← Chapters

လုယက်ခြင်းနှင့် အန္တရာယ်

Vol. 7 Ch. 105

လုယက်ခြင်းနှင့် အန္တရာယ်

Vol. 7 Ch. 105

~မကြာမီပင် ဆေးဆရာမ ဇီယန် ပြန်လည် ထွက်ခွာသွား၏။

သူမ ဂူစံအိမ်ထဲမှ ထွက်သွားပြီးနောက်မှသာ စုယွီသည် ယွီခယ်အာ ဘက်သို့ လှည့်ကာ ပြောပြလိုက်၏။

"သူ ပြောသမျှ အကုန်လုံးက အမှန်တွေ မဟုတ်ဘူး... ငါတို့ကို ကြည့်တဲ့ သူ့ရဲ့ အကြည့်တွေက တမျိုးကြီးပဲ..."

ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို စတင် ကျင့်ကြံကတည်းက စုယွီ၏ အာရုံခံစားမှုသည် အမြဲတမ်း ထက်မြက်နေခဲ့သည်။

ခဏမျှ တုံ့ဆိုင်းပြီးနောက် စုယွီ၏ လေသံသည် ပိုမို အေးစက်သွား၏။

"သားကောင်ကို ချောင်းကြည့်နေသလိုမျိုးလေ..."

စုယွီ၏ ဂူစံအိမ်မှ ထွက်ခွာလာပြီးနောက် ဆေးဆရာမ ဇီယန်သည် ရတနာတစ်ရာ တောင်တန်းသို့ ပြန်ရောက်လာခဲ့၏။

သူမ ရောက်သည်နှင့် တပြိုင်နက် သူမ၏ ကျင့်ကြံဖော်ဖြစ်သော ဒုတိယအဆင့် အလယ်အလတ် ဆေးပညာရှင် 'ရှီဟိုင်' က စိတ်မရှည်စွာ မေးလိုက်၏။

"ဘယ်လိုလဲ... အဆင်ပြေလား... သူတို့ လက်ခံလား..."

ရတနာတစ်ရာ တောင်တန်းမှ အခြားသော ဒုတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ ပညာရှင် 'တာအိုဆရာ ဟုန်ယွဲ့'ကလည်း ဇီယန်ကို ရည်ရွယ်ချက် ပါသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူ၏ မျက်ဝန်း နက်ရှိုင်းသော နေရာတွင် ဇီယန် အပေါ် တပ်မက်သော ရမ္မက်ဆန္ဒ အနည်းငယ်ကို တွေ့မြင်နေရ၏။

ဇီယန်သည် အလွန်အမင်း လှပသူ မဟုတ်သော်လည်း ရုပ်ဆိုးသူ တစ်ဦးတော့ မဟုတ်ပေ။

ထို့ပြင် ဝိညာဉ်ဆေးပင် စိုက်ပျိုးရေး ပညာရှင် တစ်ဦး၏ သဘာဝ အငွေ့အသက်နှင့် အမျိုးသမီး တစ်ဦး၏ ဆွဲဆောင်မှုတို့ ပေါင်းစပ်လိုက်သောအခါ ရတနာတစ်ရာ တောင်တန်းမှ လူအများအပြား သူမအပေါ် မရိုးသားသော စိတ်ထားများ ရှိနေကြခြင်း ဖြစ်သည်။

ဇီယန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မရဘူး... 'လျှို့ဝှက် အင်မော်တယ် နွယ်ပင်' ကို ရှာဖို့ အတူတူ သွားကြမယ်လို့ ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်တာတောင် သူတို့ ငြင်းလိုက်တယ်..."

ထိုစကားကို ကြားသောအခါ ဆေးပညာရှင် ရှီဟိုင်၏ မျက်နှာ ပျက်သွား၏။ သူက အံကို ကြိတ်ပြီး ပြောလိုက်၏။

"သတိကြီးလွန်းနေကြတာပဲ... ဒီကောင်တွေက အဆီတဝင်းဝင်းနဲ့ သားကောင်တွေပါ... ဒီလောက်ကြာအောင် ဝင်ငွေ မရှိဘဲနဲ့ မှောင်ခိုဈေးထဲမှာ ပစ္စည်းတွေ ခဏခဏ ဝယ်နေကြတာ... အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကုန်ကြမ်းပစ္စည်းတွေတောင် စုဆောင်းနေကြသေးတယ်..."

"အခုဆိုရင် လျှို့ဝှက် အင်မော်တယ် နွယ်ပင် ကိုတောင် စိတ်မဝင်စားကြဘူး ဆိုတော့... သူတို့လက်ထဲမှာ အရင်းအမြစ်တွေ တော်တော်များများ ရှိနေလို့ပေါ့..."

တာအိုဆရာ ဟုန်ယွဲ့၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ဤသားကောင် နှစ်ကောင်သည် သူတို့ သေချာ ရွေးချယ်ထားသော ပစ်မှတ်များ ဖြစ်ကြသည်။

ယခု ပစ်မှတ်များက လိုက်မလာတော့သဖြင့် သူတို့၏ အစီအစဉ် ပျက်သွားရလေပြီ။

ဇီယန် မျက်မှောင်ကြုတ် စဉ်းစားလိုက်ပြီး ခဏအကြာတွင် ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး... နောက်ထပ် (၁၀) ရက်လောက် နေလို့မှ သူတို့ လိုက်မလာသေးရင်... တခြားနည်းလမ်း စဉ်းစားကြတာပေါ့..."

—--------

ရက်အနည်းငယ် ကြာပြီးနောက်၊

စုယွီ၏ ဂူစံအိမ် အတွင်း၌၊

စုယွီသည် မကြာသေးမီကမှ ဖိတ်ခေါ်ထားသော ဧည့်သည် တစ်ဦးကို ဧည့်ခံနေ၏။ ထိုသူမှာ ကောင်းကင် အပျက်အစီး ကျောင်းတော်မှ 'တာအိုဆရာ ရှုယွီ' ဖြစ်၏။ တာ့ယွဲ့ မှောင်ခိုဈေးတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော စုယွီသည် ကောင်းကင် အပျက်အစီး ကျောင်းတော်၏ အခန်းကဏ္ဍမှာ သတင်းအချက်အလက် ရောင်းဝယ်ရေး ဖြစ်ကြောင်း ကောင်းကောင်း သိထားသည်။

သူတို့သည် သတင်းရဖို့ ဆိုလျှင် ဘာမဆို လုပ်မည့်သူများ ဖြစ်ကြသည်။

ထို့အတူ... ဤကဲ့သို့ လူမျိုးများနှင့် ဆက်ဆံရာတွင် စကားကို ကွေ့ဝိုက်နေစရာ မလိုပေ။

စုယွီက မေးလိုက်၏။

"တာအို မိတ်ဆွေ... ရတနာတစ်ရာ တောင်တန်းက ဆေးဆရာမ ဇီယန် တို့အဖွဲ့ ကျွန်တော်တို့ကို တာ့ယွဲ့ တောင်တန်းထဲ ခေါ်သွားချင်နေတဲ့ ရည်ရွယ်ချက် အမှန်ကို သိချင်ပါတယ်..."

ထိုစကားကို ကြားသောအခါ တာအိုဆရာ ရှုယွီက တဟဲဟဲ ရယ်မောလိုက်သည်။

"ခင်ဗျား ဒါကို မေးမယ် ဆိုတာ ကျွန်တော် သိပြီးသားပါ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀၀) ကျပါတယ်နော်..."

ထိုအခါ၊ စုယွီသည် မတုံ့ဆိုင်းဘဲ ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးလိုက်၏။

ဝိညာဉ်ကျောက်တုံးများကို လက်ခံရယူပြီးနောက် တာအိုဆရာ ရှုယွီက ကောက်ချက်ချလိုက်သည်။

"မိတ်ဆွေ... ခင်ဗျားက အခုတလော ဆေးဖော်စပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေ အတော်များများ ဝယ်ယူစုဆောင်းနေတဲ့ ဆေးပညာရှင် တစ်ယောက်လေ... အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကုန်ကြမ်း တချို့တောင် ပါသေးတယ်... သိပ်မများလှပေမဲ့... မှောင်ခိုဈေးထဲက ငတ်မွတ်နေတဲ့ ဝံပုလွေတွေကို ဆွဲဆောင်ဖို့တော့ လုံလောက်နေပါပြီ..."

"အထူးသဖြင့် ခင်ဗျားက အခြေခံ တည်ဆောက်ခြင်း အဆင့် (၂) ပဲ ရှိသေးတာကိုး... ဪ... အဆင့် (၂) ကို ချိုးဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်..."

"ဒါပေမဲ့... အဆင့် (၂) ဆိုတာ တာ့ယွဲ့ မှောင်ခိုဈေးမှာ ဘာမှ မဟုတ်ပါဘူး..."

"အဲ့ဒီလူတွေက ဝိညာဉ်ကျောက်တုံး တစ်ထောင်လောက် ရဖို့အတွက် အင်အားကြီး ဂိုဏ်းတွေရဲ့ ကုန်သည်တွေကိုတောင် ဝိုင်းတိုက်ရဲကြတဲ့ ကောင်တွေဗျ..."

"ခင်ဗျားက နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့လို့သာ ကံကောင်းသွားတာ... မဟုတ်ရင်... ဟဲဟဲ..."

"ဒီနေရာကို ပုံမှန် ဈေးတန်းလို့ မခေါ်ဘဲ 'မှောင်ခိုဈေး' လို့ ခေါ်တာ အကြောင်းမဲ့ မဟုတ်ဘူး..."

"ဒါကြောင့်... သတိထားပါ..."

"ခင်ဗျား ပေးလိုက်တဲ့ ဝိညာဉ်ကျောက်တုံး (၅၀၀) က တန်ပါတယ်..."

မကြာမီပင် တာအိုဆရာ ရှုယွီ ပြန်လည် ထွက်ခွာသွား၏။

သူသည် ဇီယန်၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ထုတ်မပြောခဲ့သော်လည်း၊ ပြောသင့်သမျှ အကုန် ပြောသွားခဲ့ပြီ ဖြစ်သည်။

ထွက်ခွာသွားသော တာအိုဆရာ ရှုယွီ၏ ကျောပြင်ကို ကြည့်ရင်း စုယွီ၏ မျက်နှာထား မှုန်မှိုင်းသွား၏။ မူလက ရရှိလာသော သတင်းအချက်အလက်ကို စဉ်းစားနေသော်လည်း၊ ရုတ်တရက် အတွေးတစ်ခု ခေါင်းထဲသို့ ဝင်လာ၏။

"သူ ငါ့ကို သတင်းရောင်းပြီးတာနဲ့... ရတနာတစ်ရာ တောင်တန်းကို သွားပြီး ငါ ဒီကိစ္စကို သိသွားပြီ ဆိုတဲ့ သတင်းကို ပြန်ရောင်းစားဦးမှာ မဟုတ်လား..."

သတင်းရောင်းဝယ်သူများ၏ ကျင့်ဝတ်သိက္ခာကို တွေးမိပြီး စုယွီ စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ တာအိုဆရာ ရှုယွီ ယခုအချိန်တွင် ရတနာတစ်ရာ တောင်တန်းသို့ ရောက်နေပြီ ဆိုတာကို သူ ရာနှုန်းပြည့် သေချာနေသည်။

ပြီးတော့... တာ့ယွဲ့ မှောင်ခိုဈေး ဆိုတာ တကယ်ကို 'စည်းကမ်းမဲ့' နေရာတစ်ခု ဆိုတာ သူ ခံစားမိလာသည်။

လွန်ခဲ့သော နှစ်များအတွင်း သူသည် ဆေးဖော်စပ်ရန် ကုန်ကြမ်းပစ္စည်း အနည်းငယ်ကိုသာ လူသိရှင်ကြား စုဆောင်းခဲ့ခြင်း ဖြစ်သည်။ အမြုတေ ဖွဲ့စည်းခြင်း ကုန်ကြမ်း ဆိုတာလည်း နည်းနည်းလေးပါ။

ဒါလေးနဲ့တင် သူ့ကို ပစ်မှတ်ထားနေကြပြီလား။

တကယ်လို့များ သူ ရုပ်သေးရုပ်တွေ ဖန်တီးဖို့ ဝိညာဉ်ကျောက်တုံး နှစ်သောင်းကျော်ဖိုး ကုန်ကြမ်းတွေ ဝယ်ထားတာကို သူများတွေ သိသွားရင် ဘယ်လိုလုပ်မလဲ။

သူ့ဂူစံအိမ်ကို အဲ့ဒီလူတွေ နင်းခြေ ဖျက်ဆီးပစ်ကြတော့မှာ မဟုတ်လား။

"ဒုတိယအဆင့် အဆင့်မြင့် ကာကွယ်ရေး အခင်းအကျင်းကို အမြန်ဆုံး တပ်ဆင်မှ ဖြစ်တော့မယ်..." စုယွီ၏ မျက်လုံးများ စူးရှသွား၏။

အိမ်နီးချင်း ရတနာတစ်ရာ တောင်တန်းက ဆေးဆရာမ ဇီယန် တို့အဖွဲ့ အတွက်တော့... စုယွီ၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်သန်းသွား၏။

သူတို့ဘက်က မသမာ သော ကြံစည်မှုတွေ ရှိနေလျှင်တောင် သူ မကြောက်ပါ။ သူ၏ တာအို ကိုယ်ပွား ရုပ်သေးက မိစ္ဆာတောင်ထွတ် ရှစ်ခု ဈေးတန်းကနေ ပြန်ရောက်နေပြီ ဖြစ်ပါသည်။ သူ့မှာ လက်နက်တွေ အများကြီး ရှိသလို၊ ဂူစံအိမ်ထဲမှာ ဒုတိယအဆင့် အလယ်အလတ် သားရဲ (၅) ကောင်တောင် ရှိနေသေးသည်။

အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူ လာတိုက်လျှင်တောင် သူ ကြောက်နေမှာ မဟုတ်ချေ။

ရတနာတစ်ရာ တောင်တန်းက အခြေအနေကိုတော့ သူ မသိရသေးပေ။

သို့စော်၊ သူ့အား လူစိတ်ဝင်စားမှု ခံနေရပြီ ဆိုတာကိုတော့ စုယွီ ရိပ်မိလိုက်သည်။

စုယွီက အလျင်စလိုပင် ယွီခယ်အာ၊ ယွီချန်ချင်း၊ စုရွီအန်းနှင့် အခြားသူများကို ဂူစံအိမ် အပြင်ဘက် မထွက်ရန် သတိပေးလိုက်၏။

သူကိုယ်တိုင်ကတော့ ဒုတိယအဆင့် အလယ်အလတ် ရုပ်သေးရုပ် 'အတောင်ပံနှစ်ဖက် မိုးကြိုးမြွေ' ကို အပြီးသတ် ဖန်တီးရန်အတွက် ပြန်လည် တံခါးပိတ် ကျင့်ကြံလိုက်တော့သည်။

—----

(၂) လ ကြာမြင့်ပြီးနောက်၊

လျှို့ဝှက်ခန်း အတွင်း၌၊

စုယွီသည် အသက်ရှူခြင်းကို ထိန်းညှိပြီး အာရုံစိုက်ထား၏။ သူ့လက်ထဲတွင် အရည်အသွေးမြင့် အဆောင်ရေးစုတ်တံ ကို ကိုင်ထားပြီး ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ကျောက်စိမ်း စားပွဲပေါ်ရှိ စက္ကူကောင်း တစ်ရွက်ပေါ်တွင် ဂရုတစိုက် ရေးဆွဲနေသည်။

(၂) နာရီကျော် ကြာမြင့်ပြီးနောက် အားလှိုင်း တစ်ခု တုန်ခါသွားပြီး စားပွဲပေါ်ရှိ အဆောင်ထဲသို့ တိုးဝင်သွား၏။

ဒါက ထိပ်တန်း အရည်အသွေး ရှိသော ဒုတိယအဆင့် အလယ်အလတ် 'နဂါးသတ် အဆောင်လက်ဖွဲ့' တစ်ခု အောင်မြင်စွာ ထွက်ပေါ်လာခြင်းပင် ဖြစ်၏။

အဆောင်လက်ဖွဲ့မှ ထွက်ပေါ်လာသော ထက်ရှသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် စုယွီ စိတ်လှုပ်ရှားသွားမိသည်။

"ဒါက တကယ့် ပစ္စည်းကောင်းပဲ..."

"သေချာ သုံးတတ်ရင်... အခြေခံ တည်ဆောက်ခြင်း အဆင့် (၆) ကျင့်ကြံသူ တစ်ယောက်ကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လောက်တယ်..."

"ဆက်လုပ်ကြစို့..."

သူသည် တင်ပျဉ်ခွေ ထိုင်ပြီး ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းလိုက်သည်။ တစ်ရက်အကြာတွင် အပြည့်အဝ ပြန်လည် ကောင်းမွန်လာသောအခါ နောက်ထပ် ထိပ်တန်း အရည်အသွေး နဂါးသတ် အဆောင် တစ်ခုကို ထပ်မံ ရေးဆွဲရန် ကြိုးစားလိုက်ပြန်၏။

လဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။

စုယွီသည် ထိပ်တန်း အရည်အသွေး ကုန်ကြမ်းပစ္စည်း (၁၅) စုံကို အသုံးပြုပြီး နောက်ထပ် ထိပ်တန်း နဂါးသတ် အဆောင် (၃) ခုကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့၏။

ထို့နောက် စုယွီသည် သိုလှောင်အိတ်ကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ထိုအထဲတွင် လွန်ခဲ့သော နှစ်များအတွင်း သူ စုဆောင်းထားသော ပစ္စည်းများ ရှိနေ၏။

ဒုတိယအဆင့် အဆင့်နိမ့် အဆောင် (၁၆၀) ကျော်။

ဒုတိယအဆင့် အလယ်အလတ် အဆောင် (၆၇) ခု။ (သာမန် နဂါးသတ် အဆောင် ၆ ခုနှင့် ထိပ်တန်း နဂါးသတ် အဆောင် ၄ ခု အပါအဝင်)။

ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးရုပ် (၃) ရုပ်။ (နဂါးမိကျောင်း ရုပ်သေး မဟုတ်ဘဲ အခြား အမျိုးအစားများ ဖြစ်သည်)။

ဒုတိယအဆင့် အလယ်အလတ် ရုပ်သေးရုပ် 'အတောင်ပံနှစ်ဖက် မိုးကြိုးမြွေ' တစ်ရုပ်။

"ငါ့ဆီမှာ ထိပ်တန်း အရည်အသွေး အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်လုံးနဲ့ သာမန် တစ်လုံး ကျန်သေးတာပဲ..." စုယွီ တစ်ယောက်တည်း ရေရွတ်လိုက်မိ၏။

ယခင်က သူသည် မိသားစုအတွက် ဆေးလုံး (၃) လုံး ချန်ထားခဲ့ပြီး၊ အရန်အဖြစ် (၃) လုံး သိမ်းထားခဲ့သည်။ တစ်လုံးကို ယွီချန်ချင်းအတွက် သုံးစွဲခဲ့ပြီးပြီ ဖြစ်၏။

လွန်ခဲ့သော နှစ်များအတွင်း စုရွီအန်း၏ ကျင့်ကြံခြင်း အဆင့်သည် ချီစွမ်းအင် စုစည်းခြင်း (၇) ဆင့်သို့ ရောက်ရှိလာခဲ့ပြီး၊ ပထမအဆင့် ထိပ်တန်း ဆေးပညာရှင် တစ်ယောက်လည်း ဖြစ်လာခဲ့ပြီ။

စုရွီအန်း ချီစွမ်းအင် (၉) ဆင့် ရောက်လျှင် စုရွီအန်းကို ထိပ်တန်း အရည်အသွေး ဆေးလုံး ပေးရန် စုယွီ စိတ်ကူးထား၏။

ထိုမျှ မကသေးပေ။

တာအို ကိုယ်ပွား ရုပ်သေးသည် မိစ္ဆာတောင်ထွတ် ရှစ်ခု ဈေးတန်းတွင် (၇) နှစ်တာ ကာလအတွင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၇) သောင်းကျော် ရှာဖွေနိုင်ခဲ့၏။ စုယွီ၏ လက်ကျန် (၃၄၀၀) နှင့် ပေါင်းစပ်ပြီး သုံးစွဲလိုက်သော ပမာဏများကို နုတ်လိုက်လျှင် လက်ရှိတွင် ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့် ကျန်ရှိနေသေးသည်ပင်။

ဆိုတော့... ယခု သူ့လက်ထဲတွင် စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၈) သောင်းခန့် ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။

စုယွီ ခေါင်းကို ကုတ်လိုက်ပြီး တွေးလိုက်မိ၏။

"ဒီညများ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ယောက်က ဒါကို သိသွားရင်... ငါ့ကို တစ်စစီ ဆွဲဖြဲပစ်မလား မသိဘူး…”

All Chapters