အခန်း (၆၂၆-၆၂၇)
Vol. 38 Ch. 626-627
Chapter 626
တိုက်ခိုက်ခြင်း ၃
ကြောက်စရာအကောင်းဆုံးမှာ အစောပိုင်းက သွယ်တန်းနေသည့် ကြီးမားပြီး တွန့်လိမ်နေသော အနီးရှိ တောင်တန်းကြီးများက ထိုခဏ၌ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ လင်းရှန် ထိတ်လန့်သွားသည်။
“အဲဒီတောင်တန်းကြီးကလည်း အမှောင်သတ္တဝါဖြစ်နေမလား”
ဤထူးဆန်းသော ကမ္ဘာ့ဖြစ်စဉ်ကြောင့် လူတိုင်းမှာ တစ်ခဏအတွင်း တိတ်ဆိတ်သွားပြီး သေနတ်သံများ အားလုံး ရပ်တန့်သွားကာ အသက်ရှူသံပင် မကြားရတော့ပေ။
ထို့နောက် မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင်…
အမှောင်ထုက နောက်တစ်ကြိမ် ကျရောက်လာပြန်သည်။
တစ်စုံတစ်ယောက်က မီးပိတ်လိုက်သကဲ့သို့ ကမ္ဘာတစ်ခုလုံးမှာ အမှောင်ထဲသို့ ကျဆင်းသွားသည်။ လင်းရှန်နှင့် အခြားသူများသည် ပတ်ဝန်းကျင် ပုံရိပ်များကိုပင် မမြင်ရတော့ပေ။
စက္ကန့်အနည်းငယ်အကြာတွင် ၎င်းတို့၏ မျက်လုံးများ ကျင့်သားရလာသောအခါ ထိုအမှောင်တောအုပ်ထဲတွင်ပင် ရှိနေဆဲ ဖြစ်သည်ကို တွေ့ရသည်။ ကောင်းကင်မှာ နက်ပြာရောင် ဖြစ်နေပြီး တောင်တန်းများ ပြန်ပေါ်လာကာ ၎င်းတို့၏ ပုံသဏ္ဌာန်မှာ အနက်ရောင်မြူများထဲတွင် အဆက်မပြတ် တွန့်လိမ်နေကြသည်။ သက်ရှိ ရှုခင်းကြီးများကဲ့သို့ပင်။
အမှောင်ထု လွှမ်းမိုးလာသည်နှင့်အမျှ လူတိုင်းမှာ ထိတ်လန့်နေဆဲ ဖြစ်သည်။ တိုက်ပွဲနှင့် သတ်ဖြတ်မှုများမှ တက်ကြွနေသော တိုက်ပွဲဝင်စိတ်များ မငြိမ်သက်သေးသော်လည်း လင်းရှန်နှင့် ကီကီတို့က ခုခံရန် အလိုလျောက်ပြင်ဆင်လိုက်စဉ် ပို၍ ထူးဆန်းသော မြင်ကွင်းတစ်ခုပေါ်လာသည်။
မြေပြင်ပေါ်ရှိ အမှောင်သတ္တဝါများ၏ အလောင်းများမှလွဲ၍ ထိုသတ္တဝါများနှင့် ဧရာမ မြွေကြီးသည် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားသည်။ လေထဲမှ ကြက်သွေးရောင်မြူများလည်း မရှိတော့ပေ၊၊ အနန္တရထားတိုက်ပွဲမြေပြင် ရှေ့တွင် တောက်လောင်နေသော မီးများနှင့် ပြန့်ကျဲနေသော မြွေကြီး၏ မေးရိုး အသားစများသာ မရှိလျှင် လင်းရှန်သည် ၎င်းတို့မှာ အိပ်မက်ဆိုးတစ်ခုကို ခံစားခဲ့ရသည်ဟုပင် ယုံကြည်သွားပေလိမ့်မည်။
“ဘာတွေဖြစ်ကုန်တာလဲ” ပထမဆုံး တုံ့ပြန်လိုက်သူမှာ ချီလီ ဖြစ်သည်။
“အဲဒီရွံစရာ ကောင်းတာတွေအကုန်လုံး… ဘယ်ရောက်သွားတာလဲ”
“ထူးဆန်းတယ်”
အောက်ဘက်တွင် ရှီတိယွမ်သည် ရထားတွဲ အမိုးပေါ်သို့ ခုန်တက်လိုက်ပြီး စိတ်ရှုပ်ထွေးနေသည်။
မိုနီကာက သူမ၏ စွမ်းအားဝတ်စုံမှ ရှာဖွေရေးစနစ်ကို သုံး၍ ပတ်ဝန်းကျင်ကို စကင်ဖတ်ကြည့်သော်လည်း ဘာမျှ မတွေ့ရဘဲ နားမလည်နိုင်စွာ ပြောလိုက်သည်။
“ဒါက အာရုံမှားတာတော့ မဟုတ်ဘူး…. အဲဒီ ထူးဆန်းတာတွေက အခုလေးတင် ပျောက်သွားတာ ဖြစ်ရမယ်”
“အစ်ကိုလင်း…. အခုလေးတင် ပြိုင်ဖက်ကင်း စူပါစွမ်းအားတစ်ခုခုကို သုံးလိုက်တာလား”
ဤအချိန်တွင် ကောင်းကင်မှ ဆင်းသက်လာသော လုရှင်းချန်က လင်းရှန်ကို အံ့သြစွာ ကြည့်လိုက်သည်။
“သူတို့ ပျောက်သွားတာလား” လင်းရှန်သည်လည်း အံ့အားသင့်ကာ ဘာပြောရမှန်း မသိဖြစ်နေသည်။
“မဖြစ်နိုင်တာ၊ ခုနက ငါ...”
သူသည် ဆွဲငင်အားမှန်ဘီလူးကို ဒုတိယအကြိမ် မသုံးနိုင်ခဲ့သည်ကို သေချာသည်။ ထို့အပြင် ၎င်းဖြင့် နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
“သူတို့ တကယ် ပျောက်သွားတာပဲ”
နန်ကျင်းသည် အားဖေးနှင့်အတူ ရထားအမိုးပေါ်သို့ ပြန်ရောက်လာပြီး တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
“အားဖေးပြောတာ… ငါတို့ အားလုံးပေါ်မှာ ရှိတဲ့ အမှောင်အမှတ်အသားတွေ ပျောက်သွားပြီတဲ့”
“ဘာ”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ငါတို့ အဲဒီ မြွေကြီးကို သတ်လိုက်လို့များလား”
“မဟုတ်ဘူး၊ ငါတို့ မသတ်လိုက်ရဘူး... ငါတို့ မသတ်နိုင်သေးဘူး”
ကီကီက လမ်းကြောင်းတစ်ခုသို့ ညွှန်ပြလိုက်ရာ လူတိုင်းသည် လောင်ကျွမ်းနေသော တောအုပ်အတွင်း မြေပြင်ပေါ်ရှိ ကြီးမားနက်ရှိုင်းသော မြောင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ မြွေကြီး ဖြတ်သန်းသွားသော လမ်းကြောင်းဖြစ်သည်။ လမ်းကြောင်းသည် ရေကန်နက်ဆီသို့ တွန့်လိမ်သွားပြီး ကျိုးပဲ့နေသော သစ်ပင်များမှာ တဖြည်းဖြည်း လဲကျနေသည်မှာ ထူးဆန်းသောမြွေကြီးက အခုလေးတင် ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ညွှန်ပြနေသည်။
“ထူးဆန်းတယ်” ကီကီက အံ့သြစွာ ရေရွတ်လိုက်သည်။
“ဘာတွေ ဖြစ်ခဲ့တာလဲ”
“လင်းရှန်”
ဤအချိန်တွင် ဆက်သွယ်ရေးကိရိယာမှ အသံတစ်ခု ထွက်ပေါ်လာသည်။
တင်းကျန်းရီ မျက်နှာဖြူဖျော့နေပြီး ငွေနဂါးဆယ်ဆပန်းကို ဆုပ်ကိုင်ထားကာ ထိတ်လန့်စရာတစ်ခုခုကြုံတွေ့ခဲ့ရသလို တုန်လှုပ်နေသည်။ သူမက ဆက်သွယ်ရေးစက်ကို နှေးကွေးစွာ ဖိလိုက်သည်။
“ငွေ... ငွေနဂါးဆယ်ဆပန်းရဲ့ စွမ်းရည်ကို ကျွန်မသိပြီ”
ထိုစကားကို ကြားလိုက်ရသောအခါ လင်းရှန်၏ စိတ်ထဲတွင် ဝုန်းခနဲ ဖြစ်သွားပြီး တွဲအမှတ် ၃ ၏ ခေါင်မိုးပေါက်ကို ချက်ချင်း ဖွင့်ကာ အားလုံးကို ပြောလိုက်သည်။
“ကျုပ်ကို ခဏလောက် စောင့်ဦး”
ထိုအချိန်တွင် အနန္တရထား၏ တွဲအမှတ် ၃ ၌ လေထုထဲတွင် တွန့်လိမ်နေသော အလင်းစက်များ ရှိနေဆဲ ဖြစ်ပြီး လင်းရှန် ဝင်လာစဉ် သူ၏ Black Hwak ဝတ်စုံမှ စနစ်မြင်ကွင်းမှာ မတည်ငြိမ်သော အချက်ပြမှုများကို အဆက်မပြတ် ထုတ်လွှတ်နေကာ ထူးဆန်းပြီး ထုံကျဉ်သော ခံစားချက်တစ်ခုရရှိနေသည်။
“ဒါရိုက်တာတင်း”
လင်းရှန်က တင်းကျန်းရီကို ကြည့်လိုက်ရာ သူမ၏ ခေါင်းပေါ်တွင် ပန်းပွင့်လေးတစ်ပွင့် ပွင့်နေသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်လုံးထဲတွင် အစိမ်းဖျော့ရောင် အလင်းတန်းတစ်ခု ရှိနေကာ သူမ၏ စွမ်းရည်ကို အသုံးပြုနေကြောင်း သိသာနေသည်။
“ဘာဖြစ်ခဲ့တာလဲ”
တင်းကျန်းရီသည် ငွေနဂါးဆယ်ဆပန်းကို ဓာတ်ခွဲခန်း စားပွဲပေါ်တွင် တင်လိုက်ပြီး မရေမရာသော မျက်နှာအမူယာဖြင့် လင်းရှန်ကို ကြည့်လိုက်သည်။
“ခုနက ပေါက်ကွဲမှုက ပထမဆုံး ပန်းဖူးပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ ဟင်းလင်းပြင် အလွှာလိုက်ဓာတ်ပြုမှုကြောင့်ပဲ”
တင်းကျန်းရီသည် ငွေနဂါးဆယ်ဆပန်းကို အာရုံခံရန် သူမ၏ စွမ်းအားကို သုံးစွဲခဲ့စဉ်က ခံစားချက်ကို အပြည့်အစုံဖော်ပြရန် ခက်ခဲနေသည်။ ယခင်က သွေးကပ်ဘေးပန်းသည် သူမကို အမှောင်အမှတ်အသားမှတစ်ဆင့် အမှောင်သတ္တဝါများ၏ အမြင်နှင့် ချိတ်ဆက်ပေးခဲ့ပြီး ဤငွေနဂါးဆယ်ဆပန်းကမူ သူမကို အလွှာလိုက်ရှိနေသော ကမ္ဘာတစ်ခုကို မြင်စေခဲ့သည်။
ထိုကမ္ဘာမှာ မိုးပျံပူဖောင်းတစ်ခုအတွင်း ထပ်နေသော အလွှာတစ်ခုနှင့် တူသည်။ သိပ္ပံပညာရှင်တစ်ယောက်အနေဖြင့် သူမသည် အချိန်တိုအတွင်း အပြည့်အစုံ နားမလည်နိုင်သော်လည်း အရေးကြီးသော အချက်တစ်ခုကို ဖမ်းဆုပ်မိလိုက်သည်။
၎င်းမှာ ငွေနဂါးဆယ်ဆပန်း၏ ပန်းဖူး ပေါက်ကွဲသည့် ခဏတွင် ဤဧရိယာတစ်ခုလုံးသည် တွင်းနက်နှင့် အဆက်အသွယ်ပြတ်တောက်သွားသလို ဖြစ်သွားပြီး သူတို့ ကြုံတွေ့ခဲ့ရသော မမြင်နိုင်သောအရာအားလုံးပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ဥပမာအားဖြင့် အမှောင်ကျူးကျော်မှုနှင့် အမှတ်အသားများ ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ပန်းဖူး ပေါက်ကွဲမှုသည် ဤဧရိယာကို တွင်းနက်မှ ခွဲထုတ်လိုက်သည့် အလွှာတစ်ခုဖြစ်ပေါ်စေပြီး သူတို့ပေါ်တွင် မှတ်သားထားသော အမှတ်အသားများကိုပင် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
“တခြား နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိမလားဆိုတာကို… ကျွန်မ မသေချာဘူး… ဒါပေမဲ့ အခုလောလောဆယ် ကျွန်မတို့ရဲ့ အမှတ်အသားတွေ အားလုံး ရှင်းလင်းသွားပြီ…. ဆိုလိုတာက ကျွန်မတို့ ငြိမ်သက်ခြင်းအခြေနေထဲကို ရောက်သွားပြီ”
တင်းကျန်းရီက လင်းရှန်ကို သူမ၏ နားလည်မှုကို ပြောပြလိုက်သော်လည်း ထိုအချိန်တွင် ကီကီက မျက်မှောင်ကြုတ်လိုက်သည်။
“ကပ်ဘေးအပင်ရဲ့ စွမ်းအားလား…. ဒါပေမဲ့ ပြဿနာက အဲဒီသတ္တဝါတွေက ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိနေတာပဲ… ချိတ်ဆက်မှုပြတ်သွားရင်တောင် ယုတ္တိအရ ကျွန်မတို့က ချက်ချင်း အမှတ်အသား ပြန်လုပ်ခံရမှာ မဟုတ်ဘူးလား”
“မွန်းစတားတွေ တိုက်ခိုက်တာ တကယ်ရပ်သွားပြီ”
ချန်ဆီရွှမ်သည်လည်း ရောက်လာသည်။
“ခုနက ငါတို့ တခြားကမ္ဘာတစ်ခုကို မြင်လိုက်ရသလိုပဲ… တကယ်ကို ထူးဆန်းတယ်”
“အဲဒါ တခြားကမ္ဘာ မဟုတ်လောက်ဘူး…အဲဒါ ငါတို့ရဲ့ မူလကမ္ဘာပဲ” လင်းရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မူလကမ္ဘာလား”
တင်းကျန်းရီသည် လင်းရှန်၏ စကားကို စိတ်ဝင်စားသွားသည်။ ဟန်ရှန်းတောင်ကြားက နှင်းမုန်တိုင်းထဲမဝင်ခင် ညကလည်း လင်းရှန် ပြောခဲ့သည်ကို သတိရသွားသည်။
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“အချိန်ကိုကြည့်ရင် အခုက နေဝင်ချိန်ပဲ… ငါတို့ ခုနက မြင်လိုက်ရတာက တွင်းနက် မဖုံးလွှမ်းခင်က မူလကမ္ဘာဖြစ်နိုင်တယ်”
လင်းရှန်၏ စကားကို ကြားသောအခါ ကီကီနှင့် ချန်ဆီရွှမ်တို့ ချက်ချင်း သဘောပေါက်သွားကြသည်။
“ဒါဆို ကျွန်မတို့က တွင်းနက်ကို သီးသန့် ခွဲထုတ်လိုက်တာလား”
“မသေချာဘူး”
Chapter 627
ငါတို့ ဘယ်ရောက်နေတာလဲ ၁
လင်းရှန်သည်လည်း ဤအချိန်တွင် ရှုပ်ထွေးနေသည်။ သူက ထူးဆန်းသောကုဗတုံးနှင့် ချိတ်ဆက်ရန် ကြိုးစားလိုက်ရာ မျှော်လင့်မထားဘဲ သူ၏ ရှေ့တွင် အလင်းမြင်ကွင်းတစ်ခု ပေါ်လာသည်။
[ဘီပ်၊၊ ယန္တရားမဟုတ်သော စွမ်းအားကို အသုံးပြု၍ ရောင်ပြန်ဟပ်မှု ထောက်လှမ်းခြင်း]
[နယ်မြေအတွင်း ကြောက်ရွံ့ခြင်းစွမ်းအင် ကျူးကျော်မှု မရှိပါ၊ အမှောင်စွမ်းအား ကျူးကျော်မှုကို ကာကွယ်ထားသည်]
“ကာကွယ်ထားတယ်...”
လင်းရှန်သည် အတော်လေး အံ့အားသင့်သွားပြီး ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ ချက်ချင်းပင် သူက ရထားအမိုးပေါ်သို့ ပြန်ပြေးသွားပြီး ကုဗတုံးနှင့် ချိတ်ဆက်လိုက်သောအခါ အနန္တရထား၏ ဗဟိုမှ ပတ်ပတ်လည် သုံးကီလိုမီတာခန့်ကို လွှမ်းခြုံထားသော အလွန်ပါးလွှာသည့် အလင်းအကာကွယ်တစ်ခုကို ဝေဝါးစွာ မြင်လိုက်ရသည်။ ရထားတန်းကြီး၏ အစိတ်အပိုင်း အများစုမှာ ထိုအကာကွယ်အတွင်း၌ ရှိနေသည်၊၊
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရှန်သည် တစ်ခုခုကို ချက်ချင်း နားလည်သွားပြီး ရှီတိယွမ်နှင့် အခြားသူများကို အလျင်အမြန် အော်ပြောလိုက်သည်။
“မြန်မြန်… အားလုံး တိုက်ခိုက်တာ ရပ်ကြ…. ရထားပေါ် ပြန်လာကြ”
ပြောပြီးသည်နှင့် လင်းရှန်သည် အနန္တရထား၏ ပထမတွဲသို့ ချက်ချင်း ပြန်သွားကာ ထူးဆန်းသောကုဗတုံးကို ဖြုတ်ယူပြီး ရထားကြီး၏ ဗဟိုသို့ အမြန်ပြေးသွားသည်။ တိုက်ပွဲမြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းနေသော မမြင်ရသလောက် ပါးလွှာသည့် အလင်းအကာကွယ်ကို မြင်လိုက်ရသောအခါမှ သူစိတ်သက်သာရာရသွားသည်။
ရှီတိယွမ်၊ မိုနီကာနှင့် အခြားသူများသည် လင်းရှန်၏ ရည်ရွယ်ချက်ကို မသိသော်လည်း သတင်းစကားကို ချက်ချင်း လက်ဆင့်ကမ်းလိုက်ကြသည်။ တစ်ခဏချင်းမှာပင် ကွင်းပြင်၌ ရှိနေသော တိုက်ခိုက်ရေးသမားအားလုံးသည် ရထားပေါ်သို့ ပြန်လည် ဆုတ်ခွာလာကြပြီး ထောက်ပံ့ရေးအဖွဲ့ဝင်များလည်း စုရုံးလာကြသည်။
“မြန်မြန် ပြန်လာကြ… ကပ္ပတိန်လင်းက မွန်းစတားတွေကို မပစ်ဖို့နဲ့ သတိမပေးမိဖို့ အမိန့်ပေးထားတယ်”
“ပြန်ဆုတ်ကြ… အသံတိတ်နေကြ”
ထောင်နှင့်ချီသော အသက်ရှင်ကျန်ရစ်သူများသည် အခြေအနေ၏ ထူးဆန်းသော ပြောင်းလဲမှုကို သတိမထားမိသေးသော်လည်း လင်းရှန်ကမူ ထူးဆန်းသောကုဗတုံးကို လျှပ်စီးသိန်းငှက် ၂၀၀၀ ဒရုန်းပေါ်တွင် တပ်ဆင်လိုက်ပြီး ကြိုတင်ကာကွယ်ရေးအဖြစ် ပေါင်းစည်းရထားကြီး၏ ဗဟိုနေရာတွင် ထားရှိလိုက်သည်။
ခဏတာအတွင်း ကြီးမားသော စက်ဝိုင်းပုံ ရထားတန်းကြီးမှာ လုံးဝ တိတ်ဆိတ်သွားပြီး တိုက်ပွဲအပြီး လောင်ကျွမ်းနေသော သစ်ပင်များ၏ တဖျစ်ဖျစ်မြည်သံသာ ရှိတော့သည်။ မီးတောက်များ ရှိနေသော်လည်း အမှောင်ထု၏ လွှမ်းမိုးမှုအောက်တွင် ရှိနေပုံရကာ အရိုးထဲအထိ အေးစိမ့်နေသည်။
တစ်ချိန်တည်းမှာပင် ယာဉ်တန်းအတွင်း၌ ဟင်းလင်းပြင်မှာ အလွန် ကြည်လင်သွားပြီး ယခင်က လွှမ်းမိုးထားသော အမှောင်ကျူးကျော်မှု၏ အေးစိမ့်သော ခံစားချက်များ ဘာမျှမကျန်တော့သည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။ အသက်ရှူရသည်မှာ ပို၍ သက်သောင့်သက်သာ ရှိသော ပုံမှန်စက်တင်ဘာလ၏ ညတစ်ညကဲ့သို့ ခံစားရသည်။
ဤအချိန်တွင် ယာဥ်တန်းခေါင်းဆောင်အားလုံးသည် စခန်း၏ ဗဟိုသို့ စုရုံးလာကြသည်။ တိုက်ပွဲရပ်တန့်သွားသော်လည်း လူတိုင်း၏ နှလုံးသားမှာ တင်းမာနေဆဲ ဖြစ်ပြီး ဤထူးဆန်းသော တွင်းနက်ထဲတွင် နောက်တစ်စက္ကန့်အတွင်း ဘာဖြစ်လာမည်မှန်း မမှန်းဆနိုင်ကြပေ။
ထို့ကြောင့် ဤယာဉ်တန်းခေါင်းဆောင် အားလုံးသည် လင်းရှန်ကိုသာ အာရုံစိုက်နေကြသည်။ အကြောင်းမှာ သူသည် ဤရထားတန်းကြီးကို တည်ဆောက်ခဲ့သူ ဖြစ်ရုံသာမက တိုက်ခိုက်မှုကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး လူတိုင်းအတွက် သူပြောခဲ့သော ငြိမ်သက်ခြင်းအခြေနေကိုလည်း ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
“ကပ္ပတိန်လင်း… ငါတို့ တကယ်ပဲ ငြိမ်သက်ခြင်းအခြေနေထဲမှာလား”
“အဲဒီသတ္တဝါတွေ ငါတို့ကို နောက်ထပ် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဘယ်လိုသိတာလဲ”
“ခုနက တကယ်ကို ကြောက်စရာ ကောင်းတယ်… ကံကောင်းလို့ မင်းတို့အဖွဲ့ လှုပ်ရှားလိုက်လို့… မဟုတ်ရင် ငါတို့ ယာဉ်တန်းကတော့ သွားပြီ”
“ဟုတ်တယ်…. ကပ္ပတိန်လင်းကို ကျေးဇူးတင်ရမယ်”
ဤအချိန်တွင် ယာဥ်တန်းခေါင်းဆောင်များသည် လင်းရှန်ကို အလွန်လေးစားနေကြကာ ကိုးကွယ်လိုစိတ်ပင် ပေါ်နေကြသည်။ ဤမျှမှောင်မိုက်ပြီး မျှော်လင့်ချက်မဲ့သော ညတွင် ဤကဲ့သို့သော ခေါင်းဆောင်တစ်ယောက်ရှိနေခြင်းမှာ တကယ်ပင် စိတ်ချရပေသည်။
ဤနွေးထွေးသော ချီးမွမ်းမှုများရှေ့တွင် လင်းရှန် အကူအညီမဲ့နေပုံရသည်။ အစောပိုင်းက အန္တရာယ်အတွင်း သူ၏ တစ်ခုတည်းသော မဟာဗျူဟာမှာ ရထားများကို စက်ဝိုင်းပုံခံစစ်ဆင်ခြင်းနှင့် ထူးဆန်းသောမြွေကြီးကို တိုက်ခိုက်ခြင်းသာ ဖစ်သည်။
၎င်းမှာ ဤရထားယာဉ်တန်းများအတွက် အသင့်တော်ဆုံးအစီအစဉ်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မြွေကြီးကို သူတို့ အနိုင်မရခဲ့သည်ကို သိထားသည်။ ရယ်စရာကောင်းသည်မှာ သူတို့ကို ကယ်တင်ခဲ့သူမှာ ခရီးတစ်လျှောက်လုံး အသုံးမဝင်ဟု ထင်ထားခဲ့သော ငွေနဂါးဆယ်ဆပန်းဖြစ်နေခြင်းပင်။
လင်းရှန် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူ ကံမကောင်းလို့—ငရဲကဲ့သို့အခြေအနေများကို အဆက်မပြတ် ရင်ဆိုင်ခဲ့ရတာလား။ ဒါမှမဟုတ် ကံကောင်းလို့—ကျပန်းအပင်တစ်ပင်က ရှင်သန်ဖို့ သော့ချက်ဖြစ်လာတာလား။
သူ့တွင် အမှောင်အမှတ်အသား မရှိသော်လည်း တစ်စုံတစ်ရာသော ကြောက်ရွံ့မှုက သူ့ကို အမြဲတမ်းတံဆိပ်ရိုက်ထားသလိုပင်။
အကယ်၍ တခြားယာဉ်တန်းများသာ သူ့လို ရင်ဆိုင်ခဲ့ရလျှင် အားလုံးပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။
လက်ရှိအခြေအနေနှင့် တင်းကျန်းရီ ပြောသည်ကို ပေါင်းစပ်လိုက်လျှင် ငွေနဂါးဆယ်ဆပန်း၏ ပန်းဖူးပေါက်ကွဲမှုသည် ရထားယာဥ်တန်းတစ်ခုလုံးကို နယ်မြေအတွင်းရှိ အမှောင်ကျူးကျော်မှုနှင့် အမှတ်အသားအားလုံးကို ရှင်းလင်းပေးလိုက်ခြင်း ဖြစ်နိုင်ပြီး တစ်ပြိုင်နက်တည်းမှာပင် ထူးဆန်းသောကုဗတုံး၏ ကာကွယ်ရေးစွမ်းအားက ဤစက်ဝိုင်းပုံ စခန်းကို အမှောင်တောအုပ်အတွင်း မမြင်နိုင်အောင်’လုပ်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်ဟု သူ ယူဆလိုက်သည်။ ထို့ကြောင့်ပင် လင်းရှန်သည် စခန်းတစ်ခုလုံးကို ကာကွယ်ရန် ကုဗတုံးကို စခန်း၏ ဗဟိုတွင် ချက်ချင်း ထားရှိလိုက်ခြင်း ဖြစ်သည်။
ဤကောက်ချက်ကို တွေးမိရင်း လင်းရှန်ပင်လျှင် မယုံနိုင်ဖြစ်နေသော်လည်း လက်ရှိတွင် သူ့၌ ပိုကောင်းသော ရှင်းပြချက် မရှိပေ။ တိုက်ခိုက်မှု မရှိသောကြောင့် မည်သူမျှ စတင်တိုက်ခိုက်ပြီး အန္တရာယ်ကို ဖိတ်ခေါ်ခြင်း မပြုသင့်ပေ။
သို့ဖြစ်၍ အမှောင်တောအုပ်အတွင်း တစ်ချိန်က ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရထားယာဥ်တန်းကြီး၏တိုက်ပွဲမြေပြင်မှာ ရုတ်တရက် တိတ်ဆိတ်သွားသည်___
ငြိမ်သက်ခြင်းသို့။
….
“ညီလေးလင်း အခြေအနေက ဘယ်လိုလဲ”
ရှီတိယွမ်က ဖရိုဖရဲပုံစံဖြင့် မေးလိုက်သည်၊၊
သူတစ်ယောက်တည်း မဟုတ်ဘဲ မိုနီကာ၊ ချီလီနှင့် အခြားသူများသည်လည်း အတူတကွ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်၊၊ ထူးဆန်းသောမြွေကြီးသည် သေချာပေါက် မသေသေးသည်ကို သူတို့အားလုံး သိထားကြရာ ၎င်းတို့၏ အမှတ်အသားများက မည်သို့ ပျောက်ကွယ်သွားနိုင်သနည်းဟု သူတို့ သိချင်နေကြသည်၊၊
လင်းရှန် အသက်ပြင်းပြင်းရှူလိုက်ပြီး ကပ်ဘေးပန်းပင်တစ်မျိုးဖြစ်သော ငွေနဂါးဆယ်ဆပန်း၏ အခြေအနေကို တိုက်ရိုက်ရှင်းပြလိုက်သည်၊၊ ထိုအပင်မှာ ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးကဲ့သို့ ဆင်းသက်လာပြီး သူတို့၏ ကံကြမ္မာကို မည်သို့ပြောင်းလဲပေးခဲ့ပုံကို ပြောပြလိုက်သည်၊၊
“လက်ရှိအခြေအနေကို ကျုပ်လည်း သေချာမသိသေးဘူး၊ ခဏလောက်စောင့်ကြည့်လို့ ကျုပ်တို့ကို ဘယ်သူမှ လာမတိုက်ရင် သတ္တဝါတွေက ကျုပ်တို့ရဲ့ ငြိမ်သက်ခြင်းအခြေနေကြောင့် ကျုပ်တို့ကို သတိမထားမိဘူးလို့ ဆိုရမယ်၊၊ ကျုပ်တို့က မွန်းစတားတွေရဲ့ မျက်စိအောက်မှာ ခနလောက်ပျောက်ကွယ်နေတာပဲ”
“ဒီလောက်တောင် ထူးဆန်းတာလား”
“နောက်ထပ် အပင်တစ်ပင်လား”
ထိုစကားကို ကြားသောအခါ ချီလီ စိတ်ဝင်စားသွားသည်၊၊
“စွမ်းအားရှင်တွေထက်တောင် ပိုအံ့သြဖို့ကောင်းပုံရတယ်… ကပ်ဘေးအပင်တွေက တွင်းနက်နဲ့ ဝင်ရိုးစွန်းညနယ်မြေတွေမှာ ပေါက်တယ်လို့ ပြောကြတယ်…. အဲဒါကို ငါတောင် လေ့လာချင်သွားပြီ”
မိုနီကာ၏ မျက်လုံးများ တောက်ပသွားသည်၊၊
“စီလန်မြို့မှာ အစွမ်းထက်တဲ့ ကပ်ဘေးအပင်ပါတဲ့ ယာဉ်တန်းတစ်ခုကို ကျွန်မ တွေ့ဖူးတယ်… အဲဒါက အတိုင်းအတာတစ်ခုအတွင်း ဆဲလ်တွေ တိုးပွားလာတာကို မြန်ဆန်စေတယ်… ဒဏ်ရာပျောက်ကင်းတာနဲ့ စွမ်းအားရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုကိုလည်း အများကြီးအထောက်အကူပြုတယ်”
“အဲဒီအပင်ကြောင့်ပဲ ယာဉ်တန်းက အမှောင်အဖွဲ့စည်းရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပြီး ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတယ်… အခုတော့ တစ်ဖွဲ့လုံးကို ဖီးနစ်က ခေါ်သွားပြီ ထင်တယ်”
“ဖီးနစ်က ကပ်ဘေးအပင်ကိုပါ ယူသွားတာလား”
နန်ကျင်းက မေးလိုက်သည်၊၊
လင်းရှန်က မျက်မှောင်ကြုတ်၍ မိုနီကာကို ကြည့်လိုက်သည်၊၊
မိုနီကာက ပုခုံးတွန့်ပြသည်၊၊
“ဒါပေါ့… ဖီးနစ်က ကပ်ဘေးအပင် သုတေသနကို အကြီးအကျယ် လုပ်နေတာလေ… ဒါပေမဲ့ အလကားတော့ မယူပါဘူး… ယာဉ်တန်းတစ်ခုလုံးကို ညလမ်းလျှောက်သူအဖွဲ့စည်းက ဖီးနစ်မြို့ ဌာနချုပ်ဆီ လမ်းပြခေါ်သွားတယ်… အဲဒီမှာဆိုရင် ဒီကမ္ဘာပျက်ကပ်ထဲမှာ လေလွင့်နေစရာ မလိုတော့ဘူးပေါ့”
လင်းရှန်က ဝန်ခံလိုက်သည်၊၊
“ဒီကပ်ဘေးအပင်ကို မိတ်ဆွေတစ်ယောက်ရဲ့ ယာဉ်တန်းက လက်ဆောင်ပေးခဲ့တာပဲ… လမ်းတစ်လျှောက်မှာ အသုံးမဝင်ဘူး ထင်ခဲ့ပေမဲ့ အခုလို အရေးကြီးတဲ့ အချိန်မှာ အားလုံးကို ကယ်တင်ပေးနိုင်ခဲ့တယ်”