ခရုကောက်၍ လူကယ်ခြင်း
Vol. 2 Ch. 26
ဘာမှ မကျန်တော့သော သံအိုးကြီးအား မြင်သော် နီချွေ့ဟွာသည် သူမ၏ သမီး လိမ်မပြောသည်ကို နောက်ဆုံးတွင် သဘော ပေါက်သွားခဲ့တော့သည်။ သူမသည် ပါးစပ်အဟောင်းသားဖြင့် အလွန် အံ့အားသင့်သွားခဲ့ကာ မေးကြည့်လိုက်သည်။
“အမေတို့ ပိုက်ဆံ ဘယ်လောက်တောင် ရမှာလဲ”
သူမ၏ သမီး ဖြစ်သူ၏ ငါးချဉ်စပ်သည် အလွန် အရသာ ရှိသည်ကို သိသော်ငြားလည်း ထိုလောက် လူကြိုက်များလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ နီယန်သည် ပုံမှန်အတိုင်း ပြန်လည် ဖြေကြားခဲ့သည်။
“ယွမ် ဒါဇင် နည်းနည်းလောက်ပါပဲ အမေ အထဲ ဝင်ကြရအောင် သမီး ဗိုက်တော်တော်ဆာနေပြီ”
နီချွေ့ဟွာသည် နီယန်၏ လက်အတွင်းမှ ပစ္စည်းများအား ပြောင်းလွှဲ ယူလိုက်ပြီးနောက်တွင်
“သွားရအောင် ထမင်း အဆင်သင့်ပဲ မြန်မြန် စားကြရအောင် “
နေ့လည်စာတွင် ဟင်းပွဲ နှစ်ခုနှင့် စွပ်ပြုတ် တစ်ပွဲသာ ပါဝင်သည်။ ဟင်းသီးဟင်းရွက်ကြော် တစ်ပွဲ ဝက်သားနှပ် တစ်ပွဲနှင့် ကြက်ဉ နှင့် ခရမ်းချဉ်သီး ပေါင်းစပ်ကာ ချက်ပြုတ်ထားသော ဟင်းချို တစ်မျိုးသာ ပါရှိသည်။
နီချွေ့ဟွာ၏ အချက်အပြုတ် လက်ရာသည် အတော် ကောင်းလှသည်။ နီယန်သည် ထမင်းဖြူ ပန်းကန်ကြီး တစ်လုံးနှင့် အတူ ဟင်းချိုအား စားသောက်ကာ အပြီးသတ်လိုက်သည်။
“ယန်ယန် အသားများများ ပိုစား အသားများများစားတာက အရပ်ကို ပိုရှည်စေတယ်”
နီချွေ့ဟွာသည် သူမ၏ သမီးကြီး၏ ပန်းကန်အတွင်းသို့ အသားများ ထပ်ထည့်ပေးနေခဲ့သည်။
“ကျေးဇူးတင်ပါတယ် အမေ အမေလဲ စားအုန်းလေ “
နီယန်သည်လည်း နီချွေ့ဟွာ၏ ပန်းကန်အတွင်းသို့ အသားတစ်တုံး ထပ်ထည့်ပေးလိုက်သည်။ စားသောက် ပြီးနောက်တွင် နီယန်သည် သူမ မနက်မှ ခေါက်ဆွဲများ ရောင်း၍ ရခဲ့သော ငွေများအား ရေတွက်နေခဲ့သည်။ စုစုပေါင်း သူမသည် ၇၆ယွမ်နှင့် အကြွေ အနည်းငယ် ရရှိခဲ့သည်။ ဆိုလိုသည်မှာ ၂၅၆ပန်းကန်လုံး နီးပါး ရောင်းချခဲ့ခြင်း ဖြစ်သည်။
တစ်မနက်ခင်းဖြင့် ထိုမျှလောက် ပိုက်ဆံ ရှာလို့ရမည်မှန်း နီချွေ့ဟွာ မသိခဲ့ပေ။ သူမသည် ချက်ချင်း ပြောဆိုလိုက်သည်။
“ယန်ယန် သမီး မနက်ဖြန် မနက်မှ အမေ့ အကူညီကို လိုအပ်သေးလား”
နီယန်သည် နီချွေ့ဟွာ ထံသို့ ပိုက်ဆံများ ပေးလိုက်ကာ ပြုံးလျှက် ပြောလိုက်သည်။
“မလိုပါဘူး အမေရယ် သမီး တစ်ယောက်ထဲ ကိုင်တွယ်နိုင်ပါတယ် အမေက အိမ်မှာပဲ ညီမလေးကို ကောင်းကောင်း ဂရုစိုက်ဖို့ပဲ လိုတယ်”
နီချွေ့ဟွာသည် ပိုက်ဆံများအား သိမ်းလိုက်ကာ အံ့အားသင့်သော ခံစားချက်များနှင့် အတူ ပြောဆိုလိုက်သည်။
“မြို့မှာ ခုလို ပိုက်ဆံ ရှာရလွယ်မယ်လို့ အမေ မသိခဲ့ဘူး သမီး ခုလို ပိုက်ဆံ ရှာတတ်တာကို သမီး အဖေနဲ့ အဖွားတို့တွေ သိခဲ့ရင် နောင်တတွေနဲ့ မျက်နှာတွေ စိမ်းနေလောက်ပြီ မူမိသားစုက စားသောက် နေထိုင်ဖို့ ချွေတာပြီး သုံးစွဲခဲ့ကြပေမဲ့ တစ်နှစ်လုံးနေလို့ ယွမ် တစ်ရာတောင် မစုဆောင်းမိခဲ့ဘူး ဒါပေမဲ့ အခု သမီးက တစ်မနက်ထဲနဲ့ ယွမ် ၇၀ကျော် ရှာလို့ ရခဲ့တယ် “
နီချွေဟွာသည် တောင်တန်းဒေသများမှ လာသောသူ ဖြစ်သောကြောင့် များများစားစား နားမလည်ပေ။ နီယန်သည် မည်ကဲ့သို့ ပင်ပင်ပန်းပန်း ချွေးနှင့်သွေးများ ရင်းကာ ကြိုးစားခဲ့ရသည်အား သူမသည် သတိမမူမိပေ။ နီယန်သည် စိတ်ကိုထိန်းကာ သူမ မိခင်ဖြစ်သူ၏ အယူအဆ အမှားများအား ချက်ချင်း အမှန် ပြင်ပေးလိုက်သည်။
“မြို့မှာမို့လို့ ငွေရှာရ လွယ်တာ မဟုတ်ဘူး နည်းမှန်လမ်းမှန် ရှာတွေ့ဖို့ လိုအပ်နေတာ အကယ်လို့များ တစ်ခြား တစ်ယောက်သာဆိုရင် ပိုက်ဆံ ရှာနိုင်ဖို့ မလွယ်ကူဖူး အခုအချိန်မှာ မြို့မှာ စီးပွားရေးလုပ်ရင်း အရှုံးပေါ်နေတဲ့သူတွေမှ အများကြီးပဲ “
နီချွေ့ဟွာသည် တွေဝေစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ နီယန်သည် သူ ဝယ်ယူလာခဲ့သော ငါးမျှားတံပစ္စည်းများအား ကောက်ယူလိုက်ကာ ပြောလိုက်သည်။
“အမေ မြစ်နားကို သမီး တစ်ပတ်လောက် သွားကြည့်လိုက်အုန်းမယ်”
“ကောင်းပြီ သမီး ဒေါ်လေးနီ ပြောတာတော့ မြစ်ကာ နက်တယ် တဲ့ အမေလည်း သမီးနဲ့ လိုက်ခဲ့မယ်”
နီချွေ့ဟွာသည် သူမ၏ သမီး ငါးသွားမျှားမည်အား သိသောကြောင့် စိုးရိမ်စွာ ပြောလိုက်သည်။ နီယန်သည် ရီမောလျှက် ပြောလိုက်သည်။
“အမေ အဆင်ပြေပါတယ် အမေ လိုက်ဖို့ မလိုအပ်ပါဘူး သမီး ရေကူးတတ်ပါတယ် အိမ်မှာပဲ နေပြီး အနားယူနေလိုက်ပါ”
ကျင်းဟွာရွာ၏ အရှေ့ဘက်ခြမ်းတွင် မြစ်ရှည်ကြီး တစ်စင်း ရှိလေသည်။ ထိုခေတ်ကာလများတွင် စက်ရုံ အလုပ်ရုံများ မထွန်းကားသေးသောကြောင့် မြစ်ရေများသည် သန့်ရှင်းကြည်လင်လျှက် ရှိနေခဲ့ကာ ရံဖန်ရံခါတွင် မြစ်ကမ်း တစ်လျှောက် ကျွဲနွားများ ထိန်းကျောင်းနေလျှက် ရှိနေသော ကလေးအချို့အား မြင်တွေ့ရပေလိမ့်မည်။ ယခုအချိန်သည် အလွန် အလုပ်များသော လယ်စိုက်ရာသီ ဖြစ်သောကြောင့် လူတိုင်းသည် နေရာ အနှံ့ ရှိသော လယ်ကွင်းများတွင် အလုပ်ကြိုးစား လုပ်ကိုင်လျှက် ရှိကြသည်။
“ဟိုမှာ တွေ့လား အဲ့ဒါ နီချန်ကွေ့ရဲ့ အမျိုးလေ ငါကြားတာတော့ သူ့နာမည်က ယန်ယန်တဲ့”
“စက်ဘီး ဝယ်လာတယ်ဆိုတဲ့ တစ်ယောက်လား”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် အဲ့ဒါ သူလေ”
“အမလေး ဘုရားရေ သူက စက်ဘီးတောင် ဝယ်လာသေးတာလား မုဆိုးမ တစ်ယောက်နဲ့ သူ့သမီးက ဘယ်က ပိုက်ဆံတွေရတာလဲ ဆိုတာ ငါဖြင့် စဉ်းစားကြည့်လို့တောင် မရပါဘူးဟယ်”
လယ်ပြင်တွင် အသုံးမတည့်သော အတင်းအဖျင်း စကားများ စတင်၍ ချဲ့ကား ပြောဆိုလာကြတော့သည်။ နီယန်သည် ထိုကဲ့သို့ အတင်းအဖျင်းစကားများအား စိတ်မဝင်စားခဲ့ပေ။ ထိုကဲသို့ အတင်းအဖျင်း စကားများ ပြောသူများသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကို့ပါးကိုယ် ပြန်ရိုက်သကဲ့သို့ ဖြစ်သွားကြမည်အား ယုံကြည်သောကြောင့် သူမ လုပ်စရာရှိသည်များကို ဆက်လက် လုပ်ကိုင်နေခဲ့သည်။ သူမအတွင် ယခုအချိန်တွင် အရေးကြီးဆုံး အရာသည် ပိုက်ဆံရှာရန်သာ ဖြစ်ပေသည်။
ပိုက်ဆံအများကြီး ရှာရမယ်.....
သူမတွင် ပိုက်ဆံများ ရှိနေခဲ့လျှင် သူမ မိခင်ဖြစ်သူနှင့် ညီမလေး ဖြစ်သူတို့အတွက် ကောင်းမွန်သော ဘဝတစ်ခုအား ရရှိစေရန် သေချာပေလိမ့်မည်။
နီယန်သည် မြစ်ကမ်းဘေးသို့ အလျှင်အမြန် လှမ်း၍ သွားလိုက်သည်။ မြစ်သည် သိပ် မနက်ပေ။ ရေတိမ်ပိုင်းတွင် ခရုများနှင့် ခုံးကောင်များကိုပင် တွေ့နိုင်ပေသည်။ နီယန်သည် သူမ၏ ဘောင်းဘီရှည်များအား လိပ်တင်လိုက်ကာ ငါးဖမ်းပိုက်အား ရေနက်ပိုင်းတွင် ထားလိုက်ကာ မြစ်ကမ်း တစ်လျှောက်ရှိ ခရု နှင့် ခုံးကောင် ကမာကောင်များအား ပလတ်စတစ် ဇလုံ အတွင်းသို့ စတင်၍ ကောက်ထည့် လေတော့သည်။ ထိုခေတ်ကာလမှ လူများသည် ခရု ကမာ ခုံး စသည်တို့အား သိပ် မနှစ်သက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထို အရာများသည် သေချာ မပြင်ဆင်တတ်လျှင် အလွန် ညှီနံ့ နံသောကြောင့် ဖြစ်ပေသည်။
မည်သို့ပင် ဖြစ်စေ လူတိုင်းသည် လယ်ယာလုပ်ငန်းများဖြင့် အလုပ်များနေချိန်တွင် မည်သူက ဟင်းလျာ အသစ်အဆန်းများအား စူးစမ်းရှာဖွေကာ ချက်ပြုတ်နိုင်လိမ့်မည်နည်း။ အချိန်ခဏတာ အတွင်း နီယန်သည် ခရု ကမာကောင်များအား ဇလုံ တစ်လုံး အပြည့် ကောက်၍ ရသွားခဲ့သည်။
“ကလေးမလေး သမီး ဘာလို့ ခရုတွေကို ဒီလောက်အများကြီး ကောက်နေရတာလဲ “
အသက်ငါးဆယ် ခြောက်ဆယ် အရွယ် အမျုးသမီးကြီး တစ်ဦးသည် မြစ်ကမ်းဘက်မှ တက်လာရင်း မေးလိုက်သည်။ သူမသည် ခေါင်းတွင် ပုဝါတစ်ထည် ပတ်ထားကာ မျက်လုံး ကြီးကြီး ဝိုင်းဝိုင်းလေးဖြင့် နီယန်အား စူးစန်းသလို ကြည့်နေသည့် ကလေးလေး တစ်ယောက်ကိုလည်း လက်ကဆွဲလာခဲ့သည်။ နီယန်သည် ရီမောလျှက်ပြန်ဖြေလိုက်သည်။
“ကျွန်မက ဒါတွေကို ကြက်သွန်မြိတ် ဂျင်း ကြက်သွန်ဖြူ ငရုတ်သီး အဲ့ဒါတွေနဲ မွှေးနေအောင် ကြော်စားမလို့ အဒေါ်ကော ကျွန်မနဲ့ တူတူ ကောက်မလား”
ထို အဒေါ်ကြီးသည် မျက်မှောင်ကြုတ်လျှက် ပြောလိုက်သည်။
“နင်က မြို့ပြင်က လာတဲ့ ကောင်မလေးမလား ဟုတ်တယ် မလား အဲ့ဒါတွေက ညှီနံ့နံလို့ စားရခက်တယ် ငါတို့ ဒီမှာ ပုံမှန်ဆို ဘဲစာ အနေနဲ့ပဲ သုံးတာ”
သူမ စကားမဆုံးခင်မှာပင် သူမလက်ကိုင်လာသော ကလေးလေးသည် တစ်ကိုယ်လုံး တုန်ရီလာခဲ့ကာ ပါးစပ်မှ အမြှပ်များ ထွက်ပေါ်လာခဲ့ကာ ဆယ်စက္ကန့် မပြည့်ခင်မှာပင် မြေပြင်ပေါ်သို့ လဲကျသွားခဲသည်။ တစ်စုံတစ်ရာ ပူးကပ်နေသကဲ့သို့ ဖြစ်သွားခဲ့သည်။
အဖြစ်အပျက်များသည် အလွန် မြန်ဆန်သောကြောင့် ထို အဒေါ်ကြီးသည် ထိုကဲ့သို့ တစ်ကြိမ် တစ်ခါမှ မမြင်ဖူးသောမှန်း သိသာကာ ကြောက်ဒူးတုန်လျှက် ဘာလုပ်လို့ ဘာကိုင်ရမည်ကို မသိဖြစ်နေခဲ့သည်။
“ကွေ့ပေါင် ကွေ့ပေါင် သား ဘာဖြစ်နေတာလဲ ကွေ့ပေါင်
ထိုသို့ ပြောကာ သူမသည် ကလေးအား ပွေ့ချီကာ အိမ်သို့ အမြန် ပြန်ပြေးရန် ပြင်လိုက်သည်။ နီယန်သည် သူမ၏ လက်အတွင်း ကိုင်တောင်ထားသော ဇလုံအား ချက်ချင်း ချလိုက်ကာ ထို အဒေါ်ကြီး ပြေးသွားမည်အား တားဆီးရန် ကမ်းဘက်နားသို့ ပြေးသွားလိုက်သည်။ ထို့နောက် သူမ ပြောလိုက်သည်မှာ
“ဒေါ်ဒေါ် ကျွန်မ မိသားစုက မျိုးဆက်တစ်လျှောက်လုံး တရုတ် တိုင်းရင်းဆေးပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုလာခဲ့တာပါ ကလေးကို ကျွန်မ လက်ထဲ အမြန် ထည့်ပေးပါ”
ထိုအဒေါ်ကြီး၏ မျက်လုံးများသည် နီရဲလျှက်ဖြင့် နီယန်အား တုန့်ဆိုင်းစွာ ကြည့်လိုက်မိသည်။ ထို အဒေါ်ကြီး၏ အမြင်တွင် နီယန်သည် မည်သည်ကိုမှ မသိနိုင်သော ငယ်ရွယ်သော မိန်းကလေး တစ်ဦးသာ ဖြစ်ပေသည်။ ထို့ကြောင့် သူမသည် နီယန်အား မယုံကြည်ခဲ့ပေ။ ယုံကြည်ရန်လည်း မဝံ့ရဲပါပေ။
သူမ၏ လက်ထဲမှ ကလေးငယ်လေးသည် သူမ၏ သမီး ဖြစ်သူ၏ မိသားစု တစ်ခုလုံး၏ အသက်သွေးကြော ဖြစ်ပေသည်။ အကယ်၍ တစ်စုံတစ်ခုသာ ထို ကလေးငယ်အပေါ် ဖြစ်သွားခဲ့ပါက သူမသည်လည်း အသက်ဆက်လက်၍ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
“အဒေါ် ကလေးကို ကျွန်မ လက်ထဲ စိတ်ချလက်ချ ပေးလိုက်ပါ အကယ်၍ အဒေါ် တုန့်ဆိုင်းနေခဲ့ရင် သူ့အတွက် အသက်အန္တရာယ် ရှိနိုင်တယ် “
နီယန်သည် နောက်ပြောင်သည့် လေသံဖြင့် မဟုတ်ပဲ လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်သည်။ ထိုအဒေါ်ကြီးသည် အလွန်အမင်း တုန့်ဆိုင်းနေခဲ့ကာ အကျယ်ကြီး အော်ဟစ်လိုက်သည်။
“ကယ်ကြပါအုန်း တစ်ယောက်လောက် မြန်မြန် ကယ်ကြပါအုန်း ကလေးရဲ့ အသက်ကို ကယ်တင်ပေးကြပါ”
လယ်ကွင်းထဲ၌ အလုပ်လုပ်နေသော သူများစွာရှိကြသည် ဖြစ်ရာ ထို အဒေါ်ကြီး၏ အော်သံအား ကြားလျှင် လူများစွာ ရောက်လာကြတော့သည်။
“ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ “
“ဒါက မိန်ဖုန်းတို့ မိသားစုက ကလေးမလား”
“ပူးကပ်ခံနေရတာလား”
ထို လူအုပ်ကြီးသည် ကလေး ဖြစ်နေသည့် ရေဂါအား တီးတိုး ခန့်မှန်းကာ ပြောဆိုနေကြသည်။ နီယန်သည် ထိုအချိန်တွင် မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ပဲ အဒေါ်ကြီး၏ လက်အတွင်းမှ ကလေးအား ဆွဲယူလိုက်ကာ ကလေးအား မြေပြင်ပေါ်တွင် တစ်စောင်းလှဲချလိုက်ကာ ကလေး၏ ပါးစပ်အား ကလော်လိုက်ကာ တွေဝေမှု မရှိပဲ လေး၏ ပါးစပ်အတွင်းသို့ သူမ၏ လက်အား ထိုးထည့်လိုက်သည်။ ကလေးငယ်သည် သူမ၏ လက်အား ချက်ချင်း ပြင်းပြင်းထန်ထန် ကိုက်ချလိုက်သည်။ သူမသည် မျက်မှောင်ကျုတ်ကာ သူမ၏ နဖူးမှ ချွေးအေးများ ထွက်လာခဲ့တော့သည်။ ဘေးမှ ရပ်ကြည့်နေသော သူများသည် နီယန်အား လက်ညိုးညွှန်ကာ ပြောဆိုနေကြသည်။
“ဒီလို မိန်းမငယ်လေးက ဘာသိမှာတဲ့လဲ သူလုပ်လို့ ကလေးသေသွားမှဖြင့်....”
“အဒေါ်ချန် သူ့ကို မြန်မြန် တားလိုက် ကွေ့ပေါင်ကို အသက်မရှင်စေချင်ဘူးလား”
“ဒီကောင်မလေးက သူ့နေရာသူ မသိဘူး”
လူအုပ်ကြီးသည် ရှေ့တိုးကာ ဝင်ရောက် နှောင်ယှက်လာချိန်တွင် အတွေ့အကြုံရှိသော အဖိုးကြီးတစ်ဦးသည် ချက်ချင်း ရှေ့သို့တိုးထွက်လာကာ ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
“မင်းတို့ မသိတာနဲ့ အဓိပ္ပာယ်မရှိတာတွေကို လျှောက်ပြောမနေကြနဲ့ ကွေ့ပေါင်က ဝက်ရူးပြန်ပြီး တက်နေတာ ဒီကောင်မလေးက သူ့ကို ကယ်ဖို့ ကြိုးစားနေတာ ဒီရောဂါက ကောင်းကောင်း မကိုင်တွယ်တတ်ရင် အသက်ပါ သေသွားနိုင်တယ် မင်းတို့ အားလုံး နောက်ဆုတ်ကြ သူ လူကယ်နေတာကို နှောင့်ယှက် မနေကြနဲ့”
လူအုပ်ကြီးသည် ထိုစကားအား ကြားသောအချိန်တွင် သူတိူ့ဆီ ပြသာနာများ ရောက်ရှိလာမည်အား စိုးရိမ်ထိတ်လန့်သောကြောင့် အချင်းချင်း တီးတိုးပြောကာ နောက်သို့ ဆုတ်သွားကြသည်။ နီယန်သည် ဤကဲ့သို့ စကားကောင်းများ ပြောဆိုပေးခဲ့သော အဖိုးအိုအား ကျေးဇူးတင်သော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။
ထိုအဖိုးအိုသည် စာကြည့်မျက်မှန် တပ်ထားကာ အဖြူရောင် စွပ်ကျယ်အား ဝတ်ဆင်ထားခဲ့သည်။ သူသည် ပညာရှင် တစ်ယောက်၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့ကာ တောင်သူ တစ်ဦးနှင့် လုံးဝ တူညီမှု မရှိပဲ ကျေးလက်တွင် အနားယူနေသော ပုဂ္ဂိုလ် တစ်ဦးနှင့် တူညီနေခဲ့သည်။ ကလေးလေးသည် မရပ်မနား တက်နေခဲ့ကာ အဒေါ်ကြီးသည် တိုးတိတ်စွာ ငိုကြွေးကာ အသံနိမ့်နိမ့်ဖြင့် ပြောဆိုနေခဲ့သည်။
“ကွေ့ပေါင် သား တစ်ခုမှ ဖြစ်လို့ မရဘူးနော် သားလေးသာ တစ်ခုခုဖြစ်သွားရင် အဖွား ဘယ်လို လုပ်ရမလဲ”
နီယန်သည် အရေးပေါ် ရှေးဦး သူနာပြုစုနည်းများအတိုင်း လုပ်ပေးရင်း အဒေါ်ကြီးအား ပြောလိုက်သည်။
“ဒေါ်လေး ကွေ့ပေါင်ရဲ့ အကျီ ကြယ်သီးတွေကို မြန်မြန် ဖြုတ်ပေးပါ”
“ကောင်းပြီ ကောင်းပြီ “
အဒေါ်ကြီးသည် သတိပြန်ဝင်လာခဲ့ကာ ကြယ်သီးများ ဖြုတ်နေချိန်တွင် သူမ၏ လက်များ တုန်ယင်နေခဲ့သည်။ ထိုအချိန်တွင် ကလေးငယ်၏ မျက်လုံးများသည် တင်းကြပ်ကာ မှိတ်ထားခဲ့ကာ မျက်နှာသည်လည်း သေသူ တစ်ဦးကဲ့သို့ ဖြူဖျော့သွားခဲ့သည်။ ထို့အပြင် တက်နေသည်မှာလည်း တဖြေးဖြေး ရပ်တန့်သွားခဲ့ကာ သူ၏ အသက်ရှုသံသည်လည်း တဖြေးဖြေး နှေးသထက် နှေးကွေးလာခဲ့ကာ အသက်ရှင်နေသည့် လက္ခဏာများ ပျောက်ဆုံးလာခဲ့တော့သည်။
ဘေးနားမှ တီးတိုး ပြောဆိုသံများသည်လည်း ပြန်လည်ပြောလာကြတော့သည်။
“ဒီကောင်မလေး တစ်ကယ်ကော လုပ်နိုင်လို့လား”
“ဒီလောက်ကြာနေတာတောင် တုန့်ပြန်မှု မရှိတော့ဘူး ကွေ့ပေါင်ကို ဆုံးရှုံးလိုက်ရပြီ ထင်တယ်”
ထိုစကားများအား အဒေါ်ကြီး ကြားသွားချိန်တွင် သူမသည် ချက်ချင်း ထိတ်လန့်သွားကာ သူမ၏ လက်များသည် နီယန်၏ လည်ပင်းအား ကိုင်ကာ နီယန်အား လှုပ်ယမ်းလျှက် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
“အကယ်လို့ ဒီနေ့ ကွေ့ပေါင်သာ တစ်စုံတစ်ခု ဖြစ်သွားရင် နင့်ကိုလည်း အသေသတ်ဖို့ ငါ့အသက်နဲ့ ရင်းရဲတယ်”
(T/N : ဘာဆိုင်လို့လဲနော် သူ့ကလေးက ဝက်ရူးပြန်နေတာကို ကယ်လည်း ကယ်ပေးရသေးတယ် ကျက်သတုံးလူတွေ ကိုလည်း မကယ်နိုင် ကယ်ပေးတဲ့သူကိုကျတော့လဲ လိုက်လက်ညှိုးထိုးနေတယ် သာသာဆို ကလေးကိုတော့ သနားပေမဲ့ ဖြစ်ချင်ရာဖြစ် ထားခဲ့လိုက်တော့မယ် ဘယ်လို စိတ်ဓာတ်တွေလဲ မသိဘူး.....)