အခန်း (၃၉-၄၀)
Vol. 2 Ch. 39-40
အပိုင်း (၃၉) အောက်ထပ်မှ အိမ်နီးချင်းအမျိုးသမီး
တံခါးတစ်ဖက်မှ ဤစကားကို ကြားလိုက်ရသောအခါ အဒေါ်လီနှင့် ရန်မေတို့၏ မျက်နှာတွင် ဝမ်းသာရိပ်သန်းလာသည်။
ဆုန့်ဝမ်၏ လေသံကို နားထောင်ခြင်းအားဖြင့် စိတ်ပြောင်းလုနီးနီး ဖြစ်နေပြီဆိုသည်မှာ သိသာနေသည်။
ကြည့်ရတာ ဆုန့်ဝမ်တစ်ယောက် အခန်းထဲတွင် အောင်းနေသည်ဆိုသော်လည်း ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေသည်တော့ မဟုတ်ပေ။
လျှိုအားလုံတို့အဖွဲ့၏ မကောင်းမှုများကိုလည်း သူမ သိထားပြီးဖြစ်မည်။
ထို့ကြောင့် သူမ စိုးရိမ်ထိတ်လန့်နေခြင်း ဖြစ်ပေလိမ့်မည်။
ရန်မေက "ညီမလေးရဲ့ ဒရုန်း အစ်မတို့ကို ငှားလို့ရမလား" ဟု အလျင်အမြန် ပြောလိုက်သည်။
"မရဘူး"
ရန်မေ စကားဆုံးသည်နှင့် တံခါးတစ်ဖက်မှ ပြတ်သားသော ငြင်းဆိုသံ ထွက်ပေါ်လာသည်။
အခန်းထဲတွင် ပိုးသားညဝတ်အင်္ကျီကို ဝတ်ဆင်ထားသော ဆုန့်ဝမ်၏ မျက်နှာထား တင်းမာသွားသည်။
သူမ၏ မျက်နှာလေးမှာ ဖြူဖျော့နေပြီး ဆံနွယ်ရှည်များက ပခုံးပေါ်တွင် ဖြန့်ကျနေသည်။
မျက်နှာသွင်ပြင်က လှပကျော့ရှင်းပြီး မင်းသမီး တုန်ရွှမ်းနှင့် အတော်လေး ဆင်တူသည်။
သူမ၏ မျက်ဝန်းဝိုင်းကြီးများထဲတွင် အေးစက်စက် အငွေ့အသက်များ လွှမ်းခြုံနေသည်။
အရပ် ငါးပေငါးခန့် ရှိမည့် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်အချိုးအစားမှာ သွယ်လျလှပပြီး ရင်သားဖွံ့ထွားကာ ဖြူဝင်းသော ခြေတံရှည်များက ဆွဲဆောင်မှု ရှိလှသည်။
ရန်မေတို့ လာရောက်ရသည့် အကြောင်းရင်းမှာ သူမ၏ ဒရုန်းကို လိုချင်သောကြောင့် ဖြစ်မှန်းသိလိုက်ရသောအခါ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံ မြည်ဟည်းသွားပြီး ချက်ချင်းပင် ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
သူမ၏ အိမ်တွင် စားစရာ မကျန်တော့ပေ။ လက်ရှိတွင် ရေဘေးကြီးအတွင်း စားနပ်ရိက္ခာ ရှာဖွေနိုင်သည့် တစ်ခုတည်းသော အားကိုးရာမှာ ဤဒရုန်းသာ ဖြစ်သည်။
ကံကောင်းစွာဖြင့် ယနေ့တွင် ဒရုန်းကို အသုံးပြု၍ ပါဆယ်ထုပ်တစ်ခုကို ချိတ်ယူနိုင်ခဲ့သည်။ အထဲတွင် "ရှဉ့်သုံးကောင်" တံဆိပ် အဆာပြေမုန့်ထုပ် အနည်းငယ် ပါလာသည်။
ဤမုန့်များကို ချွေတာစားလျှင် အနည်းဆုံး နှစ်ရက်သုံးရက်တော့ တောင့်ခံနိုင်မည်။
ထို့ကြောင့် ဒရုန်းက သူမ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။
သူမအနေဖြင့် မည်သို့ ငှားရမ်းပေးနိုင်မည်နည်း။
ရန်မေ စိတ်ပူသွားပြီး အဒေါ်လီကို လှမ်းကြည့်လိုက်သည်။
အဒေါ်လီက သူမလက်ထဲရှိ ပလတ်စတစ်အိတ်ကို ပုတ်ပြလိုက်ပြီး ရန်မေကို စိတ်မလောရန် အချက်ပြလိုက်သည်။
ထို့နောက် "သမီးလေး ဆုန့်... အဒေါ်ကြီးတို့ အလကား ငှားတာ မဟုတ်ပါဘူး... စားစရာနဲ့ လဲမယ်လေ" ဟု ပြောလိုက်သည်။
အခန်းထဲမှ ဆုန့်ဝမ် ကြားလိုက်ရသောအခါ စိတ်ဝင်စားသွားပြီး "ရှင်တို့ဆီမှာ စားစရာ ကျန်နေသေးတာလား" ဟု မေးလိုက်သည်။
အဒေါ်လီက ပလတ်စတစ်အိတ်ကို မြှောက်လိုက်ပြီး တံခါး ချောင်းကြည့်ပေါက်ရှေ့တွင် ဖွင့်ပြလိုက်သည်။ အထဲမှ ခေါက်ဆွဲခြောက်ထုပ်၊ ပေါင်မုန့် စသည့် အစားအစာများကို ထုတ်ပြလိုက်သည်။
"သမီး ကြည့်လိုက်ပါဦး... ဒီမှာ ခေါက်ဆွဲခြောက် တစ်ထုပ်နဲ့ ပေါင်မုန့်အသေး ၁၀ ထုပ် ရှိတယ်"
"သမီး သိတဲ့အတိုင်းပဲ... အခုချိန်မှာ ဒီလိုအစားအစာမျိုး ရဖို့ မလွယ်ဘူး... ဒီပစ္စည်းတွေကို အောက်ထပ်မှာသွားပြီး ငါးနဲ့လဲမယ်ဆိုရင် အများကြီး ရနိုင်တယ်"
ဆုန့်ဝမ်၏ ဖြူဝင်းသော မျက်နှာလေးပေါ်တွင် လိုချင်တပ်မက်စိတ်များ ပေါ်လာသည်။ သူမ တံတွေးမျိုချလိုက်ပြီး ခက်ခက်ခဲခဲဖြင့် အကြည့်လွှဲလိုက်ကာ "ဒီလောက်နဲ့လား... ကျွန်မရဲ့ ဒရုန်းက အိမ်ထဲကနေ ခြေတစ်လှမ်းမထွက်ဘဲ ရေပေါ်က စားစရာတွေကို ရှာပေးနိုင်တယ်... တစ်ခါသယ်ရင် ၁၀ ကီလိုအောက် ပစ္စည်းတွေကို သယ်နိုင်တယ်" ဟု အသံနိမ့်နိမ့်ဖြင့် ပြန်ပြောလိုက်သည်။
အဒေါ်လီက "သမီး... အဲဒီလို တွက်လို့မရဘူးလေ... ဒရုန်းက လျှပ်စစ်မီးလိုတယ် မလာ.... အခု ဘယ်မှာ မီးလာလို့လဲ... သမီး ဒရုန်းက တစ်ခါပျံရင် အားဘယ်လောက် ကုန်မှာလဲ" ဟု ချေပလိုက်သည်။
"သမီး ဘယ်နှခါ သုံးနိုင်မှာလဲ... ဒီဒရုန်း လုံးဝ အားကုန်သွားရင် ဘာမှ သုံးမရတော့ဘူးလေ"
"ပြီးတော့ ဒရုန်းလွှတ်တိုင်း စားစရာ ရမယ်လို့ အာမခံနိုင်တာမှ မဟုတ်တာ"
"အဲဒီလို ဖြစ်နေမယ့်အစား စားစရာနဲ့လဲလိုက်တာ မကောင်းဘူးလား"
အဒေါ်လီက ရပ်ကွက်ရုံးမှ ဝန်ထမ်းပီပီ စကားပြောရာတွင် အကျိုးသင့်အကြောင်းသင့်နှင့် စိတ်ပါလက်ပါ ပြောတတ်ပေသည်။
ထို့အပြင် သူမနှင့် ဆုန့်ဝမ်မှာ အသိမိတ်ဆွေများ ဖြစ်ကြသဖြင့် ဆုန့်ဝမ် စတင် တုံ့ဆိုင်းစ ပြုလာသည်။
သူမ ခဏလောက် တွေးတောလိုက်ပြီး "ရှင်တို့က ဒီဒရုန်းနဲ့ ဘာလုပ်မလို့လဲ" ဟု မေးလိုက်သည်။
အဒေါ်လီက လင်းယွမ်ကို လှမ်းကြည့်ပြီး ပြောသင့် မပြောသင့် မေးလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ ဒါက လျှို့ဝှက်ထားစရာ ကိစ္စမဟုတ်။
အဒေါ်လီက သက်ပြင်းချလိုက်ပြီး "သမီး... အဒေါ်ကြီးတို့ မိသားစုတွေအခု ရန်မေ့အိမ်မှာ ကပ်နေကြရတာ... ရန်မေရယ် အခန်း၃၂၀၁ က ရှောင်ယွမ်ရယ်နဲ့ မဟာမိတ် ဖွဲ့ထားကြတယ်လေ"
"ဒီရက်ပိုင်း အဖြစ်အပျက်တွေကို သမီးလည်း တွေ့မှာပဲ... လျှိုအားလုံက သည်းမခံနိုင်တော့ဘူးလေ... သူအဒေါ်ကြီးတို့ကို ဒုက္ခပေးဖို့ ခဏခဏ လာနေတာ"
"အဒေါ်ကြီးတို့က မိန်းမသားတွေဆိုတော့ ဘယ်လို ရန်ဖြစ်ရမလဲ နားမလည်ပါဘူး... ရှောင်ယွမ်က ပြောတယ်လေ... ဒီဒရုန်းနဲ့ဆိုရင် လျှိုအားလုံ ဘယ်မှာရှိလဲဆိုတာ အတည်ပြုနိုင်ပြီး သူတို့ကို တိုက်ခိုက်တဲ့နေရာမှာ အကူအညီ ဖြစ်မယ်တဲ့"
"ဒါကြောင့် အဒေါ်ကြီးက မျက်နှာပြောင်တိုက်ပြီး သမီးနဲ့ လာညှိနှိုင်းရတာပါ"
"လျှိုအားလုံဆိုတာ အဒေါ်တို့ တိုက်၇၆ တစ်ခုလုံးမှာ ကင်ဆာကောင်ကြီး ဖြစ်နေပြီ... သူ့ကို မဖြုတ်ချနိုင်ရင် တို့လို မိန်းမသားတွေ ဒုက္ခရောက်ကုန်ကြမှာ"
"တစ်ယောက်ထဲနေတဲ့ အမျိုးသမီးတွေ ဘယ်လောက်တောင် သနားစရာ ကောင်းနေပြီလဲ ဆိုတာ... အခုလောက်ဆို သမီးလည်း မြင်တွေ့နေမှာပဲ"
"သမီးက တစ်ယောက်တည်း နေတာဆိုတော့ ပိုပြီး အန္တရာယ် များတာပေါ့"
"အဒေါ်ကြီးကို ယုံကြည်တယ်ဆိုရင် အဒေါ်ကြီးတို့အဖွဲ့ထဲ ဝင်လို့ရပါတယ်... အဒေါ်ကြီးတို့အိမ်က ဦးလေးမာကို သမီးသိသားပဲ... ရန်မေနဲ့လည်း ရင်းနှီးနေတာပဲ... နောက်ဆို အပေါ်ထပ် အောက်ထပ် အိမ်နီးချင်းတွေ ဖြစ်သွားရင် အချင်းချင်း စောင့်ရှောက်လို့ ရတာပေါ့"
အဒေါ်လီ၏ စကားများက ဆုန့်ဝမ်၏ စိတ်နှလုံးကို လှုပ်ခါသွားစေသည်။
ဤရက်ပိုင်းအတွင်း သူမ အပြင်မထွက်ဖြစ်သော်လည်း တံခါးချောင်းကြည့်ပေါက်မှတဆင့် လူမဆန်သော လုပ်ရပ်များကို မကြာခဏ မြင်တွေ့ခဲ့ရသည်။
ညဘက်ဆိုလျှင် အပြင်ဘက်မှ နာကျင်စွာ အော်ဟစ်သံများကို ကြားနေရတတ်သည်။
မျက်နှာချင်းဆိုင် တိုက်၇၅ မှာဆိုလျှင် လူတွေ တိုက်ပေါ်ကနေ ခုန်ချတာကို အကြိမ်ကြိမ် တွေ့ခဲ့ရသည်။
တစ်ခါကဆိုလျှင် သူမအခန်းတံခါးကို တစ်စုံတစ်ယောက် လာတွန်းဖွင့်သည်ကိုပင် ကြားလိုက်ရသေးသည်။
ဤနှစ်ဝက်အတွင်း သူမ ထိတ်လန့်တုန်လှုပ်စွာ နေထိုင်ခဲ့ရပြီး တစ်ကြိမ်လေးတောင် အပြင်မထွက်ရဲခဲ့ပေ။
အကယ်၍မဟာမိတ် ရှာတွေ့နိုင်မယ်ဆိုလျှင် သူမလည်း ပူးပေါင်းချင်ပါသည်။
သို့သော် သူမ မရဲပေ။ အကယ်၍ တစ်ဖက်လူက သူမ တံခါးဖွင့်အောင် လှည့်စားတာဆိုလျှင် ဒုက္ခရောက်ရမည်။
သူမ အကြီးအကျယ် ဗျာများနေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
လင်းယွမ်က အခြေအနေကို ရိပ်မိသဖြင့် ဝင်ပြောလိုက်သည်။ "ညီမဆုန့်က ကျွန်တော်တို့ လိမ်ပြီး တံခါးဖွင့်ခိုင်းမှာ ကြောက်နေတာမလား"
"ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်... ညီမတံခါးဖွင့်ပေးစရာ မလိုဘဲ အလဲအလှယ် လုပ်လို့ရတယ်"
အခန်းထဲမှ ဆုန့်ဝမ်က ချက်ချင်း မေးလိုက်သည်။ "ရှင်က ဘယ်သူလဲ... ဘယ်လို အလဲအလှယ် လုပ်မှာလဲ"
"ကျွန်တော်က အခန်း ၃၂၀၁ ပိုင်ရှင် လင်းယွမ်ပါ... ကျွန်တော်တို့ ဝရံတာကနေ အလဲအလှယ် လုပ်လို့ရတယ်"
"ကျွန်တော်က စားစရာတွေကို ကြိုးနဲ့ချည်ပြီး အောက်ကို ချပေးမယ်... ညီမက ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ကြိုးမှာပြန်ချည်ပြီး ပေးလိုက်ရင် ရပြီ"
"ကျွန်တော်တို့ကို မယုံသေးရင် စားစရာတွေကို အရင်ပေးမယ်... ဘယ်လိုလဲ"
လင်းယွမ်၏ စကားက ရိုးသားမှု အပြည့်ရှိသဖြင့် ဆုန့်ဝမ် စိတ်ဝင်စားသွားသည်။
သူမက သံရိုက် ပိတ်ထားသော သူမ၏ ပြတင်းပေါက်ကို လှည့်ကြည့်လိုက်ပြီး ဤအစီအစဉ်တွင် အန္တရာယ် ရှိမရှိ စဉ်းစားလိုက်သည်။
နောက်ဆုံးတွင် "ကောင်းပြီလေ... အဒေါ်လီ... အစ်မရန်မေ... ကျွန်မ ရှင်တို့ကို ယုံလိုက်မယ်" ဟု ပြန်ဖြေလိုက်သည်။
အဒေါ်လီ ပြုံးလိုက်ပြီး "ကျေးဇူးပါ သမီးရယ်... စိတ်ချပါ အဒေါ်ကြီး မလိမ်ပါဘူး... အဒေါ်ကြီးက ပါတီဝင်ပါ" ဟု ဝမ်းသာအားရ ပြောလိုက်သည်။
ဘေးနားမှ လင်းယွမ်မှာ ရုတ်တရက် ထွက်လာသော "ပါတီဝင်" စကားကြောင့် ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။
သို့သော် လူကြီးသူမများအနေဖြင့် ပါတီဝင်ဟူသော ဂုဏ်ပုဒ်ကို အလွန်တန်ဖိုးထားကြသည်ကို သူ နားလည်သည်။
အခန်းထဲမှ ဆုန့်ဝမ်၏ နှုတ်ခမ်းထောင့်များလည်း အနည်းငယ် တွန့်သွားသည်။
လင်းယွမ်က "ငါးမိနစ်နေရင် ဝရံတာမှာ အလဲအလှယ် လုပ်ကြမယ်... ပြန်ကြစို့" ဟု ပြောလိုက်သည်။
သူတို့အဖွဲ့ မူလလမ်းအတိုင်း ပြန်လှည့်လာကြပြီး အခန်း ၃၂၀၁ ထဲသို့ ဝင်ရောက်လာကြသည်။
တင်းယန်ကလည်း ထွက်လာပြီး သူမလက်ထဲတွင် သစ်သားမြှားတို အချို့ကို ကိုင်ထားသည်။
မြှားခေါင်းများကို သံချောင်းများဖြင့် ဂဟေဆော်ပြီး ပြုလုပ်ထားသည်။
သံချောင်းများက ထက်ရှသဖြင့် အဝတ်ချိတ်များဖြင့် လုပ်ထားသည်ထက် ပို၍ ထိရောက်မှု ရှိမည်မှာ သေချာသည်။
"ပြန်လာကြပြီလား... ဒီမှာကြည့်ကြည့်ဦး"
သူမက မြှားတိုများကို ကမ်းပေးလိုက်ရာ လင်းယွမ်က ယူကြည့်ပြီး "စမ်းပြီးပြီလား" ဟု မေးလိုက်သည်။
"အင်း"
သူမက မြှားတိုတစ်ချောင်းကို ယူလိုက်ပြီး လေးပေါ်တွင် တင်ကာ သားရေကြိုးကို ဆွဲလိုက်သည်။
ခလုတ်ကို နှိပ်လိုက်သည်နှင့် "ထောက်" ခနဲ မြည်သံနှင့်အတူ မြှားတို ပစ်ထွက်သွားသည်။
နောက်တစ်ခဏတွင် တံခါးဘောင်ပေါ်သို့ "ဒုတ်" ခနဲ စိုက်ဝင်သွားပြီး သံချောင်းတစ်ဝက်ကျော်ခန့် မြုပ်ဝင်သွားသည်။
ဤပြင်းအားက လင်းယွမ်၏ သံရိုက်သေနတ်ကို မမီသော်လည်း မတိမ်းမယိမ်း ရှိနေသည်။
လင်းယွမ် ပြုံးလိုက်ပြီး "ကောင်းတယ်... နောက်ထပ် များများ ထပ်လုပ်ထားလိုက်... သစ်သားမလောက်ရင် အခန်းထဲက သစ်သားပြားတွေကို ဖြုတ်သုံး" ဟု အားပေးလိုက်သည်။
"သိပြီ" တင်ယန်က ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။
နောက်ဆုံးတော့ သူမသည် ကြက်ကလေးတစ်ကောင်ကိုပင် မသတ်ရဲသော၊ သူတစ်ပါး အနိုင်ကျင့်သမျှ ခံနေရသော မိန်းမပျော့တစ်ယောက် မဟုတ်တော့ပေ။
ဝရံတာဘက်တွင် အဒေါ်လီနှင့် ဦးလေးမာတို့က အိတ်ကို ကြိုးဖြင့် သေချာချည်ပြီး အောက်သို့ ချပေးနေကြပြီ ဖြစ်သည်။
မကြာမီ ကြိုးက လှုပ်ရှားလာကြောင်း သူတို့ သတိထားမိလိုက်သည်။
ဆက်ရန်...
အပိုင်း (၄၀) ဒရုန်းဖြင့် ကင်းထောက်ခြင်း
"ဆုန့်ဝမ်... သမီးလား" အဒေါ်လီက တခြားသူများ ကြားဖြတ်လုယူသွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် လှမ်းအော်မေးလိုက်သည်။
အောက်ထပ်မှ ဆုန့်ဝမ်၏ အသံ ပြန်လည်ထွက်ပေါ်လာသည်။ "အဒေါ်လီ သမီးပါ... ခဏစောင့်ဦးနော်"
သူမသည် ပြတင်းပေါက်အပြင်ဘက်ရှိ ကြိုးကို ဖြည်လိုက်ပြီး စားစရာများကို စစ်ဆေးလိုက်သည်။
အားလုံးမှာ သက်တမ်းကုန်ဆုံးရက် မကျော်သေးဘဲ အကောင်းပကတိ ရှိနေသေးသည်။ ပေါင်မုန့် (၁၀) လုံးနှင့် ခေါက်ဆွဲခြောက် တစ်ထုပ်။
ထိုအရာများကို မြင်လိုက်ရရုံဖြင့် ဆုန့်ဝမ်မှာ တံတွေးပင် မျိုချလိုက်မိသည်။ ဤရက်ပိုင်းအတွင်း သူမသည် မုန့်ပဲသရေစာများဖြင့်သာ အသက်ဆက်ခဲ့ရခြင်း ဖြစ်သည်။
ကစီဓာတ် ပါသော စားစရာများကို မစားရသည်မှာ မည်မျှကြာသွားပြီမှန်းပင် သူမ အမှတ်မိတော့ပေ။
လူတစ်ယောက်သည် ကစီဓာတ်ကို အချိန်ကြာမြင့်စွာ မစားသုံးရလျှင် စိတ်တိုလွယ်လာပြီး ဆံပင်ကျွတ်ခြင်းကဲ့သို့သော ပြဿနာများကိုပါ ခံစားရတတ်သည်။
သူမသည် မအောင့်နိုင်တော့ဘဲ ပေါင်မုန့်တစ်ထုပ်ကို ဖောက်ကာ ငတ်ငတ်ပြတ်ပြတ်ဖြင့် အငမ်းမရ စားသောက်လေတော့သည်။
ထိုအခိုက်အတန့်တွင် တစ်ချိန်က အင်တာနက်ပေါ်၌ ဖော်လိုဝါ သန်းနှင့်ချီရှိခဲ့သော နာမည်ကျော် "စတား" တစ်ယောက်၏ ဂုဏ်သိက္ခာများ ပျောက်ဆုံးနေပြီး အစားကိုသာ ရူးသွပ်စွာ စားနေမိတော့သည်။
ပေါင်မုန့်တစ်လုံး ဗိုက်ထဲရောက်သွားသောအခါ နင်သလိုဖြစ်သွားသဖြင့် အသင့်ခံထားသော မိုးရေတစ်ခွက်ကို အမြန်သောက်လိုက်ရသည်။
ထိုအခါမှသာ သူမ အသက်ရှူချောင်သွားတော့သည်။
"ဆုန့်ဝမ်... ဆုန့်ဝမ်"
အဒေါ်လီ၏ အသံမှာ စိုးရိမ်တကြီးဖြင့် ထပ်မံထွက်ပေါ်လာသည်။
ဆုန့်ဝမ်က အမြန်ပြန်ထူးလိုက်သည်။ "ရှိပါတယ်... ရှိပါတယ် အဒေါ်လီ... ခဏစောင့်ဦး သမီး ဒရုန်းကို အိတ်ထဲ ထည့်နေလို့ပါ"
သူမ အလျင်အမြန် ပြန်ဖြေလိုက်သည်။ ယခုအချိန်တွင် သူမသည် အဒေါ်လီတို့အဖွဲ့ကို အမှန်တကယ် ယုံကြည်သွားပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့က စားစရာနှင့် လာရောက်လဲလှယ်ရုံသာမက စားစရာကိုပါ အရင်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒါက အမှန်တကယ် စိတ်ရင်းမှန်ကြောင်း သက်သေပြနေသည်။
ဤကဲ့သို့ ဘေးဒုက္ခကြုံနေရချိန်တွင် သူတစ်ပါးက မိမိအပေါ် စေတနာထားပြီး ဆက်ဆံပေးခြင်းမှာ အလွန်တန်ဖိုးရှိလှသော အရာပင် ဖြစ်သည်။
သူမသည် ဤအခွင့်အရေးကို တန်ဖိုးထားချင်ပြီး ကတိဖျက်ရန် စိတ်မကူးတော့ပေ။
ယုံကြည်မှုဆိုသည်မှာ တဖြည်းဖြည်းချင်း တည်ဆောက်ယူရခြင်း ဖြစ်သည်။
ကမ္ဘာပျက်ကပ်ထဲတွင် တစ်ယောက်တည်း ရုန်းကန်ခြင်းထက် အချင်းချင်း ဖေးမကူညီမှသာ အသက်ရှင်သန်နိုင်မည့် အခွင့်အရေး အနည်းငယ် ရှိပေလိမ့်မည်။
ဤအချက်ကို ဆုန့်ဝမ်က တခြားသူများထက် ပိုမိုနားလည်သည်။
ထို့ကြောင့် သူမသည် တွေဝေမနေတော့ဘဲ ဒရုန်းနှင့် ရီမုခလုပ် တို့ကို အိတ်ထဲသို့ ထည့်လိုက်သည်။
အိတ်ပြဲသွားမည်ကို စိုးရိမ်သဖြင့် အိပ်ရာခင်းဖြင့် ထပ်မံပတ်ကာ အသေချည်လိုက်ပြီးမှ ကြိုး၌ ချည်နှောင်ကာ လှမ်းအော်လိုက်သည်။ "အဒေါ်လီ... ဒရုန်းကို ချည်လိုက်ပြီနော်... ဖြည်းဖြည်းချင်း ဆွဲတင်... မတော်တဆ တိုက်မိပြီး ပျက်သွားမှာ စိုးလို့"
အဒေါ်လီက ထိုစကားကို ကြားသောအခါ ဝမ်းသာအားရ ပြုံးလိုက်ပြီး "အေးအေး... လိမ္မာလိုက်တဲ့ ကလေးမလေး... ကျေးဇူးတင်ပါတယ်ကွယ်" ဟု ဆိုသည်။
သူမနှင့် အစ်ကိုမာတို့က ဒရုန်းကို အပေါ်သို့ ဂရုတစိုက် ဆွဲတင်လိုက်ကြသည်။
လင်းယွမ်နှင့် ရန်မေတို့လည်း အနားသို့ လျှောက်လာကြသည်။ အစ်ကိုမာက အထုပ်ကို ဖြေလိုက်ပြီး "ရှောင်ယွမ်... အထဲက ပစ္စည်းကို သုံးလို့ရမရဆိုတာ စစ်ကြည့်လိုက်ဦး " ဟု ပြောလိုက်သည်။
လင်းယွမ် ခေါင်းငြိမ့်ပြကာ ဒရုန်းကို စတင်စစ်ဆေးတော့သည်။
စက်ဖွင့်လိုက်သောအခါ အားမှာ ၈၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးသည်။
တစ်ဖက်လူသည် ဤဒရုန်းကို အကြိမ်ရေအနည်းငယ်သာ သုံးထားပုံရသည်။
လင်းယွမ်က ရီမုခလုပ်နှင့် ချိတ်ဆက်လိုက်ပြီး စတင်မောင်းနှင်ကြည့်သည်။
ဒရုန်း၏ ဒလက်များမှာ ဝီခနဲ အသံပေးကာ လည်ပတ်လာပြီး အပြင်ဘက်သို့ ပျံသန်းသွားတော့သည်။
ရီမုခလုပ်၏ ဖန်သားပြင်ပေါ်တွင် ဒရုန်းမှ ရိုက်ကူးထားသော မြင်ကွင်းများမှာ အလွန်တရာ ရှင်းလင်းပြတ်သားစွာ ပေါ်ထွက်လာသည်။
ဒရုန်းသည် တဖြည်းဖြည်း နိမ့်ဆင်းသွားကာ (၁၀) ထပ်ဝန်းကျင်အထိ ပျံသန်းသွားပြီး အောက်ဘက်ရှိ ရေပြင်ကြီးကို အကဲခတ်လေသည်။
မှိန်ပြပြ အလင်းရောင်အောက်တွင် ရေပြင်ကြီးမှာ အလွန်နောက်ကျိနေပြီး အမှိုက်သရိုက် အမျိုးမျိုး မျောပါနေသည်။
သစ်သားပြားများ၊ သစ်ကိုင်းများ၊ ဖော့တုံးများ၊ စက္ကူဖာများနှင့် ပလတ်စတစ်ပုလင်းများမှာ ရေစီးနှင့်အတူ လွင့်မျောနေကြသည်။
မြို့ပြမှ ထွက်လာသော အမှိုက်များမှာ မရေတွက်နိုင်အောင်ပင်။ ရေပေါ်ပေါ်နိုင်သမျှ အရာအားလုံး အစုလိုက်အပြုံလိုက် မျောပါနေသည်။
တိုက်အဆောက်အအုံများအနီးတွင် အမှိုက်အချို့မှာ ပိတ်ဆို့နေကြသည်။
တိုက်အနီးရှိ ရေပြင်ပေါ်တွင် အချို့သောလူများက ယာယီဖောင်များ ပြုလုပ်ကာ ရေထဲမှ ပစ္စည်းများကို ဆယ်ယူနေကြသည်ကို ခပ်ရေးရေး မြင်တွေ့ရသည်။
လင်းယွမ်၏ ဒရုန်းကို တစ်ဖက်လူ သတိမထားမိစေရန် အနားသို့ အကပ်မခံဘဲ ခပ်လှမ်းလှမ်းမှသာ မောင်းနှင်နေသည်။
သူက ဒရုန်းကို ရေပြင်အထက်တွင် ဝဲပျံစေလျက် ဆက်လက်ရှာဖွေနေသည်။
ရုတ်တရက်... နောက်ကျိနေသော ရေအောက်မှ ငွေဖြူရောင် ငါးတစ်ကောင်သည် ဗွမ်းခနဲ ခုန်တက်လာသည်။
ထိုငါးသည် မြားတစ်စင်းကဲ့သို့ လေထဲသို့ ထိုးတက်လာပြီး ဒရုန်းဆီသို့ ဦးတည်ကာ ပျံတက်လာခြင်း ဖြစ်သည်။
လင်းယွမ်မှာ လန့်သွားပြီး ဒရုန်းကို အမြန်ရှောင်တိမ်းလိုက်ရသည်။
ဒရုန်းသည် ဘေးသို့ ကပ်ရှောင်သွားနိုင်သော်လည်း ထိုငါးသည် "ဗွမ်း" ခနဲ မြည်ကာ ရေထဲသို့ ပြန်လည်ပြုတ်ကျသွားသည်။
"အစ်မလေး"
လင်းယွမ်၏ ဘေးတွင် ဝိုင်းကြည့်နေသော ရန်မေတို့လည်း ထိုမြင်ကွင်းကြောင့် လန့်အော်မိကြသည်။
ရန်မေက စိုးရိမ်တကြီးဖြင့် "အဲဒါ ဘာငါးလဲဟင်... ဘာလို့ ဒီလောက် အမြင့်ကြီးကို ခုန်နိုင်တာလဲ" ဟု မေးလိုက်သည်။
"အဲဒီငါးရဲ့ ပါးစပ်က လှံတစ်ချောင်းလိုပဲနော်... ဘာလို့ အဲ့လောက် ရှည်နေတာလဲမသိဘူး"
အတွေ့အကြုံရှိသော အစ်ကိုမာက ချက်ချင်းပင် "ငါးရွက်တိုက်လား မသိဘူး" ဟု ဆိုသည်။
(ငါးရွက်တိုက်ဆိုတာ သင်္ဘောရွက်လို ဆူးတောင်တွေပါပြီး နှုတ်သီးက သံချောင်းလိုချွန်နေတဲ့ငါးမျိုးဖြစ်ပါတယ်)
တင်းယန်ကလည်း ခေါင်းငြိမ့်လျက် "ဟုတ်တယ်၊ ကြည့်ရတာ ငါးရွက်တိုက်နဲ့ တူတယ်... ဒါပေမဲ့ အရွယ်အစားကတော့ သာမန်မဟုတ်သလိုပဲ... ပုံမှန်ဆိုရင် ဒီငါးတွေက ၆ ပေကနေ ၁၅ ပေလောက်ထိ ရှိတတ်တာ... အခုငါးကတော့ ၁ ပေခွဲ လောက်ပဲ ရှိတဲ့ပုံပဲ" ဟု မှတ်ချက်ပေးသည်။
လင်းယွမ် စိတ်ထဲမှ တွေးမိသည်မှာ "သန္ဓေပြောင်းသွားတာလား" ဟူ၍ ဖြစ်သည်။
"သန္ဓေပြောင်းငါးတွေက အရွယ်ကြီးတာပဲ မဟုတ်ဘဲ သေးသွားတာမျိုးလည်း ရှိနိုင်တာလား"
လူတိုင်းက ထိုအကြောင်းကို ဆွေးနွေးနေကြစဉ် လင်းယွမ်က ဒရုန်းကို ဆက်လက်မောင်းနှင်ကာ ကယ်ဆယ်ရေးသင်္ဘောများ ရှိမရှိ လိုက်လံရှာဖွေနေသည်။
သို့သော် အပြင်ဘက်တွင် မိုးတိမ်များ ဖုံးလွှမ်းနေပြီး အလင်းရောင် အားနည်းလွန်းသဖြင့် အဝေးကြီးကို မမြင်ရပေ။
ထို့ပြင် မိုးကြိုးပစ်ခြင်းနှင့် မိုးသည်းထန်ခြင်းတို့ကြောင့် ဒရုန်းအတွက် အလွန်အန္တရာယ်များနေသည်။
အစ်ကိုမာက "ရှောင်ယွမ်... တော်ပြီ... လောလောဆယ် လျှိုအားလုံတို့ရဲ့ နေရာကို အရင်ရှာတာ ပိုကောင်းမယ်" ဟု အကြံပေးသည်။
လင်းယွမ် ခေါင်းငြိမ့်ကာ ဒရုန်းကို အမြင့်သို့ ပြန်တင်လိုက်သည်။
ဒရုန်းသည် အမြင့်သို့ ရောက်လာသည်နှင့် မြင်ကွင်းမှာ ပိုမိုကျယ်ပြန့်လာသည်။
ရုတ်တရက်... နောက်ကျိနေသော ရေအောက်၌ ကြီးမားလှသော အနက်ရောင် အရိပ်ကြီးတစ်ခု ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသည်။
ရေပြင်မှာ ဝေါခနဲ လှိုင်းထသွားပြီး ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြတ်သန်းသွားသကဲ့သို့ ဖြစ်သွားသည်။
ဒရုန်းဖန်သားပြင်ကို ကြည့်နေသူအားလုံး မျက်လုံးများ ပြူးသွားကြသည်။
"အဲဒါ ဘာကြီးလဲ"
လင်းယွမ်သည် ဒရုန်းဖန်သားပြင်ကို စူးစိုက်ကြည့်လိုက်သည်။
သို့သော် ထိုဧရာမ အရိပ်မည်းကြီးသည် ခဏချင်းပင် ပျောက်ကွယ်သွားပြီး ရေအောက်သို့ ပြန်လည် နစ်မြုပ်သွားသဖြင့် နောက်ထပ် မမြင်ရတော့ပေ။
လင်းယွမ် သက်ပြင်းတစ်ချက်ကို လေးလံစွာ ရှူလိုက်မိသည်။
"ဒီရေအောက်မှာ အကောင်အကြီးကြီးတွေ ရှိနေပြီ"
"အဲဒီအကောင်က ဘယ်လောက်တောင် ကြီးတာလဲ" အစ်ကိုမာက မေးသည်။
လင်းယွမ်၏ မျက်နှာမှာ တည်သွားပြီး "ဒရုန်းက အခု အထပ် (၂၀) အမြင့်မှာ ရှိနေတာ... ဒီလောက်အမြင့်က ရိုက်တဲ့ပုံမှာတောင် အဲဒီအကောင်က ဒီလောက်ကြီးနေတယ်ဆိုရင် အနည်းဆုံး ၂၄၊ ၂၅ပေ လောက် ရှိလိမ့်မယ်" ဟု ဆိုသည်။
"ခဏနေရင် ကင်မရာပြန်ဖွင့်ပြီး တိုက်အဆောက်အအုံနဲ့ နှိုင်းယှဉ်ကြည့်ကြရအောင်" တင်းယန်က အကြံပြုသည်။
"အင်း..."
လင်းယွမ် ခေါင်းငြိမ့်လိုက်သော်လည်း လူတိုင်း၏ စိတ်ထဲ၌ လေးလံနေကြသည်။
ရေအောက်တွင် ပင်လယ်သတ္တဝါများ အလွန်များပြားလာရခြင်းမှာ အဘယ်ကြောင့်နည်း။ ဤကမ္ဘာကြီး အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသနည်း။
လင်းယွမ်က ဒရုန်းကို အသုံးပြု၍ တိုက်ခန်း ပြတင်းပေါက်များကို တစ်ခုချင်းစီ စတင်အကဲခတ်တော့သည်။
အထပ်(၂၀) တွင် အမျိုးသမီးတစ်ဦးအား ကြိုးဖြင့်တုပ်ကာ ကုတင်ပေါ်တွင် ချည်ထားသည်ကို တွေ့ရပြီး အမျိုးသားအချို့မှာ ကိုယ်လုံးတီးဖြင့် အရူးအမူး ရယ်မောနေကြသည်။
လင်းယွမ်၏ မျက်နှာ ညိုမည်းသွားသည်။ တင်းယန်က နာကျည်းသည့် အရိပ်အယောင်များ ပြသလာပြီး အဒေါ်လီက "ငရဲလားမယ့် အယုတ်တမာတွေ" ဟု ဆဲရေးလေသည်။ ရန်မေမှာမူ ပါးစပ်ကိုအုပ်လျက် မျက်ဝန်းများ နီရဲလာသည်။
"အဲဒါ လျှိုအားလုံရဲ့ လူတွေလား" လင်းယွမ်က မေးလိုက်သည်။
အစ်ကိုမာက ထိုလူများကို သေချာကြည့်ပြီး ခေါင်းခါလိုက်သည်။ "သိပ်မတူဘူး... ဒီလူတွေကို ငါတစ်ခါမှ မမြင်ဖူးဘူး"
လင်းယွမ်က လေးလံသောအသံဖြင့် "ဒီတိုက်ထဲမှာ လျှိုအားလုံလို လူ့တိရိစ္ဆာန်တွေ အများကြီး ရှိနေသေးတာပဲ... သူတို့က အင်အားနည်းလို့ လျှိုအားလုံဆီမှာလည်း မဝင်ဘဲ သီးသန့်အုပ်စုဖွဲ့ပြီး ယုတ်မာနေကြတာ ဖြစ်မယ်" ဟု ဆိုသည်။
"ဒီခွေးတိရစ္ဆာန်တွေ" အစ်ကိုမာက ဆဲရေးလိုက်သည်။ "သူတို့အားလုံး သေသင့်တဲ့လူတွေပဲ"
လင်းယွမ် သက်ပြင်းချလိုက်ပြီး ဒရုန်းကို အမြင့်သို့တင်ကာ အခြားအထပ်များကို ဆက်လက်ရှာဖွေသည်။
တင်းယန် ပြောခဲ့သော (၁၁) ထပ်၊ (၁၄) ထပ်၊ (၂၁) ထပ်နှင့် (၂၈) ထပ်တို့ကို အဓိကထား၍ ရှာဖွေသည်။
ထိုအခန်းများသည် လျှိုအားလုံ သိမ်းပိုက်ထားသော နေရာများ ဖြစ်သည်။
လျှိုအားလုံသည် လူယုတ်မာတစ်ယောက် ဖြစ်သည့်အလျောက် သူတစ်ပါး၏ လက်စားချေမှုကို ကြောက်သဖြင့် တစ်နေရာတည်းတွင် အတည်တကျ မနေဘဲ နေရာပြောင်း၍ နေထိုင်တတ်သည်။
လင်းယွမ်က တစ်ခန်းချင်းစီကို ပိုက်စိပ်တိုက် ရှာဖွေရာ နောက်ဆုံးတွင် (၁၄) ထပ်၌ လျှိုအားလုံကို တွေ့ရှိသွားတော့သည်။
(၁၄) ထပ်ရှိ ထိုအခန်းထဲတွင် လျှိုအားလုံ၊ မော်ရှောင်ချိုင်၊ ချန်းဟူ၊ ကျန်းလီ နှင့် ဝူဟွ တို့ အတူရှိနေကြသည်။
လျှိုအားလုံမှာ ဒေါသထွက်နေပုံရပြီး သူ၏ လက်ပါးစေများမှာ ခေါင်းငုံ့ကာ ဘာမှမပြောရဲဘဲ ရှိနေကြသည်။
ဒရုန်းက ပြတင်းပေါက်အပြင်ဘက်မှ ရိုက်ကူးနေခြင်း ဖြစ်ရာ ပုံရိပ်ကိုသာ မြင်ရပြီး အသံကိုမူ မကြားရပေ။
ခေတ္တအကြာတွင် လက်ပါးစေများ အသီးသီး ထွက်ခွာသွားကြသည်။
အခန်းထဲတွင် လျှိုအားလုံ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
လျှိုအားလုံသည် အိပ်ခန်းဘက်သို့ လျှောက်သွားပြီး အိပ်ခန်းထဲမှ အမျိုးသမီးနှစ်ဦးကို ဆွဲထုတ်လာသည်ကို မြင်လိုက်ရသည်။
အဒေါ်လီသည် ထိုအမျိုးသမီးနှစ်ဦးကို မြင်လိုက်ရသောအခါ လန့်အော်လိုက်မိတော့သည်။
ဆက်ရန်...