မျိုးဆက်သစ်များ၏ ခရီးစဉ်
Vol. 7 Ch. 96
~"အခြေခံ တည်ဆောက်ခြင်း အဆင့် (၃) လောက် ရှိတဲ့ သူတွေအတွက် ဒီရုပ်သေးရဲ့ ကာကွယ်ရေးကို ဖောက်ထွက်ဖို့ ဆိုတာ မလွယ်ဘူး..."
ရုပ်သေးရုပ် နှစ်ရုပ်၏ တိုက်ခိုက်နိုင်စွမ်းနှင့် ခံနိုင်ရည်ကို စမ်းသပ်ပြီးနောက် စုပင်းသည် တစ်ရုပ်ကို စုကျင်းပန်းထံသို့ ပစ်ပေးလိုက်ပြီး ကျန်တစ်ရုပ်ကို မိသားစုခေါင်းဆောင် စုဖုန်းအတွက် သိမ်းဆည်းလိုက်၏။
သူတို့ သုံးဦး ပြန်လှည့်လာကြစဉ် စုပင်းသည် ကျောက်စိမ်းပြား တစ်ချပ်ကို စုယွီထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။
"ဒီထဲမှာ သစ်သားနဲ့ မြေကမ္ဘာ စွမ်းအင် နှစ်မျိုးကို တွဲဖက် အသုံးပြုတဲ့ မန္တန်တွေနဲ့ ချီစွမ်းအင် ကျင့်စဉ် တစ်ချို့ ပါတယ်... မင်း လေ့လာကြည့်လိုက်..."
"ဒါပေမဲ့ မင်းရဲ့ သစ်သား စွမ်းအင်က အခြေခံ တည်ဆောက်ခြင်း အဆင့် (၁) ရောက်နေပြီ... မြေကမ္ဘာ စွမ်းအင်ကလည်း ချီစွမ်းအင် (၉) ဆင့် ရှိနေပြီ... မင်းရဲ့ မူလ ကျင့်စဉ်တွေကလည်း မနိမ့်ပါဘူး..."
"ဒီထဲက ကျင့်စဉ်ကို လေ့လာကြည့်ပါ... ဒါပေမဲ့ သတိထားနော်... နည်းနည်း ရှုပ်ထွေးတယ်... ပြီးတော့ သစ်သားနဲ့ မြေကမ္ဘာ စွမ်းအင် နှစ်မျိုးစလုံးကို ချီစွမ်းအင် စုစည်းခြင်း အဆင့် (၁) အထိပဲ လေ့ကျင့်ပေးနိုင်တာ..."
"မန္တန်တွေကတော့ မဆိုးပါဘူး... အခြေခံ တည်ဆောက်ခြင်း အဆင့် ရောက်ရင်တောင် သုံးလို့ ရသေးတယ်..."
စုယွီသည် ကျောက်စိမ်းပြားကို လှမ်းဖမ်းယူလိုက်ပြီး မျက်လုံးများ အရောင်တောက်သွား၏။
"ကျေးဇူးတင်ပါတယ် ပဉ္စမအဘိုး..."
ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ စုယွီသည် ကျောက်စိမ်းပြားထဲသို့ နတ်ဘုရားအာရုံ စီးဆင်းစေလိုက်ရာ များပြားလှသော အမွေအနှစ် သတင်းအချက်အလက်များ သူ၏ ဦးနှောက်ထဲသို့ စီးဝင်လာတော့သည်။
နာရီဝက်ခန့် အကြာတွင်၊
စုယွီသည် နတ်ဘုရားအာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး မျက်လုံးများကို မှိတ်ကာ သေချာ စဉ်းစားခန်း ဝင်လိုက်၏။
အမွေအနှစ် အချက်အလက်များက အနည်းငယ် ရှုပ်ထွေးနေသည်။ သစ်သားနှင့် မြေကမ္ဘာ စွမ်းအင် နှစ်မျိုးတွဲ မန္တန် အနည်းငယ် ပါဝင်ပြီး၊ ရိုးရှင်းသော စွမ်းအင် နှစ်မျိုးတွဲ ကျင့်စဉ် တစ်ခုလည်း ပါဝင်၏။ သို့သော် အများစုမှာ ထိုစွမ်းအင် နှစ်မျိုးအပေါ် နားလည်သဘောပေါက်မှု မှတ်တမ်းများသာ ဖြစ်၏။
နေဝင်ရီတရော အချိန်ရောက်မှသာ စုယွီ ပြန်လည် သတိဝင်လာပြီး မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်မိ၏။
"ဒါက... ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက်ရဲ့ ကျင့်ကြံခြင်း မှတ်တမ်းလား..."
ပါဝင်သော အကြောင်းအရာများက ဟိုရောက်ဒီရောက်နှင့် ရှုပ်ထွေးနေသည်။ တစ်နေ့ကုန် ဖတ်တာတောင်မှ အနည်းငယ်လောက်သာ ဖတ်လို့ ပြီးသေး၏။
သို့သော် ထိုအနည်းငယ်သော အပိုင်းကပင် စုယွီအား အမြင် ကျယ်သွားစေခဲ့သည်။ ရှေးဟောင်း ကျင့်ကြံသူများ သစ်သားနှင့် မြေကမ္ဘာ စွမ်းအင် နှစ်မျိုးတွဲ ကျင့်ကြံရာတွင် ကြုံတွေ့ရသော အခက်အခဲများ၊ အတားအဆီးများနှင့် နောက်ဆုံးတွင် ရရှိလာသော အောင်မြင်မှု အသီးအပွင့်များကို သူ သိမြင်နားလည်လိုက်ရသည်။
ရှေးခေတ်ကာလက ကျင့်ကြံသူ အများအပြားသည် စွမ်းအင် မျိုးစုံကို တပြိုင်နက်တည်း ကျင့်ကြံလေ့ ရှိကြသည်။
ထိုခေတ်က ကောင်းကင်နှင့် မြေကြီး အရင်းအမြစ်များ ပေါကြွယ်ဝသဖြင့် ထိုကဲ့သို့ ဖြုန်းတီး ကျင့်ကြံခြင်းကို ထောက်ပံ့ပေးနိုင်ခဲ့ပုံ ရ၏။
သို့သော် ယခုခေတ်တွင်မူ... စုယွီ သိသလောက် သစ်သားနှင့် မြေကမ္ဘာ စွမ်းအင် နှစ်မျိုးတွဲ ကျင့်ကြံသူ ဆိုလို့ စုပင်း တစ်ယောက်သာ ရှိ၏။ လွန်ခဲ့သော ကာလက လင်းမိသားစုကို တိုက်ခိုက်ရာတွင် စုပင်းသည် ထိုစွမ်းအင် နှစ်မျိုးတွဲ မန္တန်ကို အသုံးပြုခဲ့ဖူး၏။
နောက်တစ်ယောက်ကတော့ သူ ကိုယ်တိုင်ပင်။ တတိယလူ ဆိုတာ မရှိသလောက် ရှားပါးလှသည်။
အဘယ်ကြောင့်ဆိုသော် ထိုသို့ ကျင့်ကြံခြင်းသည် ကျင့်ကြံမှု အရှိန်အဟုန်ကို နှောင့်နှေးစေသောကြောင့် ဖြစ်၏။ စုပင်းကိုယ်တိုင်ပင်လျှင် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရပြီး မကြာသေးမီကမှ အဆင့် (၂) သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
စုပင်း၏ ပါရမီနှင့် ယှဉ်လိုက်လျှင် ဤတိုးတက်မှုနှုန်းသည် နှေးကွေးလွန်းလှပေသည်။
စုယွီသည် အမွေအနှစ်ထဲတွင် ပါဝင်သော 'ထူမူ' ဟု အမည်ရသည့် သစ်သားနှင့် မြေကမ္ဘာ စွမ်းအင် နှစ်မျိုးတွဲ ကျင့်စဉ်ကို အာရုံစိုက်လိုက်သည်။
နာမည်နှင့် လိုက်ဖက်စွာပင် ရိုးရှင်းလွန်းလှသော ကျင့်စဉ် တစ်ခု ဖြစ်၏။
သူသည် ထိုကျင့်စဉ်ကို စမ်းသပ် လေ့ကျင့်ကြည့်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲရှိ သစ်သားနှင့် မြေကမ္ဘာ စွမ်းအင်များသည် တုတ်တုတ်မျှ မလှုပ်ရှားပေ။ တုံ့ပြန်မှု လုံးဝ မရှိချေ။
ပေတစ်ထောင် မြင့်သော တောင်ကြီး တစ်လုံးကို လှည်းအိုကြီး တစ်စီးနှင့် တွန်းရွှေ့နေရသကဲ့သို့ပင်။ တောင်ကြီးမှာ ရွေ့လျားသွားခြင်း အလျဉ်းမရှိ။
ဤရလဒ်ကို စုယွီ မျှော်လင့်ထားပြီးသား ဖြစ်၏။
'ထူမူ' ကျင့်စဉ်၏ အဆင့်အတန်းမှာ နိမ့်ကျလွန်းသဖြင့် ချီစွမ်းအင် စုစည်းခြင်း အဆင့် (၁) အထိသာ ကျင့်ကြံနိုင်သောကြောင့် ဖြစ်ပေသည်။
"အစကနေ ပြန်မကျင့်ချင်ဘူး ဆိုရင်တော့..."
စုယွီ အကြာကြီး စဉ်းစားပြီးနောက် တစ်ခုတည်းသော နည်းလမ်းကို ရှာတွေ့သွား၏။
"ဒီ ထူမူ ကျင့်စဉ်ကို အဆင့်မြင့် ကျင့်စဉ် တစ်ခု ဖြစ်အောင် ပြောင်းလဲပစ်မှ ရမယ်..."
လှည်းအိုကြီး ဖြစ်နေပါစေဦး... စကြဝဠာ နွားသိုးကြီး တစ်ကောင်နဲ့သာ တွဲဖက်ပြီး ဆွဲခိုင်းလိုက်ရင် အဆင့်မြင့် လှည်းယာဉ်ကြီး တစ်စင်း ဖြစ်သွားနိုင်တာပဲလေ။
‘သစ်သားနဲ့ မြေကမ္ဘာ စွမ်းအင် နှစ်မျိုးတွဲ ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီကျင့်စဉ်ကို ဘယ်လို အဆင့်မြှင့်မလဲ…’
စုယွီသည် ဤအမွေအနှစ်ကို သေသေချာချာ သုတေသန လုပ်ရဦးမည်ဟု ဆုံးဖြတ်လိုက်၏။
ညစာ စားပြီးနောက် ယွီချန်ချင်းသည် အလိုက်တသိဖြင့် သူမ၏ အခန်းသို့ ပြန်သွားပြီး ကျင့်ကြံနေလိုက်၏။ စုယွီနှင့် ယွီခယ်အာ တို့မှာမူ တာအို၏ နက်နဲသော သဘောတရားများကို ဆက်လက် လေ့လာ ဆွေးနွေးနေကြတော့သည်။ (ဘာသာပြန်သူ မှတ်ချက် - ဒီနေရာမှာ နှစ်ကိုယ်တူ ကျင့်ကြံတာကို တင်စားရေးသားထားခြင်း ဖြစ်နိုင်ပါတယ်)
တစ်လ ကြာမြင့်ပြီးနောက်၊
စုယွီသည် အဆောင်ရေးဆွဲခြင်းတွင် အာရုံစိုက်နေခဲ့ပြီး မိစ္ဆာတောင်ထွတ် ရှစ်ခု ဈေးတန်းမှ ရရှိလာသော ဒုတိယအဆင့် အလယ်အလတ် အဆောင် ကုန်ကြမ်း (၄၀) ကျော်ကို အသုံးပြုခဲ့၏။
နောက်ဆုံးတွင် အောင်မြင်သော အဆောင် (၁၀) ခု ရရှိခဲ့၏။
ထိုအထဲတွင် ဝိညာဉ် ငြိမ်သက်ခြင်း အဆောင် ၊ လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံ ချပ်ဝတ် အဆောင်နှင့် နဂါး သတ်ဖြတ်ခြင်း အဆောင် တို့ ပါဝင်သည်။ အတိအကျ ပြောရလျှင် ဝိညာဉ် ငြိမ်သက်ခြင်း (၄) ခု၊ ချပ်ဝတ် (၄) ခုနှင့် နဂါးသတ် (၂) ခု တို့ ဖြစ်ကြ၏။
သူသည် ဤအဆောင်များ အားလုံးကို မိသားစု အသုံးပြုရန်အတွက် ထားခဲ့လိုက်သည်။
ချန်တောင်တန်း၏ အပြင်ဘက်၌၊
"အွီ..."
အမွှေးနက် သိမ်းငှက်ကြီး၏ စူးရှသော အော်မြည်သံနှင့် အတူ ကြီးမားသော အရိပ်မည်းကြီး တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွား၏။ စုပင်း၊ စုဖုန်း၊ စုယွင်နှင့် အခြားသူများ၏ ကြည်နူးအားကျသော အကြည့်များအောက်တွင် သိမ်းငှက်ကြီးသည် တဖြည်းဖြည်း ဝေးကွာသွားတော့သည်။ ၎င်း၏ ကျောပေါ်တွင် စုရွီအန်းနှင့် အခြားသော မိသားစုဝင် လူငယ်များကို တင်ဆောင်ကာ တာ့ယွဲ့ မှောင်ခိုဈေးဆီသို့ ဦးတည် ပျံသန်းသွားခြင်း ဖြစ်ပေသည်။
စုယွီတို့ အဖွဲ့ မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါမှသာ စုပင်းသည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး စုဟယ်နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။
"အကြီးအကဲတို့... မင်းတို့တွေလည်း ကြိုးစားပြီး ကျင့်ကြံကြ... မိသားစုရဲ့ မျိုးဆက်သစ် စီမံကိန်းက စတင်နေပြီ..."
"လာမယ့် ဆယ်စုနှစ် အနည်းငယ်က အရေးကြီးဆုံး အချိန်ကာလပဲ..."
ထိုအခါ၊ စုဟယ်သည် စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်ပြီး ပြော၏။
"စိတ်ချပါ အကြီးအကဲ... ကျွန်တော် စုဟယ်... မိသားစုကို စိတ်ပျက်စေရမှာ မဟုတ်ပါဘူး..."
သူ့ဘေးနားရှိ စတုတ္ထ အကြီးအကဲ စုကျင်းသည်လည်း မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် ရှေ့ကို မျှော်ကြည့်နေမိ၏။
မိသားစုခေါင်းဆောင် စုဖုန်း တစ်ဦးတည်းသာ အနည်းငယ် စိတ်ရှုပ်ထွေးနေပုံ ရ၏။ ခဏအကြာတွင် သူသည် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်၏။
"ကလေးများလေ... ဆုလာဘ်များလေ ဖြစ်မည်..." ဟူ၍
မိသားစု အတွင်း၌ ဝိညာဉ်အမြစ် ပါသော ကလေး မွေးဖွားပေးနိုင်သူ မည်သူ့ကိုမဆို မိသားစုက ဆုချီးမြှင့်မည်။ ကလေးများလေ... ဆုလာဘ် ကြီးလေ ဖြစ်သည်။
ထို့ပြင် ကလေး၏ အောင်မြင်မှုသည် မိဘ၏ မိသားစု အတွင်း အဆင့်အတန်းကိုပါ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ ကလေးသည် ဝိညာဉ်အမြစ် ပါရမီ မကောင်းခဲ့လျှင်တောင်၊ သာမန် လူသား ဖြစ်နေလျှင်တောင်မှ... မိဘဖြစ်သူသည် မိသားစု အကြီးအကဲ အဆင့်အထိ တိုးတက်နိုင်မည့် အခွင့်အရေး ရှိနေပေသည်။
ဤမူဝါဒ ထွက်ပေါ်လာသောအခါ စုမိသားစု တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး အိမ်ထောင်ပြုခြင်းနှင့် ကလေးယူခြင်း ရေစီးကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
အမွှေးနက် သိမ်းငှက်ကြီး၏ ကျောပေါ်၌၊
စုရွီအန်း၊ စုချီ၊ စုဝင်းနင်း၊ စုတိမ်းပေါင်နှင့် စုယီ တို့သည် အမျိုးမျိုးသော ခံစားချက်များဖြင့် လိုက်ပါလာကြ၏။ ထိုအထဲတွင် စုရွီအန်းနှင့် စုတိမ်းပေါင်တို့သည် အသက် (၃၀) ဝန်းကျင် ရှိနေကြပြီ ဖြစ်ပြီး ချီစွမ်းအင် စုစည်းခြင်း အဆင့် (၆) သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသည်။
သိမ်းငှက်ကြီး၏ ကျောပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေကြသော်လည်း အောက်ဘက်သို့ မငုံ့ကြည့်ဘဲ မနေနိုင်ကြပေ။
အဆုံးမဲ့သော မြေကမ္ဘာကြီးနှင့် မိုးကုပ်စက်ဝိုင်းတို့ကို ငေးကြည့်ရင်း...
ကောင်းကင်ပေါ်မှ မြင်ရသော ရှုခင်းသည် မြေပြင်ပေါ်မှ မြင်ရသော ရှုခင်းနှင့် လုံးဝ ကွာခြားလှပေသည်။ သူတို့၏ အမြင်အာရုံနှင့် ခံယူချက်များပါ ပြောင်းလဲသွားကြရ၏။
ထိုအခိုက်အတန့်တွင်... သူတို့ နှစ်ဦးစလုံးသည် ကမ္ဘာလောကကြီးကို ပထမဆုံး အကြိမ်အဖြစ် မျက်စိဖွင့် နားပွင့် မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ကြရ၏။