စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေခြင်း
Vol. 2 Ch. 16
သူ၏ရှေ့တွင် ရှိနေသာ နီယန်အား ရောင်ဝေသည် စိုက်ကြည့်လိုက်ကာ သူမသည် အခြေအနေအားလုံးအား ထိန်းချုပ်ထားသည်ဟု ထင်လိုက်မိသည်။ ဒီကလေးမလေးက အသက်ဆယ့်ခုနှစ်နှစ်သာ ရှိနေသေး၏။ နီယန်သည် ကျိုးချန်ကျိန့်အား ကယ်တင်ခဲ့ကတည်းက ရောင်ဝေသည် ထိုကလေးမနှင့် ပတ်သက်သောအရာများအား စူးစမ်းချင်စိတ် ဖြစ်မိလေသည်။ အဘယ်ကြောင့်ဆိုသော် နီယန်သည် အခြေအနေများ ပြသာနာများအား ကိုင်တွယ် ဖြေရှင်းပုံသည် လူကြီးတော်တော်များများထက် စေ့စပ်ကာ ရင့်ကျက်တည်ငြိမ် ၍ ထူးခြားသော စိတ်နေစိတ်ထားများ ရှိနေသည်ကို ပြသနေခဲ့သည်။
နီယန်သည် သူ့အား ကယ်တင်ခဲ့ပြီးနောက်တွင် ကျိုးချန်ကျိန့်သည် သူမ လိုချင်သည်ကို မေးခဲ့သည် ဟု ပြောခဲ့သည်။ အကယ်၍ ငွေကြေးမြောက်မြားစွာ ပေးရမည်ဆိုလျှင်တောင် သူသည် သူမ ကျေနပ်စေသည်အထိ ပေးရန် ကြိုးစားပေးမည် ဖြစ်သည်။ အံ့အားသင့်စရာကောင်းသည်မှာ နီယန်သည် ရိုးရှင်းသော တောင်းဆိုချက်ကိုသာ တောင်းဆိုခဲ့လေသည်။
သူသည်လိုချင်သော အရာသည် မူမိသားစုမှ ထွက်ခွာနိုင်ရန်နှင့် ဒမ်ကျေးရွာမှ ချောချောမွေ့မွေ့ ထွက်သွားနိုင်ရန်သာဖြစ်ပေသည်။ နောက်ဆုံးတွင် ကျိုးချန်ကျိန့်သည် နီယန်အား ကြိုးစားစုံစမ်းသောငြားလည်း ရလာဒ်သည် အတူတူသာ ဖြစ်သည်။
နီယန်သည် ဒီတိုင်း သာမာန် ကျေးလက် ကလေးမလေး တစ်ယောက်သာ ဖြစ်သည်။ ဒမ်ကျေးရွာတွင် မွေးဖွားကာ ဒမ်ကျေးရွာတင်ပင် ကြီးပြင်းလာခဲ့သည်။
“ဦးလေး ရောင်ဝေ ဒီနေရာမှာပဲ ကျွန်မတို့ လမ်းခွဲလိုက်ရအောင် ဘယ်လို ပွဲတော်မဆို ပြီးဆုံးရစမြဲပါပဲ အနာဂတ်မှာ ဦးလေး အောင်မြင်လာဖို့ ကျွန်မ မျှော်လင့်ပါတယ်”
ဟု နီယန်သည် ရောင်ဝေအား ရွာ အဝင်ဝမှာပင် သွားခါနီး နှုတ်ဆက်လိုက်သည်။
“ကောင်းပြီ မင်းရဲ့ စကားလုံးလှလှလေးတွေကို ငါလက်ခံလိုက်ပါ့မယ် မင်းရဲ့ ခရီးစဉ်လည်း ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်”
ရောင်ဝေသည် ထိုနေရာမှာပင် ရပ်တန့်လိုက်သည်။
“နှုတ်ဆက်ပါတယ် ဦးလေးရောင်ဝေ”
ဟု ပြောရင်း နီယန်သည် လက်ဝှေ့ယမ်းပြလိုက်သည်။
“နှုတ်ဆက်ပါတယ်”
ရောင်ဝေသည် ထွက်ခွာသွားသော နီချွေ့ဟွာနှင့် သူမ၏ သမီး ပုံရိပ်များအား ကြည့်လိုက်သည်။
ထွက်ခွာသွားသော နီချွေ့ဟွာနှင့် သူမ၏ သမီးသည် ထောင့်တစ်ထောင့်အား ကွေ့ပြီး ရောင်ဝေအား မမြင် ရသောအခါမှ နီချွေ့ဟွာသည် မေးမြန်းလိုက်သည်။
“ယန်ယန် သမီး ဘယ်လိုလုပ် အတွင်းရေးမှုးကျိုးကို သိတာလဲ”
နီချွေ့ဟွာတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသည်။ နီယန်သည် သူမ၏ အမေဖြစ်သူအား ဖြစ်ပျက်သွားသော ကိစ္စများအား သေချာ ပြောပြလိုက်ရာ နီချွေ့ဟွာသည် ရီမောလျှက် တုန့်ပြန်လိုက်သည်။
“အမေ့ရဲ့ ယန်ယန်လေး သမီးက အရမ်းတော်တာပဲ ဒီနေ့ အတွင်းရေးမှူး ကျိုးရဲ့အကူအညီကို ကျေးဇူးတင်ရမယ် တစ်ဖက်ကကြည့်ရင် အဲ့လိုမှ မကူညီရင် အမေတို့ လွယ်လွယ်နဲ့ ထွက်သွားနိုင်မှာ မဟုတ်ဘူး”
သူတို့ မသိသည်မှာ သူတို့ ဒမ်ကျေးရွာမှ ထွက်သွားကတည်းက ရွာသားများသည် အတင်းအဖြင်းများ ပြောဆိုနေခဲ့ပြီ ဖြစ်သည်။ ဒီလိုရက်များတွင် တီဗွီ အင်တာနက် သို့မဟုတ် မိုဘိုင်းဖုန်းများ မရှိသေးသောကြောင့် လူများသည် အတင်းအဖြင်း ပြောရင်းသာ သူတို့၏ အချိန်ကို ကုန်အောင် ပြုလုပ်ကြရခြင်း ဖြစ်သည်။
အဖွားကြီးမူ၏ အော်ဟစ်သောင်းကျန်းနေသော အသံများကြောင့် လူတိုင်းသည် အဖြစ်အပျက်များကို သိနေကြပါသည်။
“အကယ်၍ ငါသာ မူကျင်းပေါင်ဆိုရင်လဲ အဲ့မိန်းမပျက်မ နီချွေ့ဟွာကို သတ်ပစ်မိမှာပဲ သူက သားလဲ မမွေးပေးနိုင်ပဲနဲ့ နောက်ယောကျ်ား တစ်ယောက်နဲ့ လိုက်ပြေးသွားသေးတယ် ဘယ်လောက်အရှက်မဲ့လိုက်လဲ”
“မူမိသားစုက အရမ်း သဘောထား ကြီးတာပဲ အကယ်၍ သူသာ ငါ့ချွေးမဆိုရင် ဒီနေ့ တံခါးကနေတောင် ဖြတ်ခွင့် မပေးဘူး”
“နီချွေ့ဟွာက ဖောက်ပြန်ပြီး ထွက်ပြေးသွားရုံသာ မကဘူး မူမိသားစုရဲ့ ကလေးတွေကိုပါ ခေါ်သွားသေးတယ် ရှေးလူကြီးတွေ ပြောသလိုပဲ ‘လက်ထပ်ရင် တစ်ဖက်ကလူရဲ့ မျိုးဆက် သုံးဆက်ကို စစ်ဆေးသင့်တယ်’ လို့ ပြောကြတယ် နောက်ကြောင်း သေချာမသိတဲ့ မိန်းမတစ်ယောက်ကို မင်းယူလို့ မရဘူး”
“ရှူး”
နောက်တစ်ယောက်သည် သူမ၏ ခင်ပွန်း၏ လက်ကိုဆွဲကာ ပြောလိုက်သည်။
“ရှင့် အသံကို လျော့ပါအုန်း ကျွန်မထင်တာ ချွေ့ဟွာရဲ့ အမှားကြီးပဲ မဖြစ်နိုင်ဘူး ချွေ့ဟွာက အမြဲ ရိုးသားတဲ့ သူ တစ်ယောက်ပါ မူမိသားစုက အလုပ်ကြမ်းအားလုံး သူပဲလုပ်နေခဲ့တာလေ မူမိသားစုထဲ မကြာသေးခင်ကမှ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက် ရောက်နေတာကို ရှင် သတိမထားမိဘူးလား ပြသာနာက ကျွန်မတို့မျက်လုံးထဲမှာ တွေ့ရတာထက် ပိုမယ်ထင်တယ် ကျွန်မတို့ အပြင်ကလူတွေက အရာရာကို သေချာမသိနိုင်ဘူးလေ”
“အင်း အဓိပ္ပာယ်ရှိတယ် ဒါပေမဲ့ ဘာဖြစ်ဖြစ် နီချွေ့ဟွာက မကွာရှင်းသင့်ဘူး သူ ကွာရှင်းပြီးတော့ ဘယ်ယောကျ်ားက စီးပီးသား ဖိနပ်တစ်ရံကို လိုချင်မှာလဲ”
နီယန်သည် ရွာမှသူများ အတင်းပြောသည် ဖြစ်စေ မပြောသည် ဖြစ်စေ ဂရုမစိုက်ပေ။သူမသာ သက်တောင့် သက်သာနေရလျှင် အဆင်ပြေပြီ ဖြစ်သည်။
မည်သည့် ခေတ်တွင်မဆို ပိုက်ဆံသည်သာ အဓိက ဖြစ်ပေသည်။
သူမ၏ လက်ရှိဆန္ဒသည် ပိုက်ဆံရှာရန်သာ ဖြစ်သည်။ ထိုဆန္ဒသည် အတော်လေး အကြမ်းထည် ဆန်နေသော်လည်း ပိုက်ဆံသည်သာ လူနေမှု ဘဝတွင် အသက်ရှင် ရပ်တည်ရန် အတွက် အခြေခံ ဖြစ်နေသည်။ သုံးနာရီကြာပြီးနောက်တွင် အမေနဲ့ သမီး နှစ်ယောက်သည် မြို့နယ်လေးသို့ ရောက်ရှိလာကြသည်။
မြို့နယ်လေးသည် ရွာနှင့် ၁၀ကီလိုမီတာ ကွာဝေးသည်။ သိသာထင်ရှားသည်မှာ မြို့နယ်လေးသည် ရွာနှင့် ယှဉ်လျှင် ပို၍ စည်ကားလျှက် ရှိကာ လမ်းဘေးပျံကျ ဈေးသညည်များသည်လည်း ပစ္စည်းမျိုးစုံကို လှည့်လည်ရောင်းချနေကြသည်။ မည်သို့ပင် ဆိုစေကာမူ ၂၁ ရာစုလောက် ခေတ်မမှီသော်လည်း ဖျတ်ကနဲ ကြည့်လိုက်လျှင် ခေတ်မှီသော အရိပ်အယောင်များကိုလည်း အနည်းအကျဉ်း မြင်နိုင်သေးသည်။
နီချွေ့ဟွာသည် ဒမ်ကျေးရွာမှ ဆယ်စုနှစ်တစ်စုစာလောက် ဘယ်တုန်းကမှ မထွက်ခွာဖူးသောကြောင့် ယခု ရောက်ရှိလာသောအခါ ထိုကဲ့သို့ စည်ကားနေသည်အား မြင်သောအခါ မှင်သက်လျှက် ကြောက်ရွံနေတော့သည်။ ပြင်ပကမ္ဘာသည် မည်မျှ ပြောင်းလဲသွားသည်ဆိုသည်ကို သူမမသိခဲ့ပေ။
“အမေ အရင်ဆုံး စားသောက်ဖို့ နေရာ အရင် ရှာရအောင်”
အခုအချိန်ဆိုလျှင် နေ့လည် ၁၂နာရီကျော်နေပြီ ဖြစ်ကာ သူတို့၏ အစာအိမ်များသည်လည်း သုံးနာရီကြာပြီးနောက် ဗိုက်ဆာသောကြောင့် အသံပေါင်းစုံ မြည်နေခဲ့ပြီ ဖြစ်သည်။ နီချွေ့ဟွာသည် လမ်းနှစ်ဖက်တွင် ရောင်းချနေသော ဆိုင်များအား ကြည့်ကာ ရပ်တန့်လျှက် ချီတုံချတုံ ဖြစ်နေခဲ့သည်။
“ယန်ယန် အဲ့ဒါတွေက အရမ်းဈေးကြီးမယ် ထင်တယ် ဟုတ်တယ်မလား”
နီယန်၏ ရည်ရွယ်ချက်သည် သူတို့သည် ဘေကျင်းသို့ သွားရန် ဖြစ်သည်။ ထို့ကြောင့် သူတို့တွင် ယခုအချိန်တွင် ပိုက်ဆံဖြုန်းရန် အပိုငွေ မည်ကဲ့သို့ ရှိနိုင်မည်နည်း။
သူတို့အား ကျိုးချန်ကျိန့်သည် ငွေများ ပေးအပ်ခဲ့သော်ငြား ဘေကျင်းသို့ရောက်ရှိလျှင် သုံးရန် စားရိတ်လိုအပ်နေသေးသည်။ နီချွေ့ဟွာသည် ချွေတာ တတ်သော သူတစ်ဦး ဖြစ်သည်။
“အဆင်ပြေပါတယ် သမီးတို့ ထမင်းတစ်ပန်းကန်လောက် စားဖို့ တတ်နိုင်ပါသေးတယ်”
နီယန်သည် သူမ၏ ညီမလေးအား သယ်ဆောင်ကာ နီးစပ်ရာ သေးငယ်သော စားသောက်ဆိုင်တစ်ခု အတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။ ထိုစားသောက်ဆိုင်သည် နိုင်ငံပိုင်မဟုတ်ပဲ ပုဂ္ဂလိကပိုင် ဆိုင် တစ်ဆိုင်ဖြစ်ကာ ဈေးသက်သာလျှက် အစားသောက်များသည်လည်း အရသာရှိသည်။
နီယန်သည် ဝက်သားနှပ် တစ်ပွဲ ကြပ်စွပ်ပြုတ် တစ်အိုး နှင့် ဟင်းသီးဟင်းရွက်ကြော် တစ်ပွဲ မှာလိုက်သည်။ ထမင်းသည် အလကားဖြစ်ပြီး အားလုံးပေါင်းမှ ၁၀ယွမ်သာ ကျသင့်၏။ ပထမဆုံးအကြိမ်အဖြစ် နီယန်သည် ပိုက်ဆံ သုံးဖြုန်းရသည်မှာ လွယ်ကူသည်ဟု ခံစားလိုက်ရသည်။ ၂၁ရာစုတွင် ထိုကဲ့သို့သော အစားအစာများကို အနည်းဆုံး ယွမ် ၃၀၀ နှင့် ၄၀၀ ကြား ကုန်ကျမည်ဖြစ်သည်။
“ယန်ယန် နည်းနည်းပဲ စားရအောင် ငွေ ဖြုန်းဖို့ မလိုအပ်ဘူးလေ”
နီချွေ့ဟွာသည် သူမ၏ ရှေ့တွင် ရှိသော အစားအစာများအား ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။ သူမဘဝတွင် ထိုကဲ့သို့ ကောင်းမွန်သော အစားအစာများကို ဘယ်တုန်းကမှ မစားခဲ့ဖူးပေ။
သူမ မူမိသားစုအိမ်တွင် နေထိုင်ခဲ့စဉ် သူမသည် အဆိုးဆုံး အညံ့ဆုံး အစားအစာများကိုသာ စားသောက်ခဲ့ရကာ ကောင်းမွန်သော ပစ္စည်းများ အားလုံးကို မူကျင်းပေါင်နှင့် အဖွားကြီး မူ အတွက်သာ ချန်ထားခဲ့ရသည်။
“အမေ စားရအောင် သမီး ငွေရှင်းပြီးပြီ”
နီယန်သည် နီချွေ့ဟွာအတွက် ကြက်စွပ်ပြုတ် တစ်ခွက် ထည့်ပေးလိုက်ကာ
“သမီးတို့ မစားရင် အကုန် ပစ်လိုက်ရလိမ့်မယ်”
ဟုပြောလိုက်သည်။ ၁၉၈၀ ခုနှစ်များတွင် မွေးမြူထားသော ကြက်များသည် အနည်းငယ်သာ ရှိကာ ကြက်စွပ်ပြုတ်တွင် ဖယောင်းကဲ့သို့ ဝါနေသော အဆီများ အလွှာလိုက်ရှိနေခဲ့ကာ စွပ်ပြုတ်သည် အနံ့အရသာနှင့် ပြည့်စုံကာ ကြက်သားသည်လည်း ပါးစပ်ထဲတွင် အရည်ပျော်သွားခဲ့သည်။ ကြက်စွပ်ပြုတ်သည် အလွန်ကို စားချင်စဖွယ် ကောင်းလှသည်။ ထို ထမင်းပွဲသည် နီယန် အတွက် ပြန်လည် မွေးဖွားလာပြီးမှ မည်မည်ရရ သေချာ စားသောက်ရသော ထမင်းတစ်နပ် ဖြစ်သည်။
နီယန်၏ စကားအား နားထောင်ကာ နီချွေ့ဟွာသည် ကြက်စွပ်ပြုတ် အလုတ်ကြီး တစ်လုတ်ကြီး တစ်လုတ် စတင် စားသောက်လိုက်သည်။ သူမသည် သူ၏ ရိုးတွင်းခြင်စီ အထိ ဖြုန်းတီးတတ်သော သူ တစ်ဦး မဟုတ်ပေ။ ဒီခေတ်တွင် လူများသည် ဗိုက်ပြည့်အောင် မစားသောက် နိုင်ကြသောကြောင့် သူတိူ့၏ စားသောက်ချင်စိတ်သည် အလွန် ကြီးမားလှသည်။ အမေနှင့် သမီး နှစ်ယောက်လုံးသည် ဟင်းနှစ်ပွဲ စွပ်ပြုတ် တစ်အိုးနှင့် ထမင်းပန်ကန်လုံး အချို့ကို အလွယ်တကူ ကုန်အောင် စားသောက်ခဲ့ကြသည်။
ထိုအချိန်အတောအတွင်း နီချွေ့ဟွာသည် ကလေးအား နို့တိုက်ကျွေးရန် အိမ်သာသွား သွားခဲ့ကာ တစ်လက်စထဲ ပိုင်ရှင်၏ ဇနီးထံတွင် သစ်သားပြာ တစ်ချို့ကို မေးမြန်းခဲ့သည်။ ဒီခေတ်ကာလတွင် ဒိုက်ဘာကဲ့သို့ အရာများ မရှိသောကြောင့် လူအများသည် အဝတ်အိတ်များချုပ်ကာ ထိုအိတ်ထဲတွင် သစ်သားပြာများကို ဖြည့်ကာသုံးကြသည်။ ထိုအရာသည် ဒိုက်ဘာလောက် မကောင်းနိုင်သော်လည်း ဘာမှ မရှိသည်ထက် စာလျှင် ပိုကောင်းပြီး ပါးလွှာသော ကလေးအနှီးပိုင်းထက် ပို၍ အသုံးဝင်သည်။
“ဒီမှာ ယူလိုက် မိန်းမငယ်လေး သမီးပြောထားတဲ့ သစ်စသားပြာတွေပါ”
ဆိုင်ပိုင်ရှင်၏ ဇနီးသည် အလွန် ကြင်နာတတ်သော အမျိုးသမီး တစ်ဦး ဖြစ်ကာ သစ်သားပြာများဖြင့် ပြည့်နေသော အိတ်တစ်အိတ်အား သူမကို ပေးခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ် “
နီချွေ့ဟွာသည် ထိုအိတ်အား လက်နှစ်ဖက်ဖြင့် လက်ခံလိုက်ကာ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ နီယန်သည် သူမ၏ ညီမလေးအား ပွေ့ချီကာ ရှေ့မှ လျှောက်လျှက် ပြောလိုက်သည်။
“အမေ အရင်ဆုံး ခရိုင်မြို့ကို သွားရအောင် တစ်ညအိပ်ပြီးမှ မနက်ဖြန် မနက်ကို ရထားနဲ့ ဘေကျင်းကို သွားကြမယ်”