← Chapters

အခန်း (၆၁၆-၆၁၇)

Vol. 38 Ch. 616-617

အခန်း (၆၁၆-၆၁၇)

Vol. 38 Ch. 616-617

Chapter 616

အိမ်မက်ဆိုး ၄

ဒိုင်း ဒိုင်း ဒိုင်း၊၊

နောက်ဘက်ရှိ ရထားတွဲများသည် ရေကန်ထဲသို့ ဆွဲချခံနေရသဖြင့် အခြေအနေမှာ အလွန်ပင် အရေးပေါ်ဖြစ်နေသည်၊၊

ဝေါ ... ...ဝေါ

ရထားတွဲအတော်များများ ရေထဲသို့ နစ်မြုပ်လာသည်၊၊ ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ဟစ်အကူအညီတောင်းသံများနှင့်အတူ ဘေးပတ်ပတ်လည်ရှိ မှောင်မည်းနေသော တောအုပ်အတွင်းမှ ထူးဆန်းသော အော်သံများနှင့် စိတ်ဓာတ်ခိုင်မာမှုကို ပျက်ပြားစေသော သတ္တဝါများ ချဉ်းကပ်လာသည့် အသံများကို ကြားနေရသည်၊၊ G3 လျှပ်စစ်သံလိုက် အမြောက်သံမှာ ညကောင်းကင်ယံကို ထိုးဖောက်သွားပြီး 1130 CIWS ၂ ခုမှ ပစ်ခတ်မှုများက တောအုပ်အတွင်းရှိ သစ်ပင်အားလုံးကို ပြားကပ်သွားစေ၏၊၊

“ဒီကနေ စမယ်… အရင်ဆုံး လမ်းညွှန်ဆင်ခြေလျှော လုပ်မယ်… ပြီးရင် သံမဏိရထားလမ်းတွေ ခင်းမယ်… အနန္တရထားကို ဆွဲတင်ဖို့ သံမဏိဘောင်တွေနဲ့ ထိန်းမယ်”

လူအိုကြီးမိုနှင့် စွန်းယုကျန်းတို့လည်း ကူညီရန် ပြေးထွက်လာကြသည်၊၊ စွန်းယုကျန်းသည် သူမ၏ အတောင်ပံများကို ဖြန့်၍ အထက်သို့ ပျံတက်သွား၏၊၊ သူမသည် အဝေးသို့ လှမ်းကြည့်ကာ လင်းရှန်ကို အမြန် အကြောင်းကြားလိုက်သည်၊၊

“ကပ္ပတိန်လင်း… ၃ နာရီကို ဦးတည်လိုက်…. အဲဒီနေရာမှာ မြေပြင်အနေအထားက မြင့်တက်သွားတာဆိုတော့ တိုင်တွေ သေချာဝင်ဖို့ မြေကြီးက မာမှာ သေချာတယ်”

ရွှပ် ရွှပ်

ကီကီသည် ငွေရောင်ဓားသွားမုန်တိုင်းကို အသုံးပြု၍ တောအုပ်၏ တစ်ဖက်ကို ကာဗာပေးထားကာ ပုံသဏ္ဌာန် မသဲကွဲသာမြင်ရသော သတ္တဝါများကို တားဆီးထားသည်၊၊ တစ်ချိန်တည်းမှာပင် သူမသည် စိတ်စွမ်းအားကို အသုံးပြု၍ ရှေ့ဆုံးရထားတွဲကို မတင်ပေးနေသည်၊၊ လင်းရှန်က အောက်တွင် သံမဏိလမ်းညွှန်ဆင်ခြေလျှောကို တည်ဆောက်နိုင်ခဲ့သည်၊၊

လင်းရှန်၏ လက်ထဲမှ ပစ္စည်းများစွာ ထွက်ပေါ်လာပြီး သံလမ်းပိုင်းများနှင့် သံတိုင်များမှာ ဆက်တိုက်ကျလာသည်၊၊ လျန်လေးနှင့် တာလို့တို့သည်လည်း အင်ဂျင်နီယာအဖွဲ့ကို ဦးဆောင်ကာ မြေကြီးထဲသို့ တိုင်များ ရိုက်သွင်းရင်း အပြင်းအထန် တိုက်ခိုက်နေကြ၏၊၊

ပေါင်းစည်းရထားကြီး၏ ဘေးတစ်ဖက်စီတွင် စွမ်းအားဝတ်စုံနှင့် တိုက်ခိုက်ရေးသမား တစ်ထောင်ကျော်သည် လက်နက်မျိုးစုံဖြင့် အဆက်မပြတ် ပစ်ခတ်နေကြသည်၊၊

မိနစ်အနည်းငယ်အတွင်းမှာပင် လီကွမ်းဝမ်၊ အာမင်၊ လိုလို၊ ရှုချင်း၊ မြောင်လုနှင့် လုချန်တို့မှာ အကြောင်းရင်းမရှိဘဲ သွေးဆာသော စိတ်ရိုင်းများဝင်လာသည်ကို ခံစားလိုက်ရသည်၊၊ လင်းရှန်သည်လည်း သူ၏ စိတ်ဓာတ်ကို အဆက်မပြတ် ရိုက်ခတ်နေသော ပြင်းထန်သည့် အမှောင်ကျူးကျော်မှုကို ခံစားနေရ၏၊၊ Black Hwak စွမ်းအားဝတ်စုံအတွင်းမှ လင်းရှန်သည် ချွေးအေးများ ထွက်နေကာ ပစ္စည်းအားလုံးကို ထုတ်သုံးပြီး ရထားလမ်းများကို တည်ဆောက်နေရသည်၊၊

ဝူး...

နဂါးတောင် (၁) ၏ မြေပြင်သွားယာဉ်သည် ထိုအချိန်တွင် မောင်းနှင်လာပြီး အနန္တရထားနှင့် မိုနီကာ၏ ရထားကို ချိတ်ဆက်လိုက်သည်၊၊ လင်းရှန်က အနန္တရထား၏ ပထမဆုံး အင်ဂျင် ၃ လုံးအောက်တွင် သံလမ်းများ ခင်းပေးပြီးနောက် ကျန်ရှိသော အလုပ်များကို နဂါးတောင် (၁) မှ ရထားလမ်းခင်းယာဉ်သို့ လွှဲပြောင်းပေးလိုက်သည်၊၊ လင်းရှန်နှင့် ကီကီတို့က နောက်ဘက်ရှိ အင်ဂျင်များအောက်တွင် ယာယီလမ်းညွှန်ပလက်ဖောင်းများကို ပြုလုပ်ပေးရန်သာ ကျန်တော့သည်၊၊ ဤသို့ဖြင့် အင်ဂျင်အားလုံးသည် တစ်ပြိုင်နက် စွမ်းအားထုတ်ပေးနိုင်မည် ဖြစ်ပြီး ရထားအားလုံးကို ရှေ့သို့ တစ်ခါတည်း ဆွဲတင်နိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်၏၊၊

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ အနန္တရထားနှင့် နောက်ဘက်ရှိ ဂျိုကာအဖွဲ့ကြားရှိ အကွာအဝေးမှာ ပို၍ ကျယ်ပြန့်လာသည်၊၊ ထိုအတောအတွင်း ချီလီနှင့် ရှောင်မုန့်တို့ အဖွဲ့သည် အပြင်းအထန် တိုက်ခိုက်နေရ၏၊၊ လူသားသဏ္ဌာန် အဖြူရောင်သတ္တဝါ ဒါဇင်ပေါင်းများစွာ ယာဉ်တန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး လူများစွာ၏ အသက်ကို နုတ်ယူသွားပြီ ဖြစ်သည်၊၊ ချီလီက အားလုံးကို လူစုခွဲကာ ပစ်အားကို စုစည်းထားရန် အော်ဟစ်ညွှန်ကြားနေရသည်၊၊

“ရှောင်မုန့်... နောက်ဘက်မှာ တစ်ကောင် ပုန်းနေတယ်”

ဝုန်း ဝုန်း

ရထားပေါ်ရှိ လက်နက်ကြီးများက တောအုပ်၏ ဧရိယာအတော်များများကို ပြားကပ်သွားစေပြီ ဖြစ်သည်၊၊ သစ်ပင်ထောင်ပေါင်းများစွာ လဲကျသွားပြီး အမှောင်ရိပ်ထဲတွင် အဖြူရောင်သတ္တဝါတစ်ကောင်သည် ဟိန်းဟောက်၍ ရှေ့သို့ တိုးလာသည်၊၊ ကျည်ဆန်များစွာမှာ ၎င်း၏ ကိုယ်ထဲသို့ ဖောက်ဝင်သွားပြီး အဖြူရောင်အစက်အပြောက်များစွာ ဖြစ်ပေါ်စေကာ ကြေမွသွားပုံရသော်လည်း ပြန်လည် တွန့်လိမ်ကာ လူသားပုံသဏ္ဌာန် ပြန်ဖြစ်လာသည်၊၊ နောက်ဆုံး ပြင်းထန်သော ပစ်ခတ်မှုအောက်တွင် လုံးဝ ပျက်စီးသွားမှသာ ပတ်ဝန်းကျင်၌ တွန့်လိမ်နေသော အဖြူရောင်လောက်ကောင်များစွာ ကျန်ရစ်ခဲ့တော့၏၊၊

ရှောင်မုန့်သည် ရှေ့သို့ ပြေးထွက်သွားပြီး မီးတောက်မှုတ်စက်ဖြင့် ထိုလောက်ကောင်များကို ရှင်းလင်းလိုက်သည်၊၊

“သတိထား”

“Arc လျှပ်စစ်ကြိမ်နှုန်းမြှင့်စက်ကို ဖွင့်လိုက်”

“ရထားတွဲက ခံနိုင်ရည်ရှိတယ်… နောက်ဆုတ်ကြ”

နဂါးတောင် (၁) ၏ ရထားလမ်းခင်းယာဉ်မှာ နေရာယူထားပြီး ဖြစ်သလို မြေပြင်သွားအင်ဂျင်နှစ်လုံးမှာလည်း အနန္တရထားနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်၊၊

“အားလုံး အဆင်သင့်ပဲ”

လင်းရှန်တို့ဘက်တွင်မူ အင်ဂျင် ၁၀ လုံးခန့်အောက်၌ ရထားလမ်းများ ခင်းပြီးဖြစ်သော်လည်း ထို့ထက် ရှေ့ဆက်ပါက ရွှံ့နွံနှင့် ရေတိမ်ပိုင်းများ ဖြစ်နေသဖြင့် ရထားလမ်း ဆက်ခင်းရန် မဖြစ်နိုင်တော့ပေ၊၊

“အစ်ကိုရှီ၊ မိုနီကာ၊ ဆရာမချန်... လှုပ်ရှားဖို့ ပြင်ဆင်ကြတော့”

“လင်းရှန်”

ထိုအချိန်တွင် ကီကီသည် ပေါင်းစည်းရထား၏ အလယ်ပိုင်းမှ ရွှံ့နွံများနှင့် ရေထဲသို့ နစ်မြုပ်တော့မည့် အပိုင်းများကို လက်ညှိုးထိုးပြလိုက်သည်၊၊ ထိုနေရာ၌ တောက်လောင်နေသော မီးတောက်များကြားတွင် ရေထဲသို့ ကျသွားသော အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ထူးဆန်းသည့် သတ္တဝါများနှင့် လုံးထွေး သတ်ပုတ်နေကြသည်၊၊ ကျယ်ပြန့်သော ရေပြင်ပေါ်တွင်လည်း တောင်တစ်လုံးကဲ့သို့ ကြီးမားသော သတ္တဝါကြီးတစ်ကောင် လှုပ်ရှားနေ၏၊၊

ဝုန်း

ပြင်းထန်သော တုန်ခါမှုနှင့်အတူ အစိမ်းရောင် အရိပ်ကြီးတစ်ခုသည် ရေတိမ်ပိုင်းမှ ထိုးထွက်လာပြီး လူဒါဇင်ပေါင်းများစွာကို တစ်ချက်တည်းဖြင့် ဝါးမျိုလိုက်သည်၊၊ ထိုကြီးမားသော ကိုယ်ထည်ကြီးက ရထားတွဲများကို ဝင်တိုက်လိုက်သဖြင့် ရထားတွဲအချို့သည် ခဏချင်းပင် ပုံပျက်သွားလေ၏၊၊

၎င်းမှာ ကြီးမားသော ရေသတ္တဝါကြီးပင် ဖြစ်သည်၊၊

လင်းရှန် အသက်ပြင်းပြင်းရှူလိုက်ပြီး ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ဟစ်လိုက်သည်၊၊

“အင်ဂျင်အားလုံး နှိုးကြ”

ဝူး... ဝူး...

အနန္တ ရထား၏ မောင်းနှင်ခန်းအတွင်း၌ ချန်ဆီရွှမ်သည် အင်ဂျင် ၄ လုံး၏ စွမ်းအားကို ချက်ချင်း မြှင့်တင်လိုက်သည်၊၊ လျှပ်စစ်မော်တာများမှာ ပြင်းထန်စွာ အော်ဟစ်လာပြီး ရထားတစ်စင်းလုံးမှာ ယာယီသံလမ်းများနှင့်အတူ မြေကြီးထဲသို့ စင်တီမီတာ အနည်းငယ် နစ်ဝင်သွားကာ နောက်ဘက်ရှိ ရထားတွဲများကို နောက်သို့ ပြန်မပါမသွားစေရန် ထိန်းထားပြီး တဂျိဂျိသံများနှင့်အတူ ဖြည်းဖြည်းချင်း ရှေ့သို့ စတင်လိမ့်လာတော့သည်၊၊

ခဏချင်းတွင် မြေပြင်သွား အင်ဂျင်နှစ်လုံးနှင့် အနန္တရထား၏ အင်ဂျင်ဒါဇင်ဝက်ခန့်မှာ တစ်ပြိုင်နက် စွမ်းအားထုတ်ပေးသဖြင့် တွန့်လိမ်နေသော ရထားတွဲများမှာ ပြန်လည် ဆန့်ထွက်လာပြီး ချိတ်ဆက်မှုများမှ ပွတ်တိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်၊၊

ပေါင်းစည်းရထားကြီး ရှေ့သို့ စတင်ရွေ့လျားလာသည်၊၊

“တစ်ခါတည်း အရှိန်ကုန်မတင်နဲ့…. မဟုတ်ရင် ဘီးတွေ ချော်သွားလိမ့်မယ်”

လူအိုကြီးမိုက ရထားတွဲအတွင်းမှနေ၍ ချန်ဆီရွှမ်ကို အကြံပေးလိုက်သည်၊၊

“နားလည်ပြီ”

ဝူး... ဝူး... ဝူး...

ပေါင်းစည်းရထားကြီးမှာ ယာယီသံလမ်းများပေါ်၌ အမှောင်ထု၏ ပြင်းထန်သော တိုက်ခိုက်မှုကြားမှ ရှေ့သို့ ရွေ့လျားနေပြီ ဖြစ်သည်၊၊ ရွှံ့နွံထဲတွင် ပိတ်မိနေသော နှင်းဆီနီယာဥ်တန်း၊ လေပြင်းယာဥ်တန်း၊ ဗစ်တိုရီယာဥ်တန်းနှင့် သံမဏိခံတပ်ယာဥ်တန်းတို့မှာလည်း ကြီးမားသော ဆွဲအားဖြင့် ရှေ့သို့ ဆွဲတင်ခြင်း ခံနေရသည်၊၊ ရွှံ့နွံနှင့် ရေကန်၏ ပွတ်တိုက်မှုကြောင့် ရထားချိတ်ဆက်မှုများမှ ထူးဆန်းသော အသံများနှင့် ပေါက်ကွဲသံအချို့ပင် ထွက်ပေါ်နေ၏၊၊

ကီကီနှင့် လင်းရှန်တို့သည် ရှေ့နောက်တစ်ဦးစီ နေရာယူကာ စိတ်စွမ်းအားဖြင့် ရထားတွဲအချို့ကို မတင်ပေးရင်း ချိတ်ဆက်မှုများကို ခိုင်မာအောင် ပြုလုပ်ပေးကာ မြှင့်တင်ပေးနေကြသည်၊၊

ရွှံ့နွံနှင့် ရေကန်ကြီးအတွင်းတွင်မူ အသက်ရှင်ကျန်ရစ်သူ အများအပြား သေဆုံးခဲ့ကြရပြီ ဖြစ်သည်၊၊

“လင်းရှန်... အခုနှုန်းအတိုင်းဆိုရင် ရေကန်ထဲက လွတ်သွားရင်တောင် အမှောင်နယ်မြေထဲက လွတ်မှာမဟုတ်ဘူး… နည်းလမ်းတစ်ခုပဲရှိတယ်”

ထိုအချိန်တွင် စွမ်းအားဝတ်စုံနှင့် တင်းကျန်းရီသည် စွန်းယုကျန်း၏ အကူညီဖြင့် ပတ်ဝန်းကျင်အနေအထားကို ကြည့်ရန် ကောင်းကင်သို့ ပျံတက်သွားသည်၊၊ လုရှင်းချန်က သူတို့နှစ်ဦးကို ကာကွယ်ရန် ဘေးမှ လိုက်ပါသွား၏၊၊

တင်းကျန်းရီက အေးစက်သော အသံဖြင့် တိုက်ရိုက်ပြောလိုက်သည်၊၊

“နယ်မြေသီအိုရီအရဆိုရင် ကျွန်မတို့ ဒီပတ်ဝန်းကျင်တစ်ခုလုံးကို အပြတ်ရှင်းပစ်မှပဲ အနားရလိမ့်မယ်…. တွင်းနက်ဇုန်ထဲမှာ အမှတ်အသားတွေနဲ့ ပြေးမယ်ဆိုရင် ကျွန်မတို့က ကိုယ့်ကိုယ်ကို သတ်သေနေသလိုပဲ”

ရထားလမ်းမရှိဘဲ လှုပ်ရှားရန် ခက်ခဲလှသဖြင့် နယ်မြေတစ်ခုလုံးကို ရှင်းလင်းရန်မှတစ်ပါး အခြားနည်းလည်းမရှိတော့ပေ၊၊

“ဒါပေမဲ့ ဒါက အဆိုးဆုံး မဟုတ်သေးဘူး...”

ထိုအချိန်တွင် တင်းကျန်းရီသည် မြူမည်းများကြားမှ အဝေးရှိ တောင်တန်းများကို လှမ်းကြည့်လိုက်သည်၊၊ ထိုနေရာတွင် တောင်တန်းတစ်ခုလုံးသည် ရွေ့လျားနေကြသည်။ မြင့်မားသော ကောင်းကင်ယံ၌မူ... အပိုင်းပိုင်းပြတ်တောက်နေသော ပင်လယ်အော်တစ်ခုက လွင့်မျောနေ၏။

ထိုပင်လယ်အော်သည် တစ်ဆက်တည်း ရှိမနေပေ။ အချို့သော ထောင့်များမှ ကြည့်လျှင် လှိုင်းတံပိုးများ ထနေသည်ကို မြင်ရကာ နက်ရှိုင်းသော ပင်လယ်နှင့် ရေတိမ်ပိုင်းများမှာ ရောယှက်နေသည်၊၊

အလယ်ဗဟိုမှာမူ ဟင်းလင်းပြင်ကြီးဖြစ်နေပြီး... အခြားသော ကမ္ဘာတစ်ခုကဲ့သို့ပင်…..

Chapter 617

ထူးဆန်းသော မြွေကြီး ၁

“ငါသိပြီ… အရင်ဆုံး ရထားကို အပေါ်ရောက်အောင် လုပ်ကြရမယ်”

ဝူး ဝူး ဝူး၊၊

လင်းရှန်၏ ဒရုန်းသည် ခေါင်းပေါ်တွင် ဝဲပျံနေပြီး အနီရောင်အလင်းတန်းများ အဆက်မပြတ်တောက်ပနေသည်။ ရထားရှေ့ဆက်နေသည်ကို ကြည့်ရင်း သူနှင့် ကီကီသည် အနန္တ ရထားဆီသို့ ပြန်လှည့်လာခဲ့ကြသည်။ ဧရာမမြွေကြီးသည် အမည်းရောင်ရေကန်အတွင်း၌ ထိတ်လန့်ဖွယ်ရာ လှိုင်းလုံးကြီးများကို ဖန်တီးနေပြီး နဂါးတောင် ၁ လမ်းခင်းစက်၏ အရှိန်ဖြင့်ဆိုလျှင် ရထားတစ်တွဲလုံး ရေထဲသို့ ဆွဲချခံရနိုင်သောကြောင့် သူသည် နောက်သို့ပြန်ကာ ရထားလမ်းကို ဆက်လက်ဖန်တီးရမည် ဖြစ်သည်။

ယခုအချိန်တွင် ဆက်သွယ်ရေးလှိုင်းတွင် ဟူလုရှို့၊ လုကျောက်အပါအဝင် ကျန်ရှိသောယာဉ်တန်းများနှင့် အဆက်အသွယ်ပြတ်တောက်နေသဖြင့် ၎င်းတို့၏ အခြေအနေကို မသိရှိရပေ။

တစ်လျှောက်လုံးတွင် ကြုံတွေ့ရသည့် အခြေအနေများမှာ အလွန်ပင် ကြမ်းတမ်းလှသဖြင့် လင်းရှန်၏ နှလုံးခုန်မြန်ကာ စိတ်လှုပ်ရှားနေသည်။ သူသည် အဖွဲ့သားများ၏ အခြေအနေကို စိုးရိမ်နေသကဲ့သို့ အလွန်ဆိုးရွားသောအခြေအနေမျိုးတွင် နောက်ဘက်ရှိယာဉ်တန်းအချို့ကို စွန့်လွှတ်ရမည်လားဟု တွေးနေသည်။ ဤနေရာရှိ ရထားတွဲများ၏ ချိတ်ဆက်ကွင်းအားလုံးမှာ သူကိုယ်တိုင် ထုတ်လုပ်ထားခြင်းဖြစ်သဖြင့် သူအလိုရှိပါက မည်သည့်ရထားတွဲကိုမဆို တိုက်ရိုက်ဖြုတ်ချနိုင်ပေသည်။ ကုန်းပေါ်သို့ မရောက်သေးဘဲ ရေအိုင်နှင့် ရွှံ့နွံတောထဲတွင် ရှိနေသေးသည့် ရထားတွဲများမှာ စွန့်လွှတ်ရန် အနီးစပ်ဆုံးဖြစ်နေသည်။

ရထားသည် ဖြည်းညှင်းစွာ ရှေ့သို့ရွေ့လျားနေသည်ကို ကြည့်ရင်း လင်းရှန် အစီအစဉ်များ ချမှတ်နေသည်။ အကယ်၍ ထိုဧရာမမြွေကြီး ပေါ်လာပါက သူ၏ စွမ်းအင်အားလုံး ကုန်ခမ်းသွားမည့် အန္တရာယ်ရှိသော်လည်း ဆွဲငင်အားမှန်ဘီလူးကို အသုံးပြု၍ သတ်ပစ်ရန် ကြိုးစားရမည် ဖြစ်သည်။ သို့သော် သူ၏ လက်ရှိ အဓိကရည်မှန်းချက်မှာ ရထားအတွက် လမ်းခင်းပေးရန်သာ ဖြစ်သည်။ သို့မဟုတ်ပါက အမည်းရောင်ရေကန်အောက်တွင် သတ္တဝါကြီးများ မည်မျှရှိနေဦးမည်ကို မသိနိုင်ပေ။

“ဒီခြောက်ခြားဖို့ကောင်းတဲ့ နေရာက ဘာကြီးလဲ”

ကီကီသည် လင်းရှန်နှင့်အတူ ပြေးလွှားရင်း ယာဉ်တန်းများအပေါ် သက်ရောက်နေသည့် ဖိအားများကို လျှော့ချနိုင်ရန် လမ်းတစ်လျှောက်ရှိ သတ္တဝါအချို့ကို ရှင်းလင်းပေးနေသည်။

လင်းရှန်သည် သူ၏လက်ပတ်နာရီပေါ်ရှိ ချာချာလည်နေသော သံလိုက်အိမ်မြှောင်ကို ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။

“ငါလည်း မသိဘူး... ဒီနေရာက ဝင်ရိုးစွန်းညထဲက ယိကျင်းမြို့ထက်တောင် ပိုထူးဆန်းနေတယ်… တောင်တွေကလည်း တောင်နဲ့မတူဘူး… ရေကလည်း ရေနဲ့မတူဘူး… ဒါက ကမ္ဘာဂြိုဟ် ဟုတ်သေးရဲ့လားတောု် ငါမသေချာတော့ဘူး”

ဤခံစားချက်မှာ အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။ သူ၏ စွမ်းအားမြှင့်ဝတ်စုံရှိ အလင်းလျှပ်စစ်မြင်ကွင်းစနစ်မှတစ်ဆင့် ကြည့်ရှုရာတွင် အဝေးမှ လွင့်မျောနေသော တောင်တန်းများ၊ ပင်လယ်အပိုင်းအစများနှင့် ကြယ်နှင့် လမရှိသော ထူးဆန်းသည့် အပြာရင့်ရောင်ကောင်းကင်ကြီးကို မြင်တွေ့နေရသည်။ သစ်တောများနှင့် မြေဆီလွှာများသာ မရှိပါက သူသည် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေပြီဟု ထင်မှတ်မိပေလိမ့်မည်။

“သတိထား”

ရုတ်တရက်ဆိုသလို ကောင်းကင်ယံရှိ အမည်းရောင်မြူထဲမှ အရိပ်မည်းအုပ်ကြီးတစ်ခု ထိုးဆင်းလာသည်။ လင်းရှန်၏ စွမ်းအားမြှင့်ဝတ်စုံမှ အရေးပေါ်အချက်ပေးသံမြည်လာပြီး ကီကီကလည်း ချက်ချင်း တုံ့ပြန်လိုက်သည်။

ရွှပ် ရွှပ်

ကီကီသည် လက်ကို မြှောက်လိုက်ရာ သူမ၏ ပတ်ပတ်လည်ရှိ ငွေရောင်ဓားသွားစီးကြောင်းသည် အပေါ်သို့ ဝီခနဲ တက်သွားပြီး ထိုအရိပ်မည်းများကို ခုတ်ပိုင်းလိုက်သည်။

လင်းရှန် အထက်သို့ မော့ကြည့်လိုက်ရာ သူ့အထက်တွင် ဟမ်မင်းငှက်များကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသည့် တွန့်လိမ်နေသော ပျံလွှားအင်းစက် အမြောက်အမြားဖြင့် ဖွဲ့စည်းထားသည့် မွန်းစတားဒီရေလှိုင်းကြီးကို အံ့ဩဖွယ်တွေ့ရှိလိုက်ရသည်။ ခဏချင်းမှာပင် အောက်ဘက်ရှိ ယာဉ်တန်းမှ ကာကွယ်ရေးအဖွဲ့ဝင်များသည် မမျှော်လင့်ဘဲ တိုက်ခိုက်ခံလိုက်ရပြီး ရုတ်ရုတ်သဲသဲဖြစ်နေစဉ်အတွင်း လူအချို့ အုံခဲခြင်း ခံလိုက်ရသည်။ ထို့နောက် အင်းစက်များသည် ၎င်း၏ ဝမ်းဗိုက်ရှိ ဆူးချွန်ဖြင့် အသက်ရှင်ကျန်ရစ်သူများ၏ ကိုယ်ထဲကို ပြင်းထန်စွာ ထိုးစိုက်ကာ အမျိုးအမည်မသိသော ဒြပ်ပစ္စည်းများကို ထိုးသွင်းနေပုံရသည်။

ကီကီ၏ ငွေရောင်ဓားသွားမုန်တိုင်းသည် သူတို့ထံသို့ ပျံသန်းလာသော အင်းစက်ပိုးကောင်အုပ်ကို ကြိတ်ခြေပစ်လိုက်ရာ ကောင်းကင်တစ်ခုလုံး မီးပွားများ လွင့်စင်သွားသည်။ ထိုပိုးကောင်များ၏ အရေပြားသည် အလွန်မာကျောနေသည်။

ဝူး

လင်းရှန်၏ လျှပ်စီးသိန်းငှက် ဒရုန်း ၂၂ စင်းသည်လည်း ကောင်းကင်သို့ ပျံတက်သွားပြီး လျှစ်စစ်အလင်းတန်းများဖြင့် အဆက်မပြတ် ပစ်ခတ်ကာ ရန်သူ၏အရှိန်ကို ထိန်းချုပ်ထားလိုက်သည်။

[သတိပေးချက်- အရှိန်နှုန်းမြင့် အရာဝတ္ထုတစ်ခု ဘယ်ဘက်မှ ချဉ်းကပ်လာနေသည်]

စွမ်းအားမြှင့်ဝတ်စုံက ချက်ချင်း တုံ့ပြန်လာပြီး လင်းရှန်သည် အမှောင်တောအုပ်ထဲမှ ထွက်လာသောအရာကို မခွဲခြားနိုင်မီ အလိုလျောက် AT စွမ်းအင်ဒိုင်းကို မြှောက်၍ ခုခံလိုက်သည်။

ချွမ် ချွမ် ချွမ်

ခဏချင်းမှာပင် အမည်းရောင်ဆူးချွန်ဒါဇင်ပေါင်းများစွာသည် သူ၏ စွမ်းအင်ဒိုင်းကို ပြင်းထန်စွာ လာရောက်ထိမှန်ပြီး အမည်းရောင်မီးခိုးများ ထွက်ပေါ်လာသည်။ ကီကီသည် ထိုအခြေအနေကို မြင်သည်နှင့် စိတ်စွမ်းအင်ဖြင့် တွန်းထုတ်ကာ မီးခိုးများကို ချက်ချင်း ခွဲထုတ်ပစ်လိုက်သည်။

“မြန်မြန် ပြန်ရအောင်”

ထူးဆန်းသော တိုက်ခိုက်မှုများက ပို၍စိပ်လာသဖြင့် လင်းရှန်၏ စိတ်ထဲတွင် စိုးရိမ်မှုများ မြင့်တတ်လာသည်။

ပေါင်းစည်းရထားတစ်ခုလုံးတွင် ထိခိုက်ကျဆုံးမှု မနည်းနိုင်ကြောင်း သူ ခန့်မှန်းမိသည်။ သို့သော် ယခုအချိန်တွင် သူလုပ်ဆောင်နိုင်သည်မှာ ရထား၏ အရှိန်ကို မြှင့်တင်ရန်သာ ဖြစ်သည်။

မကြာမီ လင်းရှန်သည် ရထား၏ အရှေ့ဘက်သို့ ပြန်လည်ရောက်ရှိလာသည်။ ထိုနေရာရှိ နဂါးတောင် ၁ နှင့် အနန္တရထားတွဲများရှိရာ ဧရိယာတွင် တိုက်ပွဲများပြင်းထန်နေသည်။ ဤနေရာသည် စွမ်းအင်နှင့် ပစ်အားအကောင်းဆုံးနေရာ ဖြစ်သောကြောင့်သော်လည်းကောင်း သို့မဟုတ် တောနက်ထဲရောက်နေသောကြောင့်သော်လည်းကောင်း သတ္တဝါအမြောက်အမြားမှာ ဤနေရာသို့ လာရောက်စုပြုံနေကြပြီး ရှီတိယွမ်၊ ချီလီ၊ မိုနီကာ၊ နန်ကျင်းနှင့် အခြားသူများကို ဝိုင်းရံထားကြသည်။

အနန္တရထား၏ 1130 CIWS သည် နှစ်ကျော့ ပစ်ခတ်ပြီးဖြစ်၍ ကျည်ပြန်ဖြည့်ရန် အချိန်လိုအပ်နေသည်။ လျှပ်စစ်သံလိုက်အမြောက်သုံးလက်နှင့် ဂတ်တလင်သေနတ်အချို့မှာ အရပ်မျက်နှာအနှံ့သို့ ပစ်ခတ်နေသည်။ ရန်သူများသည် နေရာအနှံ့တွင် ရှိနေပြီး ကာကွယ်ရေးလိုင်းများကို ပတ်ပတ်လည်တွင် ချထားရသည်။

ရှားရှား၏ ဆယ်လီသည် လက်တစ်ဖက်တွင် မီးတောက်စက်ကို ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်တွင် ဖျက်အားပြင်းသော မီးနတ်ဘုရား စက်သေနတ်ကို ကိုင်ဆောင်ထားသည်။

“နောက်ထပ် ပင့်ကူကြီး တစ်ကောင်ပဲ…. ငါ ပင့်ကူကြီးတွေကို မုန်းတယ်…ဒါကို မြည်းကြည့်စမ်း”

တောအုပ်ထဲတွင် လျင်မြန်စွာ လှုပ်ရှားနေသည့် ပင့်ကူကြီးကို မြင်သောအခါ ရှားရှားသည် မီးနတ်ဘုရားမီကာသေနတ်နှင့် ပစ်ခတ်လိုက်သည်။

ဘန်း

ချက်ချင်းပင် ပြုပြင်မွမ်းမံထားသော ပလာစမာကိရိယာမှ ဖိအားမြင့်လျှပ်စစ်တန်းကို ပစ်လွှတ်လိုက်ရာ ပင့်ကူ၏ ဝမ်းဗိုက်ကို ထိမှန်သွားပြီး အပြာရောင် ပလာစမာအလင်းတန်းဖြင့် ပေါက်ကွဲသွားသည်။ ဧရာမပင့်ကူကြီး၏ ဝမ်းဗိုက်မှာ ပေါက်ထွက်သွားပြီး အတွင်းကလီစာများနှင့် အရည်များ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။

“သေစမ်း”

ရှားရှားသည် သူမ၏ လျှို့ဝှက်လက်နက် အောင်မြင်သွားသည်ကို မြင်သောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

အခြားတစ်ဖက်တွင် တာလို့နှင့် လျန်လေးတို့ ဦးဆောင်သော တိုက်ခိုက်ရေးအဖွဲ့များသည် လက်နက်ကြီးများကို တည်ငြိမ်စွာကိုင်ဆောင်ထားပြီး အနန္တရထား၏ ဘေးတစ်ဖက်တစ်ချက်တွင် ကာကွယ်ရေးပုံစံဖြင့် နေရာယူကာ တောအုပ်ထဲမှ တိုက်ခိုက်လာသော အမှောင်သတ္တဝါများကို နှိမ်နင်းနေကြသည်။ ရှေ့ဆုံးမှ ဦးဆောင်နေသော ထိုနှစ်ဦးသည် အလောင်းများနှင့် သွေးပင်လယ်ထဲတွင် ဒူးဆစ်အထိ နစ်မြုပ်နေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရှုချင်း၊ လုချန်၊ လီကွမ်းဝမ်နှင့် အာမင်၊လိုလိုတို့ ပါဝင်သော ရွေ့လျားစစ်ကြောင်းသည် စွမ်းအားမြှင့်ဝတ်စုံ ဝတ်ဆင်ထားသည့် ကျွမ်းကျင်တိုက်ခိုက်ရေးသမား ၂၀ ကျော်နှင့်အတူ ရှေ့တန်းတစ်လျှောက် အဆက်မပြတ် လှုပ်ရှားရင်း လျင်မြန်သောသတ္တဝါများကို ရှင်းလင်းနေကြသည်။

ချန်ဆီရွှမ်နှင့် ကင်းထောက်အဖွဲ့သည် ရထားခေါင်မိုးပေါ်တွင် ကာကွယ်ရေးယူထားပြီး လေကြောင်းရန် ကာကွယ်ရေးသေနတ်များ၊ စနိုက်ပါရိုင်ဖယ်မျိုးစုံနှင့် လျှပ်စစ်သံလိုက်အမြောက်များကို အသုံးပြု၍ ကောင်းကင်မှ တိုက်ခိုက်မှုများကို ခုခံနေကြသည်။

လေကြောင်းရန် ကာကွယ်ရေးသေနတ်များနှင့် လျှပ်စစ်အမြောက်များသည် ကောင်းကင်သို့ အဆက်မပြတ် ပစ်ခတ်နေပြီး အလင်းတန်းများ တောက်ပနေကာ လေထုထဲတွင် မျှော်လင့်ချက်ကင်းမဲ့သော အော်ရာများဖြင့် ပြည့်နှက်နေသည်။

ရှေ့ဆုံးမှ ရထားအုပ်စုကြီးအချို့သည် အနန္တရထားနှင့် ဆွဲကူအင်ဂျင်များ ပတ်ပတ်လည်တွင် ဝိုင်းရံကာကွယ်၍ တိုက်ခိုက်နေကြသည်။

“လင်း… ဒီအရှိန်နဲ့ဆိုရင် ငါတို့ လွတ်မှာမဟုတ်ဘူး”

ကျားသစ်သားရဲပုံစံအဖြစ် ပြောင်းလဲထားသော ရှီတိယွမ်သည် ကောင်းကင်မှ ပိုးကောင်ကဲ့သို့ သတ္တဝါတစ်ကောင်ပေါ်သို့ ခုန်အုပ်ကာ နင်းခြေသတ်ဖြတ်လိုက်ပြီးနောက် ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်၊၊

“ဒီထူးဆန်းတဲ့ နေရာက လမ်းကြောင်းတောင် မရှိဘူး… ဘယ်ကို ပြေးရမှန်း ငါတို့ မသိဘူး”

All Chapters