အခန်း (၃၅-၃၆)
Vol. 2 Ch. 35-36
အပိုင်း (၃၅) လျှိုအားလုံ တံခါးလာခေါက်ခြင်း
ထမင်းဝိုင်းဝယ် လူတိုင်း၌ အမှတ်ရဖွယ်ရာ ပုံရိပ်လွှာကောင်းများ ကိုယ်စီရှိကြသည်။
ဤထမင်းလက်ဆုံပွဲလေးက လူတိုင်းကို ကပ်ဘေးဆိုးကြီး မကျရောက်မီကာလဆီသို့ ပြန်လည်ခေါ်ဆောင်သွားသကဲ့သို့ ခံစားရစေ၏။
"ဟူး... ဒီရေဘေးကြီးသာ မဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲကွာ"
အစ်ကိုမာက မျက်ရည်စများ ဝဲလာပြီး ရုတ်တရက် သက်ပြင်းချလိုက်သည်။
လီလန်ဟွာသည်လည်း မျက်ရည်များကို သုတ်ရင်း "ရှောင်ယာနဲ့ ရှောင်ယွမ်တို့ မိသားစုတွေရော အဆင်ပြေကြရဲ့လား မသိဘူး" ဟု ငြီးတွားရှာသည်။
သားသမီးနှစ်ယောက်အကြောင်း ပြောမိကြရာ သက်ကြီးရွယ်အိုဇနီးမောင်နှံနှစ်ဦးမှာ ပို၍ပင် ဝမ်းနည်းကြေကွဲရတော့သည်။
ချိုင်ကြည်သည်လည်း တိတ်ဆိတ်သွားပြီး ဇနီးဖြစ်သူ ဝူချင်းကို လှမ်းကြည့်လိုက်သည်။
သူတို့ကံကောင်းသည်မှာ အနည်းဆုံးတော့ မိသားစုအားလုံး အတူတကွ ရှိနေကြခြင်းပင် ဖြစ်သည်။
ကံကောင်းသည်မှာ ရေကြီးမှုကြီးက တစ်ရက်တည်းနှင့် ရုတ်တရက် ဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ဘဲ ခြောက်လတာကာလအတွင်း တဖြည်းဖြည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထို့ကြောင့် လူတိုင်း အိမ်ပြန်ချိန်ရခဲ့ကြပြီး သမီးဖြစ်သူကိုလည်း ကျောင်းမှ အချိန်မီ သွားရောက်ခေါ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
မည်မျှပင် ထိုင်းမှိုင်းလေးလံသူဖြစ်ပါစေ၊ ဤကဲ့သို့ ကပ်ဘေးကြီး မစတင်မီတွင် စားစရာ အနည်းအကျဉ်းကိုတော့ ကြိုတင်စုဆောင်းထားတတ်ကြစမြဲပင်။
ထမင်းဝိုင်းမှ လေထုမှာ ပိုမိုဝမ်းနည်းဖွယ် ကောင်းလာသဖြင့် လင်းယွမ်က စကားစလိုက်သည်။ " ကပ်ဘေးက ဖြစ်ပြီးနေပြီပဲ... အနည်းဆုံးတော့ ကျွန်တော်တို့ အခုချိန်ထိ အသက်ရှင်နေကြသေးတယ် မဟုတ်လား"
တင်းယန်က ရုတ်တရက် ဝင်ပြောလိုက်သည်။ "အစိုးရအထက်ပိုင်းတွေက ကယ်ဆယ်ရေး လာလုပ်ကြမယ်လို့ ထင်လား"
ထိုစကားကြောင့် အားလုံး၏ အာရုံသည် ထိုအကြောင်းအရာပေါ်သို့ ရောက်ရှိသွားကြသည်။
မာကောချိုင်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒီရေဘေးကြီးက ရှားပါး ဖြစ်ရပ်ဆိုပေမဲ့ တစ်နိုင်ငံလုံး နလန်မထူနိုင်မယ့် အထိတော့ မဖြစ်လောက်ပါဘူး... တစ်နိုင်ငံလုံးမှာ သင်္ဘောတွေ... စစ်တပ်တွေ... ရေငုပ်သင်္ဘောတွေ... လေယာဉ်တင်သင်္ဘောတွေနဲ့ လေယာဉ်ပျံတွေ အများကြီး ရှိတာပဲ... နိုင်ငံတော်က ဒီအတိုင်းကြီး လက်လွှတ်လိုက်မယ်လို့ ငါတော့ မထင်ဘူး"
ချိုင်ကြည်ကလည်း "ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ်" ဟု ထောက်ခံသည်။
တင်းယန်က စိတ်မရှည်စွာဖြင့် "ဒါဆို ဘာလို့ ခြောက်လကြာတဲ့အထိ နိုင်ငံတော်က ကယ်ဆယ်ရေးလုပ်ငန်းစဉ် တစ်ခုမှ မလုပ်တာလဲ"
"အစပိုင်းတုန်းကတော့ သတင်းတွေ ကြားရသေးတယ်... နောက်ပိုင်းကျတော့ အပြင်မထွက်ဖို့နဲ့ စားစရာတွေ ကြိုစုထားဖို့ပဲ ပြောကြတော့တယ်... ဒါ ကျွန်မတို့ကို ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းခိုင်းတာပဲ မဟုတ်လား"
ချိုင်ကြည်က ဝင်ပြောပြန်သည်။ "တစ်နိုင်ငံလုံးမှာ လူဦးရေက အများကြီးပဲလေ... နိုင်ငံတော်က အချိန်မီ မကယ်ဆယ်နိုင်လို့များလား... ဒါမှမဟုတ် အရေးကြီးပုဂ္ဂိုလ်တွေကို အရင်ဦးစားပေး ကယ်ဆယ်နေတာများလား မသိဘူး"
"ဒါဆို လေယာဉ်တွေကရော... ဒီလောက်ကြာနေပြီကို ကောင်းကင်မှာ လေယာဉ်တစ်စင်းတောင် မမြင်ရတာ ဘယ်လိုမှမဖြစ်နိုင်ဘူး" ဟု တင်းယန်က မေးခွန်းထုတ်သည်။
ချိုင်ကြည်က "အပြင်မှာ မိုးတွေလေတွေက အရမ်းကြမ်းပြီး မိုးကြိုးတွေ ပစ်နေတော့... ဒီလိုရာသီဥတုမျိုးမှာ လေယာဉ်ပျံသန်းဖို့ မလွယ်ဘူး ထင်တယ်" ဟု ချေပသည်။
သူတို့နှစ်ဦး အချေအတင် ငြင်းခုံနေကြပြီးနောက် အစ်ကိုမာက လင်းယွမ်ဘက်သို့ လှည့်ကာ "ရှောင်ယွမ်... မင်းရော ဘယ်လိုမြင်လဲ" ဟု မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါယမ်းလိုက်သည်။ "အခုချိန်မှာ ဒါတွေ ပြောနေလို့ ဘာထူးမှာလဲဗျာ... ကယ်ဆယ်ရေး ရောက်မလာသရွေ့တော့ ကျွန်တော်တို့ ကိုယ့်အားကိုယ်ကိုးကြရမှာပဲ"
"အခုလောလောဆယ် လျှိုအားလုံရဲ့ လူတွေက ကျွန်တော်တို့အတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်နေတာ... အထက်က ကယ်ဆယ်ရေး မရောက်လာနိုင်သရွေ့ ကျွန်တော်တို့က အချိန်တိုင်း အန္တရာယ်ရှိနေမှာ"
"နိုင်ငံတော်က ဘယ်တော့ ကယ်ဆယ်ရေး လာမလဲဆိုတာ စဉ်းစားနေမယ့်အစား... လျှိုအားလုံကို ဘယ်လို ဖြိုချမလဲဆိုတာကို စဉ်းစားတာက ပိုအကျိုးရှိလိမ့်မယ်"
အားလုံးက လင်းယွမ်၏ စကားကို သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
"ဟုတ်တယ်... ဟုတ်တယ်... ရှောင်ယွမ် ပြောတာ မှန်တယ်... ငါတို့ တွေးနေလို့လည်း ဘာထူးမှာလဲ... ကယ်ဆယ်ရေး မလာရင်တောင် ငါတို့က ဆက်ပြီး ရှင်သန်ရဦးမှာပဲလေ... လျှိုအားလုံကိုပဲ အရင် ရှင်းကြတာပေါ့"
"လင်းယွမ်... လျှိုအားလုံမှာ လူအင်အား မနည်းဘူးနော်... ငါတို့ ဘယ်လိုလုပ်ကြမှာလဲ" ဟု ချိုင်ကြည်က မေးသည်။
လင်းယွမ်က သူ့ကို ပြန်ကြည့်ရင်း "ခင်ဗျားပြောတဲ့ အကူအညီရမယ့်သူကရော အခြေအနေဘယ်လိုလဲ"
"ဒီနေ့ ငါသွားရှာသေးတယ်... ဒါပေမဲ့ သူ မရှိဘူး... နောက်မှ ထပ်သွားကြည့်လိုက်ဦးမယ်"
လင်းယွမ်က ဆက်မေးလိုက်သည်။ "သူ့လက်ရှိအခြေအနေ အတိအကျကို ခင်ဗျား သိလား"
ချိုင်ကြည်က ခေါင်းညိတ်ပြသည်။ "သူနဲ့ သူ့ကောင်မလေးက အရင်တုန်းက ငါ့အခန်းနဲ့ မျက်နှာချင်းဆိုင်မှာ နေကြတာ... ရေကြီးတော့ သူ စားစရာတွေ အများကြီး ဝယ်လှောင်ထားတယ်"
"နောက်ပိုင်း မိုးတွေ အရမ်းသည်းလာပြီး ဘယ်သူမှ အပြင်မထွက်နိုင်တော့... သူက ငါတို့လို အိမ်နီးနားချင်းတွေကိုတောင် စားစရာတွေ လာဝေပေးသေးတယ်"
"ဒါပေမဲ့ အဲဒါကြောင့်ပဲ လျှိုအားလုံရဲ့ မျက်စိကျတာ ခံလိုက်ရတာပေါ့"
"လျှိုအားလုံက လူမိုက်အဖွဲ့ဖွဲ့ပြီး လူတွေကို လုယက်တာတို့ ရိက္ခာတွေလုတာတို့ သူများတိုက်ခန်းတွေကို အပိုင်စီးတာတို့ လုပ်လာတယ်လေ... အဲဒီအချိန်မှာပဲ သူ့ကောင်မလေးကို လျှိုအားလုံက မုဒိမ်းကျင့်ခဲ့တာ"
"ကောင်မလေးက အဲဒီဒဏ်ကို မခံနိုင်လို့ တိုက်ပေါ်က ခုန်ချပြီး သတ်သေသွားရှာတယ်... အဲဒီအချိန်ကစပြီး သူက လျှိုအားလုံကို အသေအကြေ မုန်းတီးသွားတော့တာပဲ"
"ဒါပေမဲ့ သူက သည်းခံနိုင်စွမ်း ရှိတယ်... လျှိုအားလုံကို ယှဉ်နိုင်ဖို့ အခွင့်အရေး မရှိသေးဘူးဆိုတာ သိလို့ သူတို့ကို ရှောင်နေခဲ့တာ... အခု သူက အထပ် (၃၀) က လျှောက်လမ်းမှာ နေတယ်... ငါ တခါတလေ သူ့ကို တွေ့ဖြစ်တယ်"
ဝူချင်းက ကြောက်ရွံ့စွာဖြင့် "ရှောင်ကျောက်က အခုဆို လူက လုံးဝပြောင်းလဲသွားတာ... အရင်တုန်းကဆို အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နဲ့... အခုတော့ သူ့ကို ကြည့်ရတာ ကျွန်မ ကြောက်တောင် ကြောက်တယ်"
ချိုင်ကြည်က ဇနီးသည်၏ လက်ကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။ "အဲဒီလို အဖြစ်ဆိုးမျိုး ကြုံထားရမှတော့ ဘယ်သူမဆို ပြောင်းလဲသွားမှာပဲလေ... ဒါပေမဲ့ သူနဲ့ လျှိုအားလုံက ရန်သူကြီးတွေ... လျှိုအားလုံကို တိုက်ခိုက်မယ်လို့ ငါတို့သာ ပြောလိုက်ရင် သူ သေချာပေါက် ပူးပေါင်းလိမ့်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "အဲဒါဆို ခင်ဗျား နောက်တစ်ခေါက် ထပ်ဆက်သွယ်ကြည့်ဗျာ"
"ငါ့အကြံကတော့ လူအင်အား စုနိုင်သလောက် စုမယ်။ ကျား၊ မ မရွေး၊ အသက်အရွယ်မရွေးဘူး... အနည်းဆုံးတော့ အင်အားပြလို့ရတာပေါ့"
"အခုလို အချိန်မျိုးမှာ လူများရင် စိတ်ဓာတ်ပိုခိုင်မာစေတယ်လေ"
"လျှိုအားလုံ ဘယ်လောက်တော်တော်... သူ့မှာ လူ ၂၀ ကျော်လောက်ပဲ ရှိတာပါ"
"နောက်ပြီး... လျှိုအားလုံ အားကိုးနဲ့ ရမ်းကားနေတဲ့ သူ့လက်ပါးစေ တချို့ကို အရင် ရှင်းပစ်ဖို့ နည်းလမ်းရှာရမယ်"
တင်းယန်က လင်းယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ဘာမှမပြောသော်လည်း သူမ၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည်။
လင်းယွမ်ကို မဟုတ်... လျှိုအားလုံတို့ လူစုအပေါ် ထားရှိသော ရက်စက်မှု ဖြစ်သည်။
အစ်ကိုမာနှင့် ချိုင်ကြည်တို့သည်လည်း တိတ်ဆိတ်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ "ရှင်းပစ်" ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း သူတို့ မမေးဘဲ နားလည်လိုက်ကြသည်။
ထမင်းဝိုင်းတွင် အမျိုးသမီးများ ရှိနေသဖြင့် ဤကိစ္စကို ဆက်လက်ဆွေးနွေးရန် မသင့်တော်ပေ။
"ဒေါက်... ဒေါက်... ဒေါက်..."
သူတို့ စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ တံခါးခေါက်သံတစ်ချက် ထွက်ပေါ်လာသည်။
လင်းယွမ်၊ ချိုင်ကြည်နှင့် အစ်ကိုမာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
"လီကျစ်ချန်"
အပြင်ဘက်မှ အသံနိမ့်နိမ့်ဖြင့် လှမ်းခေါ်သံ ထွက်ပေါ်လာသည်။
ထိုအသံကြောင့် အခန်းထဲရှိလူအားလုံး ထိတ်လန့်သွားကြသည်။
အစ်ကိုမာနှင့် ချိုင်ကြည်မှာ ချက်ချင်း ထရပ်လိုက်ကြသည်။
"လျှိုအားလုံ"
ဤအသံကို သူတို့ ကောင်းကောင်းရင်းနှီးသည်။ ဒါ လျှိုအားလုံပဲ ဖြစ်သည်။
လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ အစ်ကိုမာနှင့် ချိုင်ကြည်တို့၏ ထိတ်လန့်နေသော မျက်နှာများကို ကြည့်ခြင်းအားဖြင့် သူတို့ သွားခေါ်ထားခြင်း မဟုတ်ကြောင်း သေချာသဖြင့် စိတ်အေးသွားရသည်။
လင်းယွမ်က မတ်တတ်ထရပ်ကာ အားလုံးကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် ဘေးနားရှိ ရန်မေကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အစ်မမေ... အစ်မ သွားပြီး အခြေအနေ နည်းနည်း စမ်းကြည့်ပေး... သူ ဘာလာလုပ်တာလဲ ဆိုတာ သိရအောင်လို့"
ရန်မေ၏ မျက်နှာလေးမှာ ဖြူဖပ်ဖြူရော်ဖြစ်ကာ ကြောက်လန့်နေရှာသည်။
သို့သော် ဒီနေရာတွင် လူတွေအများကြီးရှိနေပြီး လင်းယွမ်ကလည်း သူမဘေးတွင် ရှိနေသဖြင့် အားတင်းလိုက်သည်။
"အစ်မ... အစ်မ ဘယ်လို စမ်းရမှာလဲ"
"ကျွန်တော် ပြောခိုင်းတာကိုပဲ ပြော"
"သိ... သိပြီ"
ရန်မေသည် လင်းယွမ်နောက်မှ လိုက်ပါရင်း တံခါးနောက်သို့ ရောက်လာသည်။
အစ်ကိုမာနှင့် ချိုင်ကြည်လည်း အနောက်မှ ကပ်လိုက်လာကြသည်။ တင်းယန်ကမူ အခန်းထဲသို့ ချက်ချင်းပြေးဝင်သွားပြီး သူမ ခုနကမှ လုပ်ထားသော ဒူးလေးလက်နက်ကို ဆွဲယူကာ ပြန်ထွက်လာသည်။
လင်းယွမ်က ရန်မေ၏ နားနားကပ်၍ တီးတိုးပြောလိုက်သည်။
ရန်မေသည် အသက်ကို ဝဝရှူလိုက်ပြီး တံခါးမှတစ်ဆင့် လှမ်းအော်လိုက်သည်။ "လျှိုအားလုံ... ရှင် ဘာလာလုပ်တာလဲ"
တံခါးအပြင်ဘက်ရှိ လျှိုအားလုံမှာ ရန်မေ၏ အသံကို ကြားလိုက်ရသဖြင့် ကြောင်သွားသည်။
သူ လီကျစ်ချန်ကို လာရှာသည့် အကြိမ်တိုင်းတွင် ရန်မေမှာ အသက်ပြင်းပြင်းပင် မရှူရဲလောက်အောင် ကြောက်ရွံ့တတ်သည် မဟုတ်ပါလား။
ရန်မေ စကားပြန်ပြောသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
လျှိုအားလုံ၏ ခေါင်းထဲတွင် ရန်မေ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် ညှို့ဓာတ်ပြင်းသော မျက်နှာလေးကို မြင်ယောင်လာပြီး ရယ်မောလိုက်သည်။
"ဟော... ညီမလေး ရန်မေပါလား... ဒီနေ့မှ ကိုကြီးကို စကားတွေဘာတွေ ပြောလို့ပါလား... ညီမလေး ယောက်ျားရော"
ရန်မေသည် ပျာပျာသလဲဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။
လင်းယွမ်က နောက်ထပ် စကားအချို့ကို တီးတိုးသင်ပေးလိုက်ရာ ရန်မေက ဆက်အော်ပြောလိုက်သည်။ "ဒီအိမ်က ရှင်တို့ကို မကြိုဆိုဘူး... ရှင်တို့ သတိထားနော်... မျက်နှာချင်းဆိုင်အိမ်က မောင်လေး... လင်းယွမ်က ရှင်တို့ကို ပစ်သတ်လိမ့်မယ်"
"ဟားဟားဟား... ညီမလေး ရန်မေက ကိုကြီးကို စိတ်ပူပေးတာလား... စိတ်ချပါကွ... ကိုကြီးက အကုန်တွက်ပြီးသားပါ... ဟိုကောင် လင်းယွမ်ရဲ့ တံခါးပေါက်ကို ကိုကြီး ပိတ်ထားလိုက်ပြီ"
"ညီမလေး... ကိုကြီးကို တံခါးဖွင့်ပေးစမ်းပါ... ကိုကြီးက ညီမလေးအတွက် စားစရာတွေ လာပို့တာပါကွ"
အပြင်ဘက်မှ လူအုပ်ကြီး၏ ဟားတိုက်ရယ်မောသံများ ထွက်ပေါ်လာသည်။
တံခါးအပြင်တွင် လူအများအပြား ရှိနေပုံရသည်။
ရန်မေမှာ အလွန်တရာ ထိတ်လန့်နေရှာသည်။ လင်းယွမ်က ချိုင်ကြည်အား လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"မှန်ရှိလား"
"ခဏလေး"
ချိုင်ကြည်က အခန်းထဲသို့ ပြေးဝင်သွားပြီး ကွဲနေသော မှန်စတစ်ခုကို ယူဆောင်လာသည်။
လင်းယွမ်သည် မှန်ကွဲစကို တံခါးချောင်းကြည့်ပေါက် နှင့် ချိန်ညှိကာ အပြင်ဘက်သို့ အကဲခတ်လိုက်သည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့ရင်ထဲ ထိတ်လန့်သွားရသည်။
တံခါးအပြင်ဘက်တွင် လျှိုအားလုံ ဦးဆောင်သော တောင့်တင်းခိုင်မာသည့် လူကောင်ကြီး ၅ ယောက်၊ ၆ ယောက်ခန့် ရပ်နေကြသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ဆက်ရန်...
အပိုင်း (၃၆) သတ်ဖြတ်ခြင်း
အပေါ်ထပ်နှင့် အောက်ထပ် လှေကားများမှာ ကွယ်နေသဖြင့် မမြင်ရပေ။ လူတွေ ကျန်ရှိနေသေးလားဆိုသည်ကို မသိနိုင်။
"သူတို့ ဘာလုပ်ကြမလို့လဲ"
လင်းယွမ်မှာ သံသယဖြစ်သွားပြီး စိုးရိမ်စိတ်ဝင်သွားသည်။ သူက ချိုင်ကြည်နှင့် အစ်ကိုမာတို့ဘက်သို့ လှည့်ကာ အလျင်အမြန် ပြောလိုက်သည်။
"ကျွန်တော် အခန်း အမြန်ပြန်လိုက်ဦးမယ်... တကယ်လို့ သူတို့ အတင်းဝင်စီးမယ်ဆိုရင် ကျွန်တော်တို့ အပြန်အလှန် ပူးပေါင်းပြီး ရင်ဆိုင်ကြတာပေါ့... ခင်ဗျားတို့ဆီမှာ လက်နက်တွေ ရှိတယ် မလား"
ချိုင်ကြည်နှင့် အစ်ကိုမာတို့လည်း လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြပြီး ခေါင်းညိတ်ပြကြသည်။
"စိတ်ချ... ငါတို့မှာ ကိုယ်တိုင်လုပ်ထားတဲ့ လှံရှည်တွေ ရှိတယ်"
လင်းယွမ်က သတိပေးလိုက်သည်။
"ခင်ဗျားတို့ အသံမထွက်စေနဲ့နော်... အစ်မမေပဲ ပြောပါစေ... ခင်ဗျားတို့ ဒီအခန်းထဲ ပြောင်းလာတာကို လျှိုအားလုံ မသိစေနဲ့ဦး"
"သူ ဘာလုပ်ချင်တာလဲဆိုတာ အရင် အကဲခတ်ကြည့်လိုက်ဦး"
လင်းယွမ်က မှာကြားပြီးသည်နှင့် ဝရံတာဘက်သို့ အမြန်ပြေးသွားလိုက်သည်။
အဲကွန်း ကွန်ပရက်ဆာပုံး နေရာမှတစ်ဆင့် သူ့အိမ်ဝရံတာဘက်သို့ ကူးရန် ကြိုးစားလိုက်သည်။
ကံကောင်းစွာဖြင့် ကြိုးများ ရှိနေသေးသည်။ သို့မဟုတ်ပါက ဤကဲ့သို့ ကူးသန်းရသည်မှာ အလွန်အန္တရာယ်များလှသည်။
အဲကွန်း ကွန်ပရက်ဆာပုံး နှစ်ခုကြားတွင် သစ်သားပြားတစ်ချပ်လောက် တံတားခင်းထားနိုင်လျှင် ပိုအဆင်ပြေမည်ဟု လင်းယွမ် တွေးမိလိုက်သည်။
အိမ်ထဲသို့ ပြန်ရောက်သည်နှင့် လင်းယွမ်က ဓာတ်ဆီပုံးကို ရှာဖွေပြီး သံရိုက်သေနတ်ကိုလည်း အသင့်ထုတ်ထားလိုက်သည်။
တံခါးပေါက်ကို လှမ်းကြည့်လိုက်ရာ ချောင်းကြည့်ပေါက် အပြင်ဘက်မှ သံပြားဖြင့် ပိတ်ဆို့ခံထားရသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က စကားများမနေတော့ဘဲ အတွင်းတံခါးကို ချက်ချင်း ဖွင့်လိုက်သည်။
"ဝုန်း"
တံခါးပွင့်သွားသောအခါ အပြင်ဘက်ရှိ လျှိုအားလုံတို့လူစု လန့်ဖျပ်သွားကြသည်။
လင်းယွမ်က ချက်ချင်းပင် သံရိုက်သေနတ်ကို မြှောက်ကာ ပစ်ခတ်ရန် ပြင်လိုက်သည်။
ထိုစဉ် လျှိုအားလုံက အော်ဟစ်လိုက်သည်။ "အားဝေ... ရှောင်ချိုင်"
"လာပြီဗျို့"
ခေါင်မိုးထပ် လှေကားမှ လူနှစ်ယောက် ပြေးဆင်းလာကြသည်။
မော်ရှောင်ချိုင်နှင့် အားဝေတို့နှစ်ယောက်သည် ဗီဒိုတံခါးရွက်တစ်ချပ်ကို သယ်ဆောင်လာပြီး "ဒုန်း" ခနဲ မြည်အောင် လင်းယွမ်၏ သံပန်းတံခါးရှေ့တွင် ပိတ်ဆို့လိုက်ကြသည်။
လင်းယွမ်၏ အိမ်တံခါးပေါက်မှာ ချက်ချင်းပင် သစ်သားတံတိုင်းတစ်ခုဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။
ဗီဒိုတံခါးရွက်မှာ သိပ်မထူသော်လည်း သံရိုက်သေနတ်ဒဏ်ကို ခံနိုင်ရည်ရှိပေသည်။
တံခါးအပြင်ဘက်မှ လျှိုအားလုံက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"လင်းယွမ်... မင်း စောင့်သာကြည့်နေလိုက်တော့"
ထို့နောက် လျှိုအားလုံက သူ့လူများကို အမိန့်ပေးသံ ကြားလိုက်ရသည်။ "စလိုက်ရအောင်"
ချက်ချင်းဆိုသလိုပင် "ဒုန်း... ဒုန်း... ဒုန်း" ဟူသော တံခါးဖျက်သံများ ထွက်ပေါ်လာသည်။
ရန်မေ၏ အိမ်တံခါးကို လျှိုအားလုံ၏ လူများက ဝိုင်းဝန်းဖျက်စီးနေကြခြင်း ဖြစ်သည်။
ရန်မေ၏ အိမ်တံခါးမှာ မူလကတည်းက ဖြုတ်လဲထားပြီး ဖြစ်သည်။ ကန်ထရိုက်တိုက်တွင် ပါဝင်သော မူလတံခါး မဟုတ်ဘဲ အိမ်ပြင်ဆင်စဉ်က အထူးတပ်ဆင်ထားသော စကားဝှက်ဖြင့် ဖွင့်ရသည့် စတီးတံခါးဖြစ်သည်။
အတွင်းပိုင်း စတီးအလွှာမှာ အနည်းဆုံး ၂ မီလီမီတာခန့် ထူသဖြင့် အတင်းအဓမ္မ ဝင်တိုက်ရုံဖြင့် ပွင့်လာမည် မဟုတ်ချေ။
သို့သော် လျှပ်စစ်သော့စနစ်ကမူ ကွာခြားသည်။ အကြမ်းဖက် ဖျက်ဆီးလိုက်ပါက အလွယ်တကူ ပွင့်သွားနိုင်သည်။
ထိုအခါ စတီးတံခါး ရှိနေပါစေဦး၊ လျှိုအားလုံတို့ကို တားဆီးနိုင်မည် မဟုတ်တော့ပေ။
ရန်မေမှာ ချက်ချင်းပင် ကြောက်လန့်တကြား ဖြစ်လာသည်။
အစ်ကိုမာနှင့် ချိုင်ကြည်တို့လည်း စိုးရိမ်ပူပန်လာကြသည်။ နေစရာနေရာလေး ရခါစ ရှိသေး လျှိုအားလုံ၏ မောင်းထုတ်ခြင်းကို ခံရတော့မည်လော။
"ဖယ်ကြစမ်း"
အရေးကြီးနေသော အချိန်တွင် တင်းယန်က ချိုင်ကြည်နှင့် အစ်ကိုမာကို တွန်းဖယ်လိုက်ပြီး တံခါးရှေ့သို့ ပြေးသွားကာ တံခါးချောင်းကြည့်ပေါက်မှန်ကို ဖြုတ်ပစ်လိုက်သည်။
ထို့နောက် သူမ၏ ဒူးလေးကို အပေါက်ဝတွင် တေ့ကာ ခလုတ်ကို ပြင်းထန်စွာ နှိပ်လိုက်သည်။
"ရွှစ်"
သူမ၏ ဒူးလေးတွင် တပ်ဆင်ထားသော မြားတံမှာ အဝတ်လှန်းသည့် သံချိတ်ကွင်းကို ဖြောင့်ကာ နှစ်ချောင်းပူးလိမ်ပြီး ထိပ်ချွန်ထားခြင်း ဖြစ်သည်။
ရော်ဘာကြိုးပြား၏ ပြင်းထန်သော တွန်းကန်အားကြောင့် မြားတံသည် တစ်ဟုန်ထိုး ပျံသန်းသွားလေသည်။
အပြင်ဘက်ရှိ ကံဆိုးသူတစ်ယောက်မှာ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ လည်ပင်းကို ထိုးဖောက်ခြင်း ခံလိုက်ရကာ သွေးများ ပန်းထွက်လာသည်။
"အားးးးး"
ထိုသူမှာ လည်ပင်းကို အုပ်လျက် နာကျင်စွာ အော်ဟစ်လေတော့သည်။
ဘေးနားရှိ တံခါးဖျက်နေသူမှာ လန့်ဖျပ်သွားပြီး ကမန်းကတန်း ဝပ်ချလိုက်ကာ ကြောက်လန့်တကြား အော်ပြောသည်။
"အစ်ကိုလုံ... သူတို့မှာ လက်နက်ရှိတယ်ဗျ"
လျှိုအားလုံလည်း လန့်သွားပြီး လှေကားထစ်ဘက်သို့ အမြန်ဆုတ်ခွာကာ ပုန်းကွယ်လိုက်သည်။
နွဲ့နွဲ့နှောင်းနှောင်း မိန်းမသား ရန်မေက ဤမျှအထိ ပြန်လည်ခုခံလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
"တောက်... ညီမလေး ရန်မေ... မထင်ရဘူး... မင်းက တော်တော် ရက်စက်တာပဲ"
လျှိုအားလုံက ဆဲဆိုလိုက်ပြီး အခြားသူများကို အမိန့်ပေးလိုက်သည်။
"သံပြားသွားရှာပြီး အပေါက်ကို ပိတ်လိုက်... ပြီးမှ တံခါးကို ဆက်ဖျက်မယ်"
ထိုအချိန်မှာပင် အခန်း ၃၂၀၁ ဘက်မှ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
"ဒုန်း"
ထို့နောက် နာကျင်စွာ အော်ဟစ်သံတစ်သံ ဆက်တိုက် ထွက်ပေါ်လာသည်။
လင်းယွမ်၏ အိမ်တံခါးရှေ့တွင် သစ်သားပြားဖြင့် ကာဆီးပိတ်ဆို့ထားသော အားဝေ၏ ဝမ်းဗိုက်အား သံတုတ်ချောင်းတစ်ချောင်းက သစ်သားပြားကို ဖောက်ထွင်းပြီး စိုက်ဝင်သွားခြင်း ဖြစ်သည်။
ထိုသံတုတ်ချောင်းမှာ သာမန်သံတုတ် မဟုတ် တူရွင်းချွန်အရှည် ဖြစ်သည်။
ထိုတူရွင်းချွန်က သစ်သားပြားကို အလွယ်တကူ ဖောက်ထွင်းသွားခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်သည် သံပန်းတံခါးနောက်ကွယ်တွင် တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ရပ်နေသည်။
ပြီးခဲ့သော လဝက်ကာလအတွင်း သူသည် လှံရှည်ထိုးနည်းကို ကြိုးစားပမ်းစား လေ့ကျင့်ခဲ့သည်။ အထူးသဖြင့် ထိုးစိုက်သည့် နည်းစနစ်ကို ပိုမိုလေ့ကျင့်ခဲ့သည်။
သူ့ထိုးချက်၏ အားအင်နှင့် တိကျမှုသည် အံ့မခန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
အိမ်တွင်ရှိစဉ်က ဗီဒိုတံခါးများကို ပစ်မှတ်ထား လေ့ကျင့်ခဲ့ရာ ၁လက်မခန့် ထူသော သစ်သားတံခါးကို အားကုန်သုံး၍ ထိုးပါက ဖောက်ထွင်းနိုင်ကြောင်း သိခဲ့ရသည်။
ယခုတစ်ကြိမ်တွင် မူလလုပ်ထားသော လှံရှည် ကျိုးသွားမည်ကို စိုးရိမ်သဖြင့် တူရွင်းချွန်ကို အသုံးပြု၍ ထိုးစိုက်လိုက်ခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း သစ်သားပြားကို ဖောက်ထွင်းသွားပြီး အနောက်ဘက်တွင် ပုန်းနေသော လျှိုအားလုံ၏ တပည့်ကိုပါ ထိမှန်သွားခဲ့သည်။
သူက တူရွင်းချွန်ကို ချက်ချင်း ပြန်ဆွဲထုတ်လိုက်သည်။
နောက်ထပ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး သွေးများ ပန်းထွက်လာပြန်သည်။
အပြင်ဘက်ရှိ လူများက ကြည့်လိုက်ရာ အားဝေ၏ ဝမ်းဗိုက်တွင် ကြီးမားသော အပေါက်ကြီး ဖြစ်သွားပြီး တူရွင်းချွန် ပြန်ဆွဲထုတ်လိုက်ချိန်တွင် အူစအချို့ပါ ပါလာသည်ကို တွေ့လိုက်ရသည်။
သွေးများ ပန်းထွက်နေပြီး အားဝေမှာ နာကျင်စွာ အော်ဟစ်ရင်း ကြမ်းပြင်ပေါ် လဲကျသွားသည်။
ဘေးနားတွင် သစ်သားပြားကို ဝိုင်းထိန်းပေးနေသော မော်ရှောင်ချိုင်မှာ ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး လက်လွှတ်ကာ အနောက်သို့ ခုန်ဆုတ်လိုက်သည်။
သစ်သားပြားကြီးမှာ "ကျွီ" ခနဲ မြည်လျက် လဲကျသွားပြီး နာကျင်စွာ ညည်းညူနေသော အားဝေကို ဖိမိလျက်သား ဖြစ်သွားသည်။ သစ်သားပြား ဖယ်သွားသည်နှင့် သံပန်းတံခါးနောက်ကွယ်တွင် ရပ်နေသော လင်းယွမ် ပေါ်လာတော့သည်။
လင်းယွမ်သည် တူရွင်းချွန်ကို ကိုင်လျက် အပြင်ဘက်ရှိ လူများကို အေးစက်စက် ကြည့်နေသည်။
သူက စကားတစ်ခွန်းမျှ မပြောဘဲ ဖိနပ်စင်ပေါ်ရှိ သံရိုက်သေနတ်ကို ကောက်ကိုင်လိုက်သည်။
"ဖောက်... ဖောက်... ဖောက်..."
သံရိုက်သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်လိုက်ရာ လှေကားထစ်တစ်ခုလုံး အော်ဟစ်သံများဖြင့် ဆူညံသွားပြီး လျှိုအားလုံ၏ လူများ ခေါင်းကိုလက်ဖြင့်အုပ်ကာ ကြောက်လန့်တကြား ပြေးကြလေတော့သည်။
လျှိုအားလုံက ဒေါသတကြီး အော်ဟစ်သည်။ "တောက်... မတိုးကြနဲ့... သောက်ရူးတွေ... မတိုးနဲ့လို့ဆိုနေ"
သို့သော် ယခုအချိန်တွင် မည်သူကမျှ သူ့စကားကို နားထောင်မနေတော့ပေ။ လူတစ်စုလုံး အောက်ထပ်သို့ အလုအယက် ပြေးဆင်းသွားကြပြီး သံချောင်းထိမှန်သူများ၏ ညည်းညူသံများသာ ကျန်ရစ်ခဲ့သည်။
လင်းယွမ်က သံပန်းတံခါးနောက်ကွယ်မှနေ၍ လျှိုအားလုံကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့အသက်က တော်တော် ဈေးပေါတာပဲ... လျှိုအားလုံက သေလမ်းပို့တာကို မင်းတို့က တကယ် လာရဲကြတယ်"
"သူ မင်းတို့ကို ဘာအကျိုးပြုလို့လဲ... စားစရာ ပေးလို့လား... သောက်စရာ ပေးလို့လား"
"အောက်ထပ်မှာ ရေကြီးနေတာ ငါးတွေ အများကြီးပဲ... ကိုယ့်ဟာကိုယ် ငါးဖမ်းစားရင်လည်း ဗိုက်ဝတာပဲကို... ဘာလို့ သူ့စကား နားထောင်နေတာလဲ... မင်းတို့က မွေးရာပါ ကျွန်တွေမို့လား"
"သူများခိုင်းဖတ်ဘဝနဲ့ နေဖို့ မွေးလာကြတာလား"
"ဟက်ဟက်... လာလေ... ထပ်တက်ခဲ့ကြဦး... သံတစ်ချောင်းကို လူတစ်ယောက်နှုန်းနဲ့ မေးခိုင်ပိုးလက်ဆောင်ပေးပြီး တမလွန် ပို့ပေးလိုက်မယ်"
လျှိုအားလုံက ပြန်လှန်ဆဲဆိုသည်။
"လင်းယွမ်... မင်းက နှုတ်သီးကောင်းနေတယ်ပေါ့လေ... ဒီတစ်ခါ သစ်သားပြားမို့လို့ မင်း ဖောက်နိုင်တာပါ... နောက်တစ်ခါ သံပြားနဲ့လာရင် မင်း ဖောက်နိုင်မလား ကြည့်ရသေးတာပေါ့... လာ သွားကြမယ်"
သူက လင်းယွမ်၏ သွေးခွဲစကားများကို နောက်လိုက်များ ထပ်ကြားသွားမည် စိုးရိမ်သဖြင့် လူအုပ်ကို ခေါ်ကာ ဆင်းသွားလေသည်။
လင်းယွမ်က ဘာမျှဆက်မပြောဘဲ လှေကားထစ်ထဲတွင် ပျောက်ကွယ်သွားသော သူတို့ကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။
[ဒင်... သင် သန္ဓေပြောင်းလူသားတစ်ဦးကို သတ်ဖြတ်လိုက်သည့်အတွက် အမှတ် ၆ မှတ် ရရှိပါသည်]
လင်းယွမ်က အကြည့်လွှဲလိုက်ပြီး သူ့အိမ်တံခါးရှေ့ သစ်သားပြားအောက်တွင် ငြိမ်သက်သွားသော အားဝေကို ကြည့်လိုက်သည်။
သူက သံပန်းတံခါးကို ဖွင့်လိုက်ပြီး သစ်သားပြားကို အိမ်ထဲသို့ ဆွဲယူကာ အလောင်းကိုမူ အခြားသူများ လန့်စေရန် လှေကားထစ်ဘက်သို့ ပစ်ထုတ်လိုက်သည်။
မျက်နှာချင်းဆိုင် အခန်း ၃၂၀၂ တံခါးလည်း ပွင့်လာသည်။
အစ်ကိုမာနှင့် ချိုင်ကြည်တို့ ထွက်လာကြသည်။ နှစ်ယောက်စလုံး ထိတ်လန့်နေဆဲပင်။
ရန်မေက သူတို့နှစ်ယောက်ကြားမှ တိုးထွက်လာပြီး လင်းယွမ်၏ အိမ်ထဲသို့ ပြေးဝင်လာကာ မျက်ရည်များ ကျဆင်းလျက်
"မောင်လေး..."
လင်းယွမ်က သူမကို နှစ်သိမ့်စကား ပြောလိုက်ပြီးနောက် ချိုင်ကြည်နှင့် အစ်ကိုမာဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"စောစောက လျှိုအားလုံ ပြောသွားတာ ခင်ဗျားတို့ ကြားတယ်မလား... သူ ဒီလောက်နဲ့ လက်လျှော့မှာ မဟုတ်ဘူး"
ချိုင်ကြည်က ချွေးသီးချွေးပေါက်များ ကျလျက် ပြောသည်။ "ကံကောင်းလို့ တင်းယန်က ဖြတ်ထိုးဉာဏ် ကောင်းသွားတာ"
တင်းယန်က ခေါင်းခါလိုက်သည်။ "သင့်တော်တဲ့ မြားတံမရှိရင် ဒီဒူးလေးက အဲ့လောက် မစွမ်းဘူး"
အစ်ကိုမာက ဝင်ပြောသည်။ "ဒီလောက်ဆိုရင်ပဲ တော်တော် ကောင်းနေပါပြီ... စောစောက မင်းသာ မပစ်လိုက်ရင် သူတို့ တံခါးကို ဖျက်ပြီး ဝင်လာလောက်ပြီ"
လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။ "ကျွန်တော်တို့ မကြာခင် လျှိုအားလုံနဲ့ ထိပ်တိုက် တွေ့ရတော့မယ်... သူ အကြာကြီး ငြိမ်နေမှာ မဟုတ်ဘူး"
"အစ်ကိုချိုင်... ခင်ဗျား ပြောတဲ့ ရှောင်ကျောက်ဆိုတဲ့ တစ်ယောက်ကို အမြန်သွားရှာလိုက်တော့"
"အစ်ကိုမာ... ခင်ဗျားတို့ တံခါးသော့ကို သေချာ ထပ်ပြင်ဆင်ထားလိုက်... အဲ့ ဒီဂျစ်တယ်သော့က အားနည်းချက် များလွန်းတယ်... အထဲကနေ သေချာ ဂဟေဆော်ပြီး ပိတ်ပစ်လိုက်"
နှစ်ယောက်သား လင်းယွမ်၏ ညွှန်ကြားချက်အတိုင်း အသီးသီး လှုပ်ရှားကြလေသည်။
လင်းယွမ်က တင်းယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကျွန်တော့်ဆီမှာ သံချောင်းတွေ အများကြီးရှိတယ်... မြားခေါင်း လုပ်လို့ရမရ စမ်းကြည့်လိုက်"
ထိုစကား ကြားသောအခါ တင်းယန်၏ မျက်လုံးများ အရောင်လက်သွားသည်။ "ရလောက်တယ်"
လင်းယွမ်က သံထုပ်တစ်ထုပ်ကို သူမထံ ပစ်ပေးလိုက်ရင်း...
"ကျွန်တော့်အိမ်မှာ လျှပ်စစ်ဂဟေစက်လည်း ရှိတယ်... မင်းလိုလား"
"ဘာ... လျှပ်စစ်ဂဟေစက် ဟုတ်လား... မီးရော ရှိလို့လား"
"ရှိတယ်"
တင်းယန်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ အထင်းသား ပေါ်လာသည်။ "စမ်းကြည့်မယ်လေ"
လင်းယွမ်က သူမကို အိမ်ထဲသို့ ခေါ်လိုက်ပြီး တစ်ဖက်ခန်းမှ အစ်ကိုမာကို တံခါးသေချာပိတ်ရန် မှာကြားလိုက်သည်။
အားလုံးက တံခါးများကို အသီးသီး ပိတ်လိုက်ကြသည်။ တံခါးပေါက်ဝရှိ သွေးအိုင်ကသာလျှင် စောစောက ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲကို သက်သေပြလျက် ကျန်ရစ်နေခဲ့သည်။
ဆက်ရန်...