည်း အဲဒီနေ့က စုကျီကျီဖြစ်ခဲ့တာထက်တော့ မပိုနိုင်ပါဘူး၊ လာပါ၊ ငါ ရင်ဆိုင်နိုင်ပါတယ်”
စုကျိုသည် အပူတပြင်း နောက်ဆုံးကြိုးပမ်းမှုအဖြစ်တွေးတောထားသည်။ အကယ်၍ ယနေ့သည် အလွန်အမင်းကံဆိုးသည့်နေ့ ဖြစ်နေပါက သူ့ ‘ပိုးကောင်လေး’ ၏ အရေထူမှုကို ကံဆိုးမှုများကဒုက္ခပေးလိမ့်မည်၊ ထိုအခါ ၎င်း၏အရေထူမှုနှင့် သတ္တိများမှာကံဆိုးမှုဒဏ်ကြောင့် သိသိသာ သာလျော့နည်းသွားပေလိမ့်မည်။
သာမန် မိစ္ဆာသားရဲတွေကိုတောင် ကြောက်သွားနိုင်တာပေါ့။ ဒါဆိုရင် ပိုးတောအုပ်ထဲကို အသည်းအသန် သွားနေစရာမလိုတော့ဘူး။ ‘နိမိတ်မကောင်းတဲ့ ဟောကိန်း’ ကပိုကောင်းတယ်! စုကျို မျက်လုံးများတောက်ပသွားသည်။
“နိမိတ်မကောင်းတာပဲ ဖြစ်ပါစေ၊ ဒီနေ့က နိမိတ်မကောင်းတဲ့ ဟောကိန်းပဲဖြစ်ရမယ်နော် စီနီယာအစ်မယို့လု” စုကျို လက်အုပ်လေးချီကာ ဆုတောင်းလိုက်သည်။
ဟောက်ယို့လု၏ မိမိကိုယ်ကိုယ် အားမရသည့်အသံ ထွက်ပေါ်လာသည် -
“ဒါပေမဲ့ ငါ ဒီနေ့ အကောင်းဆုံး ကံဇာတာ တုတ်ချောင်းကို နှိုက်မိထားတာ၊ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းဆိုတာ တစ်ဆက်တည်းပဲလေ၊ တကယ်လို့ ငါ တစ်ယောက်ယောက်အတွက် တွက်ပေးရင် ကံကောင်းတာထက် ကံဆိုးတာက ပိုများနိုင်ပြီး နင့်ကိုပါ ဆွဲချမိလိမ့်မယ်၊ အိုး... ငါကတော့ တကယ့်ကို အသုံးမကျတဲ့သူပါပဲ! ကံကောင်းတာ၊ ကံဆိုးတာတွေကိုတောင် မထိန်းချုပ်နိုင်ဘူး၊ လူတိုင်းကို အမြဲတမ်း ကံဆိုးမှုတွေပဲ ပေးနေမိတာ...”
“ဟမ်? ရှောင်ကျို... နင် ဘာပြောလိုက်တာလဲ? နင်က ကံမကောင်းတဲ့တုတ်ချောင်းကို လိုချင်တာလား?”
ဟောက်ယို့လု၏ အံ့အားသင့်သွားသော အမူအရာမှာ ဂွမ်းရုပ်လေး ရှောင်ယင်းမျက်နှာထက်ပေါ်လာသည်။
“ဟုတ်တယ်လေ” စုကျိုက ဝန်ခံလိုက်သည်။
“ပိုဆိုးလေ ပိုကောင်းလေပဲ၊ ငါရော ပိုးကောင်ရော မကြောက်ဘူး၊ စီနီယာအစ်မ... နင့်ရဲ့ ကံဆိုးတဲ့ တုတ်ချောင်းတွက်သာ အစွမ်းကုန် ကြိုးစားလိုက်စမ်းပါ”
ဟောက်ယို့လုမှာ မှင်သက်သွားပြီး အချိန်အတော်ကြာ အသံတိတ်သွားသည်။ စုကျိုဘေးရှိ လိုကျားမှာ သူမကိုလှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။ ခဏအကြာတွင် သူ့မှိတ်ထားသော မျက်လုံးများကြားမှ တစ်စုံတစ်ခုကို နားလည်သွားသော အမူအရာပေါ်လာသည်။
“ဪ... ဒီလိုကိုး၊ တကယ့်ကို ရိုးရှင်းတဲ့ အခြေခံသဘောတရားပဲ”
“ယင်လီနဲ့ ငါ ဒါကို လုံးဝမတွေးမိခဲ့ကြဘူး”
“ယို့လုရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့တာကို ကုသဖို့ နည်းလမ်းက သူ့ကိုနှစ်သိမ့်ပေးဖို့ မဟုတ်ဘဲ၊ သူ့ရဲ့ကံဆိုးတဲ့တုတ်ချောင်းကို တကယ်လိုအပ်နေပေးဖို့ပဲ ဖြစ်ရမယ်”
သို့သော်လည်း နွေဦးရာသီကဲ့သို့နွေးထွေးသော မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ဂွမ်းရုပ်လေးထံပေါ်လာခဲ့သည်။
“အိုး... မဟုတ်တော့ဘူး၊ ဒါကကံကောင်းတာကြီးပဲ!” လိုကျား စိုးရိမ်တကြီး ပြောလိုက်သည်။
စုကျို: “...စီနီယာအစ်ကိုလိုကျား၊ ရှင် မျက်လုံးဖွင့်လိုက်ပြီပဲ”
“!”
လိုကျား အမြန် မျက်လုံး ပြန်မှိတ်လိုက်သည်။
“ငါတို့ ဘာလုပ်ကြမလဲ? ယို့လုရဲ့ တွက်ချက်မှုက တကယ်ကို မင်္ဂလာရှိတဲ့ ဟောကိန်း ဖြစ်နေတယ”
ဟောက်ယို့လုက အံ့ဩတကြီး ရေရွတ်လိုက်သည်။ သူမနှင့်အတူရှိနေသော ယင်လီမှာမူ သူ့ပိုးကောင်ကို ငှက်ပြာအုပ်ထဲသို့ ပစ်ထည့်နေသည်ကို စူးစမ်းလိုစိတ်ဖြင့် ရပ်တန့်လိုက်သည်။
“ဘာဖြစ်လို့လဲ စီနီယာအစ်မယို့လု ?”
ဟောက်ယို့လုသည် ငိုရမလို ရယ်ရမလိုဖြစ်နေသော ရှုပ်ထွေးသည့် အမူအရာဖြင့် သူ့ရင်ဘတ်ကို ဖိထားသည်။
“ရှောင်ယင်း... ငါ ကျင့်ကြံမှုအဆင့်တက်တော့မယ် ထင်တယ်”
ယင်လီ: “ဟမ်?”
“ငါ့ကိုယ်ငါ ယုံကြည်မှုတွေ တိုးလာသလိုခံစားရတယ်လေ”
သူမသည် အမြဲတမ်း ငုံ့ထားလေ့ရှိသော ခေါင်းကိုဖြည်းဖြည်းချင်း မော့လိုက်ရာ သူ့ချိုမြိန်သောမျက်ဝန်းများထဲတွင် တစ်ခါမှမမြင်ဖူးသည့် အလင်းရောင်တစ်ခုပေါ်လာသည်။
“နှစ်ပေါင်းငါးဆယ်တောင် ကုန်ဆုံးသွားခဲ့ပြီ၊ ဒါကို ငါ ဒီနေ့မှ သိလိုက်ရတာပဲ”
“ကံကောင်းခြင်းရော ကံဆိုးခြင်းရောက သူ့နေရာနဲ့သူ အသုံးဝင်တာပဲ၊ ကံဆိုးခြင်းဆိုတာက အန္တရာယ်ပဲပေးတတ်တာ မဟုတ်ဘူး”
“ဒါကြောင့် ငါ နိမိတ်မကောင်းတဲ့ဟောကိန်းကို နှိုက်မိရင်တောင် ငါ့အသင်းဖော်တွေက ငါ့ကို လိုအပ်နေသေးတာပဲ...”
သူမသည် ကံဆိုးမှုများဖြင့် လုံးပန်းနေရသည့်တိုင် သူမကိုလိုအပ်နေသည့် လူများရှိနေကြောင်း ပထမဆုံးအကြိမ်သိရှိသွားခဲ့ခြင်းဖြစ်သည်။ ယနေ့ စုကျို လုပ်ပြသွားသကဲ့သို့ပင်။
“စုကျိုနဲ့ မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးပါ ရှောင်ယင်၊ ငါ သူ့ကို သဘောကျသွားပြီ...”
ဟောက်ယို့လုခန္ဓာကိုယ်မှ အဆင့်တက်တော့မည့် အရိပ်အယောင် အလင်းတန်းများ ဖြာထွက်လာသည်။
“ငါ့ရဲ့ အားနည်းချက်တွေကို ငါ ကျော်လွှားနိုင်ခဲ့ပြီ ကောင်းပြီ၊ နည်းနည်းလေးတော့ ကျော်လွှားနိုင်ခဲ့ပြီပေါ့ နောက်ဆုံးတော့ အမြုတေဖွဲ့ စည်းခြင်းရဲ့ အဆင့်သတ်မှတ်ချက်ကို ရောက်သွားပြီ”
ယင်လီမှာထိတ်လန့်သွားပြီးနောက် သဘာဝကျလှသောအပြုံးဖြင့် ဟောက်ယို့လု ပုခုံးကိုဖက်လိုက်သည်။
“ငါ ပြောသားပဲ၊ စုကျိုက လူတွေရဲ့အားနည်းချက်ကို ကိုင်တွယ်တဲ့နေရာမှာ တကယ်တော်တာပါဆို!”
သို့သော် သူမ လက်ဖြင့်လှမ်းဖက်လိုက်သည်နှင့် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ရုတ်တရက် သူ့ ခန္ဓာကိုယ်မှာ လွင့်တက်သွားပြီး ‘ဒိုင်း’ ခနဲ အသံနှင့်အတူ သူမ၏ခြေထောက်များက အင်အားအပြည့်ဖြင့် ကန်ထုတ်လိုက်သဖြင့် သစ်ပင်တစ်ပင်ပေါ်သို့လွင့်စင်သွားတော့သည်! ဟောက်ယို့လု ပြုံးပြီး သူမကိုမော့ကြည့်လိုက်သည်။
“ဪ... မေ့လို့၊ ငါ အခုလေးတင်ပဲ အလွန်မင်္ဂလာရှိတဲ့ ရလဒ်တစ်ခုကို စမ်းသပ်လိုက်တာ၊ အစွမ်းကို နှစ်ဆတိုးပေးလိုက်တာလေ။ ငါ့ရဲ့ တစ်ကိုယ်စာ အချင်းဝက်အတွင်းမှာရှိတဲ့ သတ္တဝါအားလုံးရဲ့စွမ်းရည်တွေက နှစ်ဆ တိုးသွားတာ”
“!”
ယင်လီသည် ‘ဘုတ်’ ခနဲ အသံနှင့်အတူ သစ်ပင်ပေါ်မှခုန်ဆင်းလိုက်သည်။ ခွန်အားများ ရုတ်တရက်တိုးလာသောကြောင့် သူမသည် ၁၀ မီတာနက်သော တွင်းကြီးတစ်ခုထဲသို့ ခုန်ဆင်းမိသွားသည်။ သူ ပြန်တက်ရန် ကြိုးစားသော်လည်း ကောင်းကင်ပေါ်သို့သာ ပြန်လည်လွင့် တက်သွားပြန်သည်။
“...”
စီနီယာအစ်မယို့လု၊ နင့်ရဲ့အလွန်မင်္ဂလာရှိတဲ့ ဟောကိန်းနဲ့ အလွန်နိမိတ်မကောင်းတဲ့ ဟောကိန်းနှစ်ခုစလုံးက ကြောက်စရာကောင်းတာချင်း အတူတူပဲ! ယင်လီသည် သစ်ပင်ကိုအသေအလဲဖက်ထားကာ လှုပ်ပင်မလှုပ်ရဲတော့ပေ။
[...]
[...]
[...]
ယို့လုကို နှစ်ပေါင်းငါးဆယ်ကြာ ချည်နှောင်ထားသည့်ကျင့်ကြံခြင်း သံကြိုးများမှာပြတ်တောက်လုနီးပါး ဖြစ်နေပြီ။
[...]
သူက ရွှေအမြုတေအဆင့်ကို ခြေတစ်လှမ်းအလိုအထိ ရောက်သွားတာလား?
[...]
အံ့ဩစရာပဲ~
[...]
သူ ဘာပြောမလဲဆိုတာ ငါ ကြားချင်တယ်၊ ဘာဖြစ်တာလဲ?
[...]
ဝိညာဉ်ပိုးဖလံဂေဟာရဲ့ ပုံရိပ်ယောင်ပြသမှုကိုပြန်ဖွင့်ပေးဖို့ ဘယ်သူတွေ သွေးနဲ့လက်မှတ်ထိုး တောင်းဆိုချင်ကြလဲ?
[...] လက်ညှိုးထောင်လိုက်ပါ။
[...] ငါ သဘောတူတယ်။
[...] ငါ သဘောတူတယ်။
ပုံရိပ်ယောင်မှာ စုကျိုနှင့် လိုကျားတို့၏ မြင်ကွင်းသို့အမြန်ပြောင်းလဲသွားသည်။
ဖူး~
စုကျိုသည် နူးညံ့သိမ်မွေ့သော ‘မဟာမင်္ဂလာ အစွမ်းမြှင့်တင်ခြင်း’ ကောင်းချီးက သူ့ ဝိညာဉ်ပိုးကောင်ပေါ်သို့ ကျရောက်သွားသည်ကို တွေ့လိုက်ရသည်။
ခဏချင်းမှာပင် ထိုဝိညာဉ်ပိုးကောင်မှာ အမှန်တကယ်ပင် ခွေးကြီးတစ်ကောင်နှင့် တူသွားတော့သည်။
ကလစ်~
အလင်းလုံးကြီးအောက်ခြေမှ အမွှေးအမှင်များဖြင့် ဖုံးလွှမ်းထားသော ခွေးခြေထောက် လေးချောင်းထွက်ပေါ်လာပြီး ဟိန်းသံနှင့်အတူ သားရဲတောအုပ်၏အနက်ရှိုင်းဆုံးနေရာသို့ ပြေးဝင်သွားလေတော့သည်။
“တောက်... သူ့သတ္တိတွေက ပိုတိုးလာတာပဲ!”
စုကျို အော်လိုက်မိသည်။ ထိုပိုးကောင်သည် ဝံပုလွေအုပ်၏အူသံကိုပင် အတုခိုးတတ်နေပြီး အခြားသောသားရဲများကို ဖိအားပြန်ပေးနေ တော့သည်။
စုကျို: “...”
သူ့ လက်ဖမိုးပေါ်ရှိ [ ပိုးကောင်စိတ်ဓာတ် ကြံ့ခိုင်မှုတာဝန် ] မှာ နောက်ဆုံးတွင်လှုပ်ရှားလာခဲ့သည်။
[ ၀/၇ ရက် ] → [ -၁/၇ ရက် ]
“???”
【?】
【……】
【…………】
“ငါ ဒီတာဝန်ကိုတိုင်တန်းချင်တယ်၊ လူကိုယ်တိုင် ဖြေရှင်းပေးမယ့်သူဆီ ပြောင်းပေးစမ်းပါ! ငါ့ကို လူကိုယ်တိုင်ဖြေရှင်းပေးမယ့်သူဆီ ပြောင်းပေးကြစမ်း”
စုကျို သူ့လက်ပေါ်ရှိ တာဝန်အမှတ်အသားကို ဒေါသတကြီးထိုးဆိတ်လိုက်သည်။ တစ်ခုခုတော့ မှားနေပြီ၊ ဘယ်လိုလုပ်ပြီး တိုးတက်မှုက အနှုတ်လက္ခဏာ ဖြစ်သွားရတာလဲ?
“စီနီယာအစ်ကို လိုကျား... ဘယ်လိုထင်လဲ? အတိုင်းအဆမရှိတဲ့ သတ္တိတွေရှိနေတာတောင် သူက မကြံ့ခိုင်သေးဘူးလား?”
စုကျို လိုကျားကိုမေးလိုက်သည်။ လိုကျား မျက်လုံးမှိတ်ထားရင်းမှ တိတ်တဆိတ် မျက်လုံးတစ်ဖက်ကို အသာလေးဟကြည့်သည်။ စုကျိုက ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ အမြန်ပင်ပြန်မှိတ်လိုက်ပြန်သည်။
“ဂျူနီယာညီမလေးစု၊ နင့်ပိုးကောင်က တကယ်သတ္တိရှိပေမဲ့ သူ့ခွန်အားက ဝိညာဉ်သန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတယ်လေ”
“ဒါကိုကြံ့ခိုင်မှုလို့ မခေါ်ဘူး၊ မောက်မာတာလို့ခေါ်တယ်”
“သူထုတ်တဲ့ ပိုးချည်တွေက ပွယောင်းပြီးပျော့နေလိမ့်မယ်၊ အတွင်းထဲမှာလည်း အခေါင်းပွနေပြီးတော့ လုံးဝခိုင်ခံ့မှာမဟုတ်ဘူး”
စုကျို: “...”