ဖမ်းယူခြင်း
Vol. 20 Ch. 197
"ကျန်းကျန်း... ဒီနေ့ ကျသင့်သမျှ အကုန်လုံးကို ငါပဲ အကုန်အကျခံမယ်"
မင်ယွဲ့သည် ကြွယ်ဝချမ်းသာသော သူဌေးမလေးတစ်ဦး၏ လေယူလေသိမ်းဖြင့် ရက်ရောစွာ ဆိုလိုက်သည်။
"ဒါဆိုရင်တော့ ဒီနေ့ ငါ့ကို လန့်အောင်လုပ်ခဲ့တာတွေကို ခွင့်လွှတ်ပေးလိုက်မယ် ဟားဟား ကဲ... အရင်ဆုံး ဗိုက်ဖြည့်ကြမယ်၊ ပြီးမှ ကစားကွင်းထဲ ပတ်ကြတာပေါ့"
သူတို့နှစ်ဦးသည် ဝမ်ရှင်းကစားကွင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ရာ နေရာအနှံ့ကို မကျွမ်းကျင်သေးသဖြင့် ဆိုင်တစ်ဆိုင်တွင် အသင့်စား အစားအစာများကိုသာ မှာယူလိုက်ကြသည်။
ယွမ်ပေါ့သည် အိမ်မွေးတိရစ္ဆာန်ထည့်သည့် လှောင်အိမ်အိတ်လေးထဲမှနေ၍ ခေါင်းလေးကို ပြူထွက်နေသည်။
အပြင်သို့ ထွက်ချင်နေသောကြောင့် လှုပ်စိလှုပ်စိ ဖြစ်နေသော်လည်း မင်ယွဲ့ကမူ ၎င်းကို အိတ်ထဲသို့သာ ပြန်ထည့်ထားလိုက်သည်။
ယွမ်ပေါ့၏ မျက်လုံးဝိုင်းကြီးများမှာ အိတ်၏ ကြည်လင်သော မှန်သားပြင်တွင် ကပ်လျက် အပြင်ဘက်ကို စူးစိုက်ကြည့်နေရှာသည်။
"ယွဲ့ယွဲ့... ယွမ်ပေါ့ ဗိုက်ဆာနေတာလား"
ဝမ်ကျန်းသည် သူမလက်ထဲရှိ အစားအစာကို တကြည့်ကြည့်လုပ်နေသော ယွမ်ပေါ့ကို ကြည့်ကာ မေးလိုက်သည်။
ထိုကလေး၏ အကြည့်မှာ အစားမက်သော ကလေးတစ်ယောက်နှင့် အလွန်ပင် တူလှသည်။
"ထားလိုက်ပါ... သူ့အတွက် အထဲမှာ အစာထည့်ပေးထားတယ်"
မင်ယွဲ့က အိတ်ကို အသာအယာ ပုတ်ပြကာ ယွမ်ပေါ့ကို လူတွေလန့်အောင် မလုပ်ရန် အချက်ပြလိုက်သည်။
ယွမ်ပေါ့သည် နှုတ်ခမ်းလေးကို ဆူလိုက်ပြီး အိတ်ထဲရှိ အသားခြောက်များကို အားပါးတရ ဝါးစားနေတော့သည်။
"မင်္ဂလာပါ... ကျွန်မတို့ အဖော်လိုက်ဝန်ဆောင်မှုလိုချင်ပါတယ်"
ထမင်းစားပြီးနောက် မင်ယွဲ့သည် ဝန်ထမ်းတစ်ဦးကို ခေါ်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အဖိုးတန်ဧည့်သည်တော်"
"ရှင် ဘာမှ အထူးတလည် လုပ်ပေးစရာ မလိုပါဘူး၊ ကျွန်မတို့ ကစားနေတဲ့ အချိန်အတွင်းမှာ ဒီအိတ်လေးကိုပဲ တစ်ချိန်လုံး ကိုင်ထားပေးရင် ရပါပြီ"
အချို့သော ကစားနည်းများမှာ တိရစ္ဆာန်များကို ခွင့်မပြုသဖြင့် ဤသို့ စီစဉ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ယွမ်ပေါ့ကမူ သူမ၏ စိတ်ထဲတွင် စတင်၍ သောင်းကျန်းတော့သည်။
【 မရဘူး... မရဘူး... ကျွန်တော်လည်း ကစားချင်တယ် 】
“ကောင်းပါပြီ... တော်တော့၊ မင်းကို ချားရဟတ် လိုက်စီးပေးမယ်”
ဟု မင်ယွဲ့က စိတ်ထဲမှပင် ပြန်လည် ချော့မြှော့လိုက်ရသည်။
"လာ... အရင်ဆုံး ယွမ်ပေါ့ကို ချားရဟတ် သွားစီးပေးကြရအောင်"
မင်ယွဲ့က ဝမ်ကျန်းကို ခေါ်ကာ ချားရဟတ် ရှိရာသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင် ကလေးငယ်များစွာဖြင့် စည်ကားနေသည်။
"ဟားဟား... ငါတို့က ကလေးတွေကြားမှာ ဘုရင်မတွေ ဖြစ်တော့မှာလား"
ဟု ဝမ်ကျန်းက တက်ကြွစွာ ဆိုသည်။
"ဟိုမှာကြည့်ဦး... စုံတွဲတွေလည်း ရှိသားပဲ"
ဟု မင်ယွဲ့က မေးစေ့လေးကို အသာအယာ မြှောက်ပြကာ အမှတ်တရ စုံတွဲလေးများကို ညွှန်ပြလိုက်သည်။
ချားရဟတ် စတင်လည်ပတ်သောအခါ ယွမ်ပေါ့သည် အိတ်ထဲမှနေ၍ မြင်ကွင်းများ အမြဲတမ်း ပြောင်းလဲနေသည်ကို အံ့ဩတကြီး ကြည့်နေရှာသည်။
【 ယွဲ့ယွဲ့... ဘန်ဂျီဂျမ်ပင်းက အရမ်း ရင်ခုန်ဖို့ ကောင်းတယ်လို့ ကြားဖူးတယ်၊ ကျွန်တော့်ကို ဘယ်တော့ ခေါ်သွားမှာလဲ 】
မင်ယွဲ့သည် ယွမ်ပေါ့၏ ခေါင်းထဲတွင် အဘယ်အရာများ ရှိနေသနည်းဟု တွေးမိသည်။ ချားရဟတ် စီးရုံနှင့် ဘန်ဂျီဂျမ်ပင်းကို တမ်းတနေသည့် ဤသားရဲလေးကို သူမ ဘယ်လိုကိုင်တွယ်ရပါမည်နည်း။
“ယွမ်ပေါ့... အိမ်မွေးတိရစ္ဆာန်ကို ပွေ့ချီပြီး ဘန်ဂျီဂျမ်ပင်း ခုန်တဲ့သူ မင်း မြင်ဖူးလို့လား”
【 ဒါဆိုရင် ကျွန်တော် ကိုယ်ယောင်ဖျောက်
လိုက်မယ်လေ】
“မင်းက ကိုယ့်ဘာသာ ပျံသန်းနိုင်တာပဲ၊ ကောင်းကင်ပေါ်တက်ဖို့ ဒါမှမဟုတ် မြေအောက်ဆင်းဖို့ ငါ့ကို အားမကိုးစရာမလိုဘူးလေ...”
【 အဲဒါက ခံစားချက်ချင်းမှ မတူတာ 】
ယွမ်ပေါ့က ဇွတ်တရွတ် ငြင်းခုံနေဆဲပင်။
မင်ယွဲ့ကမူ ၎င်း၏ ဦးနှောက်လေးထဲတွင် မည်သို့သော ထူးဆန်းသည့် အတွေးများ ရှိနေသနည်းဟု နားမလည်နိုင်တော့ပေ။
ချားရဟတ် စီးပြီးနောက် သူတို့သည် အခြားသော ကစားနည်းများကို ဆက်လက် ကစားကြသည်။
တိရစ္ဆာန် ခွင့်ပြုသည့် နေရာတွင် ယွမ်ပေါ့ကို ခေါ်သွားပြီး၊ ခွင့်မပြုသည့် နေရာများတွင် ဝန်ထမ်းကို ခေတ္တ အပ်နှံထားခဲ့ကြသည်။
【 ယွဲ့ယွဲ့... ကျွန်တော် ဟိုက ပန်ဒါရုပ် သကြားလုံး စားချင်တယ် 】
မင်ယွဲ့သည် သကြားလုံးဆိုင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး သူမ၏ သားရဲလေး၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ယွမ်ပေါ့ကို အိတ်ထဲမှ ထုတ်ကာ လည်ပတ်ကြိုးကို သေချာချည်နှောင်လိုက်သည်။
ယွမ်ပေါ့က လူကို ရန်မမူမှန်း သူမ သိသော်လည်း အခြားသူများ စိတ်အေးစေရန် ဤသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။
ပန်ဒါနှင့် တူလွန်းသော ယွမ်ပေါ့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်မှ လူများက အံ့ဩတကြီး ရေရွတ်ကြတော့သည်။
"မေမေ... ပန်ဒါလေး သမီး ပန်ဒါလေး တွေ့တယ်”
အသက်အရွယ်မရွေး လူအများက ဤထူးဆန်းသော သတ္တဝါလေးကို ဝိုင်းအုံကြည့်ရှုကြသည်။
အချို့ကမူ ပန်ဒါနှင့် တူအောင် ပြင်ဆင်ထားသော ခွေးတစ်ကောင်ဟု ထင်ကြေးပေးနေကြသည်။
"ဒီပန်ဒါ သကြားလုံး တစ်ခု ပေးပါ"
မင်ယွဲ့က မှာယူလိုက်သည်။
ဝမ်ကျန်းကမူ ယွမ်ပေါ့သည် သကြားလုံး စားနိုင်ပါမည်လားဟု သံသယဝင်နေသော်လည်း ယွမ်ပေါ့မှာမူ သကြားလုံးကို မြင်သည်နှင့် မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေတော့သည်။
ကစားကွင်းအတွင်း၌ လှပသော အမျိုးသမီးတစ်ဦးသည် ပန်ဒါနှင့်တူသော အိမ်မွေးတိရစ္ဆာန်လေးကို ခေါ်ဆောင်လာပြီး၊ ထိုတိရစ္ဆာန်လေးက ပန်ဒါရုပ် သကြားလုံးကို မြိန်ရည်ယှက်ရည် စားနေသည့် မြင်ကွင်းမှာ လူအများကို ဆွဲဆောင်နေတော့သည်။
"မမ... သူက အရမ်းချစ်ဖို့ကောင်းတာပဲ သမီး ဓာတ်ပုံတွဲရိုက်လို့ ရမလားဟင်"
ဟု မိန်းကလေးငယ်တစ်ဦးက ယဉ်ကျေးစွာ လာရောက် မေးမြန်းသည်။
မင်ယွဲ့က ပြုံးလျက် ခွင့်ပြုလိုက်သည်။
သူမသည် ယွမ်ပေါ့ကို အိတ်ပေါ်တွင် တင်ပေးလိုက်ရာ ယွမ်ပေါ့မှာမူ ဓာတ်ပုံရိုက်သည်ကို ဂရုမစိုက်ဘဲ သကြားလုံးစားခြင်း၌သာ အာရုံစိုက်နေသည်။
အခြားသော ကလေးငယ်များစွာသည်လည်း ယွမ်ပေါ့နှင့်အတူ ဓာတ်ပုံတွဲရိုက်ရန် ရောက်ရှိလာကြသည်။
"ဒီမှာတင် ဆိုင်ဖွင့်ပြီး ဓာတ်ပုံရိုက်ခ တစ်ပုံ ဆယ်ယွမ်ယူရင်တောင် မင်း ချမ်းသာဦးမှာပဲ"
ဟု ဝမ်ကျန်းက နောက်ပြောင်လိုက်သည်။
"ဟုတ်သားပဲ... နင်ကတော့ စီးပွားရေး ပါရမီရှင်
ပဲ"
ဟု မင်ယွဲ့ကလည်း ရယ်မောကာ ထောက်ခံလိုက်သည်။
"မဟုတ်တာ... နင့်ရှေ့မှာတော့ ငါက ပါရမီရှင်လို့
မပြောရဲပါဘူး ငါက ဝန်ထမ်းလေး တစ်
ယောက်ပါပဲ"
ဟု ဝမ်ကျန်းက လက်ကာပြသည်။
သူမသည် မင်ယွဲ့၏ ရင်းနှီးမြှုပ်နှံမှု စွမ်းရည်များကို ကောင်းစွာ သိထားသူ မဟုတ်ပါလား။
"ကဲ... တော်ပြီ၊ ဆက်ကစားကြရအောင်"
ယွမ်ပေါ့သည် သကြားလုံးကို စားပြီးသွားပြီဖြစ်ရာ မင်ယွဲ့က ၎င်းကို အိတ်ထဲသို့ ပြန်ထည့်ရန် ပြင်ဆင်လိုက်သည်။ ထိုစဉ် ကောင်လေးတစ်ယောက်က အပြေးအလွှား ရောက်ရှိလာသည်။
"နေဦး... ကျွန်တော် ဓာတ်ပုံ မရိုက်ရသေးဘူး”