အနှစ် (၂၀) ကြာပြီးနောက်
Vol. 7 Ch. 102
~သို့သော်လည်း...
ဒီကိစ္စကို "ကျေးဇူးကြွေး" အနေနှင့် လုပ်ဆောင်ပေးခဲ့တာ ဆိုပေမဲ့ ပိုင်မိသားစု၏ အန္တရာယ်ကြီးမားသော ဘိုးဘေးကို အမြစ်ပြတ် သုတ်သင်ပေးလိုက်နိုင်သည့်အတွက် စုယွီကတော့ အမြတ်ထွက်သည်ဟုသာ ခံယူထားလိုက်၏။
ထို့နောက် စုယွီသည် လော့ချန်ယွီထံသို့ ကျေးဇူးတင်ကြောင်း စာပြန်လိုက်ပြီး စုမိသားစုအတွက် အလားအလာရှိသော ပြဿနာကြီးကို ဖြေရှင်းပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုက်၏။
'ပိုင်မိသားစု ဘိုးဘေး သေသွားပြီဆိုတော့... ငါ့လက်ထဲက ပစ္စည်းတွေကို ထုတ်ရောင်းလို့ ရပြီပေါ့...'
စုယွီ စိတ်ထဲတွင် တွက်ချက်လိုက်၏။ အဆင့်မြင့် မှော်လက်နက် 'ရွှေရောင် လော့ထီး' မှလွဲ၍ ကျန်သည့် ပစ္စည်းများကို ရောင်းချပစ်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့်...
နောက်ပိုင်း (၆) လအတွင်း စုယွီသည် တာ့ယွဲ့ မှောင်ခိုဈေး၏ အပြင်ဘက် ဈေးတန်းရှိ ဆိုင်ခန်းများသို့ မကြာခဏ တိတ်တဆိတ် သွားရောက်ပြီး ပိုင်မိသားစု၏ မှော်လက်နက်များနှင့် ပုံပန်းသဏ္ဌာန် ပြောင်းလဲထားသော ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးရုပ် တစ်ရုပ်ကို ရောင်းချလိုက်၏။
နောက်ဆုံးတွင် သူသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းခွဲကျော် စုဆောင်းမိခဲ့၏။
ဤကိစ္စ ပြီးစီးသွားသောအခါ စုယွီသည် ဂူစံအိမ်ထဲတွင် တံခါးပိတ် ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်ပြီး သစ်သားနှင့် မြေကမ္ဘာ စွမ်းအင် နှစ်မျိုးတွဲ ကျင့်စဉ် ပေါင်းစပ်ခြင်းကို အာရုံစိုက် လေ့လာလိုက်၏။
ပုံမှန် ကျင့်ကြံခြင်းအပြင် သူသည် တာ့ယွဲ့ မှောင်ခိုဈေးမှ လိုအပ်သော ကုန်ကြမ်းပစ္စည်းများကိုလည်း တိတ်တဆိတ် စုဆောင်းနေခဲ့၏။ အထူးသဖြင့် ဒုတိယအဆင့် အလယ်အလတ် ရုပ်သေးရုပ် 'အတောင်ပံနှစ်ဖက် မိုးကြိုးမြွေ' ဖန်တီးရန်အတွက် ပစ္စည်းများကို ရှာဖွေနေခြင်း ဖြစ်သည်။
ဤရုပ်သေးရုပ်အတွက် ရှားပါးသော ပစ္စည်းများ လိုအပ်ပြီး အဓိက ပစ္စည်းမှာ ရှာရခက်ခဲသဖြင့် အားလုံး ပြည့်စုံရန် နှစ်အနည်းငယ်ခန့် ကြာမြင့်နိုင်ပေသည်။
ကုန်ကြမ်းပစ္စည်း တန်ဖိုး သက်သက်ကပင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့် ရှိပေသည်။
အချိန်များ ကုန်ဆုံးသွားခဲ့၏။
တာ့ယွဲ့ မှောင်ခိုဈေးရှိ ဂူစံအိမ် လျှို့ဝှက်ခန်း အတွင်း၌၊
စုယွီသည် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်နှင့် ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်းတို့ကို 'ထူမူ' ကျင့်စဉ် အတွင်းသို့ ပေါင်းစပ်ရန် ကြိမ်ဖန်များစွာ ကြိုးစားနေ၏။ ချီစွမ်းအင် စုစည်းခြင်း အဆင့် စုပ်ယူမှု နည်းစနစ်မှ စတင်၍ ကြိုးစားရာ အကြိမ်တိုင်း ကျရှုံးမှုကြောင့် သူ၏ အတွင်းအား စွမ်းအင်များ ကမောက်ကမ ဖြစ်သွားရ၏။
သို့သော် ဒါက ချီစွမ်းအင် စုစည်းခြင်း အဆင့် (၁) နည်းစနစ်ကို ပေါင်းစပ်ခြင်းသာ ဖြစ်သဖြင့် သူ ခံနိုင်ရည် ရှိနေသေးသည်။
လဝက်ခန့် ကြာသောအခါ စုယွီသည် ဝမ်းသာအားရ ရယ်မောလိုက်၏။
"ဟားဟားဟား…အောင်မြင်ပြီဟေ့..."
နောက်ထပ် တစ်လ ကြာသောအခါ စုယွီသည် သွေးအနည်းငယ် အန်လိုက်ရပြီး မျက်နှာ ဖြူဖျော့သွားသော်လည်း မျက်လုံးများကမူ စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေ၏။
"ချီစွမ်းအင် စုစည်းခြင်း အဆင့် (၂) ကိုလည်း ပေါင်းစပ်လို့ ရသွားပြီ..."
(၃) လ ကြာပြီးနောက်...၊
နှစ်ဝက် ကြာပြီးနောက်…၊
တစ်နှစ် ကြာပြီးနောက်...၊
မရေမတွက်နိုင်သော စွမ်းအင် ပဋိပက္ခများကြောင့် သွေးအန်လိုက်ရပြီးနောက်... နောက်ဆုံးမှာတော့ စုယွီသည် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်နှင့် ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်းတို့မှ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၆) နည်းစနစ်များကို 'ထူမူ' ကျင့်စဉ်ထဲသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့၏။
သူ၏ မျက်နှာမှာမူ နေ့စဉ်နှင့်အမျှ ပို၍ ဖြူဖျော့လာရှာသည်။
"ငါ့အကြံဉာဏ်က မှန်ကန်တယ်... ဒီ 'ထူမူ' ကျင့်စဉ် ဆိုတာ အခြေခံ မူဘောင် တစ်ခု သက်သက်ပါပဲ... ငါနဲ့ ကိုက်ညီမယ့် စွမ်းအင်နှစ်မျိုးတွဲ ကျင့်စဉ် လိုချင်ရင်... ကိုယ်ပိုင် နားလည်သဘောပေါက်မှုနဲ့ ဖန်တီးယူမှ ရမယ်..."
စုယွီ စိတ်ထဲတွင် ရေရွတ်လိုက်မိ၏။
ဒီနည်းလမ်းက နည်းနည်း ပင်ပန်းပေမဲ့... တန်ဖိုးရှိပါတယ်။
(၅) နှစ် ကြာမြင့်ပြီးနောက်...
ဂူစံအိမ် အတွင်း၌၊
စုယွီသည် ထိပ်တန်း အရည်အသွေး ရှိသော အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်လုံးကို ယွီချန်ချင်းအား ကမ်းပေးလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
"သွားပါ... စိတ်ကို လျှော့ထား... အကောင်းဆုံး စိတ်အခြေအနေနဲ့ အဆင့်တက်ဖို့ ကြိုးစားပါ... မင်းရဲ့ အခြေခံက အရမ်း ခိုင်မာနေပြီ... ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ် စွမ်းအားကလည်း အထွတ်အထိပ် ရောက်နေပြီ... ဘာမှ ပူစရာ မလိုပါဘူး..."
"ဟုတ်ကဲ့ပါ.. မျှော်စင်သခင်... စိတ်မပူပါနဲ့... ကျွန်မ အောင်မြင်အောင် လုပ်ပါ့မယ်..."
ယွီချန်ချင်းသည် စုယွီ၏ မျက်လုံးများကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး ဆေးလုံးကို လက်ခံယူကာ လေအေးတစ်ချက် ရှူရှိုက်လိုက်၏။ ထို့နောက် တံခါးပိတ် ကျင့်ကြံရန် ထွက်ခွာသွားတော့သည်။
ယွီချန်ချင်းသည် လွန်ခဲ့သော ကာလက အဆင့်တက်ရန် ကြိုးစားရာတွင် တစ်ကြိမ် ကျရှုံးခဲ့ဖူးသည်။
ထို့ကြောင့် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြောက်ရွံ့မှု အနည်းငယ် ရှိနေခြင်း ဖြစ်၏။
လျှို့ဝှက်ခန်းထဲသို့ ရောက်သောအခါ ယွီချန်ချင်းသည် လက်ထဲမှ ထိပ်တန်း အရည်အသွေး ဆေးလုံးကို ကြည့်ပြီး စိတ်ပိုင်းဖြတ်လိုက်၏။
"တကယ်လို့ ဒီတစ်ခါ ထပ်ကျရှုံးရင်တော့... ငါ ထွက်သွားတော့မယ်..."
သူမ အသက် မငယ်တော့ပေ။ (၅၀) ကျော်နေပြီ ဖြစ်၏။
အကယ်၍ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို နှစ်ကြိမ်ဆက်တိုက် ကျရှုံးခဲ့လျှင် သူမ၏ သက်တမ်းသည် (၁၀၀) ပင် ပြည့်မည် မဟုတ်တော့ပေ။ အသက်ရှည်ဆေး၊ အားဆေးများ သုံးစွဲထားလျှင်တောင်မှ မကြာမီ သူမ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ အိုမင်းသွားပေလိမ့်မည်။
သည်လို ဖြစ်မည့်အစား... နောင်တမရဘဲ စောစောစီးစီး ထွက်ခွာသွားတာက ပိုကောင်းပါလိမ့်မည်။
သူမ ခေတ္တမျှ တွေးတောနေမိ၏။
ယွီချန်ချင်းသည် စတင် တရားထိုင်လိုက်ပြီး လဝက်ခန့် ကြာမှသာ ဆေးလုံးကို သုံးစွဲကာ အဆင့်တက်ရန် အကောင်းဆုံး အခြေအနေဖြင့် ကြိုးစားလိုက်တော့သည်။
အပြင်ဘက်၌...
စုယွီနှင့် ယွီခယ်အာ တို့သည် သူမအတွက် စောင့်ကြပ်ပေးနေကြ၏။ ခယ်အာသည် လျှို့ဝှက်ခန်း ရှိရာဘက်သို့ မကြာခဏ လှမ်းကြည့်နေမိစညါ။ ထိပ်တန်း အရည်အသွေး ဆေးလုံး၏ အကူအညီ ပါဝင်သော်လည်း ယွီချန်ချင်းအတွက် စိုးရိမ်နေမိသည်မှာ အမှန်ပင်။
"ချန်ချင်း အောင်မြင်ပါ့မလားဟင်... သူ အောင်မြင်ရမယ် နော်..."
ယွီခယ်အာက စိုးရိမ်တကြီး ပြောလိုက်သည်။
အခြေအနေကို မြင်လိုက်ရသောအခါ စုယွီသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။
"မင်းရဲ့ ခေါင်းနှစ်လုံး သွေးလင်းယုန် နဲ့ ကောင်းကင် စိမ်းပြာ စပါးအုံးမြွေ) န စ်ကောင်စလုံး ဒုတိယအဆင့် အလယ်အလတ်ကို ရောက်သွားကြပြီ မဟုတ်လား... တာ့ယွဲ့ တောင်တန်း ထဲကို ဝင်ပြီး ဒုတိယအဆင့် သားရဲ သွားရှာဖို့ ဘယ်တော့ စိတ်ကူးထားလဲ..."
ခယ်အာသည် လွန်ခဲ့သော (၄) နှစ်က အခြေခံ တည်ဆောက်ခြင်း အဆင့် (၂) သို့ ရောက်ရှိခဲ့ပြီး တိုးတက်မှု အတော်လေး ကောင်းမွန်နေ၏။
လွန်ခဲ့သော နှစ်ဝက်ခန့်က သူမ၏ သားရဲနှစ်ကောင်စလုံး အဆင့်တက်သွားခဲ့ပြီး ဒုတိယအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားကြ၏။
ဒီတိုးတက်မှုနှုန်းက စုယွီ၏ အမွှေးနက် သိမ်းငှက်နှင့် မီးလျှံ မျောက်ဝံတို့ထက် အနည်းငယ်လေးသာ နှေးကွေးခြင်း ဖြစ်သည်။
ခယ်အာ၏ ရုပ်ရည်သွင်ပြင်သည် ပြောင်းလဲခြင်း မရှိသလောက်ပင်။ စုယွီ စတွေ့တုန်းက ပုံစံအတိုင်း ရှိနေဆဲ ဖြစ်သော်လည်း၊ နှစ်တွေ ကြာလာတာနှင့်အမျှ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ပိုမို ပိုင်ဆိုင်လာခဲ့၏။
သူမသည် ရုပ်ရည်တွင် သာမက အမူအရာတွင်ပါ သူမ၏ မိခင် လော့ချင်းယာနှင့် ပိုမို တူညီလာခဲ့၏။
ခယ်အာက စုယွီကို ကြည့်ပြီး ပြောလိုက်သည်။
"ကောင်းကင်အပျက်အစီး ကျောင်းတော်က သွေးမျိုးဆက် ကောင်းတဲ့ ဒုတိယအဆင့် တိမ်ကျား တစ်ကောင်ရဲ့ နေရာကို သိထားတယ်တဲ့... ချန်ချင်း အောင်မြင်သွားတာနဲ့ ငါ.. သွားရှာမလို့..."
စုယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်၏။
"နေရာ ပြောပြ... ငါ သွားဖမ်းပေးမယ်... မင်း မလိုအပ်ဘဲ စွန့်စားစရာ မလိုဘူး..."
ထိုအခါ၊ ခယ်အာသည် အပြာရောင် နှင်းဆီပွင့်လေး တစ်ပွင့်အလား လှပစွာ ရယ်မောလိုက်၏။ သူမသည် ဆယ်ကျော်သက် အရွယ်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။
သူမက စုယွီကို ကြည့်ပြီး စနောက်လိုက်၏။
"ငါက တာ့ယွဲ့ တောင်တန်း အတွင်းပိုင်းထိ ဝင်မှာမှ မဟုတ်တာ... နင်ကလည်း သိပ် ပူတတ်တာပဲ..."
စုယွီက ခေါင်းကို ခိုင်မာစွာ ညိတ်လိုက်သည်။
"မင်း ဒုတိယအဆင့် သားရဲထိန်းကျောင်းသူ အဖြစ် အဆင့်တက်ဖို့က အရေးကြီးတယ်... ဒါကြောင့် ဒုတိယအဆင့် သားရဲ ဖမ်းဖို့ လိုအပ်တယ်... ဒါပေမဲ့ စွန့်စားဖို့ကတော့ လုံးဝ မလိုပါဘူး..."
"အင်အားက အဓိကပဲ... ဘယ်လိုနည်းနဲ့ ရလာတယ် ဆိုတာ ဘယ်သူ ဂရုစိုက်မှာလဲ... မင်း တတိယအဆင့် သားရဲထိန်းကျောင်းသူ ဖြစ်လာတဲ့ နေ့ကျရင်... ဒီနေ့ကို ပြန်ကြည့်ပြီး သာမန် ဒုတိယအဆင့် သားရဲလေး တစ်ကောင်က ဘာမှ မဟုတ်ပါလား ဆိုတာ သိလာလိမ့်မယ်..."
"တခုခု မှားယွင်းသွားရင် နောင်တရနေရလိမ့်မယ်လေ..."
စုယွီ၏ ရှည်လျားသော ရှင်းပြချက်ကို နားထောင်ပြီးနောက် ခယ်အာသည် လိမ္မာစွာ ခေါင်းညိတ် သဘောတူလိုက်ပြီး ပြုံးကာ မေးလိုက်၏။
"နင် ပြောတာ နားထောင်ပါ့မယ်... ဒါပေမဲ့ ငါတို့ နှစ်ယောက်စလုံး မသွားရင်... ဘယ်သူက သွားဖမ်းပေးမှာလဲ…”