← Chapters

အခန်း (၂၇-၂၈)

Vol. 2 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 2 Ch. 27-28

အပိုင်း (၂၇) လီကျစ်ချန်အိမ်မှ ရိက္ခာများ

[ဒင်... သင် သန္ဓေပြောင်းလဲနေသော လူသား (၁) ဦးကို သတ်ဖြတ်လိုက်သဖြင့် အမှတ် (၅) မှတ် ရရှိပါသည်]

လှေကားထစ်များအတိုင်း တက်လာသော လင်းယွမ်၏ ခြေလှမ်းများ တုံ့ခနဲ ရပ်သွားသည်။ သူသည် လျှောက်လမ်းဘက်သို့ လှည့်ကြည့်လိုက်မိ၏။

"လီကျစ်ချန်ကလည်း သန္ဓေပြောင်းလဲနေတဲ့ လူသားထဲမှာ ပါတာလား... သူ သန္ဓေပြောင်း ငါးတွေကို စားခဲ့လို့လား..."

လင်းယွမ် ရင်ထဲတွင် အံ့အားသင့်သွားမိသည်။ သန္ဓေပြောင်းလဲနေသော လူသားနှင့် သာမန်လူသား မည်သို့ကွာခြားသနည်းဟူသည်ကို သူ အမြဲတမ်း နားမလည်နိုင်ခဲ့ချေ။

လီကျစ်ချန်ကဲ့သို့ ကြောက်တတ်လှသော လူစားမျိုးပင် သန္ဓေပြောင်းလဲမှု ဖြစ်ပေါ်နေသည်တဲ့လား။

အမှတ် (၅) မှတ်... လင်းယွမ်သည် ကံစမ်းမဲ လှည့်ဘီးကို ကြည့်လိုက်သည်။

သူ ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် ချက်ချင်း ကံစမ်းမဲ မနှိုက်ရန် ဆုံးဖြတ်လိုက်သည်။

အမှတ် (၁) မှတ်တန် လှည့်ဘီးပေါ်တွင် သာမန် လူသုံးကုန်ပစ္စည်းများသာ ရှိပြီး စားစရာမှာ အလွန်နည်းပါးရာ အမှတ်များကို အလဟဿ မဖြုန်းတီးလိုပေ။

"ခဏလောက် ထပ်စောင့်ဦးမယ်... ၁၀ မှတ် ပြည့်တဲ့အခါမှ တစ်ခါတည်း အကြီးကြီး ကံစမ်းကြည့်တာပေါ့"

အထပ်ပေါ်သို့ ရောက်သောအခါ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။

"ပြတ်သားတာပဲ"

လင်းယွမ် ခေါင်းမော့ကြည့်လိုက်ရာ လီကျစ်ချန်အိမ်၏ တံခါးဝတွင် အမှောင်ထုကြား၌ လူရိပ်တစ်ခု မှီရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုကိုယ်လုံးကိုယ်ပေါက်အရ ၎င်းမှာ တင်းယန် ဖြစ်ကြောင်း သူ မှတ်မိလိုက်၏။

သူ လှေကားပေါ်သို့ တက်သွားရင်း "မင်း မြင်လိုက်တာလား" ဟု မေးလိုက်သည်။

"အင်း... ရှင် သူ့ကို ဆုံးမရုံပဲ လုပ်မယ် ထင်နေတာ... အခုတော့ တခါထဲ... ဟိဟိ"

လင်းယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် သူမကို ကြည့်ကာ မေးလိုက်သည်။ "မင်း ဘာလို့ ငါ့နောက်က လိုက်လာတာလဲ"

တင်းယန်က ပုခုံးတွန့်ပြရင်း "မကြည့်ရက်လို့ပေါ့... လီကျစ်ချန်က ရှင့်တို့ကို လက်တုံ့ပြန်မှာ ဒီလောက်သိသာနေတာပဲကို... ရှင့်တို့ သူ့ကို မသတ်ရင် ကျွန်မပဲ ရှင်းပစ်မလို့ လိုက်လာတာ... အခုတော့ ကျွန်မ လိုက်လာတာ အပိုဖြစ်သွားပြီ... ဟိဟိ"

တင်းယန်က ပြုံးလိုက်သော်လည်း သူမ၏ မျက်လုံးများက လင်းယွမ်ကို ကြည့်ကာ တစ်မျိုးတစ်ဖုံ တောက်ပနေသည်။

လင်းယွမ် မျက်မှောင်ကြုတ်မိသည်။ ဤအမျိုးသမီးက တစ်ခုခု ပုံမှန်မဟုတ်သကဲ့သို့ပင်။

သူ ဘာမှဆက်မပြောတော့ဘဲ တံခါးကို ခေါက်လိုက်ရင်း "လျှောက်ပြောမနေနဲ့ဦး" ဟုသာ မှာလိုက်သည်။

"စိတ်ချပါ... လီကျစ်ချန် ပျောက်သွားတာ ကျွန်မတို့ ဘာမှမသိဘူး... သူ့ကို လမ်းမှာ တစ်ယောက်ယောက်က ဓားနဲ့ထိုးသတ်လိုက်တာ ဖြစ်မယ်... ဟိဟိ"

ချိုင်ကြည်က ချောင်းကြည့်ပေါက်မှတစ်ဆင့် ကြည့်လိုက်ရာ လင်းယွမ်နှင့် တင်းယန် ဖြစ်နေသဖြင့် တံခါးဖွင့်ပေးလိုက်သည်။

သူတို့နှစ်ဦး အခန်းထဲ ဝင်လာသည့်အခါ လင်းယွမ်က မေးလိုက်သည်။ "အခန်းတွေ ခွဲပြီးပြီလား"

ချိုင်ကြည်က ခေါင်းညိတ်ပြရင်း "အစ်ကို့မိသားစုက အိပ်ခန်းမကြီးမှာ နေမယ်... အခု အစ်ကို့မိန်းမ အခန်းရှင်းနေတယ်... အစ်ကိုမာတို့ကတော့ တောင်ဘက်က အိပ်ခန်းလေးမှာ နေကြလိမ့်မယ်"

"ညီမ တင်းယန်ကတော့ မြောက်ဘက်က စာကြည့်ခန်းမှာ နေမယ်တဲ့"

တင်းယန်က အေးစက်စက် လေသံဖြင့် "ကျွန်မ တစ်ယောက်တည်းဆိုတော့ နေရာအကျယ်ကြီး မလိုပါဘူး"

လင်းယွမ်သည် တင်းယန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ ထိုမြောက်ဘက်အခန်းသို့ ရောက်ဖူးရာ အခန်းကျဉ်းရုံသာမက ဝရံတာလည်းမရှိဘဲ ပြတင်းပေါက်သာ ရှိသည်။

လုံခြုံရေးအရ ကြည့်လျှင် ထိုအခန်းကျဉ်းလေးက ပို၍ လုံခြုံပေသည်။

တင်းယန်ကလည်း လင်းယွမ်ကို လှမ်းကြည့်လိုက်ပြီး နှစ်ဦးသား အကြည့်ချင်း ဆုံပြီးနောက် အလိုလို လွှဲဖယ်လိုက်ကြသည်။

လင်းယွမ်က အိမ်ကို တစ်ပတ်လှည့်ကြည့်ကာ "ဒါက လေးခန်းတွဲ တိုက်ခန်းပဲ... ကျန်တဲ့တစ်ခန်းကို ဘယ်လိုသုံးဖို့ စဉ်းစားထားလဲ"

ချိုင်ကြည်က လေးနက်သော လေသံဖြင့် "ကျွန်တော့်အသိ တစ်ယောက် ရှိသေးတယ်... သူက လျှိုအားလုံနဲ့ ရန်ငြိုးကြီးကြီးရှိတယ်... ကျွန်တော်သာ ပြောလိုက်ရင် သူ ကျွန်တော်တို့ဘက်ကို ပါလာမှာ သေချာတယ်"

"သူ့ကို ဒီမှာ ပေးနေမလို့လား... ယုံရပါ့မလား"

ချိုင်ကြည်က ခေါင်းညိတ်ရင်း "ယုံကြည်ရပါတယ်"

"ဟုတ်ပြီလေ... အဲဒါဆို ဒီဘက်ကိစ္စတွေကို ခင်ဗျားတို့ပဲ စီစဉ်လိုက်... ကျွန်တော် ဝင်မပြောတော့ဘူး... လျှိုအားလုံကို ဘယ်လိုနှိမ်နင်းမလဲဆိုတာပဲ တိုင်ပင်ရအောင်"

တင်းယန်၊ ချိုင်ကြည်နှင့် မာကောချိုင်တို့၏ မျက်နှာများမှာ လေးနက်သွားကြပြီး အသီးသီး ထိုင်လိုက်ကြသည်။

လင်းယွမ်က ပြောလိုက်သည်။ "အခု ကျွန်တော်တို့ အခန်းနှစ်ခန်းက မျက်နှာချင်းဆိုင် ဖြစ်သွားပြီဆိုတော့ တစ်ဖက်နဲ့တစ်ဖက် အချိန်မရွေး ကူညီပေးလို့ ရတယ်။"

"တကယ်လို့ လျှိုအားလုံရဲ့ လူတွေ လျှောက်လမ်းထဲကို ထပ်ရောက်လာပြီး ဘယ်အိမ်ကိုပဲ တိုက်ခိုက်တိုက်၊ ကျွန်တော်တို့ နှစ်ဖက်လုံးက တစ်ပြိုင်တည်း ပြန်တိုက်ရမယ်"

"ကျွန်တော်တို့ နှစ်ဖက်ကနေ ညှပ်ပိတ်တိုက်မယ်ဆိုရင် သူတို့ ဒီ (၃၂) ထပ်မှာ ခြေကုပ်ယူလို့ လုံးဝ မရနိုင်တော့ဘူး"

ချိုင်ကြည်က ထောက်ခံရင်း "ဒါပေါ့... မဟာမိတ်ဖွဲ့တယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ကူညီစောင့်ရှောက်ဖို့ပဲလေ"

အစ်ကိုမာကလည်း "လျှောက်လမ်းက ကျဉ်းကျဉ်းလေး... ရပ်လို့ရတဲ့ နေရာကလည်း ဒီလောက်ပဲ ရှိတာ... သူတို့ တစ်ခါလာရင် လူအများကြီး လာလို့မရဘူး... ငါတို့ နှစ်ဖက်လုံးက ဝိုင်းတိုက်ရင် အိမ်ကို ကာကွယ်ဖို့က ပြဿနာမရှိပါဘူး"

တင်းယန်က လက်ထောင်၍ မေးလိုက်သည်။ "လက်နက်ကရော... ကျွန်မတို့မှာ ဓားမြှောင်နဲ့ ဓားမတွေပဲ ရှိတာ... ဒါတွေက အနီးကပ်တိုက်ခိုက်မှပဲ အသုံးဝင်မှာ... သူတို့က ခန္ဓာကိုယ် တောင့်တင်းတဲ့ ယောက်ျားတွေဆိုတော့ ကျွန်မတို့ဘက်က အဝေးကနေ တိုက်ခိုက်နိုင်တဲ့ နည်းလမ်းရှိရင် ပိုကောင်းမယ်"

ချိုင်ကြည်က ချက်ချင်းဆိုသလိုပင် "အိမ်ထဲမှာ ကြမ်းတိုက်တံတွေ တွေ့တယ်... အဲဒါကို လှံအဖြစ် လုပ်လို့ရမယ် ထင်တယ်"

အစ်ကိုမာကလည်း "အိမ်က ဘီယာပုလင်း အလွတ်တွေကိုလည်း ပစ်ပေါက်တဲ့ လက်နက်အဖြစ် သုံးလို့ရတာပဲ"

တင်းယန်က ဘာမှမပြောပေ။ သူမက အမျိုးသမီးဖြစ်သဖြင့် ထိုကဲ့သို့ ကိစ္စများတွင် မကျွမ်းကျင်ရာ ကောင်းမွန်သော တိုက်ခိုက်ရေးနည်းလမ်းကို ချက်ချင်း မစဉ်းစားနိုင်သေးချေ။

သူတို့ တိုင်ပင်နေစဉ်မှာပင် ချိုင်ကြည်၏ ဇနီး ဝူချင်းက လှမ်းခေါ်လိုက်သည်။ "အစ်ကိုကြည်... ပစ္စည်းတွေ အကုန်သိမ်းပြီးပြီ... သုံးလို့ရတာ ရှိမရှိ လာကြည့်ကြဦး"

အားလုံး ထရပ်ကာ သွားကြည့်လိုက်ကြသည်။

ဧည့်ခန်း ကြမ်းပြင်ပေါ်တွင် ပစ္စည်းများကို အမျိုးအစားအလိုက် ခွဲခြားထားသည်။

အဝတ်အစားပုံကြီးကို ခဏဖယ်ထားလျှင် အားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်မှာ ခေါက်ဆွဲခြောက် နှစ်ထုပ်နှင့် ဝက်အူချောင်း တစ်ဝက်ခန့် ဖြစ်သည်။

ဝူချင်းက "ဒါကို အိပ်ခန်းကျယ်ထဲက အရုပ်မရဲ့ ဗိုက်ထဲမှာ ဝှက်ထားတာ တွေ့တာ... တော်တော်လေး နက်နက်ရှိုင်းရှိုင်း ဝှက်ထားတာပဲ" ဟု ပြောပြသည်။

ချိုင်ကြည်က ပြုံးရင်း "ဒါ လီကျစ်ချန်ရဲ့ နောက်ဆုံးလက်ကျန် ရိက္ခာတွေ ဖြစ်လောက်တယ်"

အစ်ကိုမာသည်လည်း တံတွေးမျိုချလိုက်မိကာ ဆဲဆိုလိုက်သည်။ "ဒီခွေးကောင်... စားစရာတွေ ရှိနေတာတောင် ကိုယ့်မိန်းမကို ရောင်းစားဖို့ လုပ်နေသေးတယ်"

တင်းယန်က လှောင်ပြုံးဖြင့် "သူ့စားစရာကို ခွဲစားမယ့်သူ နောက်တစ်ယောက် ရှိလာမှာကို မလိုလားလို့ပေါ့"

ချိုင်ကြည်က "ငါတို့ ခဏနေရင် ခေါက်ဆွဲခြောက် ပြုတ်စားကြမလား" ဟု အကြံပြုလိုက်သည်။

ထိုအကြံပြုချက်ကြောင့် အားလုံးက ဝမ်းသာအားရ ဖြစ်သွားကြပြီး အထူးသဖြင့် ခလေးမလေး ချိုင်ယောင်မှာ ခေါက်ဆွဲခြောက်ကို ကြည့်ကာ သွားရည်ကျနေပြီ ဖြစ်သည်။

ဝူချင်းက မနေနိုင်ဘဲ "နှစ်ထုပ်ပဲ ရှိတာလေ အစ်ကိုကြည်ရဲ့... ခြွေတာပြီး စားကြရင် မကောင်းဘူးလား" ဟု ပြောသည်။

ချိုင်ကြည်က ခေါင်းညိတ်ရင်း "ခဏနေရင် ငါ နည်းလမ်းရှာပြီး အောက်ထပ်ကနေ ငါးနည်းနည်းရအောင် သွားကြံဖန်ကြည့်မယ်"

"ငါလည်း လိုက်ခဲ့မယ်" ဟု အစ်ကိုမာက ဆိုသည်။

လင်းယွမ်၏ ရင်ထဲ၌ တစ်စုံတစ်ခုကို သတိရသွားပြီး "ခင်ဗျားတို့ ငါးရအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိလို့လား" ဟု မေးလိုက်သည်။

ချိုင်ကြည်က ခေါင်းညိတ်ပြသည်။ "လျှိုအားလုံရဲ့ လက်အောက်ငယ်သားတွေကလည်း အကုန်လုံး သစ္စာရှိကြတာ မဟုတ်ဘူး... သူတို့က (၁၀) ထပ်မှာ စောင့်ပြီး ငါးဖမ်းလေ့ရှိတယ်... ငါးရလာရင်လည်း လျှိုအားလုံကို အကုန်မပေးဘဲ ကိုယ့်ဘာသာ ဝှက်ထားကြတာ ရှိတယ်"

"ပြီးရင် အဲဒီငါးတွေကို တခြားသူတွေနဲ့ လဲကြတယ်လေ"

လင်းယွမ်က စူးစမ်းလိုက်သည်။ "လဲတယ်ဟုတ်လား... ဘာနဲ့ လဲတာလဲ"

အစ်ကိုမာက ဝင်ပြောသည်။ "ရုပ်ချောတဲ့ မိန်းကလေးတွေပေါ့... ငါးတစ်ကောင်ရဖို့ တစ်ခါအတူအိပ်ပေးရတယ်... ဒါပေမဲ့ သူတို့က ဆား၊ ဟင်းခတ်မှုန့်၊ အချိုရည်နဲ့ စီးကရက်တွေကိုလည်း လိုချင်ကြတယ်"

ထိုသို့ပြောရင်း မာကောချိုင်က "ငါ့မှာ စီးကရက် နှစ်ထုပ် ကျန်သေးတယ် ချိုင်ကြည်... ခဏနေရင် တစ်ထုပ်ဖောက်ပြီး ငါးနဲ့ သွားလဲကြတာပေါ့" ဟု ဆိုသည်။

လင်းယွမ်၏ မျက်လုံးများက ဝင်းလက်သွားပြီး "ငါးအရှင်လား" ဟု မေးလိုက်သည်။

ချိုင်ကြည်က "ငါးအရှင်ပေါ့... ငါးအသေက သိမ်းရတာ မလွယ်ဘူးလေ... အခုက အခြောက်လှမ်းဖို့ လည်း အဆင်မပြေဘူး... လင်းယွမ်... မင်းလိုချင်ရင် ငါတို့ တစ်ကောင် ပိုလဲခဲ့ပေးမယ်... မင်း အပြန်ကျ ယူသွားပြီး စားကြည့်ပေါ့... ဒါပေမဲ့ ဒီညတော့ မင်းနဲ့ ရန်မေတို့ ငါတို့ဆီမှာပဲ လာစားကြပါလား"

လင်းယွမ် ခေတ္တစဉ်းစားပြီးနောက် "ရတယ်" ဟု ပြန်ဖြေလိုက်သည်။

သူသည် စိတ်ထဲမှ အကြံတစ်ခုကို ခေတ္တရုတ်သိမ်းလိုက်ပြီး ကျန်ရှိသည့် ပစ္စည်းများကို ကြည့်လိုက်သည်။

အဝတ်အစားများကိုမူ အားလုံးက လောင်စာအဖြစ်သာ သုံးနိုင်သဖြင့် သိပ်စိတ်မဝင်စားကြချေ။

သို့သော် လင်းယွမ်သည် ထိုအထဲမှ ခြေအိတ်ရှည်များနှင့် အတွင်းခံများကို မြင်လိုက်သောအခါ "အစ်မမေရဲ့ အဝတ်တွေကိုတော့ ခဏနေရင် ကျွန်တော် ယူသွားလိုက်မယ်" ဟု ပြောလိုက်သည်။

ချိုင်ကြည်တို့ကလည်း ကန့်ကွက်စရာ မရှိပေ။ ဤသည်မှာ မူလက သူမ၏ အိမ်ပင် မဟုတ်ပါလား။

ထိုအချိန်တွင် တင်းယန်က ရုတ်တရက် လျှောက်လာပြီး အမှိုက်ပုံထဲမှ ပျော့ပျောင်းသော လေ့ကျင့်ခန်းသုံး ကြိုးတစ်ချောင်းကို ကောက်ယူလိုက်သည်။

အားလုံး ကြောင်သွားကြ၏။

ထိုကြိုးမှာ အားကစားလုပ်သူများ ကြွက်သားတောင့်တင်းအောင် အသုံးပြုသည့် ပစ္စည်းဖြစ်သည်။

"ညီမလေး တင်းယန်... အဲဒီကြိုးကို လိုချင်လို့လား" ဟု ချိုင်ကြည်က မေးသည်။

တင်းယန်က ခေါင်းညိတ်ရင်း "ဒါက အသုံးဝင်လောက်တယ်"

မာကောချိုင်ကလည်း "နင် လေ့ကျင့်ခန်း လုပ်မလို့လား... အခုက စားစရာကလည်း နည်းနည်းလေးပဲ ရှိတာ လေ့ကျင့်ခန်းလုပ်ရင် အားအင်ကုန်ပြီး ပိုဗိုက်ဆာလိမ့်မယ်နော်" ဟု သတိပေးသည်။

တင်းယန်က ခေါင်းခါယမ်းကာ "လေ့ကျင့်ခန်းလုပ်ဖို့ မဟုတ်ပါဘူး... ဒီကြိုးနဲ့ အဝေးပစ်လက်နက် လုပ်မလို့ပါ"

ဆက်ရန်...

အပိုင်း (၂၈) ဒူးရက်စ်ကို ကျွန်တော် ယူမယ်

တင်းယန်၏ စကားကြောင့် လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

လင်းယွမ်လည်း ရုတ်တရက် သူ့တွင်ရှိသော လေးခွကို သတိရသွားမိသည်။ ဤရော်ဘာကြိုးပြားသည် လေးခွပြုလုပ်ရန်အတွက် ကွက်တိ ဖြစ်နေပေသည်။

"ဒါအကြံကောင်းပဲ... ရော်ဘာပြားဆိုတော့ လေးခွလုပ်လို့ရတာပေါ့"

အစ်ကိုမာက သဘောပေါက်သွားပြီး လက်ခုပ်တီးကာ ထောက်ခံလေသည်။

သို့သော် တင်းယန်က ပြုံးလိုက်ပြီး "လေးခွရဲ့ စွမ်းအားက နည်းလွန်းတယ်... ချက်ကောင်းကို မပစ်နိုင်ရင် လူကိုဒဏ်ရာရအောင်လုပ်ဖို့ ခက်တယ်... ကျွန်မ စမ်းကြည့်ချင်တာက ဒူးလေးလိုမျိုး လုပ်လို့ရမလားလို့ပါ"

"ဒူးလေး ဟုတ်လား"

"နင်က အဲဒါမျိုး လုပ်တတ်လို့လား"

ဤတစ်ကြိမ်တွင် ချိုင်ကြည်ရော မာကောချိုင်ပါ အံ့အားသင့်သွားကြသည်။

လင်းယွမ်ပင်လျှင် သူမကို မကြည့်ဘဲ မနေနိုင်တော့ချေ။ ဤအမျိုးသမီး၌ ထူးခြားသော အရည်အချင်း တချို့ ရှိနေပုံရသည်။

တင်းယန်က ဆက်ပြောသည်။ "အရင်တုန်းက ဒီအကြောင်းနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ ကြည့်ဖူးတယ်လေ... ဒူးလေးလုပ်တဲ့ သဘောတရားက အဲ့လောက်အခက်ကြီးမဟုတ်ဘူး... သင့်တော်တဲ့ ကိရိယာတွေသာရှိရင် တစ်ညတည်းနဲ့ ပြီးအောင် လုပ်လို့ရတယ်"

သူမက အခန်းတွင်းသို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် "ဒီမှာ ပိတောက်သားနဲ့လုပ်ထားတဲ့ ပရိဘောဂတွေ မနည်းဘူးပဲ... အရည်အသွေးလည်း ကောင်းတယ်... ပြန်ရောက်မှ ကျွန်မ လေ့လာကြည့်လိုက်ဦးမယ်"

မည်သူမျှ ကန့်ကွက်ခြင်းမရှိသဖြင့် ရော်ဘာကြိုးပြားကို တင်းယန်ထံ ပေးလိုက်ကြသည်။

ကျန်ရှိနေသော ပစ္စည်းများထဲမှ အသုံးဝင်မည့်အရာများကို ရွေးချယ်နေကြစဉ် ဝူချန်က ပစ္စည်းပုံထဲမှ ဆေးသေတ္တာငယ်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။

"ဒါ အိမ်သုံးဆေးသေတ္တာပဲ... အထဲမှာ အရေးပေါ် ကုသရေးပစ္စည်းတချို့ ပါတယ်... နောင်ကျရင် သုံးဝင်လာလိမ့်မယ်လို့ ကျွန်မ ထင်တယ်"

ချိုင်ကြည်နှင့် မာကောချိုင်တို့ နှစ်ဦးသား ဝမ်းသာအားရ ဖြစ်သွားကြပြီး အလျင်အမြန် ဖွင့်ဖောက်စစ်ဆေး ကြည့်ရှုကြသည်။

ဆေးသေတ္တာထဲတွင် အိုင်အိုဒင်းဆေးရည်၊ ပတ်တီး၊ အိုင်ဘူပရိုဖန်၊ ဝမ်းပိတ်ဆေး၊ အက်စပရင်၊ တုပ်ကွေးပျောက်ဆေး၊ တိုင်းရင်းဆေးရည်၊ ယူနန်ဘိုင်ယို အနာကျက်ဆေးမှုန့်၊ ပလာစတာ၊ လေနိုင်ဆီနှင့် အစ်ကိုက်အခဲပျောက် ကပ်ခွာ စသည့် အိမ်သုံးဆေးဝါးများ စုံလင်စွာ ပါရှိလေသည်။

ဤဆေးဝါးများကို မြင်လိုက်ရသောအခါ အားလုံး စိတ်လှုပ်ရှားသွားကြသည်။

"အိုင်ဘူပရိုဖန်က အဖျားပျောက်ဆေးပဲ... တုပ်ကွေးပျောက်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေးတွေလည်း ပါတယ်... ဒါတွေက နောက်ကျရင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖြစ်လာမှာ" ဟု အစ်ကိုမာက ဝမ်းသာအားရ ပြောလိုက်သည်။

ယခုအချိန်တွင် အပြင်လောကရှိ နေရာအတော်များများ ရေလွှမ်းမိုးခံထားရပြီး ဆေးရုံ၊ ဆေးဆိုင် အများစုမှာ ပျက်စီးဆုံးရှုံးကုန်ပြီ ဖြစ်ရာ ဆေးဝါးများသည် အလွန်တန်ဖိုးရှိသော ပစ္စည်းများ ဖြစ်လာပေတော့မည်။

အထူးသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် ဖျားနာခဲ့ပါက ဆေးဝါးမရှိလျှင် ခံနိုင်ရည်မရှိဘဲ သေဆုံးသွားနိုင်သည်။

အစားအသောက်နှင့် အဝတ်အထည် ရှားပါးနေချိန်တွင် လူတိုင်း၏ ကိုယ်ခံအားစနစ်မှာ ကောင်းမွန်နေမည် မဟုတ်ပေ။ ထို့ကြောင့် ဖျားနာခြင်းသည် သေမင်းကို လက်ပြခေါ်ခြင်းနှင့် တူနေလိမ့်မည်။

ချိုင်ကြည်၏ အကြည့်များက ယူနန်ဘိုင်ယိုနှင့် ပလက်စတာများအပေါ် ရောက်နေသည်။

"ဒီလို အပြင်ဒဏ်ရာလိမ်းဆေးတွေကလည်း တန်ဖိုးရှိတယ်... အခု ငါတို့ လျှိုအားလုံတို့နဲ့ တိုက်ခိုက်ရတော့မှာဆိုတော့ ဒဏ်ရာအနာတရ မဖြစ်ဘူးလို့ အာမ မခံနိုင်ဘူးလေ... ဒီပစ္စည်းတွေက ငါတို့အသက်ကို ကယ်နိုင်လိမ့်မယ်"

လင်းယွမ်လည်း ဆေးသေတ္တာကို မွှေနှောက်ကြည့်လိုက်ပြီး ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်။

"ဒီနှစ်ခုကိုတော့ ကျွန်တော် ယူလိုက်မယ်"

လူတိုင်းက လင်းယွမ်ထံ ကြည့်လိုက်ကြသည်။

သူ့လက်ထဲတွင် ကိုင်ထားသည်မှာ ဒူရက်စ်ကွန်ဒုံး ဆယ်ခုပါ တစ်ဘူးနှင့် သန္ဓေတားဆေး တစ်ကဒ် ဖြစ်နေလေသည်။

မာကောချိုင်နှင့် ချိုင်ကြည်တို့က ထိုအရာများကို မြင်သောအခါ ရန်မေကို ပြေးမြင်မိလိုက်ကြပြီး မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

တင်းယန်က လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"တားဆေးတစ်လုံး ပေးပါ"

လင်းယွမ်က ခေါင်းညိတ်ကာ ဆေးကဒ်ကို ဖောက်၍ တစ်လုံးယူပြီး သူမအား ပေးလိုက်သည်။

တင်းယန်က တွန့်ဆုတ်နေခြင်း မရှိဘဲ ချက်ချင်းပင် မျိုချလိုက်လေသည်။

လင်းယွမ်က မာကောချိုင်နှင့် ချိုင်ကြည်ဘက်သို့ လှည့်ကြည့်လိုက်သည်။

မာကောချိုင်က ရယ်မောလျက် "ငါ့ကို မကြည့်နဲ့... ငါနဲ့ မင်းရဲ့ အစ်မလီတို့က သုံးစရာ မလိုတော့ဘူး"

ချိုင်ကြည်ကလည်း ရယ်မောရင်း ဝင်ပြောသည်။

"ငါလည်း မလိုဘူး"

လင်းယွမ် အံ့ဩသွားပြီး ချိုင်ကြည်ကို ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုချိုင်... ခင်ဗျား အသက်က ၄၀ ကျော်ပဲ ရှိသေးတာ မလား... ဒါမျိုး သုံးစရာ မလိုတော့ဘူးလား"

ချိုင်ကြည် တဒင်္ဂ ကြောင်အသွားပြီးမှ သဘောပေါက်သွားကာ ရယ်မောလျက် ဆဲရေးလေတော့သည်။

"ခွေးကောင်လေး... ဘာတွေ လျှောက်တွေးနေတာလဲကွ... မင်းရဲ့ အစ်မဝူက သားဆက်ခြားကွင်း ထည့်ထားတယ်"

ဝူချန်မှာ ထိုစကားကို ကြားသောအခါ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ချိုင်ကြည်ကို လက်သီးဖြင့် လှမ်းထုလေတော့သည်။

ချက်ချင်းပင် လူအားလုံး ဟားတိုက် ရယ်မောလိုက်ကြသည်။

လူအများကြားရှိ ဆက်ဆံရေး အကွာအဝေးမှာ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ပိုမိုရင်းနှီးသွားသလို ခံစားလိုက်ကြရသည်။

တင်းယန်တစ်ယောက်သာလျှင် မျက်နှာထား တင်းမာနေပြီး ဤကဲ့သို့သော ဟာသများကို နှစ်သက်ပုံမရချေ။

ပစ္စည်းများ ခွဲဝေပြီးနောက် ဝူချန်က သေတ္တာလွတ်တစ်လုံးကို ရှာဖွေပေးပြီး လင်းယွမ်လိုချင်သော ပစ္စည်းများကို ထည့်ပေးလိုက်သည်။

လင်းယွမ်က သေတ္တာကိုပိုက်ပြီး လူများကို နှုတ်ဆက်လိုက်သည်။

"ကျွန်တော် အရင် ပြန်နှင့်တော့မယ်"

မာကောချိုင်က လှမ်းပြောသည်။ "ညနေ ထမင်းစားရင် ငါ လာခေါ်မယ်... ခဏနေရင် ငါနဲ့ ရှောင်ချိုင် အောက်ဆင်းပြီး ငါးဖမ်းလို့ရမလား သွားကြည့်ဦးမလို့"

လင်းယွမ်က သတိပေးစကား ပြောလိုက်သည်။

"အတတ်နိုင်ဆုံး အရှင်ဖမ်းဖို့ ကြိုးစားနော်... ငါးရရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်ဦး... ကျွန်တော် အခု ရေကြီးနေတဲ့အထဲက ငါးမျိုးစိတ်တွေကို သုတေသန လုပ်ကြည့်ချင်လို့"

မာကောချိုင် ကြောင်အသွားသည်။ "ဘာများ သုတေသန လုပ်စရာ ရှိလို့လဲကွ"

ငါးများ သန္ဓေပြောင်းလဲနေသည်ကို သူတို့ မသိကြသေးပေ။ လင်းယွမ်က သတိပေးလိုက်သည်။

"ဒီငါးတွေက အရင်က ပင်လယ်ငါးတွေလေ... အခု ကုန်းတွင်းပိုင်း ရောက်နေတာတောင် အသက်ရှင်နိုင်သေးတယ်ဆိုတော့ လူမသိသူမသိ သန္ဓေပြောင်းလဲမှုတွေ ဖြစ်နေမှာ စိုးရတယ်"

မာကောချိုင် အံ့ဩသွားသည်။ ဘေးမှ ချိုင်ကြည်ကလည်း မျက်မှောင်ကြုတ်လျက် ဝင်ပြောသည်။

"မင်းပြောမှ ဟုတ်သလိုလိုပဲ... အင်တာနက်ရတုန်းက ပင်လယ်ရေတွေ ပြန်စီးဝင်လာတော့ ပင်လယ်သတ္တဝါကြီးတွေ မြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ရေထဲမှာ ပေါ်လာတယ်လို့ ပြောကြတယ်... ငါက ကောလာဟလ ထင်နေတာ"

"အခုကြည့်ရတာ ကောလာဟလ မဟုတ်လောက်ဘူး"

တင်းယန်က မေးလိုက်သည်။

"ပင်လယ်ရေက ကုန်းတွင်းပိုင်းအထိ ဝင်လာမှတော့ ပင်လယ်သတ္တဝါတွေအတွက် ရှင်သန်နိုင်တဲ့ ပတ်ဝန်းကျင် ဖြစ်လာတာပေါ့... ဒါ မဆန်းပါဘူး"

သူမသည် ဤအကြောင်းအရာများနှင့် ပတ်သက်၍ သိပ်နားမလည်သော်လည်း ငါးစားရမည်ဆိုပါက ပိတ်မိနေသူများအတွက် ကောင်းမွန်သော အရာတစ်ခုဟု တွေးမိသည်။

လင်းယွမ်က ခေါင်းခါလိုက်သည်။

"မတူဘူး... ဆားပါဝင်နှုန်းကလည်း ကွာတယ်လေ... ပုံမှန်ဆိုရင် ဒီပင်လယ်သတ္တဝါတွေက ရေချိုရောနေတဲ့ရေထဲမှာ ရေရှည် အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး"

"အထူးသဖြင့် ရေနက်ပိုင်းမှာနေတဲ့ သတ္တဝါတွေပဲ... ခင်ဗျားတို့ သတိထားမိလားတော့မသိဘူး အရင်က သတင်းတွေထဲမှာ မြို့ထဲရေတွေဝင်တော့ ပင်လယ်သတ္တဝါကြီးတွေ ပါလာတာ ရိုက်ပြဖူးတယ်... လှေလှော်ထွက်သွားတဲ့ လူတချို့ဆိုရင် အဲဒီ သတ္တဝါကြီးတွေ ဖမ်းစားတာကို ခံလိုက်ရတယ်"

ထိုအကြောင်းကို ပြောလိုက်သောအခါ လူတိုင်း၏ မျက်နှာထားများ လေးနက်သွားကြသည်။

သမုဒ္ဒရာသည် အဆုံးအစမဲ့ ကျယ်ပြောလှပြီး ရေနက်ပိုင်းတွင် မည်သို့သော သတ္တဝါများ ရှိသည်ကို လူသားများ ယနေ့တိုင် အပြည့်အစုံ စာရင်းမပြုစုနိုင်သေးပေ။

လင်းယွမ် ပြောသကဲ့သို့ ပင်လယ်သတ္တဝါများတွင် မသိနိုင်သော သန္ဓေပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ဆိုလျှင်...။

ချိုင်ကြည်က ပြောလိုက်သည်။ "ဟုတ်ပြီ... ဒါဆို ငါတို့ ငါးရရင် မင်းဆီ ယူလာပြီး ပြလိုက်မယ်"

"သေချာပေါက် အရှင် ဖြစ်ရမယ်နော်" လင်းယွမ်က ထပ်မံ သတိပေးလိုက်သည်။

"အေးပါ"

ထို့နောက် လင်းယွမ်က နှုတ်ဆက်ကာ အခန်း ၃၂၀၂ မှ ထွက်ခွာလာခဲ့သည်။

မှောင်မည်းနေသော လှေကားထစ်တွင် ရပ်လျက် လင်းယွမ်သည် ချက်ချင်း အိမ်ပြန်မဝင်ဘဲ လှေကားထစ်များအတိုင်း အပေါ်ထပ်သို့ တက်သွားလိုက်သည်။

ခေါင်မိုးထပ်မှ ရေများသည် အဆက်မပြတ် စီးဆင်းကျလာနေသည်။ မိုးရွာသွန်းမှုမှာ အလွန်ပြင်းထန်လွန်းလှသည်။

ထိပ်ဆုံးထပ်သို့ ရောက်သောအခါ ခိုင်ခန့်သော တဲတစ်ခုကို လင်းယွမ် တွေ့လိုက်ရသည်။ အတွင်း၌ ခေါက်ကုတင်တစ်လုံး ရှိနေပြီး ယခင်က ကျိုးကျားချောင် နေထိုင်ခဲ့သည့် နေရာဖြစ်ပုံရသည်။

လင်းယွမ်က ဝင်ရောက်မွှေနှောက် ရှာဖွေကြည့်သော်လည်း တန်ဖိုးရှိသော ပစ္စည်းဟူ၍ မည်မည်ရရ မတွေ့ရချေ။

သူက ခေါင်မိုးထပ်သို့ ထွက်သည့် မီးထွက်ပေါက် တံခါးကို ဆွဲဖွင့်ကြည့်ရာ သော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။ တံခါးအပြင်ဘက်မှ လူသံသဲ့သဲ့ကိုလည်း ကြားနေရသည်။

"ဘုန်း ဘုန်း ဘုန်း... လူရှိလား... ရှောင်ကျိုး... မင်း ရှိသေးလား"

"ရှောင်ကျိုး... ဒီနေ့ ငါတို့ရေခပ်လို့ပြီးသွားပြီ... အခုရေပုံးမရှိတော့ဘူးကွ... ငါတို့ကို အောက်ဆင်းပြီး နားခွင့်ပေးပါလားကွာ"

ခေါင်မိုးထပ် အပြင်ဘက်မှ လူတစ်ယောက်က သံတံခါးကို ထုရိုက်ကာ သနားစဖွယ် တောင်းပန်နေသည်။

အသံကို နားထောင်ကြည့်ရသည်မှာ အဘိုးအိုတစ်ဦး ဖြစ်ပုံရသည်။

လင်းယွမ်က အသံမပြုဘဲ ငြိမ်နေလိုက်ရာ အပြင်ဘက်မှ လူများ တိုးတိုးတိတ်တိတ် ပြောဆိုသံကို ကြားလိုက်ရသည်။

"ပြန်မထူးဘူး... ကျိုးကျားချောင် ဆိုတဲ့ကောင် မရှိတော့ဘူးလား မသိဘူး"

"မရှိတာလည်း ဖြစ်နိုင်တယ်... အရင်ကဆိုရင် သူက တစ်နာရီတစ်ခါ လာကြည့်ပြီး တံခါးပြန်ပိတ်သွားနေကျ... ဒီတစ်ခါတော့ ကြာနေပြီ"

"အမှန်ပဲ အခုဆို နေ့တစ်ဝက်လောက် ရှိနေပြီ"

"အဆောက်အအုံထဲမှာ ပြဿနာ တက်နေတာများလား"

"မနက်က လျှိုအားလုံတို့ အသံကြားလိုက်တယ်... ရန်ဖြစ်နေကြသလားပဲ"

"တိရစ္ဆာန်ကောင်တွေ... အကုန် သေကုန်ရင် ကောင်းမယ်"

"ရှူး... တိုးတိုးပြောစမ်းပါ... သူများ ကြားသွားဦးမယ်... အခု ငါတို့ အောက်ဆင်းဖို့ နည်းလမ်းရှာရမယ်... ခေါင်မိုးပေါ်မှာ ဒီလိုကြီး ပိတ်မိနေရင် သောက်စရာရေ ရှိပေမယ့် စားစရာမှ မရှိတာ... ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး"

လင်းယွမ်က မေးစေ့ကို ပွတ်သပ်လိုက်မိသည်။ ခေါင်မိုးပေါ်တွင် ရေခပ်နေသော အဘိုးအိုတစ်သိုက် ပိတ်မိနေကြခြင်း ဖြစ်သည်။

ဤအဘိုးအိုများသည် လျှိုအားလုံတို့၏ ခြိမ်းခြောက်စေခိုင်းမှုကြောင့် အပေါ်တက်ပြီး ရေခပ်ပေးနေရသူများ ဖြစ်တန်ရာသည်။

ကျိုးကျားချိုင်သည် သူ့ကို ချောင်းမြောင်းမတိုက်ခိုက်မီကတည်းက ဤတံခါးကို သော့ခတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤလူများ ပိတ်မိနေကြခြင်း ဖြစ်သည်။

သူတို့ကို ကယ်သင့်သလား။

လင်းယွမ်၏ မျက်လုံးများတွင် တွေဝေသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

ဆက်ရန်...

All Chapters