အခန်း (၆၂၄-၆၂၅)
Vol. 38 Ch. 624-625
Chapter 624
တိုက်ခိုက်ခြင်း ၁
“နားလည်ပြီ”
“လာနေပြီ”
“ငါရောက်လာပြီကွ”
ရေကန်နက်အနီးမှ ပူးပေါင်းယာဉ်တန်းဘက်တွင် အဓိကတိုက်ခိုက်ရေးအင်အားစုအချို့ ရထားအမိုးပေါ်တွင် ပေါ်လာကြသည်။ အနန္တရထား၏ G3 လျှပ်စစ်သံလိုက်အမြောက် ၃လက်သည် တစ်ပြိုင်နက်တည်း လည်သွားပြီး ၎င်းတို့၏ ပစ်ခတ်မှုထိန်းချုပ်ရေး ရေဒါများသည် အဝေးရှိ တောအုပ်ထဲမှ ၎င်းတို့ထံသို့ တွန့်လိမ်လျက် ဦးတည်လာနေသော ဧရာမ အမည်းရောင်အရိပ်ကြီးကို ပစ်မှတ်ထားလိုက်သည်။
“သတိထားကြ… သူ့ကိုယ်ပေါ်က အနီရောင်မီးခိုးတွေက ဟိုပင်လယ်ဖြူကောင်လိုပဲ တိုက်ခိုက်မှုတွေကို ခုခံနိုင်စွမ်း ရှိလိမ့်မယ်”
နန်ကျင်းက ပထမဆုံး သတိပေးလိုက်သည်။
ဝူး ဘွန်း
သူမ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သံလိုက်အမြောက်များက ချက်ချင်း တုံ့ပြန်လိုက်သည်။ အပြာရောင် အမြောက်ဆန်များသည် အမှောင်တောအုပ်၏ ကောင်းကင်ထက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားပြီး အမှောင်တောအုပ်ကို လင်းထိန်သွားစေကာ ဧရာမ ထူးဆန်းသောမြွေစိမ်းကြီးကို တိုက်ရိုက်ထိမှန်သွားသည်။
သို့သော် ပေါက်ကွဲမှု သို့မဟုတ် အလင်းပြန်မှု တစ်စုံတစ်ရာမရှိခဲ့ပေ။ လျှပ်စစ်သံလိုက်အမြောက်များ၏ ကြီးမားသော အဖျက်စွမ်းအားသည် ထိုကြက်သွေးရောင် မီးခိုးများထဲတွင် ပျောက်ကွယ်သွားပုံရပြီး အလွန်ထူးဆန်းနေသည်။
“ဒါက တားဆီးတာမဟုတ်ဘဲ…. ဝါးမျိုနေတာနဲ့ တူတယ်”
ချီလီ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
ရှီတိယွမ်က လက်သီးကို တင်းကျပ်စွာဆုပ်ပြီး လေးလံသော အသံဖြင့် ပြောလိုက်သည်။
“ဖာ့ခ်…. အမြောက်တွေတောင် အသုံးမဝင်ဘူး…. အဲဒါ ဘာကောင်ကြီးလဲ”
“ကျွန်မ စမ်းကြည့်မယ်…. အဲဒီအနီရောင်မီးခိုးတွေကို ရှင်းထုတ်လိုက်နိုင်ရင် နည်းလမ်းတစ်ခုခုရှိလာနိုင်တယ်”
ကီကီက ချက်ချင်းပင် အကြံပြုလိုက်သည်။
“နေဦး… အားဖေးကို အရင်လုပ်ခိုင်းလိုက်”
နန်ကျင်းက ပြောလိုက်ရာ အားဖေးက ခေါင်းညိတ်ပြီး သူ၏ နေကာမျက်မှန်ကို ပင့်တင်လျက် အဝေးမှ ချဉ်းကပ်လာသော အရိပ်ကြီးကို စိုက်ကြည့်လိုက်သည်။
ဝေါင်း
သူ၏ မျက်လုံးများတွင် အမည်းရောင် သွေးကြောပုံစံများ ပေါ်လာပြီး နက်မှောင်သော အနီရောင်လေဆာတန်းတစ်ခု ထွက်ပေါ်လာကာ မြွေကြီး၏ ဦးခေါင်းထံသို့ တိုက်ရိုက်ပစ်ခတ်လိုက်သည်။ ပြင်းထန်သော စွမ်းအင်လှိုင်းသည် ကြီးမားသော အပူရှိန်ကို သယ်ဆောင်လာပြီး ထိုအချိန်တွင် လင်းရှန်၏ BlackHwak စွမ်းအားဝတ်စုံမှ တိုက်ခိုက်ရေးစနစ်သည် မြွေကြီး၏ ပတ်ဝန်းကျင်ရှိ ကြက်သွေးရောင်မြူများသည် အဆက်မပြတ် အပူရှိန်တက်လာပြီး ပို၍ပင် နီရဲလာသည်ကို ထောက်လှမ်းမိလိုက်သည်။
“အဲဒီမြူတွေက စွမ်းအင်ကို စုစည်းနိုင်တဲ့ စွမ်းရည်ရှိတယ်…. ပေါက်ကွဲနိုင်တယ်”
ဤမြင်ကွင်းသည် ၎င်းတို့ တိုက်ခိုက်စဉ်က ပင်လယ်ဖြူကောင်က အနီရောင်မြူများ ထုတ်လွှတ်ခဲ့သည်ကို ချက်ချင်း သတိရသွားစေသည်။ ထိုမြူများသည် ဝမ်ကျိုး၏ သတ္တုများကို အရည်ပျော်ကာ ဝါးမျိုသွားပြီးနောက် အကြီးအကျယ် ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။
ထိုအရာကို တွေးမိသည်နှင့် လင်းရှန်က အားလုံးကို တစ်ပြိုင်နက်တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
“အဲဒီအရာကို ဖျက်စီးလို့ ရတယ်… ဒါပေမဲ့ ငါတို့ အကွာအဝေးတစ်ခုမှာ နေဖို့ လိုတယ်”
လင်းရှန် ပြောပြီးသည်နှင့် အားလုံးက ချက်ချင်းသဘောပေါက်သွားပြီး တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။ ရထားပေါ်ရှိ အမြောက်အမျိုးမျိုးနှင့် လျှပ်စစ်သံလိုက်အမြောက်များက တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ကြသည်။
“မီးလက်သီး”
လုရှင်းချန်က အေးစက်စွာ မာန်သွင်းလိုက်ပြီးနောက် မီးတောက်ကြီးတစ်ခုနှင့်အတူ ကောင်းကင်သို့ ခုန်တက်သွားသည်။
ဒက် ဒက် ဒက် ဘန်း ဘန်း
မြွေကြီးသည် ရုတ်တရက် အရှိန်မြှင့်လာပြီး ရထားတည်ရှိနေရာသို့ လျင်မြန်စွာ တိုးဝင်လာသည်၊၊
တစ်ချိန်တည်းမှာပင် ၎င်း၏ ကိုယ်ပေါ်မှ ကြက်သွေးရောင်မြူခိုးများသည် ပို၍ ထင်ရှားလာပြီး ဖော့စဖရပ်အလင်းတန်းများပင် ထွက်ပေါ်လာသည်။
ဝူးးးး
ဤအချိန်တွင် လျှပ်စီးသိန်းငှက် ဒရုန်း အစင်း ၂၀ ကျော်သည် လင်းရှန်၏ ရှေ့တွင် ပျံဝဲလျက် ရှိနေပြီး သူ၏ ယန္တရားစွမ်းအင်အမြောက်နှင့်အတူ စွမ်းအင်တန်း ၂၀ ခန့်က တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်သည်။
နောက်ဆုံးတွင် ကြက်သွေးရောင်မြူခိုးများသည် ရုတ်တရက် ပို၍ လင်းထိန်လာပြီး စွမ်းအင်လှိုင်းများက ပြင်းထန်စွာ လှုပ်ရှားလာသည်။
ဘုန်း
နောက်တစ်ခဏတွင် ကြက်သွေးရောင်မြူများသည် အေးစက်သော လေထုနှင့် ပြင်းထန်စွာ ဓာတ်ပြုပြီး လေဟာနယ်တုံ့ပြန်မှုများစွာ ထွက်ပေါ်လာကာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် တောအုပ်အတွင်း ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသော ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာသည်။ ဤပြင်းထန်သော ပေါက်ကွဲမှုသည် ထူးဆန်းသော မြွေကြီးပေါ်သို့ ကြီးမားသော တုန်ခါလှိုင်းတစ်ခုဖြစ်ပေါ်စေပြီး ပတ်ဝန်းကျင် ကီလိုမီတာအနည်းငယ်အထိ ရိုက်ခတ်သွားကာ ဧရာမ သစ်ပင်ကြီးများကို အမြစ်မှ ကျွတ်ထွက်စေပြီး ဧရီယာတစ်ခုလုံးကို ဖုန်မှုန့်လှိုင်းကြီးများ ဖြစ်ပေါ်စေလေသည်။
ကြီးမားသော တုန်ခါလှိုင်းသည် ရထားကြီးကိုလည်း ရိုက်ခတ်သွားပြီး ရထားတွဲတစ်တွဲချင်းစီကို တုန်ခါသွားစေသည်။ သို့သော် ယခုအခါ ရထားတွဲ ရာပေါင်းများစွာသည် တစ်တွဲနှင့် တစ်တွဲချိတ်ဆက်ထားပြီး တန်ချိန်သောင်းနှင့်ချီ လေးလံသောကြောင့် တုန်ခါလှိုင်းသည် ရထားတန်းကြီးအပေါ် များစွာ သက်ရောက်မှုမရှိခဲ့ပေ။
ပေါက်ကွဲမှုမှ ကြီးမားသော ဖုန်မှုန့်တိမ်တိုက်ကြီး တက်လာစဉ် လင်းရှန်၏ စနစ်မြင်ကွင်းတွင် ကျယ်လောင်သော သတိပေးသံ ထွက်ပေါ်လာသည်။
[သတိပေးချက်၊ ကြီးမားသော အရာဝတ္ထုတစ်ခု ချဉ်းကပ်လာနေသည်…. သတိပေးချက်၊ ကြီးမားသော အရာဝတ္ထုတစ်ခု ချဉ်းကပ်လာနေသည်]
“သတိထား”
ကီကီသည် တုန်ခါလှိုင်းမှ အားလုံးကို ကာကွယ်ရန် စိတ်စွမ်းအင်ကို သုံးလိုက်သော်လည်း အပြင်ဘက်တွင်မူ အမည်းရောင်မြူများနှင့် မီးခိုးများက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး အရာအားလုံးကို မှောင်အတိ ကျသွားစေသည်။ အားလုံးသည် ငလျင်လှုပ်သကဲ့သို့ တုန်ခါသံကိုသာ ကြားနေရပြီး မြွေကြီး ချဉ်းကပ်လာပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
အမှန်ပင် ကီကီက စိတ်စွမ်းအင်လှိုင်းဖြင့် မီးခိုးများကို ဖယ်ရှားလိုက်သည်နှင့် စိမ်းပြာရောင် အကြေးခွံများ ဖုံးလွှမ်းနေသော ထူးဆန်းသည့် ဧရာမ မြွေကြီးမှာ ရထားကြီး၏ အပေါ်တည့်တည့်တွင် မေးရိုးများကို ဖွင့်ကာ ပေါ်လာသည်။
တစ်ခဏအတွင်း ထိုထိတ်လန့်ဖွယ် သွေးနီရောင်ပါးစပ်ကြီးကို မြင်လိုက်ရခြင်းကြောင့် အနန္တနှရထားနှင့် ပတ်ဝန်းကျင်ရှိ ရာနှင့်ချီသော အသက်ရှင်ကျန်ရစ်သူများ၏ နှလုံးခုန်သံမှာ တစ်စက္ကန့်မျှ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
လင်းရှန်၏ မျက်စိသူငယ်အိမ်မှာ ကျုံ့သွားသည်။ ကြီးမားသော ပေါက်ကွဲမှုအပြီးတွင် စိမ်းပြာရောင် မြွေကြီးပေါ်ရှိ ကြက်သွေးရောင်မြူများမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ၎င်းကို အခွင့်အရေးတစ်ခုအဖြစ် သူ ချက်ချင်း သိလိုက်ပြီး လက်မြှောက်ကာ အချက်ပြလိုက်သည်။ လျှပ်စီးသိန်းငှက် ဒရုန်းများက နောက်တစ်ကြိမ် ပစ်ခတ်လိုက်စဉ် ဆွဲငင်အားမှန်ဘီလူးကိုလည်း အသက်သွင်းလိုက်သည်။
“လုပ်လိုက်တော့”
ဤကမ္ဘာသည် မည်သို့သော ကမ္ဘာမျိုးဖြစ်သည်… သို့မဟုတ် ဆွဲငင်အားမှန်ဘီလူးကို သုံးလိုက်လျှင် ဘာဖြစ်မည်ကို သူ မသိပေ။
လင်းရှန်တွင် ရွေးချယ်စရာ မရှိတော့ပေ။
ဝှမ်း
ဟင်းလင်းပြင် တုန်ခါသံတစ်ခု ပဲ့တင်ထပ်သွားပြီး အမှောင်တောအုပ် တိုက်ပွဲမြေပြင်မှ ဆူညံသံအားလုံးမှာ ခဏမျှ ရပ်တန့်သွားကာ ပြန်လည်တိတ်ဆိတ်သွားပုံရသည်။
ထိုအချိန်တွင် ပူးပေါင်းရထားပေါ်ရှိ တိုက်ပွဲဝင်နေသူ အားလုံးသည် ၎င်းတို့၏ ပစ်ခတ်မှုမှ အလင်းတန်းများမှာ အရောင်အားလုံး လွင့်ပြယ်သွားသကဲ့သို့ မှိန်ဖျော့သွားသည်ဟု ခံစားလိုက်ရသည်။ ထူးဆန်းသောမြွေကြီး၏ သွေးနီရောင်ပါးစပ်ကြီးထဲတွင် ပုံပျက်သွားသော ဟင်းလင်းပြင်တစ်ခုဖြစ်ပေါ်လာပြီး ကောင်းကင်ရှိ အနက်ရောင်ပင်လယ်အော်နှင့်ဆင်တူကာ ပတ်ဝန်းကျင်ရှိ အလင်းအားလုံးမှာ ထိုခဏ၌ ကွေးညွှတ်သွားသည်။
ထိုရုတ်တရက် အခိုက်အတန့်တွင် လင်းရှန်သည် ဤဆွဲငင်အားမှန်ဘီလူး၏ အလွန်ထူးခြားသော အချက်ကို သတိထားမိလိုက်သည်။ ၎င်းသည် ယခင်ကကဲ့သို့ ဟင်းလင်းပြင်ကို ပုံပျက်စေရုံသာမက အချင်းမီတာအနည်းငယ်ရှိသော တွင်းနက်တစ်ခုပေါ်လာပြီး အလင်းကိုပင် ဝါးမျိုကာ ပြင်းထန်သော လေပြင်းများကို တိုက်ခတ်စေသည်။ ချက်ချင်းပင် လင်းရှန်အပါအဝင် လူတိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရပြီး ရထားကြီးသည် သတ္တုချင်းပွတ်တိုက်သံများဖြင့် တုန်ခါနေကာ ဘီးများမှာ ရထားလမ်းပေါ်မှ ကြွတက်လာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် မြေကြီးများသည် တွင်းနက်ထဲသို့ အတင်းအကျပ် စုပ်ယူခြင်း ခံလိုက်ရသည်။
တွင်းနက်ကြီး ဖြစ်ပေါ်လာပြီးနောက် လင်းရှန်က ၎င်းကို မချဲ့ထွင်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်သွားသည်ဟု ခံစားလိုက်ရပြီး များပြားလှသော အမှောင်ကျူးကျော်မှုစွမ်းအင်များ ဝင်ရောက်လာကာ သူ၏ အသိစိတ်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ သူ၏ မျက်စိထဲတွင် ဝေဝါးသော ပုံရိပ်တစ်ခုပေါ်လာသည်။
Chapter 625
တိုက်ခိုက်ခြင်း ၂
ချူယန်၊၊
ထိုအလင်းရိပ်မှာ မည်သည့်နေရာမှ ပေါ်လာသည်ကို သူ မမြင်ရဘဲ ချူယန်၏ ထိတ်လန့်နေသော မျက်နှာအမူအရာကို ခဏမျှသာ မြင်လိုက်ရပြီး ချက်ချင်း ပျောက်ကွယ်သွားကာ ထူးဆန်းသောမြွေကြီး၏ ပါးစပ်ထဲမှ တွင်းနက်ကြီးမှာလည်း ပျောက်ကွယ်သွားပြီး ကြီးမားသော သွေးစွန်းနေသည့် အပေါက်ကြီးတစ်ခုပေါ်လာသည်။
တစ်ခဏအတွင်း ယခင်က ကြီးမားသော ဆွဲငင်အားကြောင့် သစ်ပင်များနှင့် မြေကြီးများစွာမှာ ကောင်းကင်သို့ ပျံတက်သွားပြီး မြွေကြီး၏ ပါးစပ်ထဲသို့ စီးဝင်သွားသည်။ ဤအချိန်တွင် လင်းရှန်၏ ဘေးရှိ လူတိုင်းနှင့် အနန္တရထားပေါ်ရှိ ၁၁၃၀ နှစ်လက်၊ G3 လျှပ်စစ်သံလိုက်အမြောက် သုံးလက်တို့က ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ မိုနီကာ၏ အသံလှိုင်းဓားချက်၊ ချီလီ၏ ရွှေရောင် အလင်းတန်း၊ အာဖေး၏ လေဆာများ တစ်ပြိုင်နက် ထွက်ပေါ်လာပြီး…. ရှီတိယွမ်နှင့် နန်ကျင်းတို့က မြွေ၏ ဝမ်းဗိုက်ဆီသို့ အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။
ကီကီနှင့် မီးတောက်တို့လည်း အားကုန်ထုတ်ကာ ငွေရောင်ဓားစီးကြောင်းနှင့် နီရဲနေသော မီးတောက်ဓားများသည် ကောင်းကင်သို့ ပျံတက်သွားသည်။
အနန္တရထား၏ တွဲအမှတ် ၃ တွင် သွေးကပ်ဘေးပန်းကို စောင့်ကြည့်နေသော တင်းကျန်းရီသည် လင်းရှန် ဆွဲငင်အားမှန်ဘီလူးကို သုံးလိုက်သည့် ခဏတွင် တစ်စုံတစ်ခုကို ရုတ်တရက်ခံစားမိလိုက်သည်။ သူမ ခေါင်းကို ချက်ချင်း လှည့်လိုက်ပြီး သူမ၏ ဘေးရှိ စိုက်ပျိုးရေးဖန်အိမ်ထဲတွင် တိတ်ဆိတ်စွာ ရှိနေသော ငွေနဂါးဆယ်ဆပန်းကို ကြည့်လိုက်ရာ အပေါ်ဘက်ရှိ ငွေဖြူရောင်ပန်းပွင့်လေးတစ်ပွင့်မှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ပွင့်လန်းလာနေသည်။
ဘုန်း
တွဲအပြင်ဘက်တွင် အမှောင်ကျူးကျော်မှု လှိုင်းတစ်ခုသည် ဟိန်းဟောက်ကာ ရောက်ရှိလာပြီး တွဲတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ ထိုအချိန်တွင် ဆက်သွယ်ရေးစက်မှ လင်းရှန်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
“သတိထားကြ…. ဒီကောင် မြူတွေ ပြန်ထုတ်တော့မယ်”
ယာဉ်တန်း အပြင်ဘက်တွင် လင်းရှန်သည် မြွေ၏ အစိမ်းရောင်အကြေးခွံများမှာ ဤမျှ မာကျောလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် မြွေဦးခေါင်း၏ မေးရိုးတစ်ဝက်ခန့်သာ ပွင့်ထွက်သွားပြီး အပေါက်ကြီးမှာ ၎င်း၏ အသက်အန္တရာယ်ရှိသော နေရာကို မထိမှန်ခဲ့ပေ။ ယခု ကြီးမားသောတိုက်ခိုက်စွားအားကို တစ်ချီခံရပြီးနောက် ထူးဆန်းသောမြွေကြီး၏ သန္တာဆူးများမှ ကြက်သွေးရောင်မြူများကို ရူးသွပ်စွာ မှုတ်ထုတ်လိုက်ရာ ၎င်း၏ ကိုယ်ကိုသာမက ပူးပေါင်းရထားယာဉ်တန်း ရှိရာသို့ပါ ပျံ့နှံ့လာသည်။
“ဖာ့ခ်….သူ့ကို ပြန်တွန်းထုတ်”
“ဒီလောက် အကွာဝေးနဲ့ သူ့ကို ဖောက်ခွဲလို့ မရဘူး….မဟုတ်ရင် ငါတို့ သေကုန်လိမ့်မယ်”
ထိုအချိန်တွင် ကီကီသည် အံတင်းတင်းကြိတ်ကာ ကောင်းကင်သို့ တိုက်ရိုက် ပျံတက်တော့မည် အချိန်တွင် လင်းရှန်က သူမကို ဆွဲလိုက်သည်။
“ဘာလုပ်မလို့လဲ”
“ကျွန်မ သူ့ကို ဆွဲထုတ်သွားမယ်… မဟုတ်ရင် ယာဉ်တန်းက ခံနိုင်မှာ မဟုတ်ဘူး”
“မဖြစ်နိုင်ဘူး”
လင်းရှန်က အော်ပြောလိုက်သည်။ ဤထူးဆန်းသော ဧရာမ မြွေကြီးသည် ၎င်း၏ အမြီးကိုပင် မဖော်ပြသေးဘဲ ၎င်း၏ ကိုယ်ထည်မှာ ရေကန်နက်မှ ဤနေရာအထိ ရှည်လျားနေသည်။ ကီကီ၏ စိတ်စွမ်းအင်ဖြင့် ၎င်းကို ရွှေ့ရန် ကြိုးစားခြင်းမှာ အိပ်မက်တစ်ခုထက် မပိုပေ။ သူက ကီကီကို ဆွဲထားပြီး မြွေခေါင်းထံသို့ လက်မြှောက်ကာ ဆွဲငင်အားမှန်ဘီလူးကို နောက်တစ်ကြိမ်သုံးရန် ပြင်လိုက်သည်။
လင်းရှန်၏ အမြင်အရ လက်ရှိတွင် ဤတိုက်ခိုက်မှုတစ်ခုတည်းသာ ကြက်သွေးရောင်မြူများ ပေါက်ကွဲမှုကို မဖြစ်ပေါ်စေဘဲ ယာဉ်တန်းအတွက် ခဏတာ အခွင့်အရေးရနိုင်မည်ဖြစ်သည်။
လင်းရှန်သည် ဆွဲငင်အားမှန်ဘီလူးမှာ ဤနေရာတွင် အဘယ်ကြောင့် ဤမျှ ထူးဆန်းသောပုံစံဖြစ်ပေါ်နေသည်ကို မသိသလို ယခုတစ်ကြိမ်တွင် ၎င်း၏ အတိုင်းအတာနှင့် ကြာချိန်မှာ ယခင်ကထက် ထက်ဝက်ကျော် လျော့နည်းသွားသည်ကိုလည်း နားမလည်ပေ။ သို့သော် ဤအချိန်တွင် သူ့၌ အခြားရွေးချယ်စရာမရှိဘဲ အသည်းအသန် ကြိုးစားရန်သာ ရှိတော့သည်။
သို့သော် လင်းရှန်က ဆွဲငင်အားမှန်ဘီလူးကို ထပ်သုံးရန် ကြိုးစားသောအခါ ဘာမျှဖြစ်မလာသည်ကို ရုတ်တရက် သိလိုက်ရသည်။ စွမ်းအင်ကုန်ခမ်းသည့် အခြေအနေ ဖြစ်မလာဘဲ သူ၏ ကျောရိုးအာရုံကြောများတွင် ပြင်းထန်သော နာကျင်မှုကိုသာ ခံစားလိုက်ရပြီး ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားသည်။
ရွှီးးးးးး
အပေါ်ဘက်မှ ကြက်သွေးရောင်မြူများ မှုတ်ထုတ်နေသော မြွေကြီးသည် အကြေးခွံများ တုန်ခါသံကဲ့သို့ အသံတစ်ခု ပြုလုပ်လိုက်သည်။ ၎င်းမှာ ပါးစပ်မှ ထွက်သောအသံမဟုတ်ဘဲ မြွေကြီး၏ ကိုယ်မှ တုန်ခါသံကဲ့သို့ ခြိမ်းခြောက်သံဖြစ်သည်။
ဒါကို ကြည့်နေသော လူတိုင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် အေးစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။ အောက်ဘက်ရှိ တောအုပ်ထဲတွင် နောက်ဆုတ်ရန် နောက်ကျနေသော နန်ကျင်းနှင့် ရှီတိယွမ်တို့သည် ဧရာမ မြွေကြီး၏ အရိပ်ကြီးကို ဖြူဖျော့သော မျက်နှာများဖြင့် မော့ကြည့်နေကြသည်။
အနန္တရထားပေါ်ရှိ အဖွဲ့ဝင်အားလုံးသည် မြွေကြီးထံသို့ ကျည်ဆန်များ ထုတ်လွှတ်နေဆဲ ဖြစ်သည်။ ရှားရှား၏ ဆာလီသည် အစွမ်းကုန်ပစ်ခတ်နေသော်လည်း ကြက်သွေးရောင်မြူများကို ပို၍ တောက်ပလာစေသည်မှလွဲ၍ ထိရောက်သော ရလဒ် ဘာမျှမရရှိခဲ့ပေ။
ခဏတာအတွင်း လူတိုင်း၏ နှလုံးသားထဲမှ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် မွန်းကျပ်မှုများ မြင့်တက်လာသည်။
၎င်းတို့သည် ခုခံရေး မဟာဗျူဟာကို အောင်မြင်စွာ လုပ်ဆောင်ခဲ့သော်လည်း ဤအမှောင်သတ္တဝါကြီးရှေ့တွင် ကျဆုံးရတော့မည်လား…
“လင်းရှန်”
ပျက်စီးခြင်းများ ချဉ်းကပ်လာသည်ကို မြင်သောအခါ လင်းရှန်၏ ဘေးတွင် ရပ်နေသော ကီကီသည် သူ၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ သူမ၏ အံကြိတ်လျက် လက်ကို မြှောက်လိုက်ပြီး လူတိုင်းကို ဖုံးလွှမ်းနိုင်ရန် စိတ်စွမ်းအင်ဒိုင်းကို အစွမ်းကုန် ချဲ့ထွင်လိုက်သည်။
ဖောက်
ဤအရေးကြီးသော အချိန်တွင် ပူဖောင်းအသေးတစ်ခု ပေါက်သွားသံကဲ့သို့ သိမ်မွေ့သောအသံတစ်ခုက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ထိုအသံမှာ အလွန်ထူးဆန်းပြီး အလွန်တိုးသော်လည်း လူတိုင်း၏ ဦးနှောက်ထဲတွင် တိုက်ရိုက်ဖြစ်ပေါ်လာပုံရကာ ပူဖောင်းတစ်ခုကဲ့သို့ ပေါ့ပါးပြီး ခေါင်းလောင်းကြီးတစ်ခုကဲ့သို့ လေးလံလှသည်။
တစ်ခဏအတွင်း ပူးပေါင်းရထား၏ ခုခံရေးလိုင်းပေါ်ရှိ လူ ၃၈၀၀ စလုံး၏ နှလုံးသားထဲမှ အေးစိမ့်နေသော ကြောက်ရွံ့မှုများ ရပ်တန့်သွားပြီး တုန်ရီနေသော ခန္ဓာကိုယ်များမှာ ငြိမ်ကျသွားကာ ကောင်းကင်နှင့် မြေကြီးကြားတွင် စူပါနိုဗာ ပေါက်ကွဲမှုကဲ့သို့ ပြင်းထန်သော အလင်းတောက်ပမှုတစ်ခု ထွက်ပေါ်လာသည်၊၊
၎င်းမှာ အလင်း သို့မဟုတ် တောက်ပမှု မဟုတ်ဘဲ အမှောင်ထုကို ဖောက်ထွက်ကာ မီးခိုးများကို ဖယ်ရှားပေးသည့် အခြားသော ဒိုင်နမေးရှင်းတစ်ခုနှင့် ပိုတူသည်။ ထိုခဏတွင် လူတိုင်းသည် ၎င်းတို့ရှေ့မှ ဖြူဖွေးသော အလင်းရောင်ကြောင့် မျက်လုံးများ ကန်းမတတ်ခံစားနေရပြီး အလိုလျောက်မျက်လုံးများကို ပိတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ပူးပေါင်းရထားပေါ်ရှိ အလိုအလျောက်ပစ်ခတ်ရေးစနစ်များ အားလုံးသည် ရပ်တန့်သွားပြီး အသက်ရှင်ကျန်ရစ်သူ အနည်းငယ်၏ သေနတ်သံနှင့် ကျည်ဆန်ပေါက်ကွဲသံများသာ ကျန်ရစ်သည်။
လင်းရှန်၊ ကီကီ၊ မီးတောက်၊ ချီလီ၊ မိုနီကာ၊ ရှီတိယွမ်၊ နန်ကျင်း... အားလုံးသည် ကောင်းကင်ဘုံ၏ တောက်ပမှုအောက်တွင် ရောက်ရှိနေပုံရသည်။
လူတိုင်း၏ မျက်လုံးများမှာ တဖြည်းဖြည်း ကျင့်သားရလာပြီး ပွင့်လာသောအခါ ၎င်းတို့သည် ခေါင်းကို မော့ကြည့်လိုက်ရာ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
ယခင်က ရှိခဲ့သော အမှောင်တောအုပ်၊ ပုံမှန်မဟုတ်သော သတ္တဝါများ၊ အစိမ်းရောင် ဧရာမမြွေကြီးနှင့် ကြက်သွေးရောင်မြူများ… အားလုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။ လူတိုင်းသည် စစ်ပွဲကြောင့် ပျက်စီးနေသော သစ်တောနှင့် ရေကန်နက်၏ အစွန်းတွင် ရောက်နေသော ရွှံ့နွံများ ပေကျံနေသည့် ပေါင်းစည်းရထားကိုသာ မြင်လိုက်ရသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် မီးခိုးများကြောင့် ပျက်စီးနေသည်မှာ ကြာပြီ ဖြစ်သည်။ ယခင် ရထားလမ်းတစ်လျှောက်တွင် အသက်ရှင်ကျန်ရစ်သူများ၏ အလောင်းများစွာ ပေါ်လာပြီး ရထားကြီးဖြတ်သန်းသွားသော မြောင်းကဲ့သို့ အမှတ်အသားကြီးကိုလည်း တွေ့လိုက်ရသည်၊၊
နေဝင်ချိန်မှ နေရောင်ခြည်များက မျက်စိကို ကျိန်းစက်သွားစေသည်၊၊ ထူးဆန်းသည်မှာ အပေါ်ဘက်တွင်မူ နက်ပြာရောင် ညကောင်းကင်ကြီးက အဝေးမှ တောင်တန်းများပေါ်တွင် လွှမ်းမိုးနေပြီး အောက်ဘက်ရှိ နေဝင်ချိန်နှင့် ညအချိန်တို့မှာ တစ်ခုပေါ်တစ်ခု ထပ်နေသလို ဖြစ်နေသည်။ ကောင်းကင်တွင် ပြောင်းပြန်ဖြစ်နေသော ပင်လယ်အော်များနှင့် ကွဲအက်နေသော ဟင်းလင်းပြင်များ တည်ရှိနေကာ တောအုပ်တစ်ခုလုံးသည် ဖန်လုံးအတွင်းရှိ တောက်ပသော ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေပြီး လူသားများသည် ထိုဖန်လုံးအတွင်းမှနေ၍ အပြင်ဘက်ရှိ မှောင်မိုက်သော ကမ္ဘာကို ကြည့်နေရသလို ခံစားရသည်။