အခန်း (၃၃-၃၄)
Vol. 2 Ch. 33-34
အပိုင်း (၃၃) သန္ဓေပြောင်းလဲခြင်းဆိုတာ ဆင့်ကဲပြောင်းလဲခြင်းလား
လင်းယွမ်က အသက်ကို ဝအောင် ရှူသွင်းလိုက်ပြီး စိုးရိမ်ပူပန်မှုများကို ဖိနှိပ်ထားလိုက်သည်။
ထို့နောက် ထိုငါးကို စတင် ကိုင်တွယ်တော့သည်။
မီးဖိုချောင်သုံးဓားဖြင့် ငါးအကြေးခွံကို ထိုးခွာလိုက်သောအခါ "ကျွီ... ကျွီ..." ဟူသော အသံများ ထွက်ပေါ်လာသဖြင့် လင်းယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြန်သည်။
ဤငါး၏ အကြေးခွံများမှာလည်း သာမန်မဟုတ်ဘဲ မာကျောလွန်းလှ၏။
ကံကောင်းသည်မှာ ဓားဖြင့်ထိုးမရသည့် အဆင့်ထိ မရောက်သေးဘဲ အားစိုက်ရုံမျှဖြင့် ရနေသေးခြင်း ဖြစ်သည်။
အကြေးခွံများကို ခွာပြီး၍ ငါးဗိုက်ခွဲသောအခါတွင်မူ အလွန်ချောမွေ့သွားသည်။
ဤငါးသေတ္တာငါးမှာ အကြေးခွံသာ မာကျောသော်လည်း အသားမှာမူ နူးညံ့လှသည်။
ကလီစာများကို ထုတ်ယူရာတွင်လည်း အခြားထူးခြားမှုမျိုး ထပ်မတွေ့ရတော့ပေ။
ငါးကို ရေဆေးပြီးနောက် လင်းယွမ်က တင်းယန်နှင့် ချိုင်ကြည်ကို လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက်လုံး၏ မျက်နှာတွင် စိုးရိမ်မှုများ၊ တွေးတောမှုများဖြင့် ပြည့်နှက်နေသည်။
လင်းယွမ်က ပြောလိုက်၏။ "ခင်ဗျားတို့လည်း မြင်တဲ့အတိုင်းပဲ... ဒီငါးက အရင်က ငါးသေတ္တာမျိုးနဲ့ လုံးဝမတူတော့ဘူး"
"သူ့သွားတွေက ထက်ပြီး အကြေးခွံတွေက တော်တော်မာတယ်... အားလည်းသန်တဲ့အပြင် အသက်ကလည်း ပြင်းသေးတယ်... ပြီးတော့ အဓိကအချက်က သူ့မှာ စဉ်းစားဉာဏ်ရှိနေတယ်... ကျွန်တော့်ကို လှည့်စားဖို့ သေချင်ယောင်ဆောင်လိုက်တာ ခင်ဗျားတို့ မြင်မှာပဲ"
ချိုင်ကြည်၏ မျက်နှာ ပျက်သွားသည်။ "ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်ကုန်တာလဲ"
တင်းယန်ကလည်း မျက်နှာ မသာမယာဖြင့်... "ဒါ ငါးသေတ္တာရော ဟုတ်ရဲ့လား"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "သေချာပေါက် ငါးသေတ္တာပဲ... သူ့ရဲ့ ပုံစံက သိပ်ပြောင်းလဲမသွားဘူး... ဒါပေမဲ့ အရွယ်အစားကတော့ သိသိသာသာကို ကြီးထွားလာပြီး သွားတွေက ပိုပြီး ဆင့်ကဲပြောင်းလဲလာတာ"
"အရေးကြီးဆုံးအချက်က... သူက အခု အသားစားနေတာပဲ"
ထိုစကားကြောင့် သူတို့နှစ်ယောက်လုံး မျက်နှာ ပိုပျက်သွားကြသည်။
တင်းယန်က ချိုင်ကြည်ကို လှည့်ကြည့်ပြီး မေးလိုက်၏။ "အပြင်က ရေထဲမှာ အဲဒီလိုငါးတွေ များလား"
ချိုင်ကြည်က တံတွေးတစ်ချက် မျိုချပြီး ခေါင်းညိတ်ပြသည်။ "တော်တော်များလောက်တယ်... ငါးဖမ်းတဲ့သူတွေက တချို့ဆို ငါးစာတောင် မတပ်ဘဲ ဒီတိုင်း ဖမ်းမိနေကြတာ"
လင်းယွမ်က ချက်ချင်း ဝင်ပြောလိုက်သည်။ "မေးနေစရာတောင် မလိုဘူး... ငါးသေတ္တာဆိုတာ အုပ်စုလိုက် သွားလာတတ်တဲ့ ငါးမျိုးပဲ... ပုံမှန်ဆိုရင် နေ့ဘက်မှာ ရေအနက် ၇၅ပေကနေ ပေ၃၀၀ အတွင်းမှာ နေပြီး... ညဘက်ကျမှ ရေအနက် ၁၅ပေကနေ ပေ၃၀ လောက်အထိ တက်လာတတ်တာ"
"ဒါပေမဲ့ အခုတော့ သူတို့ရဲ့ အလေ့အထတွေက လူတွေမသိသေးတဲ့ ပုံစံမျိုး ပြောင်းသွားတဲ့ပုံပဲ... ဘာလိုပဲဖြစ်ဖြစ် ဒီလောက်အလွယ်တကူ ဖမ်းမိနေတာကို ကြည့်ရင် သူတို့ အုပ်စုလိုက် နေတတ်တဲ့ အကျင့်ကတော့ ပြောင်းတဲ့ပုံ မပေါ်ဘူး"
သူ့သံချောင်းကို ငါးသေတ္တာက ဘာကြောင့် မှားယွင်းစားသောက်မိလဲ ဆိုသည်ကို လင်းယွမ် ယခုမှ နားလည်သွားတော့သည်။
သူ့သံချောင်း ထိမှန်သွားသည့် လူတစ်ယောက် ရေထဲကျသွားပြီး ခဏလေးအတွင်းမှာပင် ထောင်ချီသော ငါးသေတ္တာငါးများ ဝိုင်းအုံကိုက်ဖြတ် စားသောက်ကြသည့် အခြေအနေမျိုးပင်။
၎င်းတို့က ပင်လယ်ထဲက လူသားစားငါးတွေ ဖြစ်နေပြီ မဟုတ်ပါလော။
ချိုင်ကြည်နှင့် တင်းယန်တို့လည်း ထိုအချက်ကို တွေးမိပြီး ကျောချမ်းသွားကြသည်။
တင်းယန်က ချက်ချင်း တုံ့ပြန်လိုက်သည်။ "ဒါဆိုရင် ကျွန်မတို့ ဒီတိုက်ထဲမှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာလား"
လင်းယွမ်က သူမကို ကြည့်လိုက်ပြီး "လှေရှိရင်တော့ အနီးအနားလောက် လှော်ခတ်သွားလာလို့ ရလောက်တယ်... ရေထဲ တိုက်ရိုက်ဆင်းဖို့တော့ စိတ်တောင်မကူးနဲ့"
ချိုင်ကြည် ငြိမ်ကျသွားသည်။ ထိုအချိန်တွင် မာကောချိုင် ရောက်နေသည်မှာ ကြာပြီဖြစ်၍ သူတို့ သုံးယောက် ပြောသမျှကို နားထောင်ပြီးနောက် စိုးရိမ်တကြီး ဝင်ပြောလေသည်။
"ငါတို့က လျှိုအားလုံ ကိစ္စပြီးရင် အပြင်ထွက်ပြီး ရိက္ခာ ရှာကြမယ်လို့ တိုင်ပင်ထားတာလေ... အခု ဘယ်လိုလုပ်ကြမလဲ"
ချိုင်ကြည်ကလည်း "တိုက်ထဲက စားစရာတွေက တစ်နေ့ကျရင် ကုန်မှာပဲ... နောက်ပိုင်းကျရင် ဒီငါးတွေကိုပဲ စားပြီး အသက်ဆက်ရတော့မှာလား"
လင်းယွမ်လည်း ထိုမေးခွန်းကို မဖြေနိုင်ပေ။ "လျှိုအားလုံဆိုတဲ့ အဆိပ်အတောက်ကို အရင်ရှင်းပြီးမှ အားလုံး ဝိုင်းစဉ်းစားကြတာပေါ့... တိုက်ခန်းတွေမှာရှိတဲ့ ဗီရိုတံခါးတွေ ဘာတွေဖြုတ်ပြီး လှေလုပ်မယ်ဆိုရင် အရမ်းမဝေးတဲ့နေရာလောက်တော့ သွားလို့ရနိုင်တယ်"
"ဟုတ်တယ်... အခုလောလောဆယ် အရေးအကြီးဆုံးက လျှိုအားလုံကို ရှင်းဖို့ပဲ... ဒီကောင်တွေအဖွဲ့ ရှိနေသရွေ့ ငါတို့တိုက်ကလူတွေ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူး" ချိုင်ကြည်က ထောက်ခံလိုက်သည်။
တင်းယန်နှင့် မာကောချိုင်တို့လည်း ခေါင်းညိတ်လိုက်ကြပြီး သန္ဓေပြောင်းငါးကိစ္စကို ဆက်မပြောကြတော့ပေ။
သို့သော် ရင်ထဲတွင်မူ ကိုယ်စီ စိုးရိမ်ပူပန်နေကြသည်။
လင်းယွမ်က ထိုင်ချလိုက်ပြီး ကျန်နေသော ကကတစ်ငါး နှစ်ကောင်ကို ဆက်လက် ကိုင်တွယ်လိုက်သည်။
ဤကကတစ်ငါးက ငါးသေတ္တာနှင့် မတူပြန်ပေ။ ကိုက်အားက ပိုပြင်းပြီး သွားတွေက ပိုချွန်ထက်သည်။
အကြေးခွံများက စိပ်နေပြီး ခွန်အား ပိုကြီးသော်လည်း ဉာဏ်ရည်မှာမူ ငါးသေတ္တာကို အမီဘဲ ထိုင်းမှိုင်းပုံရသည်။
ကကတစ်ငါး နှစ်ကောင်ကို သတ်ဖြတ်လိုက်ရာ လင်းယွမ် အမှတ် ၁၂ မှတ် ထပ်မံရရှိလိုက်သည်။
ကကတစ်ငါး တစ်ကောင်လျှင် ၆ မှတ် ရခြင်းဖြစ်သည်။
၎င်းက သန္ဓေပြောင်း လူသားတစ်ယောက်ကို သတ်ဖြတ်ခြင်းထက် အမှတ် ပိုများနေသည်။
လင်းယွမ်သည် အမှတ် နည်းခြင်း၊ များခြင်းက ဘယ်လို စည်းမျဉ်းအပေါ် မူတည်သလဲ ဆိုသည်ကို ချက်ချင်း ဝေခွဲမရ ဖြစ်နေသည်။
"အသက်စွမ်းအင်များလား..."
"မဖြစ်နိုင်ဘူး... လူတွေရဲ့ အသက်စွမ်းအင်က ဒီငါးတွေထက် ပိုများရမှာပေါ့"
"သန္ဓေပြောင်း ငါးတွေဖြစ်နေရင်တောင် လူရဲ့ အသက်စွမ်းအင်နဲ့ ယှဉ်လို့မရနိုင်ဘူး"
"ဒါဆို ဘာနဲ့ ဆိုင်တာလဲ"
လင်းယွမ် အနည်းငယ် စဉ်းစားပြီးနောက် ခန့်မှန်းမိလိုက်သည်။
"သန္ဓေပြောင်းလဲတဲ့ နှုန်းကြောင့်လား"
"ငါသတ်ခဲ့တဲ့ သတ္တဝါတွေကို ပြန်ကြည့်ရင် အမှတ်ရတာတွေအကုန်လုံးက သန္ဓေပြောင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ရှိနေတာ"
"သန္ဓေပြောင်းငါးပဲဖြစ်ဖြစ်... သန္ဓေပြောင်းလူသားပဲဖြစ်ဖြစ် အားလုံးက သန္ဓေပြောင်းလဲတာနဲ့ သက်ဆိုင်နေတာ"
"ဆိုတော့... သန္ဓေပြောင်းလဲတဲ့နှုန်းက မြင့်လေလေ... သတ်လိုက်တဲ့အခါ အမှတ် များများရလေလေ ဖြစ်လောက်တယ်"
လင်းယွမ် တွေးလေလေ ဟုတ်နိုင်ချေ ရှိလေလေ ဖြစ်လာသည်။
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ငါးများကို သန့်စင်ကာ ချိုင်ကြည်လက်သို့ အပ်လိုက်ရင်း မှာကြားလိုက်သည်။
"နောက်ဆို ငါးတွေ လဲလို့ရလာရင် ကျွန်တော့်ကိုပဲ ပေး... ကျွန်တော်ပဲ သတ်ပေးမယ်"
ချိုင်ကြည်က အံ့သြသွားပြီး... "ဘယ်ဖြစ်မှာလဲ... ဒီလို ညစ်ပတ်တဲ့ အလုပ်မျိုးကို မင်းအစ်မ ဝူချင်းတို့ လုပ်ပါစေ"
လင်းယွမ် မတတ်သာတော့ဘဲ အကြောင်းပြချက် ပေးလိုက်ရသည်။ "ပင်လယ်ထဲက သတ္တဝါတွေရဲ့ သန္ဓေပြောင်းလဲတဲ့နှုန်းကို ကျွန်တော် လေ့လာချင်လို့... သတင်းအချက်အလက်ကို ကိုယ်တိုင် သိထားချင်လို့ပဲ"
"အော်... အဲဒီလိုလား... ဒါဆိုလည်း... ပြီးရောလေ... နောက်ဆို ငါးသတ်စရာရှိရင် မင်းကိုပြောလိုက်မယ်"
လင်းယွမ် သက်ပြင်းချနိုင်သွားသည်။ ငါးသတ်လျှင် အမှတ်ရမည်ဖြစ်ရာ သူ လက်လွတ်ခံ၍ မဖြစ်ပေ။
လက်ဆေးပြီးနောက် အဒေါ်ကြီး လီလန်ဟွာနှင့် စကားပြောနေသော ရန်မေရှိရာသို့ လျှောက်သွားလိုက်သည်။
"အစ်မမေ... ကျွန်တော် မေးစရာလေး ရှိလို့"
ရန်မေက အလျင်အမြန် ထရပ်ကာ ဘေးတစ်ဖက်သို့ လိုက်ပါလာသည်။ "မောင်လေး... ဘာမေးမလို့လဲ"
"အစ်မနဲ့ လီကျစ်ချန်တို့ အရင်က ဒီငါးမျိုး စားဖူးလား"
"မစားဖူးဘူး" ရန်မေက ခေါင်းခါသည်။ "အစ်မတို့က အပြင်တောင် မထွက်ရဲကြတာ... ဒီ ၃၂ ထပ်မှာနေပြီး ငါးမျှားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ"
လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒါဆို လီကျစ်ချန်က ဘာလို့ သန္ဓေပြောင်းလူသား ဖြစ်သွားရတာလဲ။
သူ စဉ်းစားရင်း ရုတ်တရက် မေးလိုက်သည်။ "ဒါနဲ့ အစ်မတို့ သောက်ရေကိုရော ဘယ်လို ဖြေရှင်းလဲ"
"မိုးရေ ခံသောက်ကြတာလေ"
"မိုးရေ..."
လင်းယွမ် ရင်ထိတ်သွားပြီး အမြန်မေးလိုက်သည်။ "ဒီတိုင်း တန်း သောက်တာလား"
ရန်မေက ခေါင်းညိတ်ပြီး သက်ပြင်းချသည်။ "အစတုန်းကတော့ ဂတ်စ်လာသေးလို့ ရေနွေးကြိုသောက်ကြတာပေါ့"
"နောက်တော့ ဂတ်စ် ပြတ်သွားရော... အိမ်မှာ မီးမွှေးစရာ လောင်စာကလည်း ရှားတော့ ထမင်းချက်ဖို့ပဲ ဖယ်ထားရတယ်လေ... ဒါကြောင့် ဒီတိုင်းပဲ သောက်လိုက်ကြတာ"
"ကံကောင်းလို့ မိုးရေက သန့်တဲ့ပုံပဲ... သောက်ပြီးတော့ ဘာရောဂါမှ မဖြစ်ကြဘူး"
လီကျစ်ချန် အဘယ့်ကြောင့် သန္ဓေပြောင်းလဲသွားသလဲ ဆိုတာကို လင်းယွမ် ချက်ချင်း သဘောပေါက်သွားသည်။
မိုးရေ ကြောင့်ပင်တည်း။
သူ မိုးရေကို ဒီတိုင်းသောက်ခဲ့ခြင်း ဖြစ်သည်။
ဤမိုးရေတွေက လူသားတွေကို သန္ဓေပြောင်းလဲစေနိုင်တာပဲ။
ပင်လယ်ထဲက ငါးတွေလည်း ဤရေကို သောက်သုံးမိပြီး သန္ဓေပြောင်းကုန်ကြခြင်း ဖြစ်လိမ့်မည်။
လင်းယွမ်အနေဖြင့် လက်ရှိတွင် သန္ဓေပြောင်းလဲခြင်းက ကောင်းကျိုးလား၊ ဆိုးကျိုးလား ဆိုသည်ကို အတိအကျ မဝေခွဲနိုင်သေးပေ။
သို့သော် သတိထားရန်အတွက်တော့ လုံလောက်သော အကြောင်းပြချက် ဖြစ်နေချေပြီ။
"ဒီည ဒီငါးကို စားရင်ကောင်းမလား မကောင်းဘူးလား..."
သူ စဉ်းစားနေမိသည်။ သန္ဓေပြောင်းလဲခြင်း ဆိုသည်မှာ အဘယ်ကို ဆိုလိုသနည်း။
သူ့မျက်စိထဲတွင် လျှိုအားလုံက သာမန်လက်ဝါးရိုက်ချက်ဖြင့် သူ့အိမ်တံခါးမကြီးကို ပိန်ချိုင့်သွားအောင် ရိုက်နိုင်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်လာသည်။
ဆိုလိုသည်မှာ လူများ သန္ဓေပြောင်းလဲသွားပါက ခွန်အားများ တိုးပွားလာသည်ဟူ၍လား။
စောစောက သတ်ဖြတ်ခဲ့သော ငါးသေတ္တာနှင့် ကကတစ်ငါးများကို ပြန်စဉ်းစားကြည့်လိုက်သည်။
ထိုသန္ဓေပြောင်း ငါးများသည်လည်း အတိုင်းအတာ တစ်ခုအထိ ခွန်အားကြီးမားလာကြသည် မဟုတ်ပါလော။
သန္ဓေပြောင်းလဲခြင်း ဆိုသည်မှာ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်နေမလား။
သူ့စိတ်ထဲတွင် အတည်မပြုနိုင်သေးပေ။ ဒါဆို သူ ဘယ်လမ်းကို ရွေးချယ်သင့်သလဲ။
အရင်အတိုင်း သန့်စင်သော လူသားစစ်စစ် အဖြစ် ဆက်လက် ရပ်တည်မလား... ခေတ်သစ်ကို လိုက်ပြီး ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ် လိုက်မလား။
အဓိက အချက်ကတော့ သန္ဓေပြောင်းလဲခြင်းတွင် အန္တရာယ် ရှိ၊ မရှိ သိဖို့ လိုအပ်သည်။
ရုပ်ပိုင်းဆိုင်ရာ ခွန်အားကြီးလာရုံ သက်သက်ဆိုလျှင် ကိစ္စမရှိပေ။
သို့သော် သန္ဓေပြောင်းလဲခြင်း၏ နောက်ကွယ်တွင် လူမသိနိုင်သော ဘေးထွက်ဆိုးကျိုးများ၊ အန္တရာယ်များ ရှိနေမလား။
ဤအရာကမှ လင်းယွမ် အမှန်တကယ် စိုးရိမ်နေသော အချက်ဖြစ်သည်။
ဆက်ရန်...
အပိုင်း (၃၄) ညစာစားပွဲ
"မောင်လေး... ဘာဖြစ်လို့လဲ"
လင်းယွမ် မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေသည်ကို မြင်လျှင် ဘေးနားတွင်ရှိသော ရန်မေက စိုးရိမ်တကြီး မေးလိုက်သည်။
လင်းယွမ်သည် ဘေးနားရှိ တပ်မက်ဖွယ်ကောင်းသော မိန်းမပျိုကို ကြည့်လိုက်ပြီး ရုတ်တရက် စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာကာ မေးလိုက်သည်။
"အစ်မ မိုးရေသောက်ပြီးတော့ နေရထိုင်ရ မကောင်းတာမျိုး ဖြစ်သေးလား"
ရန်မေ ချက်ချင်း ပြုံးလိုက်သည်။
"ဪ... မောင်လေးက အစ်မကို စိတ်ပူနေတာကိုး... စိတ်ချပါ မောင်လေးရဲ့ အစ်မ ဘာမှမဖြစ်ပါဘူး... ဖြစ်စရာရှိရင် အစောကတည်းက ဖြစ်လောက်ပြီ"
သူမသည် လင်းယွမ်၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောသည်။
"အခု အစ်မ ကောင်းကောင်းကြီး ရှိနေတာပဲ မဟုတ်လား... မောင်လေးနဲ့ ပေါင်းပြီးမှပဲ တကယ့်ယောကျာ်းက ဘာလဲဆိုတာ အစ်မ သိတော့တယ်"
လင်းယွမ် ရယ်ချင်သွားသော်လည်း ထုတ်မပြောတော့ဘဲ မှာတမ်းခြွေလိုက်သည်။
"နေထိုင်မကောင်းတာမျိုး ရှိရင် ကျွန်တော့်ကို ပြောနော်"
"အင်းပါ"
သူမသည် အချစ်ဦးနှင့် တွေ့နေရသကဲ့သို့ မျက်နှာတွင် ပျော်ရွှင်မှုများ အပြည့်ဖြင့် မိန်းမသားပီပီ ချွဲနွဲ့နေသည်။
သူမ၏ ရင့်မှည့်နေသော ခန္ဓာကိုယ်အလှနှင့် ပေါင်းစပ်လိုက်သောအခါ လင်းယွမ် စိတ်မထိန်းနိုင်ချင် ဖြစ်သွားသည်။
စိတ်အာရုံများကို ပြန်ထိန်းချုပ်လိုက်ပြီး လင်းယွမ် ပြုံးကာ မေးလိုက်သည်။
"စောစောက အဒေါ်လီနဲ့ ဘာတွေ ပြောနေတာလဲ"
ရန်မေ ရယ်မောလိုက်သည်။
"မောင်လေး သိလား... အဒေါ်လီက အရင်တုန်းက ရပ်ကွက်ရုံးမှာ လုပ်ခဲ့တာတဲ့... ဒါကြောင့် ဒီအိမ်ရာထဲက တိုက်ခန်းပိုင်ရှင်တွေအကြောင်း တော်တော်များများ သူသိတယ်"
"အစ်မ ခုနက အောက်ထပ်က ဆုန့်ဝမ် ဆိုတဲ့ ကောင်မလေးအကြောင်း မေးကြည့်တာ... အဒေါ်လီက ဆုန့်ဝမ်ကို သိတယ်တဲ့"
လင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။ မထင်မှတ်ထားသော သတင်းပဲ။
"တိုက်ဆိုင်တာပဲ... အဒေါ်လီက ဆုန့်ဝမ်နဲ့ တော်တော် ရင်းနှီးတာလား"
"ရင်းနှီးတယ်တဲ့... အဒေါ်လီ ပြောတာတော့ ဆုန့်ဝမ်က အွန်လိုင်း တိုက်ရိုက်လွှင့်တဲ့သူ ဆိုတော့ အားနေတာ များတယ်တဲ့... ဒါကြောင့် ရပ်ကွက်ရုံးမှာ ခဏခဏ စေတနာ့ဝန်ထမ်း လာလုပ်ပေးတတ်တယ်တဲ့"
"ဆုန့်ဝမ်အကြောင်း နည်းနည်းလောက် ပြောပြဦး"
"အင်း... ဆုန့်ဝမ်က တစ်ယောက်တည်း နေတာ... လင်ကျန်းတက္ကသိုလ်က ဘွဲ့ရတာတဲ့... ဒီတိုက်ခန်းကလည်း သူဝယ်ထားတာပဲ... အဒေါ်လီ ပြောပုံအရဆိုရင် အဲ့ဒီကောင်မလေးက ပိုက်ဆံ တော်တော်ရှိပုံရတယ်"
"ဒါပေမဲ့ သူ့စိတ်သဘောထားကတော့ ကောင်းပါတယ်... အစ်မ သူနဲ့ ခဏခဏ ဆုံဖူးတယ်... သဘောကောင်းတဲ့ ပုံပါပဲ"
"မောင်လေး... အစ်မ အဒေါ်လီကိုခေါ်ပြီး သူနဲ့ သွားပြောကြည့်ပေးရမလား"
"အဲ့ဒီ ဒရုန်းက မောင်လေးအတွက် အရမ်း အရေးကြီးလား"
လင်းယွမ် ခေါင်းညိတ်လိုက်သည်။
"အရမ်း အရေးကြီးတယ်... အဲ့ဒီ ဒရုန်းသာ ရှိရင် ကျွန်တော်တို့ ပိုဝေးဝေးကို လှမ်းမြင်နိုင်မှာ... မျက်နှာချင်းဆိုင် တိုက်က လူတွေနဲ့လည်း အဆက်အသွယ် လုပ်လို့ရနိုင်တယ်"
"ဒါဆိုရင် ပြီးမှ အဒေါ်လီနဲ့ တိုင်ပင်ပြီး ပြောကြည့်လိုက်မယ်"
လင်းယွမ် ပြုံးလိုက်ပြီး သူမ၏ ပါးလေးကို ဆွဲကာ ပြောလိုက်သည်။
"အစ်မမှာ ဒီလို အရည်အချင်းတွေ ရှိနေမှန်း မသိခဲ့ဘူး"
လင်းယွမ်၏ ချီးကျူးစကားကြောင့် ရန်မေ ပျော်ရွှင်သွားပြီး ထမင်းဝဝ စားရသည်ထက်ပင် ပို၍ ကျေနပ်သွားသည်။
သူမသည် မျှော်လင့်ချက်မဲ့ခြင်းများကို ကြုံတွေ့ခဲ့ရပြီး လီကျစ်ချန်၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် လင်းယွမ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို အလွန်စိုးရိမ်ပြီး ထပ်မံ အစွန့်ပစ်ခံရမည်ကို ကြောက်ရွံ့နေသည်။
ထို့ကြောင့် လင်းယွမ်၏ ဆန္ဒကို ပထမဦးစားပေးအနေဖြင့်ထားကာ လင်းယွမ်ပြောသမျှ မြေဝယ်မကျ နားထောင်ခဲ့သည်။
ယခု လင်းယွမ်၏ အသိအမှတ်ပြုခြင်း ခံလိုက်ရသောအခါ သူမ အလွန် စိတ်လှုပ်ရှား ဝမ်းသာသွားသည်။
သူမသည် လင်းယွမ်၏ လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်လိုက်ရာ သူမ၏ ရင်သားမို့မို့ နှစ်ဖက်ကြားတွင် လင်းယွမ်လက်မောင်း မြှုပ်ဝင်သွားသည်။
"မောင်လေး... စိတ်ချပါ... အစ်မ မောင်လေးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး အစ်မကို ခိုင်းလို့ရတဲ့နေရာ ရှိရင်သာ ပြော... လုံးဝ အားမနာနဲ့"
"အစ်မက နောက်ဆို မောင်လေးရဲ့ လူဖြစ်သွားပြီ... မောင်လေး ဘာခိုင်းခိုင်း အစ်မ လုပ်ပေးမယ်"
သူမ၏ ဝန်ခံစကားကို ကြားသောအခါ လင်းယွမ် မျက်လုံးများ အရောင်တောက်သွားသည်။
"တကယ်နော်"
"တကယ်ပေါ့"
"ဟဲဟဲ... ဒါဆို ညကျရင် အစ်မ ကျွန်တော်ရွေးပေးတာ ဝတ်ရမယ်"
"ရှင်"
ရန်မေ မျှော်လင့်မထားသော စကားကြောင့် ရှက်သွေးဖြာသွားပြီး မျက်နှာလေး ရဲခနဲ ဖြစ်သွားသည်။ ချွဲနွဲ့သော အမူအရာဖြင့် လင်းယွမ်ကို ပုတ်ကာ ပြောလိုက်သည်။
"မောင်လေးကတော့လေ... ဆိုးကိုဆိုးတယ်"
"ဟားဟားဟား"
လင်းယွမ် သဘောကျစွာ ရယ်မောလိုက်သည်။
သူတို့နှစ်ယောက် ဝရန်တာတွင် ကြည်နူးနေသည်ကို မီးဖိုချောင်ထဲမှ ဝူချင်းနှင့် ချိုင်ကြည်တို့ လှမ်းမြင်လိုက်ရသည်။
ဝူချင်းက ပြုံးကာ ပြောလိုက်သည်။
"ရန်မေနဲ့ လင်းယွမ်က တော်တော် လိုက်ဖက်တာပဲနော်... ရန်မေလို ရုပ်ရည်နဲ့ ခန္ဓာကိုယ်ရှိတဲ့သူက လီကျစ်ချန်နဲ့ ရခဲ့တာ တကယ် နှမျောဖို့ကောင်းတယ်"
ချိုင်ကြည်လည်း ရယ်မောလိုက်သည်။
"လီကျစ်ချန်လို သတ္တိကြောင်တဲ့ကောင်က လင်းယွမ်ကို ဘယ်လိုလုပ်မီမှာလဲ"
"ဒါပေမဲ့ ဒါက အခုလိုအခြေအနေမို့လို့ပါ... ရေမကြီးခင်တုန်းကသာဆိုရင် လင်းယွမ် ဆယ်ယောက်ရှိလည်း လီကျစ်ချန် တစ်ယောက်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ဝူချင်းက သက်ပြင်းချလိုက်သည်။
"ဒါတော့အမှန်ပဲ... ကမ္ဘာကြီးက ပြောင်းလဲသွားပြီကိုး... အစ်ကိုချိုင်... အခုက ဥပဒေတွေ ဘာတွေ မရှိတော့ဘူး... တချို့လူတွေရဲ့ ပင်ကိုစရိုက်တွေ ပေါ်လာကြပြီ... ရှင် အပြင်သွားရင် သတိထားဦးနော်"
ချိုင်ကြည် မျက်လုံးများ စူးရှသွားသည်။
"မင်းပြောတာ မှန်တယ်... ကမ္ဘာကြီး ပြောင်းလဲသွားပြီ... ဒါပေမဲ့ တချို့လူတွေအတွက်ကျတော့ စည်းမျဉ်းဥပဒေတွေ မရှိတော့တဲ့အချိန်မှာ အခွင့်ကောင်းယူပြီး ကြီးပွားမယ့်သူတွေ... လှုပ်ရှားမယ့်သူတွေ ပေါ်လာတော့မှာ"
"ရှင် လင်းယွမ်ကို ပြောတာလား"
"လင်းယွမ်လည်း ပါသလို လျိုအာလုံလည်း ပါတယ်... ငြိမ်းချမ်းတဲ့ ခေတ်မှာတုန်းကတော့ သူတို့က လူရာမဝင်တဲ့ အောက်ခြေလူတန်းစားတွေ ဖြစ်ချင်ဖြစ်မယ်... ဒါပေမဲ့ အခုလို ဥပဒေ မရှိတော့တဲ့အချိန်ကျတော့မှ သူတို့ရဲ့ အစွမ်းအစ အစစ်အမှန်တွေ ထွက်လာကြတာ"
ဝူချင်း စဉ်းစားသွားသည်။
"ရှင်က လင်းယွမ်ကို အဲ့လောက်တောင် အထင်ကြီးတာလား"
ချိုင်ကြည် ခေါင်းညိတ်လိုက်သည်။
"သူက ငယ်တယ်... သွေးဆူတယ်... လုပ်ရဲကိုင်ရဲတယ်... ဒီနှစ်ဝက်လုံးလုံး တခြားလူတွေ လျိုအာလုံကို ကြောက်ပြီး ခေါင်းငုံ့ခံနေကြတာ... လင်းယွမ် တစ်ယောက်ပဲ လျိုအာလုံကို ထိပ်တိုက်ရင်ဆိုင်ရဲတယ်... ပြီးတော့အရေးနိမ့်တာမျိုးလည်း မရှိဘူး"
"နောက်ပြီး သူ့လုပ်ပုံကိုင်ပုံကို ကြည့်လေ... ငါးတွေကို စမ်းသပ်တာတို့... ငါတို့နဲ့ မဟာမိတ်ဖွဲ့တာတို့... ခြေလှမ်းတိုင်းက စနစ်ကျတယ်"
"ဒီနေ့ ငါ သူ့ဆီ တံခါးသွားခေါက်တော့ သူ့ သတိက လုံးဝ မလွတ်ဘူး... အချိန်ပြည့် သတိထားနေတာ"
"ဒီလိုလူမျိုးက ဘာမတော်တဆမှုမှသာ မရှိရင် သေချာပေါက် ခေါင်းဆောင်နေရာ ရောက်လာမယ့်သူပဲ"
ဝူချင်း ခေါင်းညိတ်လိုက်ပြီး ရယ်မောကာ မေးလိုက်သည်။
"အဲ့လောက် သတိကြီးနေတာကို ရှင်က ဘာလို့ သတ္တိကြောင်တယ်လို့ မပြောတာလဲ"
ချိုင်ကြည် ရယ်လိုက်သည်။
"သတ္တိကြောင်တယ် ဟုတ်လား... သတ္တိကြောင်တဲ့သူက လျိုအာလုံရဲ့ လူတွေကို သတ်ရဲမလားဟ... ဒီကာလမှာ လျိုအာလုံရဲ့ လူတွေကလွဲရင် သာမန်လူတွေထဲက ဘယ်သူ လူသတ်ရဲလို့လဲ"
"ပြီးတော့ သူသာ သတ္တိကြောင်ရင် အိမ်နီးနားချင်း အမျိုးသမီးကို အိမ်မှာ ဘယ်လိုလုပ် ပြောင်ပြောင်တင်းတင်း ခေါ်ထားရဲမှာလဲ"
"မင်းက ရန်မေကို ငတုံးငအလို့ထင်နေလား... လင်းယွမ်သာ ဒုတိယ လီကျစ်ချန် ဖြစ်နေမယ်ဆိုရင် ရန်မေက သူ့နောက်လိုက်ပြီး သူပြောသမျှ ခေါင်းငုံ့ခံနေပါ့မလား"
"ဒါနဲ့... မင်း နောက်ဆို ရန်မေနဲ့ တည့်အောင်ပေါင်းနော်"
ဝူချင်း ခေါင်းညိတ်လိုက်သည်။
"ဒါကတော့ ရှင်မပြောလည်း ကျွန်မ သိပါတယ်"
စကားပြောနေကြရင်း ဟင်းလည်း ကျက်သွားပြီဖြစ်သည်။
ခေါက်ဆွဲပြုတ်ရည်ဖြင့် ချက်ထားသော ငါးဟင်းက သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
သို့သော် ယခုလိုအချိန်တွင် စားစရာရှိသည်ကပင် ကံကောင်းလှပြီ ဖြစ်သည်။
ထို့အပြင် ဟင်းနံ့ကလည်း မွှေးကြိုင်နေသဖြင့် အလကားဟင်းတော့ မဟုတ်တန်ရာ။
"လင်းယွမ်... အစ်ကိုမာ... တင်းယန်... လာကြတော့... ထမင်းစားရအောင်"
ချိုင်ကြည် မီးဖိုချောင်ထဲမှ ထွက်လာပြီး အားလုံးကို လှမ်းခေါ်လိုက်သည်။
ငါးဟင်းဇလုံကြီးကို ချလိုက်သည်နှင့် ခေါက်ဆွဲခြောက် အမွှေးအကြိုင်နံ့နှင့် ပင်လယ်ငါးနံ့တို့ ရောနှောကာ ပျံ့လွင့်လာသဖြင့် အားလုံး ဗိုက်ဆာသွားကြသည်။
ခေါက်ဆွဲခြောက် နှစ်ထုတ်သာ ပါသဖြင့် လူအရေအတွက်နှင့် ခွဲလိုက်သောအခါ တစ်ယောက်လျှင် နည်းနည်းစီသာ ရသည်။
သို့သော် လင်းယွမ်က သူ၏ခေါက်ဆွဲကို ပိန်လှီနေသော ကလေးမလေး ချိုင်ယောင်ကို ပေးလိုက်သည်။
"ကျွန်တော် ခေါက်ဆွဲမစားတော့ဘူး... ဒီည အားလုံးနဲ့အတူ ဘီယာလေးသောက်ပြီး ဟင်းပဲ မြည်းတော့မယ်... ရော့... ညီမလေး... နင် ငါ့ ဝေစုပါ ယူလိုက်"
ရန်မေလည်း လင်းယွမ်ကို အတုခိုးပြီး သူမ ဝေစုကို ပေးရန် ပြင်လိုက်သည်။
သို့သော် လင်းယွမ်က မသိမသာ သူမလက်ကို ဖိထားလိုက်သည်။
ရန်မေ ကြောင်သွားပြီး ဘာမှ ဆက်မပြောတော့ပေ။
ချိုင်ကြည်က အလျင်အမြန် တားသည်။
"လင်းယွမ် အဲ့လိုမလုပ်ပါနဲ့ကွ... ငါတို့ ဒီအခန်းထဲ ရောက်လာတာ မင်းကျေးဇူးကြောင့်ပဲလေ... ပြီးတော့ မင်းက ထမင်းလာစားတာ ဘီယာတောင် ပါလာသေးတယ်... ဒီဘီယာ နှစ်ပုလင်းသာ အောက်ထပ်မှာ ငါးနဲ့သွားလဲရင် အနည်းဆုံး ၁၀ ကောင်လောက် ရမှာကွ"
လင်းယွမ် ပြုံးကာ လက်ကာပြလိုက်သည်။
"ကျွန်တော်က ယောကျာ်းပဲ... ခံနိုင်ရည် ရှိပါတယ်... ခင်ဗျားသမီးလေး ဒီလောက်ပိန်နေတာ ကြည့်ဦး... ဘာမှ မပြောနဲ့တော့... သောက်ကြရအောင်"
သူသည် ချိုင်ကြည် တားနေသည့်ကြားမှ သူ့ခေါက်ဆွဲကို ချိုင်ယောင် ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
ဝူချင်းလည်း ဝင်တားသော်လည်း မရပေ။
နောက်ဆုံးတော့ သမီးဖြစ်သူကို ပြောလိုက်ရသည်။
"သမီး ယောင်ယောင်... ဦးဦးလင်းယွမ်ကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်လေ"
"ကိုကို လင်းယွမ်... ကျေးဇူးပါရှင့်"
ချိုင်ယောင်သည် ဉာဏ်ကောင်းသော ကလေးမလေး ဖြစ်သဖြင့် ဦးဦး မခေါ်ဘဲ ကိုကို ဟု ခေါ်လိုက်သည်။
လင်းယွမ် သဘောကျစွာ ရယ်မောလိုက်သည်။
"ဟားဟားဟား... အစ်ကိုချိုက်နဲ့ အစ်မဝူ... ခင်ဗျားတို့ က ကလေးမလေးလောက်တောင် အမြင်မရှိဘူးပဲ... ကျွန်တော့်အသက်က ၂၀ ကျော်ပဲ ရှိသေးတာကို ဦးဦး လာခေါ်ခိုင်းနေတယ်... ဒီအတွက် ဒဏ်ပေးတဲ့အနေနဲ့ တစ်ခွက်သောက်ရမယ်"
ချိုင်ကြည် ရယ်မောလိုက်သည်။
"အေးပါကွာ... ငါ သောက်ပါ့မယ်"
သူ မော့သောက်ရန် ပြင်လိုက်စဉ် အစ်ကိုမာက ရယ်မောကာ ဝင်ပြောသည်။
"ဟေ့ကောင် ချိုင်ကြည်... မင်း ဘီယာသောက်ချင်လို့ သက်သက်ကြံနေတာမလား... ရှိတာမှ နှစ်ပုလင်းတည်းကို မင်း တစ်ခွက်သောက်လိုက်တာနဲ့ ဆယ်ပုံတစ်ပုံ လျော့သွားပြီကွ"
"ဒဏ်ပေးတာတွေ ဘာတွေလုပ်မနေနဲ့... ငါတို့ မဟာမိတ်ဖွဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ အားလုံး အတူတူ သောက်ကြမယ်"
"ဟုတ်တယ် ဟုတ်တယ်... ဒီဘီယာက နောက်ထပ် သောက်ရဖို့ မလွယ်ဘူး... ကျွန်တော် တစ်ယောက်တည်း မသောက်ရက်ဘူး... အားလုံး အတူတူ အရသာခံပြီး သောက်ကြရအောင်"
ပျော်ရွှင်ရယ်မောသံများကြားတွင် အားလုံး ခွက်ချင်းတိုက်လိုက်ကြသည်။ မျက်နှာသေနှင့် နေတတ်သော တင်းယန်ပင်လျှင် အပြုံးပန်းများ ဝေဆာလာသည်။
ယခု အခြေအနေသည် လွန်ခဲ့သော ရက်အနည်းငယ်က ကျိုးကျားချန်၏ လှေကားထောင့်တွင် ပိတ်လှောင်ခံထားရသည့် သူမ၏ဘဝနှင့် နှိုင်းယှဉ်လျှင် ကွာခြားလွန်းလှသည်။
သူမ မျက်ရည်ဝဲလာသည်။ ရေမကြီးခင် ကာလက သူငယ်ချင်းများနှင့် စုပြီးစားသောက်ခဲ့ရသော အချိန်များကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤညတွင် ဘီယာ နှစ်ပုလင်းသာ ရှိသော်လည်း အားလုံး မူးနေသကဲ့သို့ ပျော်ရွှင်နေကြသည်။
အစ်ကိုမာနှင့် ချိုင်ကြည်တို့သည် နှစ်ခွက်လောက် ဝင်သွားသည်နှင့် အရင်က အလွဲအချော် ကိစ္စများကို ပြောပြရင်း ရယ်မောနေကြသည်။
ရယ်မောရင်းနှင့် မျက်ရည်များ ဝဲလာကြပြန်သည်။
ငါး၏ အသားက လတ်ဆတ်သည်၊ ခေါက်ဆွဲက အရသာရှိသည်၊ ငါးဟင်းရည်ကလည်း ထိမိလှသည်။
ချိုင်ယောင်လေးမှာ လျှာပါမျိုချမတတ် စားကောင်းနေသည်။ ဤသည်မှာ သူမ အိမ်မှ ပြောင်းလာပြီးနောက်ပိုင်း အကောင်းဆုံး စားရသော ထမင်းတစ်နပ် ဖြစ်ပေလိမ့်မည်။
ဆက်ရန်...