မိုဘိုင်ချွန်း
Vol. 2 Ch. 30
ညစာအတွက် ဟင်း သုံးမျိုးနှင့် ဟင်းရည် တစ်ခွက်ပါရှိသည်။ ပထမဆုံး ဟင်းပွဲသည် ဝက်ကျောက်ကပ် မွှေကြော် ဖြစ်သည်။ ဝက်ကျောက်ကပ်တွင် သံဓာတ် ကြေးနီ ဖော့စဖရပ် စသော သတ္တုဓာတ်များ အပြင် ဗီတာမင် နှင့် အဆီဓာတ်များ ပါဝင်ပေသည်။ အိုမင်းရင့်ရော်မှုအား လျော့ချပေးသည့် ဟင်းကောင်းတစ်ခွက် ဖြစ်ပေသည်။
နောက်တစ်ပွဲသည် မြစ်ပုစွန်နှင့် ပဲသီးအား ရောကြော် ထားခြင်း ဖြစ်သည်။ ပဲသီးနှင့် ပုစွန်များသည် ပရိုတင်းဓာတ်မြင့်မားသော အသားအသာများ ဖြစ်ကာ ရင်သား ဖွံ့ဖြိုးမှုအား အားပေးသည့် အာနီသင်ရှိသည်။ ထိုဟင်းသည် ရင်သားဖွံ့ဖြိုးမှု အတွက် အကောင်းဆုံးဟင်းတစ်ပွဲဟု သတ်မှတ်၍ ရပေသည်။
နီချန်ကွေ့သည် ငါးဂေါ်ဖီချဉ်ဟင်းအား မှာထားခြင်း ဖြစ်သည်။ အရသာရှိရုံမှ လွဲ၍ ငါးဂေါ်ဖီချဉ်ဟင်းတွင် မည်သည့် အာနိသင်မှ မရှိချေ။
နောက်ဆုံး ဟင်းပွဲသည် ရင်သားဖွံ့ဖြိုးစေသည့် အာနိသင်ရှိသော နောက်ထပ် ဟင်းတစ်မျိုး ဖြစ်ကာ ရေညှိ ဝက်ခြေထောက်များနှင့် ပေါင်းထားသည့် ငါးကြင်းစတူး ဖြစ်သည်။
အဓိကဟင်းပွဲသည် ကြက်သွန်မြိတ် ဆန်ပြုတ်ဖြစ်သည်။ ဆေးကျမ်း မှတ်တမ်းများအရ ကြက်သွန်မြိတ် ဆန်ပြုတ်သည် ခန္ဓာကိုယ် အလယ်ပိုင်းနှင့် အောက်ပိုင်းကို နွေးထွေးစေသည်။ ဆေးကျမ်းများတွင် ဖော်ပြထားသည်မှာ ၎င်း ဆန်ပြုတ်သည် ဝမ်းပျက်ဝမ်းလျှော နှင့် သွေးထွက်ခြင်းများအား တားဆီးပေးရာတွင် အထောက်ကူ ဖြစ်စေသည့်အပြင် ခါးနှင့် ဒူးများအား နွေးထွေးစေသည်။ ထို့အပြင် နှလုံးနှင့် ရင်ဘတ်တွင် အအေးမိခြင်းကြောင့် ဖြစ်လာသည့် ပိတ်ဆို့နေမှုများအား ဖယ်ရှားပေးကာ အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ကိုက်ခဲမှုများနှင့် ဗိုက်အောင့်ခြင်းများအား သက်သာပျောက်ကင်းစေသည်။
ထို့ကြောင့် ကြက်သွန်မြိတ်ဆန်ပြုတ်သည် အအေးဓာတ်ကို ဖယ်ရှားကာ သားအိမ်အား နွေးစေသည့် အာနိသင်ရှိသောကြောင့် အထူးသဖြင့် နီချွေ့ဟွာကဲ့သို့ ကလေးမွေးပြီးစ မီးနေသည်များ အတွက် အလွန်အကျိုးရှိပေသည်။ သာမာန် လူများစားသုံးပါက အလှအပအား တိုးပွားစေကာ နုပျိုစေသည့် အာနိသင်များကို ရရှိနိုင်ပေသည်။
အမျိုးသမီးများသည် နွေးထွေးနေချိန်တွင် ပို၍ လှပကြပေသည်။ နီယန် ဟင်းပွဲများ ပြင်ဆင်ပြီးသည်နှင့် နီချန်ကွေ့သည် အိတ်တစ်လုံးကို ကိုင်ကာ လျှောက်လာခဲ့သည်။
“အချိန်ကိုက်ပဲ ယန်ယန် ဒေါ်လေးတို့ ညစာစားလို့ရပြီလား သမီး အမေ ဘယ်မှာလဲ”
နီယန်သည် ပြုံးလျှက် ပြန်ဖြေလိုက်သည်။
“ဒေါ်လေးနီ ပြန်လာပြီလား အမေက ညီမလေးကို ချော့သိပ်နေတယ်အကယ်၍ ဒေါ်လေး ဆာနေပြီ ဆိုရင် အရင်စားနှင့်လိုက်လေ”
နီချန်ကွေ့သည် အိတ်ကို ဘေးသို့ ချလိုက်ကာ ပြောလိုက်သည်။
“ဒေါ်လေး လက် အရင်ဆေးလိုက်အုန်းမယ် သမီး အမေလာမှ တူတူ စားကြတာပေါ့”
နီချန်ကွေ့သည် ရိုင်းပြတတ်သည့်သူ တစ်ဦး မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် စစ်တပ်စခန်းအတွင်း.....
မိုဘိုင်ချွန်းသည် ရုံးခန်းအတွင်း ထိုင်နေကာ တစ်နေကုန် အလုပ်လုပ်နေရသည့် အတွက် ပင်ပန်းနွမ်းနယ်စွာ သူ၏ နားထင်များ ဖိနှိပ်လိုက်သည်။ တစ်စုံတစ်ခုအား သတိရသွားသည့်အတွက် သူသည် စားပွဲပေါ်မှ ဖုန်းအား ကောက်ကိုင်လိုက်ကာ နံပါတ် တစ်ခုအား ချက်ချင်း ခေါ်လိုက်သည်။ ခဏအကြာတွင် ဖုန်းဝင်သွားခဲ့သည်။
“ဟယ်လို ဒေါ်လေးဝူ ကျွန်တော်ပါ “
စကားမပြောဖြစ်တာ ကြာလွန်းသည့်အတွက် ဖြစ်မည်။ သူ၏ အသံသည် အက်ရှရှ ဖြစ်ကာ နက်ရှိုင်းပြီး ဆွဲဆောင်မှု ရှိနေခဲ့သည်။
တစ်ဖက်မှ ဖုန်းကိုင်လိုက်သည် ဒေါ်လေးဝူသည် ဆံပင်ဖြူဖွေးနေသည့် အဖွားအို တစ်ဦးထံသို့ ဖုန်းအား လွှဲပြောင်းပေးလိုက်သည်။
“ဟယ်လို ရှောင်ချွမ်း အဖွားမြေးလေး ဘယ်တော့ အဖွားစီကို ပြန်လာလည်မှာလဲ “
အဖွားအို၏ မျက်နှာတွင် အချစ်များဖြင့် ပြည့်နှက်နေသည့် အပြုံးများဖြင့် ကလေးတစ်ဦးလို ချိုသာစွာ မေးမြန်းလိုက်သည်။
“အဖွား ကျွန်တော် အလုပ်ပြီးတာနဲ့ အဖွားစီ လာခဲ့ပါ့မယ်”
သူ၏ အမူအရာများသည် နူးညံ့ပျော့ပြောင်းသွားခဲ့သည်။
“အဖွားတို့ နေကောင်းကြရဲ့လား အဖိုးကော ဘာတွေလုပ်နေလဲ”
“အဖွားတို့ နေကောင်းပါတယ် အားလုံးနေကောင်းကြပါတယ် အဖွားတို့ အတွက် မပူပါနဲ့ “
အဖွားအိုသည် လျှင်မြန်စွာ ပြန်ဖြေလိုက်သည်။
“ဒါနဲ့ ရှောင်တျယ်ရော”
မိုဘိုင်ချွမ်း မေးလိုက်သည်။
“ရှောင်တျယ်ကော အခု ဘာတွေ လုပ်နေလဲ”
သူ၏ စကား ကြားလိုက်ချိန်တွင် အဖွားအို၏ မျက်နှာသည် မှုန်မှိုင်းသွားခဲ့သည်။
“သူက အရင်တိုင်းပါပဲ “
မိုဘိုင်းချွမ်း၏ မျက်နှာသည် စိုးရိမ်ပူပန်ဟန်များဖြင့် ပြည့်နှက်သွားခဲ့ကာ နဖူးအား ပွတ်သပ်လိုက်သည်။ သူ၏ လေသံသည် တည်ငြိမ်နေကာ အဖွားအိုအား နှစ်သိမ့်ပေးလိုက်သည်။
“အဖွား ရှောင်တျယ်ကို မစိုးရိမ်ပါနဲ့ လူကောင်းတွေက အခက်အခဲကို ကျော်လွှားနိုင်ကြပါတယ် အခု ဆေးပညာတွေလည်း တိုးတက်လာကြပါပြီ အကယ်လို့ အခြေအနေ ဆိုးရွားလာရင် ကျွန်တော်တို့ အမေရိကန်တို့ ဗြိတိန်တို့လို နိုင်ငံတွေကို သွားပြီး ကုလို့ရပါတယ် ရှောင်တျယ်လည်း တစ်နေ့ကျရင် သေချာပေါက် ပြန်ကောင်းလာမှာပါ”
အဖွားအို ပြန်လည် တုန့်ပြန်ပြောဆိုလိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းတို့ ဦးလေးလီ ဆီက အဖွား သတင်းတစ်ခု ကြားလိုက်တယ် ကျန်းနန်မှာ နာမည်ကြီး သမားတော် တစ်ယောက်ရှိတယ်တဲ့ သူက ရှေးဟောင်းဆေးပညာရှင် ဟွာတိုရဲ့ မျိုးဆက်ဖြစ်ပြီးတော့ ခက်ခဲတဲ့ ရောဂါတွေကိုလည်း ကုသတဲ့ နေရာမှာ ကျွမ်းကျင်တယ်တဲ့လေ မင်း အဖိုးကတော့ သူ့ကို သွားခေါ်ဖို့ လူလွှတ်လိုက်ပြီ သူ ရှောင်တျယ်ရဲ့ ရောဂါကို ကုပေးနိုင်ဖို့ မျှော်လင့်ပါတယ်ကွယ်”
“အကယ်လို့ သူသာ သူများတွေ ပြောသလောက် တော်မယ်ဆိုရင် ရှောင်တျယ်ရဲ့ ရောဂါကို သေချာပေါက် ကုသပေနိုင်လိမ့်မယ် “
မိုဘိုင်ချွမ်း ပြောလိုက်သည်။
“အဖွား အိမ်ကို ဒီရက်ပိုင်း လူစိမ်း ဘာညာ လာတာရှိလား ကျွန်တော့်ရဲ့ လက်ပတ်နာရီကို ယူလာတာမျိုးလေ”
“မရှိပါဘူး “
အဖွားအို မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။
“အဖွား ဒီရက်တွေမှ, အိမ်မှာပဲ ရှိတာပါ ဘယ်တစ်စိမ်းမှ မလာပါဘူး မြေးလေး မင်းနာရီ ပျောက်သွားလို့လား”
“မလာဘူး သေချာလား အဖွား “
မိုဘိုင်ချွမ်း သည် တွေဝေသွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ထားလိုက်ပါတော့ အကယ်လို့ အဖွား တစ်ယောက်ယောက် ရောက်လာခဲ့ရင် ကျွန်တော့်ကို ဖုန်းဆက်ပြီး ပြောဖို့ မမေ့နဲ့နော်”
“ကောင်းပါပြီ”
အဖွားမိုသည် ခေါင်းငြိမ့်ကာ ပြောလိုက်သော်လည်း သူမ၏ မျက်ဝန်းများတွင် သံသယ အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။ မိုဘိုင်ချွမ်းသည် ဖုန်းအား ချလိုက်ကာ လသာဆောင်ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။ သူ၏ အကြည့်များသည် တစ်စုံတစ်ခုအား တွေးကာ အတွေးများထဲ နစ်မြှပ်နေသကဲ့သို့ ဖြစ်နေကာ ကောင်းကင်မှ ကြယ်များအား မော့ကြည့်နေခဲ့သည်။
အမှောင်ညများကဲ့သို့ နက်ရှိုင်းလှသည့် သူ၏ မက်မွန်ပွင့်ပုံစံ မျက်ဝန်းများသည် ကြယ်စင်တန်းများနှင့် အက်ကြောင်းမရှိပဲ ရောနှောကာ တစ်သားတည်းဖြစ်နေသကဲ့သို့ တောက်ပနေခဲ့သည်။ သူသည် စစ်စိမ်းရောင် ရှပ်အကျီအား ဝတ်ဆင်ထားခဲ့သည်။ ရှပ်အကျီ၏ ဒုတိယမြောက် ကြယ်သီးအား ဖြုတ်ထားသည့်အတွက် သူ၏ လှပကွေးညွန်နေသည့် ညှပ်ရိုးများ နှင့် ဆွဲဆောင်မှုရှိသည့် လည်တိုင်အား ဖော်ထုတ်ပြသနေခဲ့သည်။
ထို့အပြင် အပေါ်မှ မျက်နှာအား ကြည့်လိုက်လျှင်လည်း ထင်ရှားပြတ်သားသည့် မေးရိုး သေသပ်ချောမောလှသော မျက်နှာသွင်ပြင်နှင့် မိန်းမလှလေးများ လက်မြောက်အရှုံးပေးရလောက်သည် အထိ ပြိုင်ဘက်ကင်းလှသည့် ချောမွတ်သော အသားအရည်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူထံမှ အားကောင်းလှသည့် အရှိန်အဝါတစ်ခု ပေါ်ထွက်နေခဲ့သည်။
ပုံမှန်အတိုင်း ရပ်နေရုံဖြင့် သာမာန်လူများ သူ့ထံသို့ ချည်းကပ်လာရန်ပင် မဝံ့မရဲ ဖြစ်စေနိုင်သည့် အရှိန်အဝါ ရှိနေခဲ့သည်။ သူသည် နီယန် အကြောင်းအား တွေးနေခြင်း ဖြစ်သည်။ သူ၏ တွက်ချက်မှုများအရ နီယန်သည် ဘေကျင်းသို့ ရောက်နေသည်မှာ ငါးရက် ခြောက်ရက် ရှိနေပြီ ဖြစ်သည်။ မည်သည့်အတွက်ကြောင့် သူမသည် မိုမိသားစုထံသို့ လာကာ သူ့အား လာရောက်မတွေ့ဆုံရသနည်း။
နီယန်သည် အမှန်တကယ် မည်သို့သော လူမျိုး ဖြစ်လေသနည်း။
မိုဘိုင်ချွမ်း၏ ဘဝတွင် မရေတွက်နိုင်လောက်သည့် လူများအား တွေ့ဆုံဖူးခဲ့သော်လည်း နီယန်ဆိုသည့် အမျိုးသမီးကိုသာ သူ မမှန်းဆနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် အသက် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးသည့် မိန်းကလေး တစ်ဦး ဖြစ်သော်လည်း သူ၏ ပင်ကိုသိစိတ်မှ ပြောနေသည်မှာ ထိုမိန်းကလေးသည် သူမ၏ ပြင်ပန်းသွင်ပြင်တွင် မြင်တွေ့ရသကဲ့သို့ မရိုးရှင်းလှကြောင်း အသိပေးနေခဲ့သည်။ သူမနှင့် ရွယ်တူ သာမာန် မိန်းကလေးများသည် သူမကဲ့သို့ သတ္တိနှင့် ဆုံးဖြတ်နိုင်စွမ်း မရှိကြပေ။
မိုဘိုင်ချွမ်းသည် ထို မိန်းကလေးအပေါ် တစ်ဖြေးဖြေး စိတ်ဝင်စားမှု တိုးမြင့်လာသည်အား သတိပြုမိလိုက်ချိန်တွင် သူ၏ မျက်ခုံးများ တွန့်ကွေးသွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာသည် ကောင်းမွန်လှသည့် လက္ခဏာများ မဟုတ်ချေ။ သူသည် အိတ်ထဲမှ စီးကရက်ဘူးအား ဖြေးညှင်းစွာဖြင့် ထုတ်ယူလိုက်သည်။ ‘ကလစ်’ ဟု အသံမြည်သွားခဲ့ကာ ငွေရောင် မီးခြစ်လေးထံမှ အပြာရောင် မီးတောက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
မိုဘိုင်ချွမ်းသည် စီးကရက်အား ပါးစပ်ထောင့်နားတွင် တေ့ကာ ခပ်ပြင်းပြင်း ရှိုက်ရှုလိုက်သည်။ လတ်ဆတ်သော ဆေးရွက်ကြီး၏ အရသာသည် သူ၏ လည်ချောင်းအတွင်း ဖြတ်သန်းသွားကာ ချက်ချင်း သူ့အား တည်ငြိမ် အေးချမ်းသွားစေခဲ့သည်။ ဖော်မပြနိုင်လှသည့် မျက်လုံး အကြည့်များဖြင့် ကြယ်များ စုံလင်လှသည့် ကောင်းကင်သို့ မော့ကြည့်နေလိုက်သည်။ ဆေးလိပ်ငွေ့များအား ရှုရှိုက်လိုက် မှုတ်ထုတ်လိုက်လုပ်နေသည့် သူ၏ ပုံသဏ္ဍာန်သည် ဆွဲဆောင်မှုရှိကာ ညှို့ဓာတ်များ ပြင်းထန်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုကဲ့သို့ အမျိုးသားတစ်ဦးသည် မည်သည့် နေရာသို့ ရောက်ရှိနေပါစေ လူတိုင်း၏ အာရုံစိုက်မှုအား ခံရသည့် ဗဟိုချက် တစ်ခု ဖြစ်နေမည်မှာ မလွဲပေ။
လီရှင်းရှင်းသည် အဝေးမှ လျှောက်လာခဲ့သည်။ သူမသည် ခြေလှမ်းများအား မထိန်းချုပ်နိုင်တော့ပဲ အရှိန်လျော့လိုက်ကာ မိုဘိုင်ချွမ်း၏ ပုံရိပ်အား မှင်သက်စွာ ငေးမောကာ ရပ်ကြည့်နေမိသည်။ သူမ၏ အကြည့်များသည် အရူးအမူး စွဲလန်းနေသကဲ့သို့ ဖြစ်နေခဲ့သည်။ သူမသည် ဆေးလေးသောက်နေစဉ် အချိန်တွင်ပင် ထိုမျှ ဆွဲဆောင်မှု ပြင်းလှသည့် အမျိုးသားအား မမြင်ခဲ့ဖူးပေ။
မည်သည့် ထောင့်မှ မဆို ကြည့်လျှင်ပင် သူသည် အပြစ်အနာအဆာ တစ်ခုမှ မရှိလောက်အောင် ပြည့်စုံလွန်းပေသည်။
အကယ်၍ သူမသည် ထိုသူအား စကားလုံး လေးလုံးဖြင့် ဖော်ပြရမည် ဆိုလျှင် .....
ထိုအရာသည် ...
‘ခန့်ညားတည်ကြည်ခြင်း’ ဟူ၍ ဖြစ်ပေသည်။
လီရှင်းရှင်း အသက်ဝအား ရှုသွင်းလိုက် ပြီးနောက် မျက်ဝန်းထဲမှ ရူးသွပ် စွဲလန်းလှသည့် အကြည့်များအား ဖုန်းကွယ်လိုက်ကာ မိုဘိုင်ချွမ်းထံသို့ လျှောက်သွားလိုက်သည်။ သာမာန် လေသံပျော့ပျော့ဖြင့် မိုဘိုင်ချွမ်းအား စကားပြောဆိုလိုက်သည်။
“မစ္စတာမို ရှင် စုံစမ်းခိုင်းထားတဲ့ ကောင်မလေးက အိမ်ထောင်ကျသွားပြီလို့ပြောတယ် အကယ်လို့ ရှင် သူ့ကို သွားတွေ့ရင် အဲ့ဒါက အဆင်မပြေလောက်ဘူး”
ထိုအချိန်တွင် လီရှန်းရှန်းသည် မူယန်သည် နီယန်သို့ နာမည်ပြောင်းလိုက်ကာ ဒမ်ကျေးရွာမှ ဘေကျင်းသို့ ထွက်ခွာလာပြီ ဖြစ်ကြောင်း သူမ မသိသေးချေ။
“အိမ်ထောင်ကျသွားပြီ ဘယ်အချိန်တုန်းကလဲ”
မိုဘိုင်ချွမ်း၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကပါ”
လီရှင်းရှင်းသည် ချိုသာစွာ ရှင်းပြလိုက်သည်။
“ကျေးလက်ဒေသမှာတော့ ဒီလိုပါပဲ ဆင်းရဲတော့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ချပေးလိုက်ကြတာပါပဲ ပြီးတော့ အဲ့ကောင်မလေး အိမ်ထောင်ကျတာ အတော် အဆင်ပြေတယ် ပြောကြတယ် ယောကျ်ား ဖြစ်သူက အသက်နည်းနည်း ကြီးပေမဲ့ မြေပိုင် အိမ်ပိုင်တယ် ပြီးတော့ ပိုက်ဆံ ရှိတယ်လို့ ပြောတယ် အဲ့တော့ သူ့တစ်ဘဝလုံး အစားအစာနဲ့ အဝတ်အစားအတွက် စိတ်ပူစရာမလိုတော့ဖူးပေါ့”
ထိုစကားလုံးများသည် နီယန်မှာ လူအား လက်ထပ်ခြင်း မဟုတ်ပဲ ငွေအား လက်ထပ်ခြင်း ဖြစ်သည်ဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် လက်ထပ်ခြင်းအား လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိနေပြီ ဖြစ်ကာ မိသားစုဝင်များသည်ပင် တစ်စုံတစ်ယောက်အား သူတို့၏ ဆန္ဒမပါပဲ အတင်းအကြပ် အိမ်ထောင်ချပေး၍ မရနိုင်တော့သည့်အတွက် ဖြစ်သည်။
သူ့ထံမှ နီယန် လိမ်လည် ယူသွားသည့် နာရီအကြောင်း စဉ်းစားမိလျှင် မိုဘိုင်ချွမ် မျက်လုံးအတွင်း အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
သူသည် စိတ်မနှံ့ဖြစ်မိပုံရသည်။
ထိုကဲ့သို့ သူမျိုးအား စိတ်ဝင်စားမိခြင်း
မိုဘိုင်ချွမ်း၏ အမူအရာ ပြောင်းလဲသွားသည်အား မြင်သော် လီရှင်းရှင်း၏ မျက်လုံးအတွင်း ကျေနပ်အားရသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
“မစ္စတာမို နွေရာသီ ရောက်ပြီ ဆိုပေမဲ့ ညဘက်တွေမှာတော့ အေးနေတုန်းပါပဲ အထဲဝင်ပြီး အနားယူသင့်တယ် “
လီရှင်းရှင်း ဆက်လက် ပြောဆိုလိုက်သည်။ မိုဘိုင်ချွမ်းသည် သူ၏ စီးကရက်၏ ပြာအား ခါချလိုက်ကာ အရေးမစိုက်ပဲ ပြန်ဖြေလိုက်သည်။
“မင်း အရင် ပြန်လိုက်”
လီရှင်းရှင်းသည် မတ်တပ်ရပ်နေရင်း နားလည်ကြောင်း ပြောလိုက်ကာ ဆက်လက်ပြောလိုက်သည်။
“မစ္စတာမို ရှင့် အခန်းထဲမှာ လျှော်ဖို့ အဝတ်အစားတွေရှိနေတာကို ကျွန်မ သတိထားမိတယ် ကျွန်မမှာလည်း လျှော်စရာ အဝတ်တွေ ရှိနေတယ် အဲ့တော့ ကျွန်မ ဒီအဝတ်အစားတွေကိုပါ ယူပြီး တစ်ခါထဲ အတူတူ လျှော်ပေးပါ့မယ်”
သူမ၏ စကားလုံးများသည် မေးမြန်းသယောင် ဖြစ်နေခဲ့သော်လည်း အတည်ပြုပြောဆိုလိုက်ဟန် ဖြစ်နေခဲ့သည်။