← Chapters

ဖိအားပေးခြင်း

Vol. 2 Ch. 29

ဖိအားပေးခြင်း

Vol. 2 Ch. 29

ရှန်ယန်းရွာမှ ရွာသူကြီးကိုယ်တိုင် မြွေကိုက်ခံထားရသော်လည်း ယခုအချိန်တွင် သူ ဂရုမစိုက်နိုင်တော့ပေ။ သူသည် အသံကို ချက်ချင်းပင် မြှင့်တင်လိုက်ပြီး ပြောလိုက်သည်။

"ဟူချန်းဇူ ခင်ဗျားက ဒီကိစ္စကို အရာရှိမင်းဆီ တိုင်ဦးမလို့လား ခင်ဗျား သေချာစဉ်းစားသင့်တယ်"

'အရာရှိ' ဆိုသည့် စကားလုံးကြောင့် ရွာနှစ်ရွာလုံးမှ လူများ မှင်တက်သွားကြသည်။ သူတို့သည် ပြဿနာ ကြီးကြီးမားမား ဖြစ်စေခဲ့ကြသော်လည်း အရာရှိမင်းထံ သွားရောက် တိုင်တန်းရန်မူ တစ်ခါမျှ စိတ်မကူးခဲ့ကြဖူးပေ။

ရွာသားများသည် အရာရှိနှင့် တွေ့လိုက်ရသည်နှင့်တင် အရေခွံတစ်လွှာ နွှာခံလိုက်ရသကဲ့သို့ ခံစားရမည် ဖြစ်သည်။ ထို့ပြင် ဤကိစ္စမှာ ကလေးငယ်များကို စားသောက်သည့် ကိစ္စကြီး ဖြစ်နေသည့်အပြင် အကယ်၍ အရာရှိများ ရောက်ရှိလာပါက ရွာတစ်ရွာလုံး ပါဝင်ပတ်သက်သည်ဟု အစွပ်စွဲခံရမည် မဟုတ်ပါလော။ ထို့ကြောင့် ရှန်ယန်းရွာမှ လူများသည် အရာရှိများနှင့် မတွေ့ရဲကြပေ။

အမှန်တကယ်တော့ ဟူမိသားစုရွာမှ လူများသည်လည်း ရှန်ယန်းရွာတွင် ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေသူငယ်ချင်းများ ရှိနေကြသည်။ ပုံမှန်ဆိုလျှင် သူတို့လည်း အရာရှိမင်းထံ တိုင်တန်းရန် စဉ်းစားကြမည် မဟုတ်ပေ။ ထိုသို့ လုပ်လိုက်ခြင်းသည် လူကို ဒုက္ခပေးရုံသာမက မျိုးဆက်ပြတ်သွားစေနိုင်သည့် လုပ်ရပ်မျိုး ဖြစ်နေသောကြောင့်ပင်။

သို့သော် အားယွီလေး၏ စကားကြောင့် ဟူမိသားစုရွာသားများ သတိဝင်လာကြသည်။ သူတို့က အိမ်နီးချင်းရွာဆိုသည့် သံယောဇဉ်ကို ထောက်ထားနေကြသော်လည်း ဟိုဘက်ရွာမှ လူများကမူ ထောက်ထားညှာတာခြင်း မရှိပေ။ သူတို့သည် ကလေးများကို လာရောက် လုယူနေကြခြင်း မဟုတ်ပါလော။

ရက်စက် ကြမ်းကြုတ်ကာ ကြောက်စရာကောင်းလှသည့် တောပုန်းဓားပြများပင်လျှင် ရွာသားများကို လုယက်ရန် တောင်ပေါ်မှ ဆင်းလာလေ့မရှိပေ။ သူတို့သည် ဖြတ်သွားဖြတ်လာ ကုန်သည်များကိုသာ ပြန်ပေးဆွဲလေ့ရှိကြသည်။ ရွာတစ်ရွာကို ဝင်ရောက် လုယက်ခြင်းသည် ကိုယ်ကျင့်တရား ပျက်ပြားနေသူများသာ လုပ်ဆောင်နိုင်သည့် ကိစ္စမျိုးဖြစ်သည်။

"ကောင်မစုတ်လေး နင်က သေချင်နေတာလား"

ဒဏ်ရာမရထားသည့် ရှန်ယန်းရွာသား တစ်ယောက်က မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်ကာ သူမကို သင်ခန်းစာပေးချင်သည့် ပုံစံဖြင့် ပြောလိုက်သည်။ သူမက အရာရှိဆိုသည့် စကားကို ထုတ်ပြောရဲသည်ပေါ့လေ။

"ကျုပ်ထင်တာတော့ ခင်ဗျားတို့ကမှ သေချင်နေကြတာပါ"

ရွာသူကြီးဟူသည် မူလက စဉ်းစားနေဆဲ ဖြစ်သော်လည်း တစ်ဖက်လူများက အထက်စီးဆန် မောက်မာနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

"မနက်ဖြန်ကျရင် ဒီကိစ္စကို အရာရှိတွေဆီ သွားတိုင်ကြမယ်"

ရှန်ယန်းရွာမှ လူများ ထိတ်လန့်သွားကြသည်။

"မတိုင်ပါနဲ့ အရာရှိတွေဆီ မတိုင်ပါနဲ့ ခင်ဗျားတို့ ဟူမိသားစုရွာကလူတွေ ရူးနေကြတာလား ဟမ် အရာရှိတွေနဲ့ တွေ့ရတာ လွယ်တယ်များ ထင်နေသလား အကယ်လို့ မသေရင်တောင် အရှင်လတ်လတ် အရေခွံနွှာခံရမှာ"

သူတို့ရွာသား အချင်းချင်းဆိုလျှင် ဤကိစ္စကို လျှို့ဝှက်ထားကြမည်ဖြစ်ပြီး နှစ်နှစ်ခန့်ကြာလျှင် မေ့ပျောက်သွားကြလိမ့်မည်ဟု သူတို့ သိနေသည်။ သို့သော် အရာရှိမင်းများထံ တိုင်ကြားလိုက်လျှင်မူ သူတို့ရွာသို့ မည်သည့် မိန်းကလေးကများ လာရောက် အိမ်ထောင်ပြုရဲတော့မည်နည်း။

အမျိုးသမီးများ မရှိလျှင် ကလေးများလည်း ရှိလာမည် မဟုတ်ပေ။ သူတို့၏ မျိုးဆက် ပြတ်သွားလျှင် ဘယ်လိုလုပ်ကြမည်နည်း။ အဖွားအိုဝမ်၏ မျက်နှာမှာလည်း ပြာနှမ်းနေလေသည်။ သူမ၏ ဒုတိယချွေးမ ကျောကုန်းမှ ဒဏ်ရာနှင့် အားယွီလေး အလုခံရလုနီးပါး ဖြစ်ခဲ့သည်ကို တွေးမိလိုက်တိုင်း သူမ ဒေါသကြောင့် အံကြိတ်မိနေတော့သည်။

"မနက်ဖြန်ထိ မစောင့်ဘူး ဒီနေ့ပဲ သွားတိုင်မယ် တတိယသား စတုတ္ထသား အခုချက်ချင်း အရာရှိမင်းဆီ သွားကြ ကြန့်ကြာမနေနဲ့ ဒီလို တိရစ္ဆာန်ကောင်တွေက လူလို့တောင် ခေါ်ဖို့တန်သေးလို့လား ငရဲမင်းတောင်မှ နင်တို့လောက် ယုတ်မာတဲ့ကောင်မျိုး တွေ့ဖူးမယ် မထင်ဘူး"

အဖွားအိုဝမ်၏ မျက်နှာထားမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် မည်းမှောင်နေပြီး ဘေးနားရှိ သူမ၏ လက်ချောင်းများမှာ တဆတ်ဆတ် တုန်ရီနေသည်။

"နင်တို့ သားသမီးကျတော့ တန်ဖိုးရှိတယ် သူများသားသမီးကျတော့ တန်ဖိုးမရှိဘူးပေါ့ နင်တို့အသက်တွေကပဲ အရေးကြီးတယ်ပေါ့လေ ရက်ပိုင်းလောက်လေး ငတ်တာနဲ့ နင်တို့ရဲ့ အသိစိတ်တွေက ခွေးစားသွဦးကုန်ကြတာလား ဒီလောက်ထိ အသိစိတ်တွေ ပျောက်ကုန်ကြပြီလား တကယ်လို့သာ သေလောက်အောင် ငတ်လာရင် နင်တို့ကိုယ်နင်တို့တောင် ပြန်စားကြမယ့်ကောင်တွေ ဖြစ်လာမှာတောင် ငါကြောက်မိတယ်"

ရှန်ယန်းရွာသားများက လက်မခံနိုင်ကြပေ။

"ခင်ဗျားတို့ ဟူမိသားစုရွာကကော ဘယ်လောက်တောင် မြင့်မြတ်နေလို့လဲ ကျုပ်တို့ကရော ကလေးတွေကို စားချင်တယ် ထင်နေလား အဲ့ဒါ ကျုပ်တို့ရဲ့ သားသမီးအရင်းတွေပါ ဒါပေမဲ့ ကျုပ်တို့သာ မစားရင် တစ်ရွာလုံး အဆုံးသတ်သွားလောက်ပြီ “

"ဟုတ်တယ် ထွက်ပေါက်ရှိရင် ဘယ်သူက ဒီလမ်းကို ရွေးပါ့မလဲ ခင်ဗျားတို့ရွာက ကံကောင်းလို့ စားစရာတွေ ရှိနေတာလေ ကျုပ်တို့ကတော့ ကံဆိုးလွန်းလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး"

တစ်ယောက်ကဆိုလျှင် ရက်စက်ကြမ်းကြုတ်စွာပင် ထပ်ပြောလိုက်သေးသည်။

"အဲ့ဒီ ကလေးစုတ်တွေက ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းတွင်းကို ကျော်နိုင်မှာ မဟုတ်ဘူး အခုတော့ သူတို့ကို မွေးပေးထားတဲ့ ကျေးဇူးကို ပြန်ဆပ်ခိုင်းလိုက်တာပဲလေ သူတို့သာ အဲ့လို ကျေးဇူးမဆပ်ရင် ကျုပ်တို့လည်း ဆက်ပြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး"

ထိုစကားပြောသူမှာ မြေကြီးပေါ်တွင် လဲကျနေသော သူတစ်ဦး ဖြစ်သည်။ မြွေဆိပ်ကြောင့် ခါးအောက်ပိုင်း သေနေပြီ ဖြစ်သော်လည်း ပါးစပ်ကမူ လှုပ်ရှားနေဆဲ ဖြစ်သည်။ အဖွားအိုဝမ်သည် ဝမ်တလန်ထံမှ ထမ်းပိုးကို ဆွဲယူလိုက်ပြီး ထိုလူ၏ ပခုံးကို ရိုက်ချလိုက်လေသည်။

"ဂျွတ်"

ထိုလူ၏ ပခုံးရိုး ကျိုးသွားသံကို လူတိုင်း ကြားလိုက်ရတော့သည်။

"မင်းက မင်းမရှင်သန်နိုင်တော့ဘူးလို့ ပြောနေတာလား ဒီနေရာမှာရှိတဲ့ ဘယ်ကောင်မှ ငါ့ရှေ့မှာ သေလောက်အောင် ငတ်နေလို့ မရှင်သန်နိုင်တော့ဘူးဆိုတဲ့စကား မပြောရဲဘူးနော် မင်းတို့ရွာက တကယ်ပဲ မြက်တစ်ပင် သစ်ခေါက်တစ်ဖတ် ရှာမရလောက်အောင် ငတ်နေကြတာလား မင်းတို့ဗိုက်ထဲမှာ ကျောက်ခဲတွေ ရွှံ့တွေ အပြည့်ဖြည့်ထားသလို ခံစားရလောက်အောင် ငတ်နေကြပြီလား ဖွီ... သူများသားသမီးကို လာလုဖို့ကျတော့ အားအင်တွေ ရှိနေသေးတယ်ပေါ့"

အဖွားအိုဝမ်သည် ညည်းညူအော်ဟစ်နေသော ထိုလူ၏ မျက်နှာပေါ်သို့ တံတွေးဖြင့် ထွေးချလိုက်သည်။

"မင်းတို့က လမ်းဆုံးတောင် မရောက်သေးဘူး တိရစ္ဆာန်တွေတောင် မလုပ်ရက်တဲ့အလုပ်ကို လုပ်နေကြပြီ အခု မင်းတို့အမြီး တက်နင်းခံလိုက်ရတော့မှ နာရကောင်းမှန်း သိသွားကြသလား ငါတို့က မင်းတို့ကို တရားစီရင်လို့မရပေမဲ့ မင်းတို့ရဲ့ ပြစ်မှုတွေကို စီရင်မယ့်သူကတော့ အလိုလို ပေါ်လာမှာပဲ"

အဖွားအိုဝမ်၏ မျက်လုံးများမှာ နီရဲနေပြီး မျက်ခွံများ ပြူးကျယ်နေသည်။ သူမသည် အံကိုကြိတ်လျက် ရှန်ယန်းရွာသားများကို ကြည့်လိုက်သည်။

"ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ မင်းတို့အားလုံး လူသားစားတဲ့အထဲမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဘယ်သူမှ အပြစ်မကင်းကြဘူး ဒီနေ့ပဲ ငါတို့ရွာကို မင်းတို့တွေ လာပြီး ပြဿနာရှာတယ် ကလေးတွေ လာလုတယ် လူတွေကို ဒဏ်ရာရအောင် လုပ်တယ်ဆိုပြီး အရာရှိမင်းဆီ သွားတိုင်မယ် ကျန်တာတွေကတော့ ကောင်းကင်ဘုံက ကြည့်နေလိမ့်မယ် လူသတ်တာက ဥပဒေနဲ့ ငြိစွန်းလား ဒါမှမဟုတ် မင်းတို့အသက်နဲ့ ပြန်ပေးဆပ်ရမလားဆိုတာ မင်းတို့ဘာသာ စဉ်းစားကြပေတော့"

အဘွားအို၏ အကြည့်များက စူးရှလွန်းနေသောကြောင့် ဖြစ်မည်၊ သို့မဟုတ် အဖိုးအိုဝမ်၏ မိသားစုသည် တစ်ချိန်က မြေရိုင်းများမှ ဤနေရာသို့ ထွက်ပြေးလာခဲ့ကြသည်ကို လူတိုင်းက တွေးမိသွားသောကြောင့် ဖြစ်မည်ထင်။ အသက်ကြီးသူများကမူ ထိုအချိန်က ဝမ်မိသားစုသည် အရိုးပေါ်အရေတင် ဖြစ်နေပြီး သေမင်းနှင့် မဝေးတော့သည့် အခြေအနေတွင် ရှိနေခဲ့သည်ကို မှတ်မိနေကြသေးသည်။

သူတို့သည် လမ်းတစ်လျှောက် သစ်ဥသစ်ဖုများကို စားသောက်ရင်း ဤနေရာအထိ ထွက်ပြေး လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့မိသားစုသည် ဟူမိသားစုရွာ၏ ဝင်ပေါက်၌ သတိလစ် မေ့မြောခဲ့ကြသေးသည်။

ထိုစဉ်က အားအနည်းဆုံး ဖြစ်ခဲ့သော အဘွားအိုသည် ယခုကဲ့သို့ ပြောဆိုရန် အခွင့်အရေး အရှိဆုံးသူ ဖြစ်နေလေသည်။ ဝမ်ချွမ်းဖူသည် မိခင်ဖြစ်သူ၏ ပုံစံကို မြင်လိုက်ရသောအခါ သူ၏ မိခင်သည် ထိုအကြောင်းအရာများကို ပြန်တွေးမိသွားပြီမှန်း သိလိုက်သည်။ သူ၏ ရင်ထဲတွင် အနည်းငယ် နာကျင်သွားပြီး အဖွားအိုဝမ်ကို တွဲပေးရန် ရှေ့သို့ ချက်ချင်း တိုးသွားလိုက်သည်။ ထို့နောက် သူ၏ ညီနှစ်ယောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"တတိယသား စတုတ္ထသား အမေပြောတဲ့အတိုင်း လုပ်ကြ"

ဝမ်ချွမ်းယွမ်နှင့် ဝမ်ချွမ်းမန်တို့သည် နောက်လှည့်ကာ ထွက်ခွာရန် ပြင်လိုက်ကြသည်။ ရှန်ယန်းရွာမှ လူများသည်လည်း ချက်ချင်းပင် သူတို့ကို တားဆီးရန် ပြင်လိုက်ကြသည်။

"ချောင်းဟွာ"

ရွာသူကြီးဟူက တစ်ဖက်ရွာသူကြီး၏ နာမည်ကို အော်ခေါ်လိုက်သည်။

"ခင်ဗျားက ဒီကိစ္စကို တကယ်ပဲ ပုပ်သိုးသွားတဲ့အထိ ဆက်ထားဦးမလို့လား ကောင်းကင်ကြီးက သာယာနေပြီ နှင်းတွေလည်း အရည်ပျော်ကုန်ပြီ ခင်ဗျားကျတော့ရော ခင်ဗျားရဲ့ နှလုံးသားထဲက ပုပ်သိုးနေတဲ့ အသားစတွေကို ဆက်ပြီး ဖက်တွယ်ထားချင်သေးတာလား"

ရှန်ယန်းရွာသူကြီးမှာ သက်ပြင်းချလိုက်သည်။ သူကိုယ်တိုင် ကလေးများ၏ အသားကို မစားခဲ့သော်လည်း အပြစ်ကင်းသည်ဟု မဆိုလိုပေ။ သူသည် ရွာသားများကို ဦးဆောင်ပြီး ဤနေရာသို့ ခေါ်လာသူ ဖြစ်သည်။ သူ မည်သို့ တာဝန်မှ လွတ်ကင်းနိုင်ပါမည်နည်း။ အကယ်၍သာ အရာရှိမင်းထံ တိုင်ကြားလိုက်လျှင် ရွာတစ်ရွာလုံး ပျက်စီးသွားပေလိမ့်မည်။

ရွာသူကြီး ဘာမျှ မပြောသည်ကို မြင်သောအခါ ရှန်ယန်းရွာသားများသည် နောက်မဆုတ်ကြသေးပေ။

နှစ်ဖက်စလုံး တင်းခံနေကြကာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုး ဖြစ်နေခဲ့သည်။ ရုတ်တရက် ရှန်ယန်းရွာမှ အမျိုးသမီးတစ်ဦး ထွက်လာပြီး လူကြီးများအနောက်တွင် ပုန်းနေသော အားယွီလေးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

"ဒီမြွေတွေက သမီးစကား နားထောင်တယ်မလား မြွေဆိပ်ကို ဘယ်လို ကုရမလဲဆိုတာရော သမီးသိလားကွယ်”

ထိုအခါမှသာ ရှန်ယန်းရွာမှ အမျိုးသား ထက်ဝက်ကျော်ခန့် မြွေကိုက်ခံထားရပြီး အချို့မှာ သတိလစ်နေပြီ ဖြစ်ကြောင်း အားလုံး သတိရသွားကြသည်။ မြွေဆိပ်က လျင်မြန်စွာ ပျံ့နှံ့ပါက နာရီဝက်မပြည့်မီ သေဆုံးသွားနိုင်သည်။ အားယွီလေးသည် နှုတ်ခမ်းကို စေ့ထားပြီး ဘာမျှ ပြန်မပြောပေ။ သူမ၏ စိတ်ဝိဉာဉ် စမ်းရေသည် ရောဂါများကို ကုသပေးနိုင်ကြောင်း သူမ ဝေဝါးဝါး ခံစားမိသည်။

သို့သော် သူမသည် ထိုလူများကို မပေးချင်ပေ။ သူတို့သည် လူဆိုးများ ဖြစ်ကြသည်။ လျိုရှီသည် အားယွီလေးကို ဖက်ထားပြီး အေးစက်စွာ ပြောလိုက်သည်။

"ရှင် ဘာတွေပြောနေမှန်း ကျွန်မတို့ မသိဘူး မြွေတွေက သူတို့ဘာသာ လာကြတာလေ ကျွန်မသမီးနဲ့ ဘာမှမဆိုင်ဘူး"

သူမ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် ရှန်ယန်းရွာသားများ သံသယဝင်သွားစေသည်။ မှန်ပေသည်။ ထိုမြွေများကို ဆိတ်ပေါက်လေးက ခိုင်းစေနေခြင်း ဖြစ်သော်လည်း ဆိတ်ပေါက်လေးကမူ ထိုကလေးမ၏ စကားကို နားထောင်လေသည်။

ဒီကလေးမလေးသည် ရိုးရှင်းသည့် ကလေးမလေး တစ်ယောက် မဟုတ်ပေ။ ထိုအမျိုးသမီးက လျိုရှီကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။

"ဒီကိစ္စကို အရာရှိမင်းဆီ တိုင်ချင်တိုင်လိုက်ပါ ကျွန်မ လက်ခံတယ် ဒါပေမဲ့ ကျွန်မအဖေကိုတော့ ကယ်ပေးကြပါ အဖေက အသက်ကြီးနေပြီ မြွေဆိပ်ဒဏ်ကို မခံနိုင်တော့ဘူး"

"ကလေးကို အခက်တွေ့အောင် မလုပ်နဲ့"

ရွာသူကြီးဟူက ဝင်ပြောလိုက်သည်။

"ခင်ဗျားတို့သာ ကောင်းကောင်းနေမယ်ဆိုရင် သမားတော်ဟူကို လာကြည့်ခိုင်းဖို့ ကျုပ်တို့ သဘောတူပေးမယ် ကုလို့ရမရ ဆိုတာကတော့ ခင်ဗျားတို့ ကံတရားပေါ့ အဲ့ဒီကလေးမလေးက ကျုပ်တို့ရွာက ကလေးပဲ အခုရော နောင်ရော အမြဲတမ်း ကျုပ်တို့ရွာသားပဲ ကျုပ်တို့ ဟူမိသားစုရွာက သေးတယ်ဆိုပြီး ခင်ဗျားတို့ အနိုင်ကျင့်လို့ရမယ် မထင်နဲ့"

ရှန်ယန်းရွာသားများ စကားမပြောနိုင် ဖြစ်သွားကြသည်။ အခု ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ။ သို့သော် ရွာသူကြီးဟူ၏ စကားက သူတို့ကို သတိရသွားစေသည်။ မျက်လုံးလျင်သည့် လူတစ်ယောက်က တိုးတိုးလေး ပြောလိုက်သည်။

"ခင်ဗျားတို့ သတိထားမိလား အဆိပ်ပြင်းတဲ့ မြွေဆိုး ကိုက်ခံရတဲ့လူတွေ အကုန်လုံးက ကလေးအသား စားဖူးတဲ့လူတွေချည်းပဲ..."

...

ရွာထဲမှ လူတိုင်း ကလေးအသား စားခဲ့ကြသည်တော့ မဟုတ်ပေ။ အများစုက မစားခဲ့ကြချေ။ သူတို့သည် လူသား စားခဲ့သူများကို ကြောက်ရွံ့ကြပြီး မည်သူတွေ ဖြစ်သည်ကို တိတ်တဆိတ် မှတ်သားထားခဲ့ကြသည်။

"တကယ်ပါလား ကောင်းကင်ဘုံက တကယ်ပဲ အပြစ်ပေးလိုက်တာများလား"

"ဒါဆို ဟူမိသားစုရွာက အဲ့ဒီကလေးမလေးက..."

အဖွားအိုဝမ်သည် သူမလက်ထဲမှ ထမ်းပိုးကို မြေကြီးပေါ် ဆောင့်ထောက်လိုက်သည်။

"စဉ်းစားပြီးကြပြီလား"

"ကျုပ်တို့... သဘောတူပါတယ် အရာရှိမင်းဆီ သွားတိုင်ကြပါ"

ရှန်ယန်းရွာသူကြီး၏ ပခုံးများ လျော့ကျသွားပြီး သူ၏ အသံနှင့် ပုံသဏ္ဍာန်မှာ နှစ်အတော်ကြာ အိုစာသွားသယောင် ဖြစ်သွားလေသည်။

"ဒါပေမဲ့ ဒဏ်ရာရထားတဲ့လူတွေကိုတော့ တတ်နိုင်သမျှ ကယ်ပေးကြပါဗျာ"

All Chapters