အဆင့်တက်ခြင်းနှင့် ကံကောင်းမှု
Vol. 7 Ch. 103
~သူမက သိချင်စိတ် ပြင်းပြနေသော်လည်း စုယွီက နှုတ်လုံလွန်းလှသဖြင့် ဘာမှ ထပ်မပြောတော့ပေ။
နောက်တစ်နေ့တွင်၊
"ဝုန်း..."
လျှို့ဝှက်ခန်း အတွင်းရှိ ချီစွမ်းအင် စုစည်းခြင်း အဆင့်၏ အတားအဆီးကို ချိုးဖြတ်လိုက်သော အရှိန်အဝါ တစ်ခုကြောင့် အခင်းအကျင်းများ ကမောက်ကမ ဖြစ်သွားတော့သည်။ အပြင်ဘက်တွင် စောင့်ကြပ်နေကြသော စုယွီနှင့် ယွီခယ်အာတို့သည် ထိုလှုပ်ရှားမှုကို ခံစားလိုက်ရသည်နှင့် တပြိုင်နက် ဝမ်းသာအားရ ပြုံးလိုက်ကြ၏။
နှစ်ပေါင်း (၂၀) နီးပါး ကြာပြီးနောက်... ယွီချန်ချင်းသည် ဒုတိယအကြိမ်မြောက် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားခဲ့ပြီး အောင်မြင်မှု ရရှိသွားခဲ့ပြီ ဖြစ်ပေသည်။
မိစ္ဆာတောင်ထွတ် ရှစ်ခု ဈေးတန်းတွင်၊
ရုပ်သေးရုပ် ပညာရှင် အဘိုးအို အသွင်ဆောင်ထားသော တာအို ကိုယ်ပွား ရုပ်သေးသည် သူ၏ ဆိုင်ခန်းကို လီပင်ချန်းအား လွှဲပြောင်းပေးလိုက်ပြီး ဈေးတန်းမှ ပျောက်ကွယ်သွားခဲ့၏။
ကောင်းကင်အပျက်အစီး ကျောင်းတော် မှ ပေးသော သတင်းအချက်အလက်အရ ဒုတိယအဆင့် အလယ်အလတ် 'တိမ်ကျား' တစ်ကောင် ရှိနေကြောင်း သိရသည်။ ထိုသားရဲသည် ကျောပေါ်တွင် အတောင်ပံများ ပါရှိသော ကျားမိစ္ဆာ အမျိုးအစား ဖြစ်ပြီး၊ သွေးမျိုးဆက် ကောင်းမွန်သဖြင့် ဒုတိယအဆင့် ထိပ်တန်း အထိ ကြီးထွားလာနိုင်သော အလားအလာ ရှိ၏။ ၎င်း၏ တည်နေရာမှာ တာ့ယွဲ့ တောင်တန်း အစွန်အဖျားရှိ တိမ်မြူများ ဖုံးလွှမ်းနေသော တောင်ထွတ်တစ်ခုတွင် ဖြစ်သည်ဟု ဆိုသည်။
သတင်း မှန်မမှန်ကိုတော့ ကိုယ်တိုင် သွားရောက် ရှာဖွေမှသာ သိနိုင်ပေလိမ့်မည်။
တစ်လကျော် ကြာပြီးနောက် ရုပ်သေးရုပ်သည် တာ့ယွဲ့ တောင်တန်း အစွန်အဖျားသို့ ရောက်ရှိလာခဲ့၏။ သူသည် ရှေ့ရှိ တိမ်မြူများ ဖုံးလွှမ်းနေသော အဆုံးမဲ့ တောင်တန်းကြီးများကို မော့ကြည့်လိုက်ပြီး တည့်မတ်စွာ ဝင်ရောက်သွားတော့သည်။
—----
တာ့ယွဲ့ မှောင်ခိုဈေး ဂူစံအိမ်…
လျှို့ဝှက်ခန်း အတွင်း၌၊
စုယွီသည် မြေကမ္ဘာနှင့် သစ်သား စွမ်းအင် နှစ်မျိုးတွဲ ကျင့်စဉ်၏ နက်နဲသော သဘောတရားများကို သဘောပေါက် နားလည်လာပြီ ဖြစ်သဖြင့် နောက်ဆုံးတွင် ကျင့်စဉ် နှစ်ခုကို အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ထဲသို့ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့၏။
ယခုအခါ စွမ်းအင် လည်ပတ်မှုသည် တဖြည်းဖြည်း ချောမွေ့လာပြီ ဖြစ်၏။ သူ၏ ခန္ဓာကိုယ် အတွင်း၌ စမ်းသပ်မှုများ ပြုလုပ်ရာတွင်လည်း ယခင်ကကဲ့သို့ သွေးအန်သည်အထိ ဒဏ်ရာမရတော့ပေ။
(၅) နှစ်တာ ကာလအတွင်း သူသည် ယခင် ကျင့်စဉ် နှစ်ခုမှ ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့်စာ မန္တန်များကို အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ထဲသို့ ပေါင်းစပ် ထည့်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ သူ၏ ကျင့်စဉ် အဆင့်တက်ရန် လက်တစ်ကမ်း အလိုသာ လိုတော့၏။
လက်ရှိတွင် စုယွီသည် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ဖြင့် သစ်သား စွမ်းအင်များကို ကျင့်ကြံနေ၏။
သဘာဝ စွမ်းအင် အမြောက်အမြား သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ဝိညာဉ်စွမ်းအင် အဖြစ် ပြောင်းလဲသွားသည်နှင့် အမျှ သူ၏ အရှိန်အဝါသည် တရိပ်ရိပ် မြင့်တက်လာနေ၏။
ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်ရှိ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ တန်ဖိုးသည် တဖြည်းဖြည်း ပြောင်းလဲလာနေ၏။
တစ်နာရီခန့် ကြာသောအခါ တန်ဖိုးသည် (၁၀၀%) သို့ ရောက်ရှိသွားတော့သည်။
ချက်ချင်းပင် မျက်နှာပြင်ပေါ်ရှိ စာသားများ တိတ်တဆိတ် ပြောင်းလဲသွားလေ၏။
[ကျင့်စဉ်: အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် (ဒုတိယ စက်ဝန်း၊ ဒုတိယ ပတ်လည်၊ ကျွမ်းကျင်မှု ၀.၀၁%)]
“ဝူး…”
သဘာဝ စွမ်းအင်များသည် စုယွီ၏ ခန္ဓာကိုယ်ထဲသို့ အလုအယက် တိုးဝင်လာကြတော့သည်။ သူ၏ အရှိန်အဝါသည် ကြီးမားစွာ ပေါက်ကွဲထွက်လာပြီး၊ လွန်ခဲ့သော (၉) နှစ်က အခြေခံ တည်ဆောက်ခြင်း အဆင့် (၁) သို့ ရောက်ရှိခဲ့ပြီးနောက် ယခုအခါ အဆင့် (၂) သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။
စုယွီသည် သူ၏ ကျင့်ကြံခြင်း အဆင့်ကို တည်ငြိမ်စေရန် နောက်ထပ် နှစ်နာရီကျော် ဆက်လက် ကျင့်ကြံနေလိုက်သည်။
ထို့နောက် မျက်လုံးဖွင့်လိုက်ပြီး ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်၏။
အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ် အဆင့်တက်သွားပြီးနောက် သူ၏ သက်တမ်းသည်လည်း ပြောင်းလဲသွားခဲ့၏။
[သက်တမ်း: ၅၉/၂၃၂]
ဤအချက်အလက်ကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ဖြတ်သန်းသွား၏။
"ငါ့သက်တမ်းက (၁၉) နှစ် တိုးလာတာပဲ..."
စုစုပေါင်း သက်တမ်း (၂၃၂) နှစ် ဆိုသည်မှာ သာမန် အခြေခံ တည်ဆောက်ခြင်း အဆင့် (၉) ကျင့်ကြံသူများမှသာ ပိုင်ဆိုင်နိုင်သော သက်တမ်း ပမာဏ ဖြစ်ပေသည်။
စုယွီ တွေးတောလိုက်မိ၏။
"ဒီအတိုင်း ဆက်သွားရင်... ငါ အခြေခံ တည်ဆောက်ခြင်း အဆင့် (၉) ရောက်တဲ့ အခါကျရင် သက်တမ်းက (၃၇၀)၊ (၃၈၀) လောက် ဖြစ်သွားမှာပေါ့... ဝါး..."
"ဒါက အမြုတေ ဖွဲ့စည်းခြင်း အစောပိုင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ သက်တမ်းနဲ့ ညီမျှနေပြီ..."
သူ လေအေးတစ်ချက် ရှူရှိုက်လိုက်မိသည်။ ရှေးဟောင်း အမွေအနှစ် ကျင့်စဉ် ဖြစ်သော အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်သည် သူ့ကို စိတ်ပျက်စေခြင်း အလျဉ်းမရှိပေ။
၎င်း၏ အသက်ရှည်စေသော အာနိသင်မှာ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှ၏။
သူသည် ခန္ဓာကိုယ် အတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် ဖြစ်ပေါ်နေသည့် ဒုတိယမြောက် 'နှစ်ပတ်လည် ကွင်း' ဆီသို့ နတ်ဘုရားအာရုံကို စေလွှတ်လိုက်သည်။ ကျင့်စဉ် အဆင့် (၂) သို့ ရောက်ရှိသွားသဖြင့် ဒုတိယ ကွင်းသည် သိသိသာသာ ပိုမို နက်ရှိုင်းလာသည်ကို တွေ့ရ၏။
ထိုကွင်းမှ သစ်သား စွမ်းအင်များ စီးဆင်းထွက်ပေါ်လာပြီး သူ၏ ဝိညာဉ်စွမ်းအင်ကို အနည်းငယ် ပိုမို အားကောင်းစေ၏။
အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ဖြင့် အဆင့် (၂) သို့ ရောက်ရှိပြီးနောက်၊ သူ၏ မြေကမ္ဘာ သိုင်းကျမ်း ကျင့်ကြံမှု အရှိန်အဟုန်သည်လည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။ တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် ထိုကျင့်စဉ်ဖြင့်လည်း အဆင့် (၂) သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါ၏။
သို့သော်...၊
စုယွီ မျက်ခုံး အနည်းငယ် ကျုံ့လိုက်မိသည်။
"ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်းက အခြေခံ တည်ဆောက်ခြင်း အဆင့် (၄) အထိပဲ ပါတာ... နောက်ဆက်တွဲ မန္တန်တွေ မရှိရင်... တခြား မြေကမ္ဘာ ကျင့်စဉ် တစ်ခုခုနဲ့ အစားထိုးမှ ဖြစ်မယ်..."
ထိုအကြောင်းကို တွေးမိသောအခါ စုယွီသည် 'မိကျောင်းသားရဲ ကိုယ်ခန္ဓာ ကျင့်စဉ် (၁၀၈) ကွက်' နှင့် 'အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်' တို့ကိုပါ သတိရလိုက်မိ၏။
ထိုကျင့်စဉ် နှစ်ခုစလုံးသည် ရှေးဟောင်း အမွေအနှစ် ကျင့်စဉ်များ ဖြစ်သော်လည်း မပြည့်စုံကြပေ။
လက်ရှိ ကိုယ်ခန္ဓာ ကျင့်စဉ်တွင် (၁၈) ကွက်သာ ပါဝင်ပြီး အခြေခံ တည်ဆောက်ခြင်း အဆင့် (၉) နှင့် ညီမျှသော အဆင့်ထိသာ ကျင့်ကြံနိုင်၏။
အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်တွင်လည်း စက်ဝန်း (၃) ခု၊ စုစုပေါင်း (၂၇) ပတ်လည်သာ ပါဝင်ပြီး အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၉) အထိသာ ကျင့်ကြံနိုင်၏။
စုယွီ စိတ်ထဲတွင် တွေးလိုက်မိ၏။
"ငါ နောက်ဆက်တွဲ ကျင့်စဉ်တွေကို ရှာရတော့မယ်... မတွေ့ရင်တော့ တခြားနည်းလမ်း ရှာရမှာပဲ..."
ဤကိစ္စအတွက် စုယွီသည် နေရာနှစ်ခုကို ပြေးမြင်လိုက်မိ၏။ 'ထျန်းရှု သိုင်းကျမ်းတိုက်' နှင့် ကောင်းကင်အပျက်အစီး ကျောင်းတော်' တို့ပင် ဖြစ်ကြ၏။
"အချိန်ရရင် သွားမေးကြည့်ဦးမှ..."
စုယွီသည် မတ်တပ်ရပ်လိုက်ပြီး လျှို့ဝှက်ခန်းထဲမှ ထွက်ခွာလာခဲ့၏။
ယခု သူ အဆင့်တက်သွားပြီ ဖြစ်သဖြင့် ဒုတိယအဆင့် အလယ်အလတ် ရုပ်သေးရုပ် 'အတောင်ပံနှစ်ဖက် မိုးကြိုးမြွေ'ကို စတင် ဖန်တီးရန် အစီအစဉ် ရှိ၏။
ဤရုပ်သေးရုပ်သည် အလွန် အစွမ်းထက်ပြီး လေနှင့် မိုးကြိုး စွမ်းအင် နှစ်မျိုး ပါဝင်သည်။
၎င်း၏ ကာကွယ်ရေး စွမ်းရည်သည် နဂါးမိကျောင်း ရုပ်သေးလောက် မကောင်းသော်လည်း၊ အမြန်နှုန်းနှင့် တိုက်ခိုက်နိုင်စွမ်းမှာမူ နဂါးမိကျောင်းထက် များစွာ သာလွန်လှပေသည်။ ထို့ပြင် ဤရုပ်သေးရုပ်သည် အချိန်တိုအတွင်း ပျံသန်းနိုင်စွမ်းလည်း ရှိ၏။
အခြားတစ်ဖက်တွင်မူ...
ရုပ်သေးရုပ်သည် တာ့ယွဲ့ တောင်တန်းထဲသို့ ဝင်ရောက်ပြီး လဝက်ခန့် အကြာတွင် တိမ်မြူများ ဖုံးလွှမ်းနေသော တောင်ထွတ် တစ်ခုရှိ ဂူတစ်ခုထဲ၌ ဒုတိယအဆင့် အလယ်အလတ် သားရဲ 'တိမ်ကျား' အား နောက်ဆုံးတွင် ရှာတွေ့သွားခဲ့၏။
ရုပ်သေးရုပ် ဖန်တီးရန် ပြင်ဆင်နေသော စုယွီသည် ဂူစံအိမ်ထဲတွင် တိုးညှင်းစွာ ရေရွတ်လိုက်၏။
"တွေ့ပြီ..."
"ဟင်... ဘာကိူလဲ..."
ရုပ်သေးရုပ် ဂူထဲသို့ ဝင်ရောက်သွားချိန်တွင် စုယွီ အနည်းငယ် အံ့အားသင့်သွားပြီး ရုပ်သေးရုပ် ဖန်တီးနေခြင်းကို ရပ်တန့်လိုက်မိ၏။
ဂူထဲတွင် မူလ ဒုတိယအဆင့် အလယ်အလတ် သားရဲ တိမ်ကျားမကြီးသည် အလွန် အားနည်းနေပြီး မြေကြီးပေါ်တွင် လဲလျောင်းနေ၏။ (၂) မီတာနီးပါး မြင့်မားသော ခန္ဓာကိုယ်ကြီး၏ ဘေးတွင် မျက်လုံးပင် မပွင့်သေးသော တစ်ပေခန့် အရွယ်ရှိသည့် ကျားပေါက်လေး နှစ်ကောင်သည် နို့စို့နေကြ၏။
"ကလေးမွေးထားတာလား... ကောင်းကင် အပျက်အစီး ကျောင်းတော်က ပေးတဲ့ သတင်းအချက်အလက်က... ကိုယ်ဝန်ဆောင် ကျားမကြီး အကြောင်း ဖြစ်နေတာလား..."
စုယွီ အံ့သြဝမ်းသာ ဖြစ်သွားရ၏။
ဒါက 'တစ်ကောင်ဝယ် နှစ်ကောင်လက်ဆောင်' ရသလိုမျိုး ဖြစ်နေပြီ မဟုတ်ပါလော။
“ဝူး…”
ရုပ်သေးရုပ်သည် တိတ်တဆိတ် ပေါ်ထွက်လာပြီး လက်ထဲတွင် ဝိညာဉ် တံဆိပ်တုံး တစ်ခုကို အသက်သွင်းလိုက်၏။ အလင်းတန်း တစ်ခုသည် အားနည်းနေသော တိမ်ကျားမကြီး၏ မျက်ခုံးနှစ်ခုကြားသို့ မျက်တောင်တစ်ခတ် အတွင်း တိုးဝင်သွားတော့သည်။
ချက်ချင်းပင် တိမ်ကျားမကြီးသည် မျက်ဖြူလန်သွားပြီး မြေကြီးပေါ်သို့ ခွေခွေလေး လဲကျသွားတော့သည်။