← Chapters

အခန်း (၆၃၂-၆၃၃)

Vol. 38 Ch. 632-633

အခန်း (၆၃၂-၆၃၃)

Vol. 38 Ch. 632-633

Chapter 632

ဂရေ့စ် ပြန်လည်စတင်ခြင်း ၂

လင်းရှန်က သူမကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်၊၊

“ပြောလေ”

ကီကီက နောက်ဘက်တွဲကို ညွှန်ပြလိုက်သည်၊၊

“ဂရေ့စ်ရဲ့ စနစ်ပြင်ဆင်မှုက ပြီးတော့မယ်… အခု ကျွန်မတို့မှာ ဒီ AI စက်ရုပ်ရှိမယ်… ပြီးတော့ PX-05 ပြုပြင်ရေးစက်ရုပ်တွေလည်း ရှိမယ်ဆိုရင်…. နဂါးတောင် ၁ရဲ့ ရထားလမ်းခင်းစက်ကို သုံးပြီး အဖြူရောင်မြို့အထိ ရထားလမ်းခင်းသွားရင် ဖြစ်နိုင်မလား စက်ရုပ်မှာတော့ အမှောင်အမှတ်အသား မရှိနိုင်ဘူးလေ”

သူမ၏ စကားကို ကြားသောအခါ လင်းရှန်၏ မျက်လုံးများ ချက်ချင်းတောက်ပသွားပြီး စဉ်းစားကာ ပြောလိုက်သည်၊၊

“ငါ အဲဒါကို မစဉ်းစားဖူးဘူး…. ဒါပေမဲ့ ဖြစ်နိုင်ခြေရှိတယ်… ထူးဆန်းတဲ့ သတ္တဝါတွေက သက်မဲ့အရာတွေကို တိုက်ခိုက်တာ ငါ တစ်ခါမှ မမြင်ဖူးဘူး”

ကီကီက ခေါင်းကို ပြင်းထန်စွာ ငြိမ့်လိုက်သည်၊၊

“ဒီလို ရှုပ်ထွေးတဲ့ နေရာမှာ ရထားလမ်းခင်းဖို့က ပြုပြင်ရေးစက်ရုပ်တွေချည်းပဲ မတတ်နိုင်ဘူး… ဒါပေမဲ့ ဒီ AI မှာ ကွန်ပျူတာတွက်ချက်နိုင်စွမ်း အပြည့်ရှိတယ်… ရှင်က စခန်းထဲမှာ ရထားလမ်းတွေပဲ လုပ်ပေးပြီး သူ့ကိုပဲ လမ်းခင်းခိုင်းလိုက်…. ပြီးတာနဲ့ ကျွန်မတို့ တန်းထွက်သွားလို့ ရပြီ”

လင်းရှန်၏ အကြည့်များ လှုပ်ရှားသွားပြီး စိတ်အားတက်ကြွလာသည်၊၊

“တံတားဆောက်တာနဲ့ လမ်းခင်းတာက သိပ်တော့ မလွယ်ဘူး… မြေမျက်နှာသွင်ပြင်က အကောင်းဆုံးဖြစ်နေမှရမယ်… ဒါပေမဲ့...”

ဤနေရာတွင် လင်းရှန် ခေတ္တတွေဝေသွားပြီးနောက် ခေါင်းငြိမ့်ကာ ပြောသည်၊၊

“ဒါပေမဲ့ ဒါက စမ်းကြည့်သင့်တဲ့ နည်းလမ်းပဲ… ဒါပေမဲ့ စိတ်ချရအောင်လို့… မင်း ဂရေ့စ်ကို ပြင်ဆင်ပြီးတာနဲ့ ငါ ဒရုန်းတစ်စင်းကို အပြင်လွှတ်ပြီး သီးသန့်စမ်းသပ်ကြည့်မယ်”

ထိုသို့ ပြောသော်လည်း လင်းရှန်သည် ဤကဲ့သို့ လှုပ်ရှားမှုက မှောင်ပိန်းနေသော တောအုပ်ထဲမှ တုံ့ပြန်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေဆဲဖြစ်သည်၊၊ ထို့ကြောင့် သူသည် ပျံသန်းရေးဒရုန်းဖြင့် စမ်းသပ်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်၊၊

အချက်ပြစနစ်ဖြင့် ထိန်းချုပ်ရန် ဝေးကွာလွန်းသော်လည်း လင်းရှန်သည် အလိုအလျောက် ပျံသန်းမှုစနစ်ကို သတ်မှတ်ပေးရုံဖြင့် ဒရုန်းကို သတ်မှတ်ထားသော နေရာသို့ ပျံသန်းစေနိုင်သည်၊၊ အကယ်၍ မည်သည့် အနှောင့်ယှက်မျှ မရှိပါက ဤအစီအစဉ်မှာ အမှန်တကယ် အောင်မြင်နိုင်သည်၊၊

လင်းရှန်သည် ဤအစီအစဉ်အပေါ် မျှော်လင့်ချက် ကြီးကြီးမထားသော်လည်း လက်ရှိ အခက်အခဲအရ စမ်းသပ်ကြည့်ရုံမှတစ်ပါး အခြားမရှိပေ၊၊ အစီအစဉ်မအောင်မြင်လျှင်ပင် ဂရေ့စ်ကို ကင်းထောက်ခိုင်းနိုင်သည်၊၊ လူတိုင်း ဤနေရာတွင် ပိတ်မိနေသည်ထက်စာလျှင် ပိုကောင်းသည်၊၊

ထို့အပြင် သူသည် ဂရေ့စ်ကို သဘောကျနေသည်မှာ ကြာပြီဖြစ်သည်၊၊ အရည်အသွေးမြင့် AI တစ်ခုအနေဖြင့် သူမသည် သူ့ကို များစွာ ကူညီနိုင်သည်၊၊ ထို့ပြင် စက်ရုပ်၏ ပစ္စည်းများမှာ အလွန်ထူးခြားပြီး တိုက်ပွဲတွင်လည်း အားကိုးရသည့် လက်နက်တစ်ခုဖြစ်နိုင်သည်၊၊ သုညဒြပ်စင်ဗဟိုဌာနတွင် အားကောင်းသော နန်ကျင်းပင်လျှင် ဤစက်ရုပ်၏ သတ္တုပြားကို တစ်ချက်တည်းနှင့် မဖျက်ဆီးနိုင်ခဲ့သည်ကို သတိပြုသင့်သည်၊၊ ဤသည်မှာ သူမ၏ ကာကွယ်ရေးစွမ်းရည် မည်မျှမြင့်မားသည်ကို ပြသနေခြင်းဖြစ်သည်၊၊

အစီအစဉ် မအောင်မြင်လျှင်ပင် ဤ AI သည် ဆုံးဖြတ်ချက်ချရာတွင် ဖိအားအချို့ကို လျှော့ချပေးနိုင်လိမ့်မည်၊၊

“အင်း”

ကီကီသည် စိတ်အားတက်ကြွလာကာ မေးစေ့ကို လက်ဖြင့်ထောက်ပြီး ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခုရလာသည်၊၊

“လင်းရှန်… ဒီဂျစ်တယ်သက်ရှိ ဖန်တီးချင်တဲ့လူတွေကလည်း ဒါကိုပဲ ကြံစည်နေကြတာလား… သူတို့ရဲ့ အသိစိတ်ကို ကွန်ပျူတာထဲ ထည့်ပြီး စက်ရုပ်ဖြစ်သွားရင် အမှောင်ထုကို ကြောက်စရာ မလိုတော့ဘူးပေါ့”

“ဖြစ်နိုင်တာပဲ… အစပိုင်း ရည်ရွယ်ချက်က အဲဒီလိုမဟုတ်ပေမဲ့ ပန်းတိုင်ကတော့ အတူတူပဲ”

လင်းရှန်က ပြောလိုက်သည်၊၊

အင်တာနက် မရှိသည့်တိုင်အောင် ဂရေ့စ်ကဲ့သို့ စက်ရုပ်မျိုးမှာ ကမ္ဘာပေါ်တွင် အနည်းငယ်သာ ရှိသည်၊၊ ဒီဂျစ်တယ်သက်ရှိကို ပြီးပြည့်စုံစေရန် အကောင်းဆုံးနည်းလမ်းမှာ Cloud စနစ်ဖြင့် တွက်ချက်ခြင်းဖြစ်သည်၊၊ သို့သော် ယခုအခါ ကမ္ဘာ့အချက်အလက်ကွန်ရက်များမှာ ပျက်စီးနေပြီဖြစ်သည်၊၊ လူတစ်ဦးတည်း၏ အသိစိတ်ကို AI ထဲသို့ ထည့်ခြင်းက ဘာမှပိုမထူးခြားနိုင်ပေ၊၊ သို့ရာတွင် ထိုအယူသည်းသူများက ဘယ်လိအစွန်းရောက်ကိစ္စများကို လုပ်ဆောင်မည်ကို မည်သူသိနိုင်မည်နည်း၊၊

“ဒါပေမဲ့ ပြဿနာတစ်ခုတော့ ရှိသေးတယ်”

လင်းရှန်သည် နန်ကျင်း ပြောခဲ့သည်ကို ပြန်စဉ်းစားလိုက်သည်၊၊

“အဖြူရောင်မြို့က ကမ္ဘာပျက်ကပ်နေ့မှာ တွင်းနက်ရဲ့ ဝါးမျိုခြင်းကို ခံခဲ့ရတယ်… အဲဒီက ရထားလမ်း အခြေအနေကလည်း မသေချာဘူး… တကယ်လို့ ရှုပ်ထွေးတဲ့ ပြဿနာတွေ ရှိနေရင် ဂရေ့စ်တစ်ယောက်တည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”

ဂရေ့စ်သည် Ai မျှသာဖြစ်ပြီး သူမတွင် စိတ်စွမ်းအား သို့မဟုတ် ယန္တရားထုတ်လုပ်မှု စွမ်းရည်မရှိပေ၊၊ ထူးခြားသော အခြေအနေများတွင် သူမ၏ မြင့်မားသော တွက်ချက်နိုင်စွမ်းရှိသော်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာကျွမ်းကျင်မှု မရှိခြင်းကြောင့် သူမ၏ ကြိုးစားမှုများက အလဟဿဖြစ်သွားနိုင်သည်၊၊

ကီကီက ခေါင်းငြိမ့်သည်၊၊

“ဒါဆိုရင် ကျွန်မတို့ ဂရေ့စ်ကို အဖြူရောင်မြို့ဆီ အရင်ဆုံး ကင်းထောက်လွှတ်လိုက်မယ်… အခြေအနေကို သိရတော့မှ ဆက်လုပ်ကြတာပေါ့”

“အဲဒါ ကောင်းတယ်”

လင်းရှန်က သူမကို ကြည့်ပြီး မေးလိုက်သည်၊၊

“ဘယ်လောက် ထပ်ကြာဦးမလဲ”

“ခွဲခြမ်းစိတ်ဖြာပြီးပြီ…ဒါပေမဲ့ အသုံးဝင်တဲ့ အချက်အလက် သိပ်မတွေ့ဘူး… အနီရောင်ကမ္ဘာက အရမ်းသတိကြီးတယ်… ဒီ AI ကို သုညဒြပ်စင်ဗဟိုဌာနကို ကာကွယ်ဖို့ သီးသန့်ဒီဇိုင်းထုတ်ထားတာပဲ… သူမရဲ့ လှုပ်ရှားမှုအပိုင်းနဲ့ အတွေးပုံစံတွေကို ထုတ်ယူပြီးရင် ကျန်တဲ့ အသုံးမဝင်တဲ့ အချက်အလက်တွေကို ဖျက်ပြီး စနစ်ကို ပြန်ပြင်လိုက်မယ်… နှစ်နာရီလောက်တော့ ကြာဦးမယ်”

“ကောင်းပြီ” လင်းရှန်က ပြန်ပြောသည်၊၊

“ဒါဆို မြန်မြန်လုပ်ကြတာပေါ့”

ကီကီ ခေါင်းငြိမ့်ကာ ထိန်းချုပ်မှုများကို စတင်ရန် ပြန်ပြေးသွားသည်၊၊

တစ်ချိန်တည်းမှာပင် လင်းရှန်သည် အချိန်မဖြုန်းပဲ ခဲယမ်းများ ထုတ်လုပ်ကာ ရထားတွဲများကို ဝါးမျိုနေသည်၊၊ သမုဒ္ဒရာနှင့် ကြက်တူရွေးယာဥ်တန်းများတွင် စုစုပေါင်း ရထားတွဲ ၃၂ တွဲ ရှိသည်၊၊ နျူကလီးယားစက်ခေါင်းနှစ်လုံးနှင့် လျှပ်စစ်စက်ခေါင်းနှစ်လုံးကို ဖယ်လိုက်လျှင် ကျန်ရှိသော ၂၈ တွဲမှာ ထူထဲသော သံချပ်ကာများ တပ်ဆင်ထားသည့် သာမန်ရထားတွဲများ ဖြစ်ကြသည်၊၊ လင်းရှန်သည် တစ်တွဲချင်းစီကို ဝါးမျိုလိုက်သည်၊၊

သာမန်ရထားတွဲ တစ်တွဲစီသည် နောက်တွဲယာဉ်များထက် ယန္တရားရင်းမြစ်အမှတ် ပိုထွက်သည်၊၊ အကြောင်းက ၎င်းတို့တွင် လျှပ်စစ်စနစ်များစွာ ပါဝင်သောကြောင့် ဖြစ်သည်၊၊ ဤကဲ့သို့ ရထားတွဲတစ်တွဲကို ဝါးမျိုခြင်းဖြင့် ယန္တရားရင်းမြစ်အမှတ် ၅၀ ခန့်နှင့် သတ္တုပစ္စည်း အများအပြားကို ရရှိနိုင်သည်၊၊

【ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၅၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၁၀】

【ဂုဏ်ယူပါသည်၊ သင်၏ ယန္တရားဝါးမျိုမှုစွမ်းရည်မှာ အဆင့် ၅ သို့ မြှင့်တင်ပြီးဖြစ်၍ ဝါးမျိုမှု ထိရောက်မှု ပိုမိုမြင့်မားလာပါပြီ】

ရထားတွဲလေးတွဲကို ဝါးမျိုပြီးနောက် လင်းရှန်၏ ယန္တရားဝါးမျိုမှု ကျွမ်းကျင်မှုမှာ ၂၀၀၀ သို့ ရောက်ရှိသွားပြီး အဆင့်မြှင့်တင်မှု ပြီးဆုံးသွားသည်၊၊ ခဏအတွင်းမှာပင် သူ၏ ဝါးမျိုမှုတိုးတက်နှုန်းက တစ်ဟုန်ထိုး တိုးတက်သွားသည်ကို ခံစားလိုက်ရသည်၊၊ မူလက ရထားတွဲအလွတ်တစ်ခုကို ဝါးမျိုရန် မိနစ် ၂၀ ခန့် ကြာသော်လည်း ယခုအခါ ၁၃ မိနစ်သာ ကြာတော့သည်၊၊ ဤသည်မှာ ထိရောက်မှုကို များစွာ တိုးတက်စေသည်၊၊

【ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၃၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၅】

အဆင့်မြှင့်ပြီးနောက် လင်းရှန်သည် အခြားရထားတွဲတစ်ခုကို ဝါးမျိုလိုက်ပြန်သည်၊၊ အဆင့်မြင့်သွားသည့်အတွက် သာမန်စက်ပစ္စည်းများကို ဝါးမျိုခြင်းမှ ရရှိသော အကျိုးကျေးဇူးမှာ ပြန်လည်လျော့နည်းသွားသည်၊၊ လင်းရှန်သည် ဤပြောင်းလဲမှုကို ကျင့်သားရနေပြီ ဖြစ်သည်၊၊

ဤသည်မှာ ယန္တရားရင်းမြစ်အမှတ်သည် သူ၏ ယန္တရားနှလုံးသားအတွက် နည်းပညာလေ့လာမှု တစ်မျိုးကဲ့သို့ပင် ဖြစ်သည်၊၊ အဆင့်မြင့်လေလေ တိကျသောနည်းပညာများအပေါ် လိုအပ်ချက်ပိုများလေလေ ဖြစ်သည်၊၊ စက်မှုပစ္စည်းများကို အများအပြား ဝါးမျိုရုံဖြင့် အကန့်အသတ်မရှိ အဆင့်မြှင့်ရန်မှာ မဖြစ်နိုင်ကြောင်း ထင်ရှားသည်၊၊ ယခုအချိန်တွင် လင်းရှန်သည် ရထားတစ်တွဲကို ဝါးမျိုလျှင် ယန္တရားရင်းမြစ်အမှတ် အနည်းငယ်သာ ရရှိတော့သည်၊၊ ပစ္စည်းများ ရရှိသည်မှလွဲ၍ အဆင့်မြှင့်တင်မှုအတွက်မူ ဘာမှမဟုတ်သလောက်ပင် ဖြစ်နေသည်၊၊

ခဏအကြာတွင် ကီကီ၏ အသံမှာ ဆက်သွယ်ရေးစက်မှတစ်ဆင့် ထွက်ပေါ်လာသည်၊၊

“လင်းရှန်… ပြီးပြီ”

Chapter 633

ဂရေ့စ် အသစ်ပြန်လည်ရေးသားခြင်း

ထိုစကားကို ကြားသောအခါ လင်းရှန်သည် သူလုပ်နေသည်များကို ချက်ချင်းရပ်ကာ ရထားတွဲအမှတ် ၂၁ ထံသို့ ပြေးသွားခဲ့သည်၊၊ ထိုနေရာရှိ လက်နက်စခန်းတွင် ၁၁၃၀ လက်နက် တစ်ခုသာ ရှိပြီး ကျန်သည့်နေရာများမှာ အလွတ်ဖြစ်ကာ ကိရိယာတန်ဆာပလာ အချို့သာ ရှိသည်၊၊ လင်းရှန် သံဗီရိုထဲတွင် ပိတ်လှောင်ထားသော ဂရေ့စ်လည်း ထိုနေရာတွင်ပင် ရှိနေသည်၊၊

တစ်ချိန်တည်းမှာပင် ကီကီသည် သံဗီရိုကို ဖွင့်ထားပြီး ကြမ်းပြင်ပေါ်တွင် ကွန်ပျူတာတစ်လုံးနှင့် ထိုင်နေသည်၊၊ ဂရေ့စ်၏ ဦးခေါင်းနောက်ဘက်တွင် များပြားလှသော အချက်အလက်ကြိုးများကို ချိတ်ဆက်ထားသည်၊၊

“ကျွန်မ အားလုံး ပြင်ဆင်ပြီးပြီ…ရှင့်ကို စောင့်နေတာ”

“လော့ယန် ဘယ်မှာလဲ”

“သူ့လူတွေကို ခေါ်ပြီး ရှေ့တန်းမှာ လျှပ်စစ်ခြံစည်းရိုးနဲ့ စောင့်ကြည့်ရေး ဆင်ဆာတွေ သွားတပ်နေတယ်”

“ကောင်းပြီ” လင်းရှန် ခေါင်းငြိမ့်လိုက်သည်၊၊

“မင်း တိုက်ရိုက်လုပ်လို့ရတယ်… ငါ သူမရဲ့ ယန္တရားအစိတ်အပိုင်းတွေကို ထိန်းချုပ်ထားပြီးသားပဲ”

လင်းရှန်သည် စနစ်ပြန်လည်မပြင်ဆင်ရသေးသော အနီရောင်ကမ္ဘာ၏ AI ကို လုံးဝ စိတ်မချနိုင်ပေ၊၊ ကံကောင်းသည်မှာ သူ၏ ယန္တရားစွမ်းရည်မှာ သူမ၏ ကွန်ပျူတာပရိုဆက်ဆာကို မထိန်းချုပ်နိုင်သေးသော်လည်း သူမ၏ လှုပ်ရှားမှုအပိုင်းကိုမူ ထိန်းချုပ်ထားနိုင်သည်၊၊ ဤသည်မှာ စက်ရုပ်မှ ရန်လိုသော အပြုအမူများ မလုပ်နိုင်ရန် တားဆီးပေးထားခြင်း ဖြစ်သည်၊၊

ချောက်... ချောက်... ချောက်...

ကီကီသည် ကွန်ပျူတာကို အမြန်ကိုင်တွယ်လိုက်သည်၊၊

“အိုကေ… စနစ်ပြင်ဆင်မှု စတင်နေပြီ… မိနစ် ၂၀ လောက် ကြာလိမ့်မယ်… ကျွန်မက သူမရဲ့ မူလစနစ်စည်းမျဉ်းတွေကို အကုန်ဖျက်ပြီး အသစ်တစ်ခုပဲ ထည့်လိုက်တယ်”

“ဘာစည်းမျဉ်းလဲ” လင်းရှန်က မေးသည်၊၊

ကီကီက သူ့ကို ပြန်ကြည့်ကာ အလေးအနက် ပြောလိုက်သည်၊၊

“အခြေခံစည်းမျဉ်း: လင်းရှန်၏ ညွှန်ကြားချက်အားလုံးကို အကြွင်းမဲ့ နာခံရန်”

“ဒါအပြင် တခြားထပ်ထည့်ချင်တာ ရှိသေးလား”

လင်းရှန်က ပြုံးရင်း ပြောသည်၊၊

“ဒါဆို လုံလောက်ပါပြီ… ကျန်တာတော့ မစဉ်းစားရသေးဘူး”

“ကောင်းပြီ”

တီ...

ဤအချိန်တွင် ကီကီ၏ ထိန်းချုပ်မှုအောက်တွင် ဂရေ့စ်၏ စနစ်တစ်ခုလုံးကို အသစ်ပြန်လည်ရေးသားခြင်း စတင်နေသည်၊၊ ဂရေ့စ်၏ အရန်စွမ်းအင်များ စတင်လည်ပတ်လာပြီး ကွန်ပျူတာပရိုဆက်ဆာလည်း အလုပ်လုပ်လာသည်၊၊ စနစ်ပြင်ဆင်မှု အမိန့်ပေးချက်ရောက်ရှိလာသည်နှင့် သူမ၏ လည်ပင်းနောက်ဘက်ရှိ အစိတ်အပိုင်းများမှာ ရောဂါရှာဖွေရေးမီးနီလေးများကဲ့သို့ တောက်ပလာသည်၊၊ သူမ၏ ခန္ဓာကိုယ်ထဲရှိ သန်းပေါင်းများစွာသော အာရုံကြောတုများကို ပြန်လည်စုစည်းကာ အလွန်မြင့်မားသော တွက်ချက်မှု အခြေအနေတစ်ခု စတင်ပေါ်ပေါက်လာသည်၊၊

လင်းရှန်သည် ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် တည်ငြိမ်နေသည်၊၊ ဂရေ့စ်ကဲ့သို့သော ဦးနှောက်အဆင့်အတန်းရှိသည့် စက်ရုပ်မှာ သာမန်စက်ရုပ်မဟုတ်သည်ကို သူသိသည်၊၊ ကီကီ၏ အဆိုအရ ဖီးနစ်အဖွဲ့စည်းနှင့် ရှင်းဟွာစက်မှုလုပ်ငန်းကြီးများတွင်ပင် ဤကဲ့သို့ တွက်ချက်နိုင်စွမ်းရှိသော Ai ဦးနှောက်မျိုး ၁၀ ခုထက် ပိုမရှိနိုင်ပေ၊၊ ၎င်းတို့ကို အဓိကအားဖြင့် အာကာသစခန်းကြီးများ… အာကာသယာဉ်များ သို့မဟုတ် အလွန်ကြီးမားသော စခန်းများကို ထိန်းချုပ်ရန်အတွက်သာ အသုံးပြုကြသည်၊၊

ဖီးနစ်အဖွဲ့အတွင်း၌ ဂရေ့စ်ထက် ပို၍မြင့်မားသော AI တစ်ခု ရှိနေမည်ဖြစ်ပြီး ၎င်းကို ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာများချမှတ်ရန် အသုံးပြုလိမ့်မည်ဟူ လင်းရှန် ခန့်မှန်းထားသည်၊၊ သို့သော် အမှောင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အနီရောင်ကမ္ဘာတွင်မူ ၎င်းကို အော့ဖ်လိုင်း စီမံခန့်ခွဲရေးစခန်းတစ်ခုအဖြစ် အသုံးပြုနေခြင်း ဖြစ်သည်၊၊ ချူယန်၏ အဖွဲ့ဝင်များက ဂျူးလိယပ်စ် လစ်တ်ကို ကင်းထောက်ခဲ့သည်ကို ပေါင်းစပ်ကြည့်လျှင် အနီထောင်ကမ္ဘာ၏ အရေးပါမှုမှာ သူအရင်က ထင်ထားသည်ထက် များစွာ ပိုကြီးမားကြောင်း လင်းရှန် ကောက်ချက်ချနိုင်သည်၊၊

“လင်းရှန်”

လင်းရှန်နှင့် ကီကီတို့သည် ဂရေ့စ်၏ စနစ်ပြင်ဆင်မှု ပြီးဆုံးရန် စောင့်နေစဉ်မှာပင် ရုတ်တရက် ဂရေ့စ်၏ သုံးဖက်မြင်ပုံရိပ်မျက်နှာမှာ တုန်ခါလာပြီး ချူယန်၏မျက်နှာ ပြန်ပေါ်လာသည်၊၊ ဤရုတ်တရက်ပေါ်လာသော မြင်ကွင်းကြောင့် လင်းရှန်နှင့် ကီကီတို့၏ မျက်နှာအမူအရာများ ပျက်သွားသည်၊၊

“ဘာဖြစ်တာလဲ” လင်းရှန် အော်မေးလိုက်သည်၊၊

“ဝှက်ထားတဲ့ ပရိုဂရမ်တစ်ခုက စနစ်ပြင်ဆင်မှုကို တားဆီးနေတာပဲ”

ကီကီက အံ့အားသင့်စွာ ပြန်ပြောသည်၊၊

“ကျွန်မ အခုချက်ချင်း ဖယ်လိုက်မယ်”

ထိုအချိန်မှာပင် ချူယန်၏ မျက်နှာရှိသော ဂရေ့စ်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာကာ သူမရှေ့တွင် ရပ်နေသော လင်းရှန်ကို ကြည့်လိုက်သည်၊၊ သူမ၏ သုံးဖက်မြင်မျက်နှာမှာ ဆက်တိုက် တုန်ခါနေပြီး ပျက်စီးနေသော အသံစနစ်မှတစ်ဆင့် ပြောလာသည်၊၊

“လင်းရှန်... အထဲက ဒိုင်နမေးရှင်းကျော်လွန်တဲ့... မဟုတ်ဘူး... နင့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ နားလည်အောင် မကြိုးစားနဲ့... အမှောင်ကမ္ဘာရဲ့ စွမ်းအားမှာ တူညီတဲ့ ပဲ့တင်ထပ်မှုရှိရမယ်... ဒါမှမဟုတ် အဲဒီအရာကနေတစ်ဆင့် ဆက်သွယ်နိုင်လိမ့်မယ်...”

“မင်းက ဘယ်သူလဲ”

လင်းရှန်က မေးလိုက်သည်၊၊

ဝူးခနဲ အသံနှင့်အတူ သုံးဖက်မြင်မျက်နှာမှာ ပျောက်ကွယ်သွားပြီး သတင်းစကားမှာလည်း ပြီးဆုံးသွားသည်၊၊ ထိုအချိန်တွင် ဂရေ့စ်၏ စနစ်မှာလည်း လုံးဝ ပြင်ဆင်ပြီးသွားခဲ့သည်၊၊

ကီကီက ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ရင်း မေးသည်၊၊

“သူမ... ခုနက ရှင့်ကို ခေါ်နေတာလား”

လင်းရှန်က ကီကီကို ချက်ချင်းကြည့်လိုက်သည်၊၊

“ကီကီ… အဲဒီ သတင်းစကားရဲ့ ပရိုဂရမ်ကို ပြန်ရှာလို့ ရမလား”

ကီကီက မျက်မှောင်ကြုတ်သွားသည်၊၊

“မရတော့ဘူး… အကုန်လုံး အသစ်ပြန်ဖြစ်သွားပြီ… အဲဒီစနစ်က ပရိုဂရမ်ဖျက်ခံရတာကို သိတာနဲ့ အလိုအလျောက်ပေါ်လာအောင် လုပ်ထားတာပဲ… ဒါပေမဲ့...”

“ငါတို့ ဒါကို လုပ်မယ်ဆိုတာ သူတို့ ကြိုသိနေသလိုပဲလား”

လင်းရှန် မျက်နှာပျက်သွားကာ စတင်လည်ပတ်နေသော ဂရေ့စ်ကို ကြည့်လိုက်သည်၊၊ သူ၏ စိတ်ထဲတွင် အတွေးများစွာ ရှုပ်ထွေးနေသည်၊၊

ဘယ်သူက သူ့ကို စကားပြောနေတာလဲ… ပြီးတော့ အဲဒီစကားတွေက ဘာကို ဆိုလိုတာလဲ….

ဒါက သတိပေးချက်လား….

ဂရေ့စ်က သူမရဲ့ လက်ရှိအခြေအနေကို ဘယ်လိုသိနေတာလဲ…

ဒီစက်ရုပ်က ငါက သူ့စနစ်ကို ပြင်ဆင်မယ်ဆိုတာ ဘယ်လိုသိတာလဲ…

ရှုပ်ထွေးလှသော လျှို့ဝှက်ချက်များသည် လင်းရှန်၏ စိတ်ထဲတွင် ထူထပ်သော ကတ္တရာစေးများကဲ့သို့ ရစ်ပတ်နေသည်၊၊ ချူယန်နှင့် အနီရောင်ကမ္ဘာတို့နှင့် စတင်ထိတွေ့ခဲ့ကတည်းက လင်းရှန်သည် သူ့ကို တစ်စုံတစ်ယောက်က လျှို့ဝှက်စွာ စောင့်ကြည့်နေသည်ဟု ခံစားခဲ့ရသည်၊၊ သို့သော် သုညဒြပ်စင်ဗဟိုဌာမှ သတိပေးချက်က လင်းရှန်အတွက် အကျိုးရှိနေသည်ဖြစ်ရာ သူ့ကို ပို၍ပင် ရှုပ်ထွေးစေသည်၊၊

အကယ်၍ ချူယန် မဟုတ်လျှင် အနီရောင်ကမ္ဘာက ဘာလို့ သူ့ကို ကူညီနေရတာလဲ၊၊

ရထားတွဲ ၂၁ တွင် လင်းရှန်နှင့် ကီကီတို့ နှစ်ဦးလုံး မှင်သက်နေကြသည်၊၊ ခုနက ဖြစ်ပျက်သွားသည်မှာ အလွန်ပင် ထူးဆန်းလွန်းလှသည်၊၊ ကီကီပင်လျှင် ကြိုတင်ပြင်ဆင်ချိန် မရခဲ့ပေ၊၊

“ကျော်လွန်တဲ့ ဒိုင်နမေးရှင်း… တူညီတဲ့ ပဲ့တင်ထပ်မှု... သူမက ကျွန်မတို့ကို တစ်ခုခုပြောချင်နေတာလား”

ကီကီက ပြောသည်၊၊

လင်းရှန်က ခေါင်းခါလိုက်သည်၊၊

“ငါ သိပ်နားမလည်ဘူး… ဒါပေမဲ့ ငါ့ရဲ့ မသိစိတ်ကတော့ ဒီသတင်းအချက်အလက်က အရမ်းအရေးကြီးတယ်လို့ ပြောနေတယ်”

“ဒါဆို... တခြားလူတွေကို ပြောပြရမလား” ကီကီက မေးသည်၊၊

လင်းရှန်၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားပြီး ဂရေ့စ် ပြောခဲ့သော စကားများကို ပြန်ရွတ်ကြည့်နေသည်၊၊

“အထဲက ကျော်လွန်တဲ့ ဒိုင်နမေးရှင်း… မဟုတ်ဘူး နင့်ရဲ့ကိုယ်ပိုင်အမြင်နဲ့ နားလည်အောင် မကြိုးစားနဲ့… အမှောင်ကမ္ဘာရဲ့ စွမ်းအားဟာ တူညီတဲ့ ပဲ့တင်ထပ်မှုမျိုး ရှိရမယ်...”

“အဲဒါက ဘာကို ဆိုလိုတာလဲ”

“ဒါဟာ အမှောင်ကမ္ဘာရဲ့ စွမ်းအားက သူ့ရဲ့ ကိုယ်ပိုင်နယ်ပယ်ကနေတစ်ဆင့် နှောင့်ယှက်တာကို ဆိုလိုတာလား...”

ကီကီက ချက်ချင်း တုံ့ပြန်လိုက်သည်၊၊

“ဥပမာ သွေးကပ်ဘေးပန်းက S-Class အဆင့်တွေရဲ့ တည်ရှိမှုကို သိနိုင်တယ်…. ကုဗတုံးက အမှောင်ကျူးကျော်မှုကို ကာကွယ်နိုင်တယ်… ပြီးတော့ ငွေနဂါးဆယ်ဆပန်းကလည်း ထပ်နေတဲ့ ဟင်းလင်းပြင်အလွှာတွေကို ဖယ်ရှားနိုင်တယ်”

လင်းရှန်၏ အမူယာက လေးနက်နသေည်၊၊

“ကပ်ဘေးအပင်တွေနဲ့ တားမြစ်ထားတဲ့ ပစ္စည်းတွေက အမှောင်နယ်ပယ်ထဲမှာ တည်ရှိနေတဲ့ အရာတွေပဲ… အခု ဖက်ဒရေးရှင်းနဲ့ ဖီးနစ်တို့က ဘေးအန္တရာယ်တွေကို ဖြေရှင်းဖို့ အဲဒီအရာတွေကို လေ့လာနေကြပြီ… မင်းအတွေးမှန်တယ်”

သူ့တွင်ရှိနေသော အရာများကို ရေတွက်ကြည့်လျှင် လင်းရှန်တွင် ကပ်ဘေးအပင် နှစ်ခုနှင့် တားမြစ်ပစ္စည်းနှစ်ခုရှိသည်၊၊ လုရှင်းချန်တွင်လည်း ရွှေလက်ကောက်တစ်ခုရှိသည်၊၊ လင်းရှန်သည် ဟူလုရှို့ပေးခဲ့သော ငွေရောင်ကျည်ဆန်ကို သတိရလိုက်သည်၊၊ သို့သော် ပြဿနာမှာ သူသည် တားမြစ်ပစ္စည်းများအကြောင်း အနည်းငယ်သာ သိထာူခြင်းပင် ဖြစ်သည်၊၊ ဘာလို့ မီးတောက်ရဲ့ ရွှေလက်ကောက်နဲ့ အဲဒီငွေကျည်ဆန်က ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်တွေကို ယူမလာဘဲ အာခီစိုင်းစွန့်ပစ်နယ်မြေ၌ တွေ့ခဲ့သည့် ခြင်္သေ့ရုပ်ထုကြီးကတော့ လူတိုင်းကို တွင်းနက်ထဲကို ဆွဲခေါ်သွားရတာလဲ၊၊

All Chapters