လုပ်ငန်းခေတ္တရပ်နား၍ ပြုပြင် မွမ်းမံခြင်း
Vol. 21 Ch. 201
ဆိုင်၏ လုပ်ငန်းဆောင်တာများကို ချက်ချင်းရပ်နားလိုက်ပြီးနောက် အကြီးစား ပြုပြင်
ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် စတင်
တော့သည်။
ပြိုင်ဘက်များဘက်မှ ကြည့်လျှင် ဤလုပ်ရပ်မှာ ထူးဆန်းနေသော်လည်း အလေးအနက်မထားမိကြပေ။
ထို့ပြင် "ယွဲ့ဟွာ" တစ်ယောက် နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယခုလုပ်ရပ်မှာ သေခါနီးဆဲဆဲ ရုန်းကန်နေခြင်းသာဖြစ်ကြောင်း တွေးတောကာ ဝမ်းသာအားရပင် ဖြစ်နေကြသေးသည်။
မင်ယွဲ့ကမူ သူတို့ မည်သို့ပင်တွေးပါစေ ဂရုမစိုက်အားပေ။
သူမသည် ဆိုင်ရှိ အချိုပွဲနှင့် ဖျော်ရည်အားလုံးကို ကိုယ်တိုင်မြည်းစမ်းကြည့်ပြီးနောက် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည်များကို ပယ်ဖျက်ကာ ကျန်ရှိသော မုန့်အမျိုးအစားများကိုလည်း ဟင်းချက်
နည်း အသစ်များဖြင့် အဆင့်မြှင့်တင်လိုက်သည်။
မီးဖိုချောင်ဝန်ထမ်းများသည်လည်း နေ့စဉ်နှင့်အမျှ အရေးပေါ်လေ့ကျင့်မှုများ ပြုလုပ်နေရပြီး စားဖိုမှူးတိုင်းမှာလည်း လျှို့ဝှက်ချက် ထိန်းသိမ်းခြင်းဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးကာ စိတ်ရောကိုယ်ပါ နှစ်
မြှုပ်လေ့လာနေကြရသည်။
မင်ယွဲ့သည် အလွန်ပင် စေ့စပ်သေချာလွန်းလှသည်။ အမှားအယွင်းများကို ပြင်ဆင်ပေးခြင်း၊ နည်းစနစ်အသစ်များကို သင်ကြားပေးခြင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်လက်ရှည် လုပ်ဆောင်ပေးခဲ့သည်။ ခေါင်းဆောင်စားဖိုမှူးက နားလည်သဘောပေါက်သွားမှသာ ထိုသူမှတစ်ဆင့် ကျန်ရှိသော ဝန်ထမ်းများကို ထပ်ဆင့်သင်ကြားစေသည်။
ဆိုင်အပြင်ဘက်တွင် "ပြုပြင်မွမ်းမံရန် ခေတ္တပိတ်ထားသည်" ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသော်လည်း အတွင်းဘက် မီးဖိုချောင်ထဲတွင်မူ အချက်အပြုတ် အသံများဖြင့် ဆူညံကာ အသက်ဝင်နေတော့သည်။
မင်ယွဲ့သည် အမှန်တကယ်ပင် သဘောထားကြီးသော အလုပ်ရှင်တစ်ဦး ဖြစ်ပေသည်။ ဝန်ထမ်းများ လေ့ကျင့်ရာတွင် ကုန်ကျသည့် အမယ်ပစ္စည်းများအတွက် သူမက စိုက်ထုတ်ပေးရုံသာမက ပိုလျှံနေသော အစားအစာများကိုလည်း အလဟဿမဖြစ်စေရန် ဝန်ထမ်းများအား အိမ်သို့ ပြန်ယူခွင့်ပေးထားသည်။
ဆိုင်၏ အတွင်းပိုင်းကိုလည်း ကြီးကျယ်ခမ်းနားစွာ ပြုပြင်နေသည်။
ယခင်က ပြင်သစ်စတိုင် အပြင်အဆင်များကို မင်ယွဲ့က တရုတ်ရိုးရာစတိုင်သို့ အကုန်အစင် ပြောင်းလဲပစ်လိုက်သည်။ ချမ်းသာကြွယ်ဝသူတို့၏ ထုံးစံအတိုင်း စိတ်အလိုလိုက်ကာ "မွန်းပါဗီလီယံ"(moon pavilion = လကြည့်မျှော်စင်၊လကြည့်တာဝါ) ၏ ဒုတိယထပ်ကိုပါ ဝယ်ယူလိုက်သေးသည်။
တရုတ်ရိုးရာ လက်ဖက်ရည်နှင့် မုန့်များမှာ နက်နဲကျယ်ပြန့်လှသလို၊ နန်းတွင်းဟင်းလျာများ၏ အမျိုးအစား စုံလင်မှုမှာလည်း အခြားမည်သည့် အစားအစာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြွယ်ဝလှပေသည်။ သို့သော်လည်း သူမ၏ စားဖိုမှူးမှာ ပြင်သစ်ဟင်းလျာများတွင် ကျွမ်းကျင်သူဖြစ်နေသောကြောင့် မင်ယွဲ့က သူ့အပေါ် မတရား မလုပ်လိုပေ။
ဒုတိယထပ်ကို ခေါင်းစဉ်အမျိုးမျိုး တပ်ထားသော သီးသန့်ခန်းများအဖြစ် ပုံဖော်ထားပြီး ပထမထပ်ကိုမူ သစ်သားကိုယ်ထည်များ၊ ပန်းပုလက်ရာများ၊ နံရံဆေးရေးပန်းချီများနှင့် လှပသော ဇာတ်ခုံကာ နံရံများ အသုံးပြုကာ ဆွဲဆောင်မှုရှိသော တစ်ပိုင်းတစ်စ သီးသန့်နေရာများအဖြစ် ဖန်တီးထားသည်။
ထို့ပြင် မင်ယွဲ့သည် တရုတ်ဟင်းလျာ ကျွမ်းကျင်စားဖိုမှူးတစ်ဦးကို အွန်လိုင်းတွင် အပူတပြင်း ရှာဖွေခဲ့ရာ ကံကောင်းစွာဖြင့် ရှာတွေ့ခဲ့လေသည်။
"မစ္စတာရွှီ တကယ်ပဲ ထပ်ပြီး မကြိုးစားကြည့်
ချင်တော့ဘူးလား”
မင်ယွဲ့သည် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း စိတ်ရင်းမှန်ဖြင့် မေးမြန်းလိုက်သည်။
မစ္စတာရွှီ (ရွှီခယ်) ၏ ဘိုးဘေးဘီဘင်များမှာ နန်းတွင်းစားဖိုမှူးများ ဖြစ်ခဲ့ကြသဖြင့် သူ၏ မိသားစုမှာ မျိုးဆက်နှင့်ချီ၍ တရုတ်နန်းတွင်းစာ များကို လေ့လာလိုက်စားခဲ့ကြသူများ ဖြစ်သည်။
ရွှီခယ်ကိုယ်တိုင်မှာလည်း အသက် ၃၀ အရွယ်တွင် တရုတ်အချက်အပြုတ် ပြိုင်ပွဲ၌ ပထမဆုကို ဆွတ်ခူးခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် အချက်အပြုတ်လောကတွင် ဂုဏ်သတင်းကျော်စောခဲ့သူဖြစ်သည်။
သို့သော် ကံကြမ္မာက သူ၏ ပါရမီကို မနာလိုဖြစ်ခဲ့လေသလားမသိ။
ထိုနှစ်မှာပင် သူ၏ နှစ်နှစ်သားအရွယ် သားငယ်လေးမှာ အစအနမကျန် ပျောက်ဆုံးသွားခဲ့သည်။
ဘဝ၏ အမြင့်ဆုံးအချိန်တွင် မာန်ရှိန်အပြည့်ရှိခဲ့သော ရွှီခယ်မှာ စိတ်ဓာတ်များ ပြိုလဲသွားပြီး သူ၏ ဇနီးနှင့်အတူ သားဖြစ်သူကို လိုက်လံရှာဖွေရန်အတွက် ခရီးနှင်ခဲ့ရသည်။
ထိုရှည်လျားလွန်းလှသော ရှာဖွေမှု ခရီးစဉ်မှာ ယခုဆိုလျှင် ငါးနှစ်တိုင်ခဲ့ပြီ ဖြစ်သော်လည်း အဖြေမထွက်သေးပေ။
"မစ္စ မင် ကျနော့်အကြောင်းကို ခင်ဗျား ဘယ်ကနေ သိလာသလဲတော့ မသိဘူး ဒါပေမဲ့ နောက်လူက ရှေ့လူကို ကျော်တက်စမြဲပဲလေ ခင်ဗျားအတွက် ကျနော့်ထက် ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိမှာပါဗျာ”
ရွှီခယ်က မျက်လွှာချကာ ပြောလိုက်သည်။
သူ၏ လက်များက ဖန်ခွက်နှုတ်ခမ်းသားကို မသိမသာ ပွတ်သပ်နေမိသည်။ သူ၏ စိတ်ထဲတွင် ဂနာမငြိမ်ဖြစ်နေပြီး ခံစားချက်များ ရှုပ်ထွေးနေကြောင်း သိသာလှသည်။
ပါရမီရှင်တစ်ဦးအဖြစ် ချီးမွမ်းခြင်းများကြားတွင် ကြီးပြင်းလာခဲ့ရသော်လည်း ဘဝဆိုသည်မှာ နောင်တများဖြင့် ပြည့်နှက်နေသည်မဟုတ်ပါလား။
မင်ယွဲ့က ရွှီခယ်ကို ကြည့်လိုက်သည်။
သူသည် အသက် ၃၅ နှစ်သာ ရှိသေးပြီး လူ့သက်တမ်း၏ အားအကောင်းဆုံး အရွယ်ဖြစ်သော်လည်း ယခုမူ အိုမင်းရင့်ရော်ကာ အားအင်ကုန်ခမ်းနေဟန် ပေါက်နေသည်။
သားပျောက်ဆုံးသွားခြင်းက ပျော်ရွှင်စရာကောင်းသော သူ၏ မိသားစုဘဝအပေါ် အရိပ်
မည်းကြီး အုပ်မိုးလိုက်သကဲ့သို့ပင်။
"မစ္စတာရွှီ ရှင့်ဆီကို ကျွန်မလာတွေ့တယ်ဆိုကတည်းက ရှင့်ရဲ့ နောက်ကြောင်းကို စုံစမ်းပြီးသားပါ ဒါကတော့ ရှင့်သားလေးနဲ့ ပတ်သက်ပြီး ကျွန်မရှာတွေ့ထားတဲ့ အချက်အလက်တွေပဲ”
မင်ယွဲ့က စာရွက်စာတမ်းတွဲတစ်ခုကို ရွှီခယ်ရှေ့သို့ ချပေးလိုက်သည်။
သားဖြစ်သူ၏ အမည်ကို ကြားလိုက်ရသည်နှင့် ရွှီခယ်၏ ဝိညာဉ်ကင်းမဲ့နေသော မျက်ဝန်းများမှာ ချက်ချင်းပင် အသက်ဝင်လာတော့သည်။ သူသည် စာရွက်စာတမ်းများကို အမြန်ပင် လှန်လှောကြည့်ရှုလိုက်သည်။
အထူကြီးဖြစ်သော ထိုစာရွက်စာတမ်းတွဲ၏ မျက်နှာဖုံးတွင် သားဖြစ်သူ ပျောက်ဆုံးသွားသောနှစ်၊ မွေးနေ့ပွဲတွင် ရိုက်ထားသည့် ဓာတ်ပုံလေး ရှိနေသည်။ ထိုစဉ်က သားလေးမှာ နှစ်နှစ်သားအရွယ်သာရှိသေးပြီး ချစ်စရာကောင်းသော ကလေးငယ်လေး တစ်ဦးပင်။
သူ့ရင်ထဲတွင် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ ဒွန်တွဲနေသည်။ လွန်ခဲ့သည့် နှစ်များအတွင်း သူနှင့် ဇနီးသည်တို့မှာ သတင်းကြားရာ အရပ်တိုင်းသို့ မနားမနေ သွားရောက်ရှာဖွေခဲ့ကြသော်လည်း အမြဲတမ်း ကျရှုံးခဲ့ရသည်။
သို့သော်လည်း သူတို့ ဘယ်သောအခါမှ လက်မလျှော့ခဲ့ကြပေ။ မိဘဖြစ်သူများကပင် လက်လျှော့လိုက်လျှင် သားငယ်လေးမှာ အမှန်တကယ်ပင် ပြန်လာနိုင်တော့မည် မဟုတ်ပေ။
မြစ်နားတွင် ကျန်ရစ်ခဲ့သော ကလေးဖိနပ်လေးများ၊ တောင်ပေါ်ဒေသများတွင် ရောင်းစားခံရသော ကလေးများ၊ ခြေထောက်ကျိုးကာ တောင်းရမ်းနေရသော ကလေးများ စသည့် ကြောက်မက်ဖွယ် အိပ်မက်ဆိုးများဖြင့် သူသည် ညတိုင်း လန့်နိုးခဲ့ရသည်။
ယခုမူ တစ်စုံတစ်ယောက်က သားဖြစ်သူ၏ သတင်းကို ကိုယ်တိုင်လာရောက် ပြောပြနေသည်မဟုတ်ပါလား။
စာရွက်များကို နောက်ဆုံးအထိ လှန်ကြည့်လိုက်သည့်အခါ ရွှီခယ်၏ လက်များမှာ သိသိသာသာ တုန်ရင်လာပြီး မျက်ရည်များ ဝဲတက်လာသည်။ ဓာတ်ပုံထဲတွင် တွေ့ရသည်မှာ ခုနစ်နှစ်
အရွယ် ကလေးငယ်တစ်ဦး။
ထိုကလေးမှာ အရိုးပေါ် အရေတင်မျှသာရှိပြီး မျက်ဝန်းများမှာ မှေးမှိန်ကာ အသားအရေမှာလည်း ညိုမည်းနေသည်။ အဝတ်အစားများမှာ ဟောင်းနွမ်းနေပြီး နှုတ်ခမ်းများနှင့် လက်များမှာလည်း ကွဲအက်နေရှာသည်။
ရွှီခယ်သည် တစ်ချက်ကြည့်ရုံဖြင့် ဤကလေးမှာ သူ၏သားဖြစ်ကြောင်း အတတ်သိလိုက်သည်။
မျက်လုံးအနီးတွင် ငယ်စဉ်က လမ်းလျှောက်သင်ရင်း ထိခိုက်ခဲ့၍ ချုပ်ထားရသော အမာရွတ်လေးမှာ ယခုထက်တိုင် ရှိနေသေးသည်ကိုး။
"ကျနော့်ကလေး... အခု ဘယ်မှာလဲဟင်”
ပြင်းထန်သော ခံစားချက်ကြောင့် စကားပြောရန်ပင် ခက်ခဲနေရှာသည်။
သူ၏ အသံမှာ တုန်ရီအက်ကွဲနေသော်လည်း သားအပေါ်ထားသည့် ချစ်ခြင်းမေတ္တာနှင့် မျှော်လင့်ချက်များ အပြည့်ပါဝင်နေသည်။
"ဟယ်မြောင်ကျေးရွာမှာပါ”
ဤခေတ်ကာလသည် နည်းပညာထွန်းကားပြီး လုံခြုံရေးကင်မရာများ နေရာအနှံ့ရှိသော်လည်း အချို့သော ဝေးလံခေါင်ဖျားသည့် နေရာများတွင်မူ ဥပဒေ၏ လက်လှမ်းမမီမှုများ ရှိနေဆဲဖြစ်သည်။
ရွှီခယ်တို့ဇနီးမောင်နှံ ရဲတိုင်ခဲ့စဉ်က ကင်မရာမှတ်တမ်းများအရ ကလေးကို လိုင်စင်ပြောင်းထားသော ဗန်ကားတစ်စီးဖြင့် ခေါ်ဆောင်သွားကြောင်း သိခဲ့ရသော်လည်း လမ်းကြောင်းအမျိုးမျိုး ပြောင်းလဲသွားပြီးနောက်တွင်မူ အစအန ပျောက်ဆုံးသွားခဲ့သည်။
ရဲတပ်ဖွဲ့က မကူညီချင်သည်မဟုတ်ဘဲ တစ်နိုင်ငံလုံးအနှံ့ ဆန်ခါတင် ရှာဖွေရန်မှာ လက်တွေ့တွင် အလွန်ခက်ခဲလှသည်။
သို့သော် ယွမ်ပေါ့အတွက်မူ ဤသည်မှာ အလွန်လွယ်ကူလှသော ကိစ္စဖြစ်သည်။
၄င်းသည် ကမ္ဘာတစ်ဝန်းရှိ ကွန်ရက်များကို စူပါကွန်ပျူတာတစ်လုံးကဲ့သို့ ထိန်းချုပ်ထားနိုင်ပြီး ဒေတာများကို အချိန်တိုအတွင်း နှိုင်းယှဉ်ရှာဖွေကာ ဟယ်မြောင်ကျေးရွာသို့ တိုက်ရိုက်ခြေရာခံနိုင်ခဲ့သည်။
ဟယ်မြောင်ကျေးရွာဆိုသည်မှာ နာမည်လေးကသာ သာယာနာပျော်ဖွယ်ရှိသော်လည်း လက်တွေ့တွင်မူ ဆင်းရဲမွဲတေမှု၊ ရှေးရိုးစွဲဝါဒနှင့် ဥပဒေမဲ့မှုများ ကြီးစိုးရာ အရပ်ဖြစ်သည်။
ထိုနေရာရှိ လူအများစုမှာ ပညာဗဟုသုတ နည်းပါးကြပြီး အစိုးရ၏ စီမံခန့်ခွဲမှုကိုလည်း လက်မခံလိုကြပေ။
ညီအစ်ကိုချင်း မိန်းမတစ်ယောက်တည်းကို ယူခြင်း၊ သွေးနှောခြင်းနှင့် မွေးကင်းစ မိန်းကလေးငယ်များကို သတ်ပစ်ခြင်း စသည့် တောရိုင်းဆန်သော လုပ်ရပ်များမှာ ထိုနေရာတွင် ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။
အစိုးရက ပညာရေးဖြင့် ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများမှာ ထိုနေရာ၏ ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ မကောင်းသော အကြည့်များကို မခံနိုင်ဘဲ ခေတ္တမျှသာ နေထိုင်ပြီး ပြန်လှည့်လာခဲ့ကြရသည်ချည်းသာ ဖြစ်တော့သည်။