← Chapters

ယွီမိသားစု (၅)

Vol. 7 Ch. 93

ယွီမိသားစု (၅)

Vol. 7 Ch. 93

"ဝမ်မိသားစုက အဆင့်မြင့် ဆေးလုံးတွေ လာပြီဗျို့... ချီစွမ်းအင် စုစည်းခြင်း ဆေးလုံး၊ ကိုယ်ထည် ခိုင်မာခြင်း ဆေးလုံးတွေ အကုန်ရှိတယ်..."

"အဆောင်တွေ... မိစ္ဆာတောင်ထွတ် ရှစ်ခုထဲ ဝင်မလား... ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးထဲ သွားမလား... အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ အရည်အသွေး ကောင်းမွန်ကြောင်း အာမခံထားတဲ့ အဆောင်တွေ ရမယ်ဗျို့... မိတ်ဆွေ... မသွားပါနဲ့ဦး... တစ်ချက်လောက် လာကြည့်ပါ..."

"ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးထဲက ရလာတဲ့ အခွင့်အရေး ပစ္စည်းတွေ ရောင်းမယ်... ဈေးတန်တုန်း လာဝယ်ကြဗျို့..."

ဈေးတန်းထဲသို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ဆူညံပွက်လောရိုက်နေသော ဈေးသည်များ၏ အော်ဟစ်သံများ၊ ဈေးဝယ်သူများ၏ ဈေးဆစ်သံများနှင့် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို တွေ့လိုက်ရ၏။

စုယွီသည် စူးစမ်းလိုစိတ် ပြင်းပြနေမိ၏။ ဒီနေရာက ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ထက်တောင် ပိုပြီး စည်ကားနေပါလား။

လမ်းမတန်း တစ်လျှောက် လျှောက်သွားလိုက်ရာ ဈေးတန်းသည် အလွန် ရိုးရှင်းပြီး ဖြစ်သလို ဆောက်လုပ်ထားသည်ကို တွေ့ရ၏။ ဆိုင်ခန်းများနှင့် ဈေးဆိုင်များသည် မြေကွက်လပ်ပေါ်တွင် အလွယ်တကူ ခွဲခြား သတ်မှတ်ထားခြင်း ဖြစ်ပြီး၊ တဲအိမ် အစုတ်များနှင့် ယာယီ နေထိုင်စရာများဖြင့် ပြည့်နှက်နေ၏။

တစ်သီးပုဂ္ဂလ ကျင့်ကြံသူများ၏ ဈေးတန်းကို တစ်ပတ်ခန့် လျှောက်ကြည့်ပြီးနောက် စုယွီသည် ဒုတိယအဆင့် ဆေးလုံးများ၊ အဆောင်များနှင့် ရုပ်သေး ဖန်တီးရန် လိုအပ်သော ကုန်ကြမ်းပစ္စည်း ဒါဇင်အနည်းငယ်ကို ဝယ်ယူလိုက်၏။

ရိတ်သိမ်းမှု အနည်းငယ်တော့ ရှိခဲ့ပါ၏။

သို့သော် ဤဈေးတန်းသည် ဂျင်းထည့်လှပေသည်။ အတုအပ ပစ္စည်းများလည်း ပေါများလှ၏။

ထို့နောက် စုယွီသည် ဈေးတန်း၏ အနောက်ဘက်ရှိ သစ်သားဆိုင်ခန်းများကို ဆက်လက် လေ့လာကြည့်ရှုလိုက်သည်။ ထိုနေရာတွင် မှော်လက်နက်များ၊ ဆေးလုံးများ၊ အဆောင်များနှင့် အခင်းအကျင်း အမျိုးမျိုးကို စုံလင်စွာ ရောင်းချနေကြ၏။

သို့သော် ပစ္စည်း အများစုမှာ ပထမအဆင့်သာ ရှိပြီး ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူများအတွက်သာ အသုံးဝင်သဖြင့် သူ့အတွက် သိပ်ပြီး အရာမရောက်လှပေ။

လျှောက်ကြည့်နေရင်း ရုတ်တရက် စုယွီ အာမေဍိတ်သံ ထွက်သွားမိ၏။ ရှေ့တွင် နှစ်ထပ် သစ်သား အဆောက်အဦး တစ်ခု ပေါ်လာသောကြောင့် ဖြစ်သည်။

ထိုအဆောက်အဦး၏ ရှေ့တွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ပေါ်၌ "ထျန်းရှု သိုင်းကျမ်းတိုက်" ဟူသော စာလုံးကြီး သုံးလုံးကို ထွင်းထုထား၏။

ဒီလို ယာယီ ဈေးတန်းမျိုးမှာ သိုင်းကျမ်းတိုက် လာဖွင့်ထားတယ်လား။

စုယွီ ဝင်ရောက် လေ့လာကြည့်ရန် စိတ်ကူးလိုက်သော်လည်း၊ ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက် ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်းပင် လှည့်ထွက်ကာ ထျန်းရှု သိုင်းကျမ်းတိုက်နှင့် ဝေးရာသို့ ရှောင်ထွက်သွားတော့သည်။

ထျန်းရှု သိုင်းကျမ်းတိုက်အတွင်း၌၊

အဘိုးအို တစ်ဦးသည် ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးမှ ရရှိထားသော စာအုပ်တစ်အုပ်ကို အေးအေးလူလူ ဖတ်ရှုနေ၏။

သူသည် အပြင်ဘက်သို့ မတော်တဆ လှမ်းကြည့်လိုက်မိပြီး မျက်ခုံးများ အနည်းငယ် ပင့်တက်သွား၏။

"စောစောက ထူးဆန်းတဲ့ ပုံရိပ်တစ်ခု တွေ့လိုက်ပါလား..."

အနည်းငယ် ထူးဆန်းနေသည်။ ထိုပုံရိပ်သည် လူသား တစ်ယောက်နှင့် မတူဘဲ တစ်မျိုးကြီး ဖြစ်နေသကဲ့သို့ ခံစားရ၏။

သို့သော် ထိုပုံရိပ်သည် ပျောက်ကွယ်သွားသည်မှာ မြန်ဆန်လွန်းလှသဖြင့် သူ သေချာ မမြင်လိုက်ရပေ။

အဘိုးအိုသည် ခေါင်းခါလိုက်ပြီး စိတ်ထဲ မထားတော့ဘဲ ရှေးဟောင်း စာအုပ်ထဲသို့ ပြန်လည် အာရုံစိုက်လိုက်တော့သည်။

အခြားတစ်ဖက်တွင်မူ...

ထျန်းရှု သိုင်းကျမ်းတိုက်နှင့် ဝေးရာသို့ ရောက်ရှိသွားသော တာအို ကိုယ်ပွား ရုပ်သေးသည် သစ်သားအိမ် တစ်လုံးကို ငှားရမ်းလိုက်ပြီး ဈေးတန်းထဲတွင် ယာယီ အခြေချလိုက်၏။ နောက်ပိုင်း ရက်များတွင် သူသည် ဈေးတန်း သတင်းများနှင့် ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီး အခြေအနေများကို စုံစမ်းထောက်လှမ်းခဲ့၏။

မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ ဆုတ်ခွာသွားပြီး ဖြစ်သော်လည်း ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီး နယ်မြေသည် အန္တရာယ် ကင်းစင်သွားခြင်း မရှိသေးပေ။

အပျက်အစီး နယ်မြေ အတွင်းရှိ အဆုံးမဲ့သော ထောင်ချောက်များနှင့် အခင်းအကျင်းများ အပြင် ရေတွက်၍ မကုန်နိုင်သော ရက်စက်ကြမ်းကြုတ်သည့် သားရဲများလည်း ရှိနေသေးသည်။

ထို့ပြင် တတိယအဆင့် သားရဲများပင် ရှိနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေ၏။

ထိုမျှမကသေး... အကယ်၍ သင်သည် ကံကောင်းထောက်မစွာဖြင့် အခွင့်အရေး တစ်ခုခု ရရှိခဲ့လျှင်တောင်မှ ထိုအရာက သင့်ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မည်ဟု အာမခံချက် မရှိပေ။

လူသတ် လုယက်ခြင်းများသည် မိစ္ဆာတောင်ထွတ် ရှစ်ခုနှင့် အပျက်အစီး နယ်မြေတို့တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော ကိစ္စရပ်များ ဖြစ်ကြသည်။

တာ့ယွဲ့ နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများ စောင့်ကြပ်နေသော ဤဈေးတန်း တစ်ခုတည်းသာလျှင် လုံခြုံစိတ်ချရသော နေရာ ဖြစ်ပေသည်။ ယခုအချိန်ထိ ဤဈေးတန်းထဲတွင် ပြဿနာရှာပြီး အသက်ရှင်လျက် ပြန်ထွက်သွားနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးချေ။

ယာယီ ဈေးတန်း၏ လုပ်ဆောင်ပုံများကို နားလည်သွားပြီးနောက် စုယွီသည် တာအို ကိုယ်ပွား ရုပ်သေးကို ဤနေရာတွင် ခေတ္တ ထားရှိရန် ဆုံးဖြတ်လိုက်ပြီး ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရန်အတွက် ဆိုင်ခန်းတစ်ခု ငှားရမ်းလိုက်၏။

ထို့ပြင် စုယွီသည် ဈေးတန်း၏ လူစည်ကားမှုကို အခွင့်ကောင်းယူပြီး ဆေးလုံးများ၊ အဆောင်များနှင့် ရုပ်သေးများကို ရောင်းချကာ အရင်းအမြစ် အချို့ ရှာဖွေနိုင်ဦးမည် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်... ဒီမှာ ရှိနေတာက တာအို ကိုယ်ပွား ရုပ်သေးပဲလေ။ ပြီးတော့ တာ့ယွဲ့ နန်းတော်ကလည်း ကြီးကြပ်နေတာ ဆိုတော့ အန္တရာယ်က အနည်းဆုံးပါပဲ။

မိစ္ဆာတောင်ထွတ် ရှစ်ခု ယာယီ ဈေးတန်းတွင် ဆိုင်ခန်းဖွင့်ပြီး (၃) လခန့် အကြာတွင် တာအို ကိုယ်ပွား ရုပ်သေး၏ ဆိုင်ခန်းသည် တစ်သီးပုဂ္ဂလ ကျင့်ကြံသူများအကြား ရေပန်းအစားဆုံး ဆိုင်ခန်းများထဲမှ တစ်ခု ဖြစ်လာခဲ့၏။ ဈေးတန်းနှင့် တစ်သားတည်း ဖြစ်သွားပြီးနောက် နောက်ဆုံးတွင် သူ စောင့်မျှော်နေသော လူ၏ ပုံရိပ်ကို တွေ့ရှိလိုက်ရတော့သည်။

ပိုင်မိသားစု၏ အခြေခံ တည်ဆောက်ခြင်း အဆင့် (၃) ရှိသော အကြီးအကဲ တစ်ဦး ဖြစ်၏။

သို့သော် သူ၏ လက်တစ်ဖက် ပြတ်တောက်နေသည်။ ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖြင့် ပေကျံနေပြီး ခေါင်းကို အနည်းငယ် ငုံ့ထား၏။ မျက်နှာထားမှာ မှုန်မှိုင်းနေပြီး ဖြူဖျော့နေသော အသားအရောင်ဖြင့် လူနှစ်ဦး၏ နောက်မှ လိုက်ပါကာ ဈေးတန်းထဲသို့ ပြန်လည် ဝင်ရောက်လာ၏။

သူ ပြန်ရောက်လာစဉ် တာအို ကိုယ်ပွား ရုပ်သေး၏ ဆိုင်ခန်းရှေ့မှ ဖြတ်သန်းသွားရာ ရုပ်သေးရုပ်ကို မှုန်တေတေ အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်သွား၏။

All Chapters