အမှောင်ထု၏သားတော် + ငါက သူရဲကောင်းဖြစ်ချင်ရုံပါ NXM Chapter 4 – သတ်လို့မရတဲ့ရန်သူ
Vol. 4 Ch. 4
အမှောင်ထု၏သားတော် + ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
NXM Chapter 4 – စိတ်ပင်လယ်
[တီ.. တီ... တီ....အရေးပေါ်ထုတ်ပြန်ချက်... အရေးပေါ်ထုတ်ပြန်ချက်။ အိုမီဂါအဆင့် အန္တရာယ်သတ်မှတ်ချက်ရှိ အပြိုင်ကမ္ဘာကျူးကျော်သူမှာ နယူးယောက်နှင့်နီးကပ်လာပါပြီ။ ပြည်သူများအားလုံး လုံခြုံရေးတပ်ဖွဲ့များအကူအညီယူ၍ ဘေးကင်းရာသို့ ရွှေ့ပြောင်းကြပါရန်]
နယူးယောက်တစ်မြို့လုံးရဲ့ဒီဂျစ်တယ်ဆိုင်းဘုတ်တွေက အရေးပေါ် သတိပေးချက်တွေကို ဆက်တိုက်ထုတ်ပြန်နေတယ်။ မြို့တော် ကာကွယ်ရေးစွမ်းအင်ဒိုင်းလည်း ပွင့်လာပြီဖြစ်ပြီး နယူးယောက် ဟီးရိုးအစည်းအရုံးရဲ့နာမည်ကျော် ဌာနမှူးဖြစ်သူ ဖားလေး လူးစီးယပ်က အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ကမ္ဘာ့ ကုန်သွယ်ရေးစင်တာတာဝါပေါ်မှာ လက်ပိုက်ရပ်နေတယ်။
သူ့ပုံစံကမိန်းကလေးတစ်ယောက်ပုံစံဖြစ်နေပြီးတော့ အစိမ်းရောင် ဟူဒီကိုဝတ်ထားတယ်။ သူက သူနဲ့အတူတူရှိနေတဲ့ နယူးယောက်ရဲ့ မျိုးဆက်သစ်ဟီးရိုးတွေကိုကြည့်လိုက်တယ်။
သွေးစုပ်ဖုတ်ကောင် အီဗန်၊ မီးတောက်အရူး ဖီးလစ်၊ ရေခဲဘုရင် ဩစတင်း စသည်ဖြင့် နယူးယောက်ဟီးရိုးကျောင်းဆင်း မျိုးဆက်သစ် S rank များစွာကိုမြင်တွေ့နိုင်တယ်။ မက်ဒါနာ ကျောင်းအုပ်အဖြစ်နေခဲ့တဲ့ကာလက သိပ်မကြာခဲ့ပေမဲ့ စာရင်းအောက်ဆုံးရောက်နေခဲ့တဲ့ နယူးယောက်ဟီးရိုးကျောင်းဟာ အခုဆိုရင်တော့ အမေရိကရဲ့အတော်ဆုံးဟီးရိုးတွေထွက်ပေါ်ရာ နေရာတစ်ခုဖြစ်လာခဲ့တယ်။
“အားလုံးနားထောင်ကြ၊ ရန်သူက အိုမီဂါအဆင့်ပဲ။ ဒါပေမဲ့ ငါတို့အနေနဲ့ကြောက်စရာမလိုဘူး။ ရန်သူရဲ့ခန္ဓာကိုယ်အစစ်ကို ပိုးကောင်ဘုရင်မဥစာကီနဲ့ အနီရောင်နတ်ဘုရား အာကိုင်းဂါမီက တားဆီးထားပေးလိမ့်မယ်။ ငါတို့က သူ့ဆီကထွက်လာတဲ့ အငြိုးတေးဝိညာဥ်တွေကို တားဆီးရုံပဲ။ သာမန်ပြည်သူတွေကို လုံးဝမထိခိုက်စေနဲ့။ ငါတို့ဘက်က လူတစ်ယောက်သေလေ ရန်သူက ပိုအားကောင်းလာလေပဲ။”
“နားလည်ပြီ...” အီဗန်က ခေါင်းညိတ်ပြလိုက်တယ်။ သွေးမြူတွေက သူ့ခန္ဓာကိုယ်ကိုကိုရစ်သိုင်းနေပြီး သူ့ဓားအိမ်ထဲက ဓားက ရန်သူတွေကို အလိုလိုသတ်ဖြတ်ပစ်တော့မလိုပါပဲ။
“ကြီးမြတ်တဲ့ အာကိုင်းဂါမီနဲ့ ဟောဒီက ဖီးလစ်က တိုက်ပွဲအတူတူ ဝင်ရတော့မှာပဲ။ မိုက်တယ်။” ဖီးလစ်က ပြောလိုက်တယ်။
ဘုန်း...
ရုတ်တရက် ပေါက်ကွဲသံကြီးတစ်ခုထွက်လာပြီး စွမ်းအင်ဒိုင်းက ပြိုကျသွားတယ်။ အနက်ရောင်ဝိညာဥ်အခိုးအငွေ့တွေက မြို့ စွမ်းအင်ဒိုင်းကာကိုဝင်တိုက်ခဲ့တာဖြစ်ပြီး သိန်းသောင်းနဲ့ချီတဲ့ ထိန်းချုပ်ခံ ဝိညာဥ်တွေက နယူးယောက်မြို့ကြီးရဲ့ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့ပါပြီ။
“ ကျောင်းသားဩစတင်း... တိုက်ပွဲဝင်ကြစို့....” မြို့ခုခံရေးစနစ် ခေါင်းဆောင်ဖြစ်တဲ့ အယ်လာက စစ်နတ်သမီးထောင်ချီကို ဦးဆောင်ပျံသန်းလာရင်း ဩစတင်းရှေ့မှာရပ်လိုက်တယ်။ ဩစတင်းကတော့ ရေခဲဓားသွားထောင်ချီကိုဖန်တီးရင်း အရှက်ပြေအော်ဟစ်လိုက်တော့တာပေါ့။
“ကျွန်တော်က ကျောင်းသားမဟုတ်တော့ပါဘူးဆို...”
...
ပိုမိုမြင့်မားတဲ့ကောင်းကင်တစ်နေရာမှာပဲ အာကိုင်းဂါမီက နေမင်းကြီးကမီးတောက်တွေကို ဆွဲယူသွန်းလောင်းထားတဲ့ နေမင်းဓားကိုကိုင်ဆောင်ပြီး ခိုင်နေခြည်ကို တိုက်ခိုက်နေတယ်။ ဥစာကီရဲ့ကျိန်စာသင့်ဓားကနေလည်း ကျိန်စာမီးတောက် သံချိန်းကြိုးတွေထွက်ပေါ်နေပြီး ခိုင်နေခြည်ကိုချုပ်နှောင်ဖို့ ကြိုးစားနေတယ်။
“ပြောပြီးပြီလေ... ကမ္ဘာနှစ်ခုရဲ့စွမ်းအားမပါဘဲ ငါ့ကိုထိခိုက်အောင် နင်တို့မလုပ်နိုင်ဘူးလို့။”
ခိုင်နေခြည်က ဥစာကီရဲ့လက်ကိုဖမ်းဆွဲနိုင်သွားပြီး ရင်ဘတ်ကို ဆောင့်ကန်လိုက်နိုင်တယ်။ အာကိုင်းဂါမီလည်း စိုးထိတ်သွားပြီး ဥစာကီကို လေထဲမှာ စီးဖမ်းလိုက်ရတာပေါ့။
“မင်းရရဲ့လား....” ကိုင်းတိုက လေထဲမှာချာချာလည်နေပေမဲ့ မီးလျှံအတောင်ပံတွေကိုအသုံးပြုရင်း အရှိန်ထိန်းလိုက်တယ်။ ဥစာကီက လေးနက်တဲ့အကြည့်နဲ့ကိုင်းတိုကိုကြည့်လိုက်ရင်း ကိုင်းတိုရင်ခွင်ထဲကနေ ထွက်လိုက်တယ်။
“ကျွန်မမူလပုံစံကို ပြောင်းတော့မယ်။ ရှင်က အဲဒီကောင်မ အနားကပ်လာလို့မရအောင်လုပ်ပေး။”
“ကောင်းပြီ။”
ဝုန်း...
ရုတ်တရက် ဥစာကီရဲ့သေးသွယ်တဲ့ခန္ဓာကိုယ်က ကြီးထွားလာပြီ။ မီတာသုံးရာလောက်ရှိတဲ့ ပျံသန်းနေတဲ့ နကျယ်ကောင်ကြီး အဖြစ်ကိုပြောင်းလဲသွားတယ်။ ကိုင်းတိုကတော့ နကျယ်ကောင်ရဲ့ခေါင်းပေါ်မှာ ဓားကိုကိုင်ပြီးရပ်လို့ပေါ့။
“ကောင်မလေး.... ဒီနေရာကိုတိုက်ဖို့ရွေးတာ သိပ်မှားသွားပြီ။”
...
ဘုန်း...
မက်ဒါနာက တံခါးကိုအတင်းတွန်းဖွင့်ပြီး အချုပ်ခန်းထဲကို ဝင်လိုက်တယ်။ သူ့လက်မောင်းမှာဆေးသွင်းထားတဲ့ ပိုက်တွေ ရှိနေဆဲပဲ။ သတိရလာတာမကြာသေးပေမဲ့ လက်ရှိအခြေအနေကို သိပြီးနောက် တွေးပူမိပြီးတော့ ဒီနေရာကိုရောက်လာခဲ့တာ။
“တခြားကမ္ဘာက လာတဲ့သူ၊ အဲဒီကောင်မကို ဘယ်လိုသတ်ရမလဲ ပြောစမ်း”
မက်ဒါနာက နက်ဆန်ရဲ့အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်ပြီး ပြောလိုက်တာ။ အေမီကတော့နောက်ကလိုက်လာပြီး မက်ဒါနာကို ဖမ်းဆွဲထားလိုက်တယ်။
“မမလေး... မမလေးရဲ့ခန္ဓာကိုယ်က မတည်ငြိမ်သေးဘူး။ အရမ်းကြီး လှုပ်လှုပ်ရှားရှားမလုပ်နဲ့။”
နက်ဆန်က အစကတော့ အဖမ်းခံထားရတဲ့အတွက်ကြောင့် သိပ်ပြီးအမြင်မကြည်ပေမဲ့ မက်ဒါနာရဲ့အလေးအနက်ထားတဲ့ ပုံစံကိုမြင်တဲ့အခါမှာတော့ သူ့မျက်လုံးတွေထဲကိုကြည့်လိုက်ပြီး တစ်ခွန်းတည်းပြောလိုက်လေရဲ့။
“မင်းငါ့ကို ယုံကြည်ဖို့ ရွေးချယ်ခဲ့တာလား။”
“ငါ့မှာ တခြားရွေးစရာရှိသေးလို့လား။ ငါ့ရှေ့မှာတင် ငါ့ပြည်သူတွေသေနေတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်နေခဲ့ရတာ။”
မက်ဒါနာက နက်ဆန်ကိုပြန်လွှတ်ပေးလိုက်တယ်။ နက်ဆန်က သူ့အဝတ်အစားတွေကို သေသေသပ်သပ်ဖြစ်အောင်ပြန်ဝတ်ရင်း ပြောလိုက်ပါပြီ။
“ငါက အဲဒါထက်ပိုဆိုးတဲ့ မိစ္ဆာဖြစ်နေမှာ မကြောက်ဘူးလား။”
ဒီတစ်ခါတော့ မက်ဒါနာက မျက်မှောင်ကြုတ်လိုက်ပြီးပြောတယ်။ “ဒါဆိုရင် နင့်ကိုငါအရင်သတ်ပစ်မယ်။ သူနဲ့မတူတာက နင့်ကိုငါထိလို့ရတယ်။”
မက်ဒါနာရဲ့ပြတ်သားမှုကြောင့် နက်ဆန်ကသက်ပြင်းချလိုက်ရင်း.. “ပြဿနာက ငါမင်းကို မကူညီနိုင်တော့ဘူး။ မင်းကြောင့် ငါဒဏ်ရာအကြီးအကျယ်ရထားတယ်။”
နက်ဆန်ရဲ့နတ်ဘုရားခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါးထိခိုက်ထားတာ ဖြစ်ပြီးတော့ တိုက်ခိုက်ဖို့မပြောနဲ့ မော်လီနဲ့တောင် ဆက်သွယ်လို့မရတော့ဘူး။ အဲဒီအချိန်မှာပဲ ပွင့်နေတဲ့တံခါးကနေ နတ်သူငယ်နားရွက်တွေရှိတဲ့ ဆိုဖီယာကဝင်လာလိုက်တယ်။
“ဒဏ်ရာတွေအတွက်ဆိုရင်တော့ မစိုးရိမ်ပါနဲ့။ ငါတို့မှာ နင့်ကိုကုသပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်။”
မက်ဒါနာကလည်း သဘောတူညီကြောင်းပြတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ မက်ဒါနာက သူ့ခန္ဓာကိုယ်ကိုသူ ပြန်တည်ဆောက်ခဲ့တဲ့သူပါ။ နတ်ဘုရားခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံက နည်းနည်းထူးဆန်းပေမဲ့ သူအဖြေထုတ်လို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
....
ခဏနေတော့ နက်ဆန်က ဆေးကုသဖို့အတွက် အဆင့်မြင့် စက်ကြီးတစ်လုံးပေါ်မှာ လှဲနေရပြီဖြစ်ပြီးတော့ လေဆာ ရောင်ခြည်တွေက သူ့နတ်ဘုရားခန္ဓာကိုယ်ကိုကုသနေတဲ့ အချိန်မှာ သူ့မျက်လုံးတွေကတော့ ခိုင်နေခြည်ရဲ့တိုက်ပွဲဗီဒီယိုတွေကို ဆက်တိုက်ကြည့်နေခဲ့တယ်။ သူကိုယ်တိုင်တောင်းဆိုခဲ့တာဖြစ်ပြီး လက်ရှိခိုင်နေခြည်ရဲ့တိုက်ပွဲစွမ်းအားက သူတတ်နိုင်တာထက် မြင့်မားနေတဲ့အတွက်ကြောင့် ဗီဒီယိုတွေကြည့်ပြီး အားနည်းချက်ရှာဖို့ ဆုံးဖြတ်လိုက်တာ။
“နေစမ်းပါဦး....” ကလေးကိုကာကွယ်ပေးထားတဲ့ မိခင်ကို သတ်ဖြတ်ဖို့နှောင့်နေးနေခဲ့တာကို နက်ဆန်သတိထားမိတော့ မျက်ခုံးပင့်လိုက်ပြီး နောက်ထပ်ဖိုင်တွေကိုကြည့်ခဲ့ပါတယ်။ အလားတူလုပ်ရပ်မျိုး နောက်ထပ်သုံးလေးကြိမ်တွေ့ရပြီးတဲ့ အခါမှာတော့ ပြုံးလိုက်ပါပြီ။
“ကြည့်ရတာ မျှော်လင့်ချက်ရှိသေးပုံပဲ။”
...
“နည်းပညာနတ်ဘုရားမ မက်ဒါနာဆိုတာ အရှင်မရဲ့နာမတော်ပေါ့။ ကျွန်မကတော့ မော်လီလို့ခေါ်ပါတယ်။ သခင်လေးနက်ဆန်ရဲ့ အထိန်းတော်ပါ။ ပြီးတော့ သူ့ရဲ့လက်နက်လည်းဖြစ်တယ်။”
ဧည့်ခန်းထဲက ခုံတစ်လုံးမှာ နက်ဆန်ကထိုင်နေပြီးတော့ အိမ်စေ ဝတ်စုံဝတ်ထားတဲ့မော်လီက နက်ဆန့်နောက်မှာရပ်နေပါတယ်။ မက်ဒါနာကလည်း နက်ဆန်နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေပြီး မက်ဒါနာ့နောက်မှာက အေမီပါ။
“ရှင့်သခင်လေးကို မပြောမဆိုနဲ့ တိုက်ခိုက်ခဲ့မိတဲ့ မမလေးအစား ကျွန်မပဲတောင်းပန်ပါရစေ။ ကျွန်မက မမလေးရဲ့လက်စွဲတော် အစေခံအေမီပါ။ ဒါနဲ့၊ ရှင့်သခင်လေးက ရန်သူကိုနှိမ်နင်းဖို့ ဖြစ်နိုင်ခြေတစ်ခု ရှာတွေ့ထားပြီဆို....”
နက်ဆန်ကခေါင်းညိတ်လိုက်ပြီး သူတွေ့ရှိထားတဲ့အချက်ကို ရှင်းပြဖို့ကြိုးစားပါတယ်။
“အဲဒီမိန်းကလေးက နဂိုကတော့ သာမန်မိန်းကလေးပါပဲ။ ငရဲက လွတ်လာတဲ့ နတ်ဆိုးတစ်ကောင်နဲ့စာချုပ်ချုပ်မိပြီးတော့ ဝိညာဥ်ကို ဆုံးရှုံးသွားတာ။ ဒါပေမဲ့ အခုလိုဖြစ်လာတာမကြာသေးတာမလို့ သူ့ဝိညာဥ်ရဲ့အစိတ်အပိုင်းတချို့ ခန္ဓာကိုယ်ထဲမှာ ကျန်နေဆဲပဲ။”
မက်ဒါနာက မေးကိုလက်နဲ့ပွတ်ရင်း နက်ဆန်ပြောတာတွေကို နားလည်ဖို့ကြိုးစားကြည့်တယ်။ မက်ဒါနာရဲ့ကမ္ဘာမှာ မှော်ပညာ တည်ရှိတယ်ဆိုပေမဲ့လို့ မပြည့်စုံပါဘူး။ ရှေးခေတ်ဟောင်းက အကြွင်းအကျန်တွေသက်သက်သာဖြစ်ပြီး ယနေ့ခေတ်နည်းပညာနဲ့ ယှဥ်လိုက်တဲ့အခါမှာတော့ အသုံးမဝင်လုနီးပါးဖြစ်နေတာမလို့ လိုက်စားသူလည်းရှားတယ်။ ဒါပေမဲ့ ကမ္ဘာကြီးတစ်ခုလုံးရဲ့ အသိပညာဗဟုသုတတွေ ခေါင်းထဲရှိနေတဲ့သူမလို့ နက်ဆန် ပြောတဲ့စကားကို နားလည်နေပါတယ်။
“ဒါပေမဲ့ ငါတို့သူ့ကိုထိခိုက်အောင် လုပ်လို့မရဘူး။ ငါ့ရဲ့စွမ်းအားက ဒီစကြဝဠာတစ်ခုလုံးမှာ အင်အားအကြီးဆုံးပဲ။ ငါ့ဓားချက်နဲ့ သူ့ကိုမပိုင်းဖြတ်နိုင်ဘူးဆိုရင် သူ့ကိုဘယ်သူမှသတ်နိုင်မှာ မဟုတ်ဘူး။”
နက်ဆန်က သက်ပြင်းချလိုက်တယ်။ အဲဒါက အမှန်ပဲလေ။ နတ်ဘုရားတစ်ပါးကတောင် ဒီနတ်ဆိုးကို လက်မှိုင်ချထားရရင် တခြားဘယ်သူတွေက အနိုင်ယူနိုင်မှာတုန်း။ ဒါပေမဲ့ နက်ဆန်မှာ တခြားအကြံရှိနေပါတယ်။
“ရုပ်ပိုင်းဆိုင်ရာကို ဒိုင်မေးရှင်းစွမ်းအားသုံးပြီး ခုခံနိုင်တယ် ဆိုပေမဲ့လို့ အဲဒါကစိတ်ပိုင်းဆိုင်ရာအပေါ်မှာတော့ သက်ရောက်မှု မရှိနိုင်ဘူးလေ။ အရှင်မအနေနဲ့ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ပြုလုပ်နိုင်လား။”
မက်ဒါနာကစဥ်းစားလိုက်ပြီး မကြာခင်မှာပဲ လက်ဖျောက်တီးလိုက်တယ်။
“ဟုတ်သားပဲ... ငါတို့မှာ ပျက်စီးခြင်းသားရဲရှိတယ်လေ။ အဲဒါကိုအသုံးပြုပြီး တခြားသူရဲ့စိတ်ထဲဝင်လို့ရနိုင်တယ်။ ဖရာလီတာအပေါ် ငါတစ်ခါသုံးဖူးတယ်။”
အေမီကတော့ ချက်ချင်းပဲဆန့်ကျင်လိုက်တယ်။ “မမလေး၊ အဲဒီစွမ်းအားက မမလေးရဲ့ကလေးအပေါ်ကိုသက်ရောက်မှု ရှိနိုင်တယ်နော်။ ပြီးတော့ နတ်ဆိုးတစ်ကောင်ရဲ့စိတ်ထဲကိုဝင်တာ အန္တရာယ်ရှိနိုင်တယ်မဟုတ်လား။”
နက်ဆန်က ခေါင်းညိတ်ရင်း “အဲဒါကအမှန်ပဲ။ ဒါပေမဲ့ အရှင်မအနေနဲ့ ကိုယ်တိုင်သူ့စိတ်ထဲဝင်စရာမလိုပါဘူး။ ညမင်းသားအနေနဲ့အဲဒီအပိုင်းကို ကျွန်တော်ကျွမ်းကျင်တယ်။ အရှင်မအနေနဲ့ ကျွန်တော့်ကို အဲဒီမိန်းကလေးရဲ့စိတ်ထဲ ဝင်နိုင်အောင်ကူညီပေးပြီး ကျွန်တော်သူ့ရဲ့နောက်ဆုံးကြွင်းကျန်တဲ့ ဝိညာဥ်အပိုင်းအစတွေနဲ့ စကားပြောခွင့်ရအောင် ဖန်တီးပေးဖို့ပဲ လိုတာပါ။”
“ကောင်းပြီ။” မက်ဒါနာက မျက်လုံးကို မှိတ်လိုက်တယ်။ အစီအစဥ်ကို အတည်ပြုလိုက်ပြီဆိုတဲ့ သဘောပါပဲ။