← Chapters

အခန်း (၆၃၀-၆၃၁)

Vol. 38 Ch. 630-631

အခန်း (၆၃၀-၆၃၁)

Vol. 38 Ch. 630-631

Chapter 630

ငါတို့ဘယ်ရောက်နေတာလဲ ၄

“သဲကန္တာရထဲက ရုပ်တုနဲ့ ပတ်သက်လိမ့်မယ် ထင်တယ်” ရှီတိယွမ် ရှုပ်ထွေးနေသည်။

“တားမြစ်ပစ္စည်းတစ်ခုအကြောင်း ပြောနေကြတာ မဟုတ်လား… ငါထင်တာကတော့ အဲဒါက ငါတို့ကို ဝါးမျိုလိုက်တာပဲ ဖြစ်မယ်”

“အဲဒါကို ရှာပြီး ငါတို့ကို အပြင်ပြန်ပို့ခိုင်းလို့ မရဘူးလား”

“အိပ်မက်မက်မနေနဲ့”

မိုနီကာက ပင်ပန်းနွမ်းနယ်နေပုံဖြင့် ထူးဆန်းသော ညအမှောင်ကို ငေးကြည့်ရင်း ပြောလိုက်သည်။

“အဲဒါကို ရှောင်ဖို့တောင် ခက်နေတာကို… အခုက အဲ့ဒါကို သွားရှာချင်နေသေးတာလား”

“ဒါဆို ငါတို့ ဒီမှာ တကယ် ပိတ်မိနေတော့မှာလား”

ရှီတိယွမ်က လေးနက်စွာ ပြောလိုက်သည်။

အနန္တရထားပေါ်တွင်လည်း လေထုမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး အဓိကအဖွဲ့ဝင်များသည် ထိုင်လျက် သို့မဟုတ် မတ်တပ်ရပ်လျက်ဖြင့် ဖြေရှင်းနည်းကို စဉ်းစားမရဖြစ်နေကြသည်။

“အားလုံးပဲ… လက်မလျော့ကြပါနဲ့ဦး”

လင်းရှန်က ဆက်သွယ်ရေးစက်ထဲသို့ တိုးညှင်းစွာ ပြောလိုက်သည်။

“အခြေအနေက အခုလေးတင် ကျုပ်တို့ ကြုံတွေ့ခဲ့ရတာထက် ပိုမဆိုးနိုင်တော့ပါဘူး…. အသက်ရှင်နေသရွေ့…. ကျည်ဆန်ကျန်နေသရွေ့ နည်းလမ်းကတော့ ရှိနေမှာပါ…. အခု တွင်းနက်ထဲမှာ တစ်မိနစ်ပိုပြီး အသက်ရှင်ရတာက အမြတ်ပဲ…. ဒါကြောင့် ယာဉ်တန်းတိုင်းက နောက်ဆက်တွဲကိစ္စတွေကို ရှင်းလင်းပြီး လက်နက်ခဲယမ်းတွေကို စုစည်းထားပါ…. အဲဒီသတ္တဝါတွေ ကျုပ်တို့ကို မနှောင့်ယှက်သေးသရွေ့… အနားယူပြီး အားမွေးထားတာက သင့်တော်တဲ့ ဗျူဟာတစ်ခုပါပဲ”

လင်းရှန်၏စကားကို ကြားသောအခါ လိုင်းပေါ်ရှိ စိုးရိမ်တကြီးငြင်းခုံမှုများ လျော့ကျသွားပြီး ရှီတိယွမ်က ချက်ချင်း တုံ့ပြန်လိုက်သည်။

“ဟုတ်တယ် လင်း… မင်းပြောတာ မှန်တယ်… အရင်ကထက် ပိုမဆိုးနိုင်ပါဘူး… ငါတို့ အကြိမ်ကြိမ် အသက်ရှင်ခဲ့ပြီးပြီ… ဒီကိစ္စကို ဖြတ်ကျော်ပြီး အသက်ရှင်ရတာက ဆုလာဘ်တစ်ခုပဲ… ဘာပဲဖြစ်လာလာ… ရင်ဆိုင်ကြတာပေါ့…. တွင်းနက်ထဲမှာ လူသားတွေ တကယ်ရှင်သန်နိုင်မလားဆိုတာ ငါကြည့်ချင်တယ်”

“ကဲ အကြံထုတ်ကြည့်ကြရအောင်… တစ်ယောက်ယောက်မှာ အကြံရှိရင် ပြောကြပါ…. ကြည့်ရတာ ငါတို့ ဒီကနေ စောစောထွက်ရမယ့်ပုံ မပေါ်သေးဘူး”

ချီလီက ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်။

မိုနီကာက မေးလိုက်သည်။

“ဒီလိုအခြေအနေမျိုးမှာ မီးတွေပိတ်ပြီး ငြိမ်ငြိမ်နေသင့်လား”

လင်းရှန်က ပြန်ဖြေသည်။

“တတ်နိုင်သမျှလုပ်ကြတာပေါ့…. ဒါပေမဲ့ ရထားခံစစ်လိုင်းကို ကျော်မသွားကြနဲ့…. ရထားမီးတွေက အစကတည်းက ဖွင့်ထားတာပဲ… တစ်ခုခုဖြစ်မယ်ဆိုရင် ဖြစ်ပြီးလောက်ပြီ”

လက်ရှိတွင် လင်းရှန်သည် အမှောင်ကမ္ဘာမှ ဤသတ္တဝါများကို အကဲဖြတ်ရန် ယုတ္တိဗေဒကို အသုံးပြုမနေတော့ပေ။ ပန်းတစ်ပွင့်သည် ဟင်းလင်းပြင်ပူဖောင်းအဖြစ် ပေါက်ကွဲနိုင်ပြီး ထူးဆန်းသောကုဗတုံးသည် အမှောင်ကျူးကျော်မှုများကို တွန်းလှန်နိုင်သည်။ အလင်းနှင့် အသံများထက် ပို၍ တိုက်ရိုက်ကျပြီး သေစေနိုင်သည်မှာ အမှောင်အမှတ်အသားဖြစ်သည်။ ယာဉ်တန်းတစ်ခုလုံးတွင် မည်သည့်အမှတ်အသားမျှ မရှိခြင်းက အလွန်အရေးကြီးသည်။

ထို့နောက် သူ မတ်တပ်ရပ်လိုက်ရာ ချန်ဆီရွှမ်က သူ့နောက်မှ လှမ်းခေါ်လိုက်သည်။

“လင်းရှန် ငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ”

“တွဲတိုင်းကို အသင့်အနေအထားမှာ ရှိနေခိုင်းပါ”

အဖွဲ့များနှင့် ညှိနှိုင်းပြီးနောက် လင်းရှန်သည် တွဲအမှတ် ၃ သို့ သွားရောက်ခဲ့သည်။ ထိုနေရာတွင် တင်းကျန်းရီသည် လင်းရှန်လာမည်ကို မျှော်လင့်ထားပြီးဖြစ်၍ ငွေနဂါးဆယ်ဆပန်း၏ ပြောင်းလဲမှုအားလုံးကို ခွဲခြမ်းစိတ်ဖြာထားပြီးဖြစ်သည်။

“ဝင်ရိုးစွန်းညကို ဝင်ရောက်ပြီးနောက် ကြီးထွားနှုန်းမြန်လာတယ်… ပြီးတော့ ကျွန်မတို့က တွင်းနက်ရဲ့ ဝါးမျိုတာ ခံလိုက်ရပြီးတဲ့နောက်မှာလည်း ပိုမြန်လာတယ်…. ခုနက တိုက်ပွဲဖြစ်နေတုန်းမှာ ပန်းဖူးလေးတွေက စွမ်းအင်တစ်မျိုးမျိုးရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်တဲ့ ထူးဆန်းတဲ့ ကြီးထွားမှုပုံစံကို ပြသခဲ့တယ်”

တင်းကျန်းရီက ရှင်းပြသည်။

“ဒါပေမဲ့ ထူးဆန်းတာက… ကျွန်မတို့ စီလန်မြို့မှာ ရှိတုန်းက အဲဒီလို သိသာတဲ့ ပြောင်းလဲမှုမျိုး မရှိခဲ့ဘူး”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“ငါ ဆွဲငင်အားမှန်ဘီလူး သုံးလိုက်တဲ့အချိန်မှာ ဖြစ်တာလား”

တင်းကျန်းရီက သူ့ကို ကြည့်လိုက်သည်။

“ရှင့်ရဲ့ ယူဆချက်က ဖြစ်နိုင်ချေများတယ်…. ရှင့်ရဲ့ စွမ်းအားက ဟင်းလင်းပြင်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းရည်ရှိပြီး… အဲဒါက ငွေနဂါးဆယ်ဆပန်းက ဖန်တီးတဲ့ ဟင်းလင်းပြင်ပူဖောင်းတွေနဲ့ ဆင်တူတဲ့ လက္ခဏာရပ် ရှိတယ်”

လင်းရှန်သည် ခရမ်းရောင်အလင်းတန်းများ တောက်ပနေသော အမြစ်များရှိသည့် အပင်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“အမှောင်ဒီရေလှိုင်းရဲ့ ဝါးမျိုတာကို ခံရပြီး ရထားတစ်စင်းလုံးက ကီလိုမီတာ ၄၆၀၀ အကွာက တွင်းနက်နယ်မြေမှာ ပေါ်လာတယ်…. ကပ်ဘေးအပင်တွေ၊ တားမြစ်ပစ္စည်းတွေ ဒီအမှောင်ကမ္ဘာရဲ့ ဖန်တီးမှုတွေက လူသားမျိုးနွယ်ကို တကယ် ဖျက်ဆီးဖို့ ရည်ရွယ်နေတာပဲ...”

သူ တင်းကျန်းရီကို ကြည့်လိုက်သည်။

“ဒါနဲ့… မင်း နောက်တစ်ကြိမ် ကပ်ဘေးအပင်နဲ့ ပဲ့တင်ထပ်ဖို့ ကြိုးစားခဲ့သေးလား… ပုံစံတူစွမ်းအားမျိုးရလိုက်လား”

တင်းကျန်းရီ၏ မျက်နှာအနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ပြန်ဖြေလိုက်သည်။

“မရသေးဘူး ဒီအာရုံခံဆက်သွယ်မှုက ကျွန်မခန္ဓာကိုယ်ပေါ် ဝန်ထုပ်ဝန်ပိုး အများကြီးဖြစ်စေတယ်… လောလောဆယ် အဲဒီစွမ်းအားကို ကျွန်မ မထိန်းနိုင်သေးဘူး”

သူမခေါင်းပေါ်ရှိ ပန်းဖူးလေးသည် ကျုံ့ဝင်သွားပြီး သူမ၏ အနက်ရောင်ဆံပင်များကြားတွင် ပုန်းကွယ်သွားသည်။ ပြီးခဲ့သည့်အကြိမ်က သူမ ချက်ချင်း သတိလစ်သွားခဲ့သည်။ ယခုတွင် သူမ မတ်တပ်ရပ်နေနိုင်သေးသော်လည်း သူမ၏စွမ်းအား တိုးတက်လာခြင်းကြောင့်လား… သို့မဟုတ် ကပ်ဘေးအပင်ကိစ္စ၏ နောက်ဆက်တွဲကြောင့်လား… မသဲကွဲပေ။

[ယန္တရားမဟုတ်သော စွမ်းအင်အဖြစ်ပြောင်းလဲပြီးပါပြီ၊၊ ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ရရှိသည်။]

ရုတ်တရက်ဆိုသလို လင်းရှန်သည် ကုဗတုံးမှ ပြောင်းလဲမှုသတိပေးချက်ကို ရရှိလိုက်သည်။ သွေးကပ်ဘေးပန်းမှ စုပ်ယူလိုက်သော အနက်ရောင်မြူခိုး အမြောက်အမြားကို ကုဗတုံးက ယန္တရားရင်းမြစ်အမှတ်များအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ထို့နောက် လင်းရှန်သည် ယန္တရားနှလုံးသားစနစ်မြင်ကွင်းကို ဖွင့်လိုက်ရာ ယန္တရားဝါးမျိုမှုနှင့် ယန္တရားထုတ်လုပ်မှု အပါအဝင် သူ၏ ယန္တရားနှလုံးသားသည် အာခီစိုင်းသဲကန္တာရမှာထက် သိသိသာသာတိုးတက်လာသည်ကို တွေ့လိုက်ရသည်။ အရေးပေါ် ထွက်ပြေးခဲ့ရခြင်းနှင့် မကြာသေးမီက တိုက်ပွဲကြောင့် သူ၏စနစ်မြင်ကွင်းကို စစ်ဆေးရန် အချိန်မရခဲ့ခြင်းဖြစ်သည်။

[လက်ရှိ ယန္တရားနှလုံးသားအဆင့် LV.5 (၆၃၄၀/၂၀၀၀၀)]

ယန္တရားဝါးမျိုမှု - ၄ (၁၉၆၀/၂၀၀၀) ဝါးမျိုမှုစွမ်းဆောင်ရည် တိုးတက်လာသည်၊၊

ယန္တရားထုတ်လုပ်မှု - ၅ (၁၂၁၀/၃၀၀၀) တည်ဆောက်မှုစွမ်းဆောင်ရည် တိုးတက်လာသည်၊၊

“ယန္တရားဝါးမျိုမှုက အဆင့်တက်တော့မယ်... ထုတ်လုပ်မှုကလည်း အများကြီး တိုးတက်လာတာပဲ… ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ၅၁၀ ပဲ ရှိသေးတာ...”

ခွန်အားလည်း နည်းနည်း ပြန်ပြည့်လာပြီ ငါတို့ ဒီမှာ ပိတ်မိနေတုန်း အဲဒီရထားတွေနဲ့ နျူကလီးယားစွမ်းအင်သုံး စက်ခေါင်းကို ဝါးမျိုဖို့ အခွင့်အရေးယူပြီး ပစ္စည်းတွေနဲ့ အဆင့်တွေကို အရင်မြှင့်တင်ရမယ်….

ဤအကျပ်အတည်းတွင် လင်းရှန်သည် မိမိကိုယ်ကို ဦးတည်ချက်တစ်ခု ရှာဖွေရန် တွန်းအားပေးလိုက်သည်… အကြောင်းမှာ ရထားကို အဆင့်မြှင့်တင်ရန်နှင့် ကျည်ဆန်များ ထုတ်လုပ်ရန်အတွက် ပစ္စည်းအမြောက်အမြား လိုအပ်နေသောကြောင့်ဖြစ်သည်။

Chapter 631

ဂရေ့စ် ပြန်လည်စတင်ခြင်း ၁

ကုဗတုံးမှ ပြောင်းလဲလာသော ယန္တရားရင်းမြစ်အမှတ်များကို ရရှိပြီးနောက် အလွန်သန့်စင်သော စွမ်းအင်များဖြင့် ပြန်လည်ပြည့်ဖြိုးလာသည်ကို လင်းရှန် ခံစားလိုက်ရသည်၊၊ သွေးကပ်ဘေးပန်းမှ ပြောင်းလဲလာသော ဤစွမ်းအားသည် အနန္တရထားတွဲများနှင့် အနီးရှိ ယဉ်တန်းအချို့သို့ ပျံ့နှံ့သွားသည်၊၊ လူအများ၏ စွမ်းအားနှင့် ခန္ဓာကိုယ်ဆင့်ကဲဖြစ်စဉ်ကို တိုးတက်စေကာ ကုန်ဆုံးသွားသော ခွန်အားများကိုပင် ပြန်လည်ဖြည့်တင်းပေးခဲ့သည်၊၊ ပြင်းထန်သော တိုက်ပွဲကို ရင်ဆိုင်ခဲ့ရသည့် အသက်ရှင်ကျန်ရစ်သူများအတွက်မူ ဤသည်မှာ အချိန်ကိုက်ရောက်ရှိလာသော အထောက်အပံ့ပင်၊၊

ယန္တရားနှလုံးသား၏ စနစ်မြင်ကွင်းကို ကြည့်ရင်း တွင်းနက်ထဲရှိ တိုက်ပွဲကြီးသည် သူနှင့် အခြားသူများ၏ စွမ်းရည်များကို တိုးတက်စေခဲ့သည်၊၊ တစ်ချိန်တည်းမှာပင် အကယ်၍ သူသည် သမုဒ္ဒရာနှင့် ကြက်တူရွေးယာဥ်တန်းများ၏ ကျန်ရှိနေသော ရထားတွဲများကို ဝါးမျိုနိုင်ပါက အဆင့်ငါးသို့ ရောက်ရှိပြီးနောက် သူ၏ ယန္တရားဝါးမျိုမှုမှာ ပို၍မြန်ဆန်ပြီး ထိရောက်လာမည်မှာ သေချာသည်၊၊

“ဟုတ်သားပဲ”

လင်းရှန်၏ ရုတ်တရက် နှလုံးခုန်မြန်လာသည်၊၊

“သမုဒ္ဒရာယာဥ်တန်းရဲ့ အင်ဂျင်နီယာသုံး နျူကလီးယားစက်ခေါင်းက အပူစွမ်းအင် ၁၇၀ မဂ္ဂါဝပ် ရှိပြီး ကြက်တူရွေးက ၁၄၀ မဂ္ဂါဝပ် ရှိတယ်၊၊ နှစ်ခုပေါင်းလိုက်ရင် ၃၀၀ မဂ္ဂါဝပ်ထက် ကျော်သွားပြီ”

ထိုအတိုင်းဆို သူ၏ စွမ်းအားထိုးတက်ခြင်း အဆင့်မြှင့်တင်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပေမည်၊၊

၎င်းကို တွေးမိသည်နှင့် လင်းရှန်သည် စနစ်မြင်ကွင်းကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်၊၊

စွမ်းအားထိုးတက်ခြင်း (ရှားပါး) (အဆင့် ၃၊ အမြင့်ဆုံးအဆင့်): တိုးမြှင့်နိုင်သော စွမ်းရည်: 【စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တံ့ကွင်း】

တိုးမြှင့်ရန် လိုအပ်ချက်: အပူစွမ်းအင် ထွက်ရှိမှု ၃၀၀ မဂ္ဂါဝပ်ထက် ကျော်လွန်သော နျူကလီးယားပါဝါပလန့်တစ်ခုကို ဝါးမျိုပါ၊၊

ကြာမြင့်ချိန်: ၂၄ နာရီ

အံ့ဩစရာပင်၊၊ နျူကလီးယားစက်ခေါင်းနှစ်လုံးကို ဝါးမျိုခြင်းမှ ယန္တရားရင်းမြစ်အမှတ်များ မည်မျှရရှိနိုင်သည်ဖြစ်စေ… ဤစွမ်းရည်သစ်ကို ဖွင့်နိုင်ပါက သူသည် S-Class အဆင့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် AT-Field ဒိုင်းကာကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်၊၊ စီလန်မြို့တွင် လင်းရှန်သည် အကြောင်းရင်းကို မသိရဘဲ ဤစွမ်းရည်ကို ကြိုတင်အသုံးပြုကာ ယူနစ်-၀၁ ၏ နျူကလီးယားစွမ်းအင်ကို ပြောင်းလဲပြီး AT-Field ဒိုင်းကာကို ချဲ့ထွင်ကာ ပင်လယ်ဖြူကောင်၏ ရောင်ခြည်ဖြင့် တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့ဖူးသည်၊၊ သူသည် အဘယ်ကြောင့် ဤစွမ်းရည်ကို ကြိုတင်အသုံးပြုနိုင်ခဲ့သည်ကို နားမလည်သော်လည်း ဤစွမ်းရည်က မည်မျှ အံ့ဩစရာကောင်းသည်ကို လင်းရှန် သိနှင့်ပြီးသားဖြစ်သည်၊၊

အရိုးရှင်းဆုံး ပြောရလျှင် လင်းရှန်၏ မူလယန္တရားနှလုံးသားသည် ရထားကို မောင်းနှင်ရန် စွမ်းအားထုတ်ပေးခြင်းဖြစ်ပြီး စွမ်းအင်အားလုံးမှာ သူ၏ စွမ်းအင်ပြောင်းလဲမှုမှ လာသည်၊၊ သို့သော် ဤစွမ်းရည်မှာ ပြောင်းပြန်ဖြစ်သည်၊၊ လင်းရှန်သည် ထိန်းချုပ်နိုင်သော နယ်ပယ်အတွင်းရှိ လျှပ်စစ်စွမ်းအင်အားလုံးကို စုစည်းနိုင်သည်၊၊ အနန္တရထား ရှိနေသရွေ့ လင်းရှန်သည် သူ့နောက်တွင် ၂၉၀ မဂ္ဂါဝပ်ရှိသော နျူကလီးယားဓာတ်ပေါင်းဖိုကြီးတစ်ခုရှိနေသကဲ့သို့ပင် ဖြစ်သည်၊၊

ဤသည်မှာ အမှန်တကယ်ပင် သတင်းကောင်းဖြစ်သည်၊၊

လင်းရှန်သည် တွေးရင်း စိတ်အားတက်ကြွလာကာ အလုပ်စတင်ရန် ရထားတွဲအမှတ် (၁) သို့ ချက်ချင်းပြန်သွားခဲ့သည်၊၊

ဤအချိန်တွင် သမုဒ္ဒရာယာဥ်တန်းနှင့် ကြက်တူရွေးယာဥ်တန်း၏ ရထားတွဲများမှ ကျန်ရှိနေသော အဖွဲ့ဝင်များသည် အခြားအဖွဲ့များ၏ အကူအညီဖြင့် လက်နက်များ၊ ပစ္စည်းကိရိယာများနှင့် ရိက္ခာများကို ရထားတွဲများအတွင်းမှ ဖယ်ရှားနေကြသည်၊၊ လင်းရှန်က သူတို့ကို ကြိုတင်အသိပေးထားပြီးဖြစ်ရာ ပစ္စည်းများကို ယန္တရားစွမ်းရည်ပြောင်းလဲရန် လိုအပ်သည်ကို သူတို့အားလုံး သိကြသည်၊၊ ထို့ကြောင့် မည်သူမျှ ကန့်ကွက်ခြင်း မရှိဘဲ ကူညီပေးကြသည်၊၊

ဤရထားတွဲများသည် အခြားရထားများအတွက် သိပ်မအရေးကြီးတော့ပေ၊၊ လောလောဆယ်တွင် ပေါင်းစည်းထားသော ရထားများ၌ ရထားခေါင်းထက် ရထားတွဲများက ပို၍ များနေပြီး အဓိကမှာ စက်ခေါင်းပင် ဖြစ်သည်၊၊

သိပ်မကြာမီတွင် ရထားနှစ်စင်းလုံးကို လွတ်သွားစေပြီးနောက် လင်းရှန်သည် လက်နက်တွဲအမှတ် (၁၃) တွင် နေထိုင်ကာ အဝေးထိန်းစနစ်ဖြင့် အခြားရထားတွဲများကို စတင်ဝါးမျိုပြီး ခဲယမ်းမီးကျောက်များ ထုတ်လုပ်ရန် ပြောင်းလဲထားသော ပစ္စည်းများကို ဆက်တိုက် ထုတ်ယူနေခဲ့သည်၊၊

လက်ရှိအခြေအနေတွင် သူသည် ယဉ်တန်းအားလုံးကို ထောက်ပံ့ပေးရန် လိုအပ်သည်၊၊ လင်းရှန်သည် မိမိကိုယ်ကိုယ် ယန္တရားထုတ်လုပ်မှု ဗဟိုချက်အဖြစ် ပြောင်းလဲလိုက်ပြီး စီလန်မြို့၏ နှင်းမုန်တိုင်းညမှာကဲ့သို့ ကြည်လင်ငြိမ်သက်သည့် ဖန်တီးမှုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်၊၊

【ဝါးမျိုမှု တိုးတက်မှု ၆၅%】

【ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၅၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၁၀】

【အောင်မြင်စွာ ထုတ်လုပ်ပြီး - Roarer K23 လျှပ်စစ်ဂတ်တလင်စက်သေနတ်】

【ထုတ်လုပ်မှုကျွမ်းကျင်မှု +၁၀】

…

ပေါင်းစည်းထားသော ရထားတွဲများ၏ ခံစစ်အဝိုင်းတစ်ခုလုံးကို ယခုအခါ ထူးဆန်းသော ကုဗတုံး၏ ဖျော့တော့စွာ လင်းလက်နေသော အလွှာပါးဖြင့် ဖုံးအုပ်ထားသည်၊၊ ဤနေရာရှိ အမှောင်ထုမှာ အပြင်ဘက်နှင့် လုံးဝကွာခြားပုံရပြီး ထူထပ်သောမြူထုကို ပိုင်းခြားထားပေးသည်၊၊ အသက်ရှင်ကျန်ရစ်သူများသည် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း အမှောင်ထုထဲတွင် အစောပိုင်းက ခံစားခဲ့ရသော အေးစိမ့်သည့် ခံစားချက်မျိုးကို မရတော့ပေ၊၊

ပတ်ဝန်းကျင်ရှိ အမည်းရောင် တောအုပ်သည် ထူထပ်သော အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းနေပုံရပြီး သစ်ပင်များနှင့် ကျောက်ဆောင်များကိုပင် ပုံပျက်နေသလို မြင်နေရသည်၊၊ သို့သော် သေချာစိုက်ကြည့်သောအခါတွင်မူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်၊၊ ဤသည်မှာ အမြင်အာရုံ အဆိပ်သင့်မှုတစ်မျိုးကို ခံစားနေရသကဲ့သို့ပင်၊၊

ရှားရှားသည် ပြတင်းပေါက်ကို မျက်နှာအပ်ကာ အက်ကြောင်းလေးမှတစ်ဆင့် ချောင်းကြည့်နေပြီး နဖူးကို တွန့်ကာ တစ်စုံတစ်ခုကို ရေရွတ်နေရာမှ မေးလိုက်သည်၊၊

“အစ်မကီကီ… ကျွန်မတို့ ဒီတစ်ခါရော လွတ်နိုင်ပါ့မလား”

“လွတ်တာပေါ့… နင့်ရဲ့ အစ်ကိုလင်း… ဒီက ဉာဏ်ကြီးရှင်နဲ့ အစ်မချန်နဲ့ နင့်အစ်ကိုတို့ကို ယုံလိုက်စမ်းပါ”

ကီကီသည် ကွန်ပျူတာကို လေးနက်သောအမူယာဖြင့် နှိပ်ရင်း ပြောလိုက်သည်၊၊

“ငါတို့ အခုတင်ပဲ အဲဒီကြောက်မက်ဖွယ်အခြေအနေကနေ အသက်ရှင်ခဲ့တာပဲ မဟုတ်လား… ဒါက ငါတို့အားလုံးက ဘေးအန္တရာယ်ကြီးတွေကနေ လွတ်မြောက်နိုင်တဲ့ ကံပါလာတယ်လို့ အဓိပ္ပာယ်ရတယ်”

ရှားရှား ခုတင်ပေါ်တွင် ပြန်လှဲချလိုက်သည်၊၊

“ဆယ်လီရဲ့ ကျည်ဆန်တွေ အကုန်ပြောင်သွားပြီ… အစ်ကိုလင်းသာ စီလန်မြို့တုန်းကလို စက်ရုပ်ကြီးကို တည်ဆောက်နိုင်ရင် ကျွန်မတို့အားလုံး အထဲမှာ နေပြီး S-Class အဆင့် မွန်းစတားကိုတောင် တစ်ချက်တည်းနဲ့ ထိုးသတ်ပစ်လို့ ရမှာပဲ”

ကီကီ၏ မျက်ခုံးများ လှုပ်ရှားသွားပြီး ခေါင်းငြိမ့်ပြလိုက်သည်၊၊ “နင့်အစ်ကိုလင်းမှာ အဲဒီအစီအစဉ် ရှိပါတယ်… ဒါပေမဲ့ သေချာပေါက် ခက်ခဲလိမ့်မယ်”

ရှားရှားသည် သူမ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း

“တွင်းနက်ထဲမှာ ပိတ်မိနေတုန်းက ကျွန်မ တကယ်အန်ချင်လာတာ… အရမ်းရွံစရာကောင်းတယ်… ဒီညတော့ သေချာပေါက် အိပ်မက်ဆိုးတွေ မက်တော့မှာပဲ”

သူမသည် ကီကီကို မော့ကြည့်ကာ မေးလိုက်သည်၊၊

“အစ်မ… ဘာတွေ အလုပ်ရှုပ်နေတာလဲ”

“အဲဒီစက်ရုပ်‌လေ…. စနစ်ခွဲခြမ်းစိတ်ဖြာမှုက ပြီးတော့မယ်… ငါက...” ကီကီက လျှာဖြင့် နှုတ်ခမ်းသပ်လိုက်သည်၊၊

“ငါပြောလည်း နင် နားလည်မှာ မဟုတ်ပါဘူး”

“နားလည်တာပေါ့”

ရှားရှား ထိုစကားကို ကြားသောအခါ ရုတ်တရက် ထထိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်၊၊

“ဒါက AI အိမ်စောင့်စက်ရုပ် မဟုတ်လား… အဲဒါတွေက တိုက်ခိုက်နိုင်တယ်လို့ ကျွန်မကြားဖူးတယ်… ပြီးတော့ အရမ်းလည်း အစွမ်းထက်တယ်….. ဒါဆိုရင် အန္တရာယ်ရှိတဲ့ အလုပ်အားလုံးကို စက်ရုပ်ကို ခိုင်းလို့ရတာပေါ့… အစ်ကိုလင်းအတွက် အများကြီး ပိုလွယ်သွားမှာ မဟုတ်ဘူးလား”

ထိုစကားကို ကြားသောအခါ ကီးဘုတ်ပေါ်တွင် ရိုက်နေသော ကီကီ၏ လက်ချောင်းများမှာ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားသည်၊၊ ထို့နောက် သူမသည် ရှားရှားကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်၊၊

“ဘာလို့ ကျွန်မကို အဲဒီလို ကြည့်နေတာလဲ...”

ရှားရှား အံ့အားသင့်သွားပြီး ရုတ်တရက် လှည့်ကြည့်လိုက်သည်၊၊

“ကျွန်မနောက်မှာ သရဲရှိနေလို့လား”

ရုတ်တရက် ကီကီ၏ မျက်လုံးများ တောက်ပသွားပြီး ပြေးလာကာ သူမ၏ ပါးကို ဆွဲညှစ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်၊၊

“အရမ်းတော်တာပဲ…. နောက်မှ မုန့်ကျွေးမယ်”

စကားမဆုံးခင်မှာပင် သူမသည် ရထားတွဲအမှတ် ၁၃ ထံသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်၊၊ ဤအချိန်တွင် လင်းရှန်သည် အပြင်ဘက်ရှိ ရထားတွဲများကို ဝါးမျိုရင်း ခဲယမ်းမီးကျောက်များနှင့် လက်နက်များ ထုတ်လုပ်ရာတွင် အာရုံစိုက်နေသည်၊၊ တာလို့နှင့် ရှုချင်းတို့သည် အဖွဲ့ဝင်များကို ဦးဆောင်ကာ ထွက်လာသော ကျည်ဆန်များကို အမျိုးအစားခွဲခြားပြီး ယဉ်တန်းများကို ဖြည့်တင်းပေးနေကြသည်၊၊ လင်းရှန်၏ စီမံမှုအောက်တွင် အနန္တရထားသည် အလိုအလျောက် ထောက်ပံ့ရေး မိခင်သင်္ဘောကြီးကဲ့သို့ ဖြစ်နေပြီး ယဉ်တန်းများဆီသို့ မျှော်လင့်ချက်များ ဆက်တိုက်ယူဆောင်ပေးနေသည်၊၊

ဤအချိန်တွင် ကီကီသည် ရထားတွဲကို အမြန်ဖြတ်ကျော်လာပြီး လင်းရှန်၏ ဘေးသို့ ရောက်လာကာ ပုခုံးကို ပုတ်လျက် အရေးတကြီး လေသံဖြင့် ပြောလိုက်သည်၊၊

“ဟေး… လင်းရှန်… ကျွန်မမှာ အကြံတစ်ခုရှိတယ်… ရှင်နားထောင်ကြည့်မလား”

All Chapters