← Chapters

တာ့ယွဲ့ မှောင်ခိုဈေးနှင့် သိုင်းကျမ်းတိုက် (အပိုင်း - ၂)

Vol. 7 Ch. 95

တာ့ယွဲ့ မှောင်ခိုဈေးနှင့် သိုင်းကျမ်းတိုက် (အပိုင်း - ၂)

Vol. 7 Ch. 95

~မကြာမီ အချိန်အတွင်းမှာပင်...၊

ကျင့်ကြံသူ လောကအတွင်း၌ ကောလာဟလ တစ်ခုမှာ လေမုန်တိုင်းအလား ပျံ့နှံ့သွားလေတော့သည်။ ဉာဏ်ကြီးရှင်ကို ဖမ်းစားရန် လူနုံလူအ ဇာတ်ခင်းနေသည်ဟု ထင်မှတ်ရသော ရုပ်သေးဆရာသည် အမှန်တကယ်တွင် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိနေသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းပင်။

ဤသတင်းစကားကြောင့် သူ၏ ဆိုင်မှ အရောင်းအဝယ်များသည် တစ်ဟုန်ထိုး တိုးတက်ကောင်းမွန်လာခဲ့လေသည်။

အကြောင်းမူကား... အခြေခံတည်ဆောက်ခြင်း အဆင့်ရှိသော အရှင်သခင်ကြီး တစ်ပါး ဖွင့်လှစ်ထားသည့် ဆိုင်တွင် ပစ္စည်းအတုအပများ ရှိနေမည်လော။ ယုံမှားဖွယ်မရှိ ကောင်းမွန်ပေလိမ့်မည်ဟု လူတိုင်းက တွေးတောမိကြသောကြောင့်ပေတည်း။

ရုပ်သေးဆရာသည် ပစ္စည်းများကို ရောင်းချရုံသာမက ဆေးဖော်စပ်ခြင်း၊ အဆောင်ရေးဆွဲခြင်းနှင့် ရုပ်သေးသားရဲများ ဖန်တီးခြင်းတို့အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အမျိုးမျိုးကိုလည်း ဝယ်ယူစုဆောင်းနေခဲ့လေသည်။

လွန်ခဲ့သော လအနည်းငယ် အတွင်း၌ သူသည် အခြေခံတည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်း (၄) မျိုးကို တိတ်တဆိတ် စုဆောင်းမိခဲ့ချေပြီ။

ထို့အပြင် ဒုတိယအဆင့် အလယ်အလတ်စား ဆေးလုံးများ၊ ရုပ်သေးသားရဲများနှင့် အဆောင်လက်နက်များအတွက် ကုန်ကြမ်းများကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်ပေသည်။

သို့သော်ငြားလည်း ကံဆိုးစွာပင် သူ အလိုချင်ဆုံး ဖြစ်သည့် 'အလင်း အရိပ် ကျောက်တုံး' နှင့် လက်ရှစ်ဖက် ဓားသွား နှံကောင် ၏ အစိတ်အပိုင်းများကိုမူ ယခုထက်တိုင် ရှာဖွေတွေ့ရှိခြင်း မရှိသေးချေ။

မြစ်ရေစီးမြို့၊ ချန်တောင်တန်းရှိ စုမိသားစု...။

စုယွီသည် မိသားစုခေါင်းဆောင် စုဖုန်းထံမှ ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ ဖန်တီးရန် ကုန်ကြမ်း (၂) စုံကို လက်ခံရရှိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် တံခါးပိတ် ကျင့်ကြံသွားလေတော့သည်။

သို့သော် ရုပ်သေးသားရဲများ ဖန်တီးခြင်းသည် အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို ဖော်စပ်သကဲ့သို့ သူ၏ အချိန်အားလုံးကို ဝါးမြိုသွားခြင်းမျိုး မရှိပေ။

ရုပ်သေးရုပ်များ ဖန်တီးရာမှ ပိုလျှံလာသော အချိန်များတွင် သူ၏ နေ့စဉ် ကျင့်ကြံခြင်း လုပ်ရိုးလုပ်စဉ်များကို လုံးဝ ရပ်တန့်မပစ်ခဲ့ချေ။ သူသည် သူ၏ အလုပ်များလှသော အချိန်ဇယားများကြားမှပင် ယွီချန်ချင်းနှင့် စုရွီအန်း တို့အား ဆေးပညာ လမ်းညွှန်ပေးရန် အချိန်ဖဲ့ပေးခဲ့သေး၏။

ဤသို့ဖြင့် လဝက်ခန့် အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

တစ်နေ့သော နံနက်ခင်း၌...၊

စုယွီသည် ဒုတိယအဆင့် အလယ်အလတ် သားရဲ၏ သွေးအဆီအနှစ် တစ်စက်ကို သောက်သုံးလိုက်ပြီးနောက်၊ ခန္ဓာကိုယ် ကြံ့ခိုင်ရေး နည်းစနစ်ဖြစ်သော 'မိကျောင်းမိစ္ဆာ ပုံစံ (၁၀၈) သွယ်' ကို စတင် ကျင့်ကြံလေတော့သည်။

ပြင်းထန်လှသော သက်စောင့်စွမ်းအား တစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဒီရေအလား တိုးဝင်လာပြီး၊ မုန်တိုင်းထန်နေသော မြစ်ပြင်ကြီးကဲ့သို့ သော်လည်းကောင်း၊ မိုးကြိုးမုန်တိုင်းအောက်တွင် ဟိန်းဟောက်နေသော ဒဏ္ဍာရီလာ သားရဲကဲ့သို့ သော်လည်းကောင်း ဆူညံစွာ မြည်ဟိန်းနေလေတော့သည်။

သွေးရောင်လွှမ်းသော သွေးကြောများသည် သူ၏ ခန္ဓာကိုယ် အနှံ့အပြားတွင် ပေါ်ထွက်လာပြီး၊ ရှေးဟောင်း မိကျောင်းမိစ္ဆာကြီး၏ အကြေးခွံများအလား ယှက်သန်းလာကာ မကောင်းဆိုးဝါး ဆန်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။

အရှိန်အဝါများကို ဖိနှိပ်ဖုံးကွယ်ထားသော အခင်းအကျင်း ရှိနေသော်ငြားလည်း၊ အပြင်ဘက် ခြံဝင်းထဲတွင် ရှိနေကြသော ယွီခယ်အာနှင့် ယွီချန်ချင်းတို့သည် အခန်းအတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်များကို ရေးရေးမျှ ခံစားနေကြရသည်။

ယွီချန်ချင်းသည် စိုးရိမ်တကြီး ဖြစ်လာပြီး အခန်းဘက်သို့ လှမ်းကြည့်ကာ မ‌မြိုသိပ်နိုင်ဘဲ ပြောလိုက်လေ၏။

"ခယ်အာရေ... ဆရာစုက ဘာသိုင်းတွေများ ကျင့်နေတာလဲ မသိဘူးနော်။ ခံစားရတာ အရှိန်အဝါကြီးက ပြင်းထန်လိုက်တာ... ဒုတိယအဆင့် သားရဲတစ်ကောင်ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေသလိုပဲ"

ယွီခယ်အာလည်း အသေအချာ မသိချေ။ သူမသည် ထိုအရှိန်အဝါကို အာရုံခံကြည့်လိုက်ပြီး ခေါင်းကို ညင်သာစွာ ခါယမ်း၍ ပြန်ပြောလိုက်၏။

"သူ့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်ရေး ကျင့်စဉ် ဖြစ်မယ်ထင်တယ်... ဘာကျင့်စဉ်လဲ ဆိုတာတော့ ငါလည်း သေချာ မသိဘူး... ကြည့်ရတာတော့ တော်တော် စွမ်းအားကြီးပုံပဲ"

နာရီဝက်ခန့် ကြာမြင့်ပြီးနောက်...၊

ပိုမို ပြင်းထန်သော အရှိန်အဝါများက အခန်းဘက်မှ ပဲ့တင်လာပြန်သည်။

ယွီခယ်အာနှင့် ယွီချန်ချင်းတို့ နှစ်ဦးစလုံး အံ့အားသင့်စွာ လှမ်းကြည့်လိုက်မိကြ၏။

'သူ့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်ရေး ကျင့်စဉ် အဆင့်တက်သွားတာများလား'

အခန်းအတွင်း၌မူ...၊

"ဝုန်း"

ပြင်းထန်လှသော သက်စောင့် အရှိန်အဝါ ပေါက်ကွဲထွက်ပေါ်လာမှုနှင့်အတူ၊ အခန်းတစ်ခုလုံးသည် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသော သက်စောင့်စွမ်းအားများဖြင့် ပြည့်နှက်သွားပြီး သွေးပင်လယ်ကြီး တစ်ခုက နေရာတစ်ခုလုံးကို ဝါးမြိုသွားသကဲ့သို့ ဖြစ်ပေါ်နေလေသည်။ ထိုအလယ်၌ တင်ပျဉ်ခွေ ထိုင်နေသော စုယွီ၏ ပတ်ပတ်လည်တွင် ဧရာမ သွေးရောင် မိကျောင်းကြီး တစ်ကောင်၏ ပုံရိပ်သည် ဝိုးတဝါး ပေါ်ထွက်လာလေ၏။

စုယွီ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင် သွေးကြောများသည် ပိုမို ထင်ရှား ပေါ်လွင်လာခဲ့ချေပြီ။

နောက်ထပ် နာရီဝက်ခန့် ကြာမြင့်သွားပြန်သည်။

နောက်ဆုံးတွင် 'မိကျောင်းမိစ္ဆာ ပုံစံ (၁၀၈)ကွက်' ကိုယ်ခန္ဓာကြံ့ခိုင်ရေး ကျင့်စဉ်ကို လုံးဝ ပြီးမြောက်အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေပြီ။

"ဟူး..."

စုယွီသည် မီးတောက်ကဲ့သို့ ပူပြင်းသော လေပူများကို မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ကျေနပ်စွာ ခံစားလိုက်၏။ ကိုယ်ခန္ဓာကြံ့ခိုင်ရေး (၁၁) ဆင့်မြောက် အဆင့်သည် အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့်၏ စံနှုန်းနှင့် ညီမျှနေပေသည်။

ခွန်အား တိုးတက်လာမှုမှာ သိသာထင်ရှားလွန်းလှ၏။

သူ၏ ခန္ဓာကိုယ်သည်လည်း ယခင်ကထက် များစွာ ပိုမို ကြံ့ခိုင်လာပြီး၊ သူ၏ ခံစစ်စွမ်းအားသည် အလယ်အလတ်စား ကာကွယ်ရေး မှော်လက်နက် တစ်ခုကဲ့သို့ပင် မာကျောခိုင်ခံ့နေသည်ဟု ခံစားလိုက်ရလေသည်။

သူသည် အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့် ကျင့်ကြံသူများလောက် စွမ်းအား မကြီးမားသေးသော်လည်း၊ သူ၏ အခြေခံတည်ဆောက်ခြင်း ပထမအဆင့် မန စွမ်းအင်များနှင့် 'သွေးဝေလငါး လမင်းမြို' ကဲ့သို့သော အစွမ်းထက် သိုင်းကွက်များကို ပေါင်းစပ်လိုက်လျှင်မူ... သူသည် ယုံမှားဖွယ်မရှိ ပြင်းထန်စွာ ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည် ဖြစ်ပေသည်။

[ကျင့်စဉ် - မိကျောင်းမိစ္ဆာ ပုံစံ (၁၀၈) ကွက် (၁၁ ဆင့်မြောက်၊ ကျွမ်းကျင်မှု ၀.၀၂%)]

"ငါ အဆင့်တက်သွားပြီပဲ"

စုယွီသည် ကြည်နူးစွာဖြင့် တီးတိုး ရေရွတ်လိုက်လေသည်။

သူ၏ 'အစ်ိမ်းရောင် နှစ်ပတ်လည် ကွင်း ကျင့်စဉ်' ၏ ကျွမ်းကျင်မှုကို စစ်ဆေးကြည့်လိုက်ရာ၊ လက်ရှိတွင် ဒုတိယအကွင်း၊ ပထမအပတ်တွင် (၁၅.၄၆%) သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယမန်နှစ်က အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိပြီးကတည်းက သူသည် နေ့စဉ် ကျင့်ကြံခြင်းများကို မပျက်မကွက် လုပ်ဆောင်ခဲ့သည် မဟုတ်ပါလော။

ဤနှုန်းထားအတိုင်းသာဆိုလျှင် သူသည် (၇) နှစ်ခန့် အတွင်း၌ အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ကောင်း ကျော်ဖြတ်နိုင်ပေလိမ့်မည်။

ဆန့်ကျင်ဘက် အနေဖြင့် သူ၏ 'ရွှမ်မင် မြေကမ္ဘာ ဆန်းကြယ် သိုင်းကျမ်း'မှာမူ မြန်မြန်ဆန်ဆန်ပင် တိုးတက်နေပြီး၊ လက်ရှိ ကျွမ်းကျင်မှုမှာ ကိုးဆင့်မြောက်၏ (၃၉.၉၁%) သို့ ရောက်ရှိနေချေပြီ။ တစ်နှစ် သို့မဟုတ် နှစ်နှစ် အတွင်း၌ပင် (၁၀) ဆင့်မြောက်ကို ချိုးဖျက်ပြီး အခြေခံတည်ဆောက်ခြင်း ပထမအဆင့်သို့ ရောက်ရှိသွားနိုင်ပေသည်။

'ငါ့ရဲ့ မြေဓာတ်နဲ့ သစ်သားဓာတ် ချီစွမ်းအင် နှစ်ခုစလုံးကို အခြေခံတည်ဆောက်ခြင်း ပထမအဆင့်အထိ ရောက်အောင် လုပ်ပြီးရင်... မြေဓာတ်နဲ့ သစ်သားဓာတ် မန္တန်တချို့ကို ငါ လေ့ကျင့်လို့ ရပြီ'

'အဲဒီကျရင် ချီ စွမ်းအင် သက်သက်နဲ့တင် သာမန် အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ငါ ရင်ဆိုင်နိုင်လောက်ပြီ'

သူ၏ ကျင့်ကြံခြင်း အခြေအနေကို စေ့စေ့စပ်စပ် သုံးသပ်ပြီးနောက်၊ စုယွီသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ထို့နောက် သူသည် နေ့စဉ် ကျင့်ကြံခြင်းများကို ဆက်လက် လုပ်ဆောင်လိုက်၏။ ခဏအကြာတွင် သူသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာလာပြီး၊ ကပ်လျက်ရှိသော ပန်းပဲဖိုသို့ သွားရောက်ကာ ရုပ်သေးသားရဲများကို ဆက်လက် ဖန်တီးလေတော့သည်။

သူသည် နေ့စဉ် အချိန်အနည်းငယ် ပေး၍ အဆောင် လက်ဖွဲ့ ရေးဆွဲခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် ပထမအဆင့် ရုပ်သေးသားရဲများ ဖန်တီးခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ထို့နောက် ရံဖန်ရံခါတွင် သူ ဖန်တီးထားသော ရုပ်သေးသားရဲများကို ရုပ်သေးဆရာထံသို့ လူသိရှင်ကြား မဟုတ်ဘဲ တိတ်တဆိတ် ပို့ဆောင်ပေးလေ့ ရှိသည်။

ဤ သာမန် အဆောင်များ၊ ဆေးလုံးများနှင့် ရုပ်သေးသားရဲများသည် စုယွီအတွက် စိန်ခေါ်မှု မရှိသလောက်ပင် ဖြစ်နေချေပြီ။

သူသည် ကျရှုံးသည်ဟူ၍ မရှိသလောက်ပင်။

သူ၏ အောင်မြင်မှု နှုန်းထားနှင့် ဖန်တီးမှု အမြန်နှုန်းမှာ အခြားသော ဆေးပညာရှင်များ၊ အဆောင်ပညာရှင်များနှင့် ရုပ်သေးဆရာများထက် အဆပေါင်းများစွာ သာလွန်နေပေသည်။

စုယွီ၏ ရုပ်သေးပညာ ပိုမို တိုးတက်လာသည်နှင့်အမျှ၊ ခြောက်လကျော် ကာလအတွင်းမှာပင် သူသည် ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲ (၂) ကောင်ကို ပြီးမြောက်အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေသည်။

နောက်ဖေး တောင်ကုန်းပေါ်၌ ဖြစ်လေသည်။

"ကောင်းကင်နန်းတော် သိုင်းကွက်…”

စုပင်းသည် ဘယ်လက်ဖြင့် သစ်သားဓာတ် သိုင်းကွက်ကို သုံးလိုက်ပြီး၊ ညာလက်ဖြင့် မြေဓာတ် သိုင်းကွက်ကို သုံးကာ နှစ်ခုကို ရုတ်တရက် ပေါင်းစပ်လိုက်လေ၏။ ချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်သော နန်းတော်ကြီးတစ်ခု ကောင်းကင်မှ သက်ဆင်းလာပြီး၊ ရှေ့သို့ တိုးဝင်လာနေသော ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲကို ဖုံးအုပ် ချုပ်နှောင်လိုက်လေတော့သည်။

သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက် မြေကြီးများသည် နဂါးတစ်ကောင်အလား လိမ့်တက်လာပြီး ရုပ်သေးသားရဲကို လုံးဝ မြှုပ်နှံပစ်လိုက်လေသည်။

မလှမ်းမကမ်းတွင်...

စုယွီနှင့် စုကျင်းပန်းတို့သည် ကြိတ်၍ အံ့သြ ငေးမောနေကြရလေသည်။

အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်သော ရုပ်သေးသားရဲ တစ်ကောင်ကို စုပင်းက အားစိုက်စရာ မလိုဘဲ အလွယ်တကူ လှန်ချပစ်လိုက်ပြီး မြေမြှုပ်ပစ်လိုက်သည် မဟုတ်ပါလော။ သူ၏ စွမ်းအားမှာ တကယ့်ကို ထူးခြားပြောင်မြောက်လှပေသည်။

ခဏအကြာတွင်...၊ စုပင်းသည် သူ၏ အရှိန်အဝါကို ပြန်လည် ထိန်းချုပ်လိုက်ပြီး၊ ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးသားရဲကို မြေကြီးထဲမှ ပြန်လည် တူးဖော်လိုက်လေသည်။

ထိုမျှလောက် နှိပ်စက်ခံလိုက်ရသော်လည်း အစင်းရာ တစ်ချက်မျှပင် မထင်ဘဲ ကြံ့ခိုင်တောင့်တင်းနေဆဲ ဖြစ်သော ရုပ်သေးသားရဲကို ကြည့်ရင်း၊ စုဘင်းသည် ကျေနပ်အားရသော အပြုံးဖြင့် ချီးကျူးလိုက်လေသည်။

"ဟားဟား... ယွီအာရေ... မင်း လုပ်တဲ့ ရုပ်သေးက တိုက်ခိုက်အား သိပ်မကောင်းပေမဲ့ ခံစစ်ကတော့ ရှယ်ပဲကွ... တကယ့်ကို တောင့်ခံနိုင်ချက်ပဲ”

All Chapters