ရေလောင်းခြင်း
Vol. 2 Ch. 30
ရှန်ယန်းရွာသားအားလုံးသည် လူသားကို စားသုံးခဲ့ကြသဖြင့် အဆိပ်ပြင်းမြွေများ၏ ကိုက်ခဲခြင်းကို ခံခဲ့ရသည့်အတွက် ဤကိစ္စအား အရာရှိများထံ တိုင်ကြားမည်ဆိုသည်ကို ထိုသူများ မကျေနပ်ကြသည့် တိုင်အောင် မည်သို့မျှ မတတ်နိုင်တော့သည့် အတွက် သဘောတူခဲ့ကြရလေသည်။ ဒဏ်ရာရရှိသူများက ဟူမိသားစုရွာ၌ပင် သမားတော်ဟူနှင့် ဆေးကုသမှုခံယူရန် ဆန္ဒရှိနေကြသော်လည်း အဖွားအိုဝမ်က ပြတ်သားစွာပင် ပြောလိုက်သည်။
"အပြင်က ဆည်ဘောင်ဆီကိုပဲ သွားကြ ငါ့အိမ်ကို လာမညစ်ပတ်စေနဲ့"
ထို့နောက်တွင် ရွာသူကြီးဟူသည် ရွာနှစ်ရွာလုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား ဆွေးနွေး တိုင်ပင်ရန်အတွက် ရှန်ယန်းရွာ၏ ရွာသူကြီးကို သူ၏အိမ်သို့ ခေါ်ဆောင်သွားလေသည်။ ရွာသူကြီးဟူက ဆက်လက်၍ ပြောဆိုလိုက်သည်။
"သမားတော်ဟူက ကုသခယူတယ် မင်းတို့ ဒီရွာမှာ သုံးရက်ထက် ပိုမနေရဘူး သုံးရက်ပြည့်ရင် တစ်ယောက်ကို အကြွေစေ့ ၁၀၀ ပေးရမယ် မပေးနိုင်ရင် ထွက်သွားကြ ပြီးတော့ ငါတို့ရွာသားတွေ မင်းတို့ကြောင့် ဒဏ်ရာရခဲ့တယ် အဲဒီအတွက် ဆေးကုသခရော အလုပ်ပျက်ကွက်တဲ့အတွက် နစ်နာကြေးပါ ပေးရမယ် ငါကတော့ တစ်ယောက်ချင်းစီဆီက ငွေမတောင်းဘူး မင်းတို့ရွာဆီကပဲ တစ်ခါထဲ စုပြီး ကောက်မယ် မပေးနိုင်ဘူးဆိုရင်တော့ အရာရှိတွေကို အကုန် တိုင်လိုက်ရုံပဲရှိတာပေါ့"
ရှန်ယန်းရွာသူကြီးသည် မျက်ခုံးများ တလှုပ်လှုပ် တုန်ယင်သွားလျှက် ပြောလိုက်သည်။
"ဟူချန်းဇူ မင်း အရမ်း မလွန်လာနဲ့"
"လွန်တယ် ဟုတ်လား ဒီထက် ပိုဆိုးတာတွေကို မင်းမကြားချင်မှာကိုပဲ ငါကြောက်မိတယ်”
ရွာသူကြီးဟူသည် ရှန်ယန်းရွာသားတွေအား မြင်နေရသည်နှင့်ပင် ရွံရှာလှပြီ ဖြစ်ကာ အကယ်၍ ဆုတောင်းတိုင်းသာ ဖြစ်နိုင်မည် ဆိုလျှင် ထိုသူများ အကုန်လုံး သေဆုံးသွားသည်ကိုသာ လိုလားမိသည်။
ဤသို့သောလူများအား လောကထဲတွင် ဆက်လက်၍ ရှင်သန်ခွင့်ပေးထားခြင်းမှာ ကပ်ဘေးတစ်ခုပင် ဖြစ်သည်။
"မင်းက ငါတို့ရွာတွေကြားမှာ ရန်သူတွေဖြစ်လာတာ လိုချင်တာလား ငါတို့ရွာထဲမှာ မင်းတို့ရွာသားတွေ ရှိနေသေးတာကို မမေ့နဲ့ဦး"
ဟု ရှန်ယန်းရွာသူကြီးသည် အံကြိတ်လျှက် ပြောလိုက်သည်။
"အဲဒါကြောင့်သာ မဟုတ်ရင် ငါက မင်းကို ဒီမှာထိုင်ပြီး စကားပြောခွင့်ပေးထားမယ်လို့ ထင်နေတာလား ငါ တစ်ခါပဲ ပြောမယ် နစ်နာကြေး ပေးမှာလား မပေးဘူးလား မပေးဘူးဆိုရင် အခုချက်ချင်း ထွက်သွားကြတော့"
ရွာသူကြီးဟူသည်လည်း အလွန်အမင်း ဒေါသထွက်နေပြီဖြစ်ကာ အကယ်၍ သူသာ ရွာသူကြီး တစ်ယောက် မဟုတ်ခဲ့ပါက ထိုသူအား ပါးရိုက်၍ လွှတ်လိုက်သည်မှာ ကြာပြီဖြစ်သည်။ ဤသည်မှာ မည်သို့သော ငရဲမျိုး ဖြစ်သနည်း။ ဤလူအုပ်စုအား မြင်ရသည်မှာ အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ကောင်းလွန်းလှပေသည်။
နောက်ဆုံးတွင် ရှန်ယန်းရွာသူကြီးသည် မမျှတသော တောင်းဆိုချက်များစွာအား သဘောတူလိုက်ရပြီး အကြွေးများစွာ တင်ရှိသွားပြီးနောက်တွင်မှ လူများကို ဆည်ဘောင်ဆီသို့ ပို့ဆောင်နိုင်ခဲ့သည်။
သမားတော်ဟူသည် ပတ်ဝန်းကျင်ကျေးရွာများတွင် တစ်ဦးတည်းသော သမားတော်ဖြစ်သည်။ ငယ်စဉ်က ဆေးဆိုင်တစ်ဆိုင်တွင် နှစ်အနည်းငယ်မျှ အလုပ်လုပ်ဖူးလေသည်။ ထို့ကြောင့် တခြားရွာများတွင်မူ အရည်အချင်းမရှိသော သမားတော်များသာ ရှိကာ သူနှင့် ယှဉ်၍ မရပေ။ တခြားရွာမှ သမားတော်များမှာ ရောဂါသေးသေးလေးပင် မကုနိုင်သလို ရောဂါကြီးလျှင်လည်း အသုံးမဝင်ကြချေ။
သမားတော်ဟူသည် ကြင်နာတတ်သူဖြစ်ရာ ထိုလူများကို မုန်းတီးနေသော်လည်း အလေးအနက်ထား၍ ကုသပေးခဲ့သည်။ သို့သော် အဆိပ်မိသူများသည် လူသားစားခဲ့သူများ ဖြစ်ကြောင်း သိရှိသွားသောအခါ စိတ်ထဲတွင် သိသိသာသာပင် လျစ်လျူရှုမိသွားလေသည်။
အဆိပ်မိသူအများစုမှာ အသက်မရှင်နိုင်ကြတော့ဘဲ ပါးစပ်နှင့် မျက်လုံးများ ရွဲ့စောင်းသွားခြင်း သို့မဟုတ် အောက်ပိုင်းသေသွားခြင်းများ ဖြစ်ကုန်ကြသည်။ အဆိပ်ကြောင့် နောက်ထပ် သုံးဦး ထပ်မံသေဆုံးသွားရာ ရှန်ယန်းရွာသားများကပင် ပြန်လည် သယ်ဆောင် သွားကြရလေသည်။
တစ်ဖက်တွင်မူ အဖိုးအိုဝမ်၏ အိမ်ရှေ့၌ ရွာသားတစ်စုက ခြံဝင်းကို သန့်ရှင်းရေးလုပ်ရန် ဝိုင်းဝန်း ကူညီ လုပ်ဆောင် ပေးနေကြသည်။
ယခုအချိန်တွင် ခြံဝင်းအတွင်း၌ သွေးညှီနံ့များနှင့် မြွေအသေကောင်များ ပြန့်ကျဲနေလေသည်။ မြေပြင်ပေါ်ရှိ မြွေအကြွင်းအကျန်များကို ကြည့်ရင်း ရွာသားတစ်ဦးမှ ပြောဆိုလိုက်သည်။
"အဆိပ်မရှိတဲ့ မြွေတွေကိုတော့ စားလို့ရတာပဲ"
ဤမျှများပြားသော မြွေသားများကို လွှင့်ပစ်ရမည်မှာ နှမြောစရာပင်။ သို့သော် အဖွားအိုဝမ် ပြန်ပြောလိုက်သည်။
"မြေမြှုပ်လိုက်တာပဲ ကောင်းပါတယ် သူတို့က ငါတို့ကို ကာကွယ်ပေးဖို့ ရောက်လာကြတာ ဖြစ်နိုင်ရင် သူတို့က ဗုဒ္ဓရဲ့ စီးတော်တွေတောင် ဖြစ်နေမလားပဲ စောစောစီးစီး မြေမြှုပ်ပေးလိုက်တာ အကောင်းဆုံးပါ"
ဤမြွေများသည် စပါးကြီးမြွေကြီး နှင့် မတူပေ။ စပါးကြီးမြွေမှာ သူတို့ကို ရန်မူရန် လာခြင်းဖြစ်သော်လည်း ဤမြွေများကမူ ကူညီရန် လာခဲ့ကြခြင်းဖြစ်သည်။ မိမိတို့ကို ကူညီရင်း အသက်ပေးသွားကြသူများကို ပြန်လည်စားသုံးရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ထိုသို့သော် အစားအစာများအား မည်သို့ မျိုချနိုင်ကြမည်နည်း။
လူတိုင်းက စဉ်းစားကြည့်ပြီးနောက် အဖွားအိုဝမ် ပြောသည်မှာ အဓိပ္ပာယ်ရှိသည် ဟု တွေးမိလိုက်ကြသည်။ ထို့နှင့် သူတို့သည် တောင်စောင်းတစ်ခုတွင် တွင်းကြီးတစ်တွင်းတူးကာ သေဆုံးသွားသော မြွေများကို မြေမြှုပ်ပေးလိုက်ကြသည်။
ဒဏ်ရာရနေသော မြွေအနည်းငယ်လည်း ရှိနေသေးရာ အားယွီလေးသည် လူကြီးများ သတိမထားမိခိုက်တွင် သူမ၏ စိတ်ဝိဉာဉ်စမ်းရေကို ထုတ်ယူကာ မြွေတစ်ကောင်ချင်းစီကို အနည်းငယ်စီ တိုက်ကျွေးလိုက်သည်။ မြွေများသည် ရေကိုသောက်ပြီး ခဏနားပြီးနောက် အားယွီလေးကို ခေါင်းငြိမ့်ပြကာ တောင်ပေါ်သို့ ပြန်သွားကြလေသည်။
ဆိတ်ပေါက်ကလေးမှာလည်း အနားသို့ တိုးကပ်လာကာ မြွေများကို ရေတိုက်ခဲ့သော အားယွီလေး၏ လက်ဖဝါးကို လျက်ပေးနေသည်။ အားယွီက ၎င်းကိုလည်း တစ်ဇွန်းတိုက်လိုက်ရာ ဆိတ်ပေါက်ကလေးမှာ အလွန်ပျော်သွားပြီး သူမကို အကြိမ်ကြိမ် ပွတ်သပ်နေတော့သည်။
[မင်း မကြောက်ဘူးလား]
အမှန်စင်စစ် အသားလုံးလေးသည် မြွေများကို ကြောက်တတ်ကာ အထူးသဖြင့် ဤသို့ အုပ်စုလိုက်ကြီး မြင်ရသောအခါတွင် ဖြစ်သည်။ ထိုသည်မှာ အနည်းငယ် စမ်းသပ်မှု တစ်ခု ဖြစ်ခဲ့ပေသည်။ အားယွီလေး ခေါင်းခါပြလိုက်ကာ ပြောလိုက်သည်။
"မကြောက်ပါဘူး သူတို့က မြွေကောင်းလေးတွေပဲဟာ"
သူတို့သည် အဘွားနှင့် အားလုံးကို ကာကွယ်ပေးခဲ့ကြသည်။ ထို မုန်းတီးစရာ ကောင်းလှသည့် လူဆိုးများထက် ဤမြွေလေးများသည် ပို၍ကောင်းသည့်အတွက် သူမ မကြောက်ခြင်း ဖြစ်သည်။
အသားလုံးလေးသည် လူသားတို့၏ ခံစားချက်များအား နားမလည်နိုင်သော်လည်း အများကြီး အသေးစိတ် သိရန်မလိုဟု တွေးလိုက်သည်။ အားယွီလေး အသုံးပြုခဲ့သော မေတ္တာစွမ်းအင် များသည် ယခင်ကထက် တစ်ဟုန်ထိုး ပိုမိုမြင့်တက်လာသည်ကို ၎င်း သတိပြုမိလိုက်သည်။
မူလက ကုန်ဆုံးသွားသည့် အကုန်အကျများကို ပြန်ကာမိရုံသာမက ပိုလျှံနေပြီး စိတ်ဝိညာဉ်စမ်းရေများမှာ ကျောက်ခွက်နှစ်လုံးစာ ပြည့်လျှံကာ အပြင်သို့ပင် စီးထွက်လာတော့သည်။
[အာ ဒါက အဆက်မပြတ် ဖြစ်နေတဲ့ စွမ်းအားတွေပဲ ပိုပြီး အားကောင်းလာနေပြီ]
သိသာထင်ရှားသော ပြောင်းလဲမှုကို မြင်လိုက်ရသဖြင့် အသားလုံးလေး စိတ်လှုပ်ရှားသွားလေသည်။ ၎င်းသည် စိတ်ဝိဉာဉ်စမ်းရေများ လျှင်မြန်စွာ စီးထွက်မသွားစေရန် ဘေးတွင် မြောင်းငယ်လေးတစ်ခု တူးလိုက်ပြီး ဝိညာဉ်မြေဆီလွှာ အဖြစ် ပြောင်းလဲရန် ပြင်ဆင်လိုက်သည်။ နောင် အနာဂတ်တွင် ဤမြေကြီး၌ အဖိုးတန်သည့် အပင်များကို စိုက်ပျိုးနိုင်မည်ဖြစ်သည်။
အားယွီလေး၏ ဉာဏ်ရည်မှာ အသက်လေးနှစ်အရွယ်သို့ ရောက်ရှိလုနီးပါး ဖြစ်လာပြီရာ ရွာထဲရှိ အကြောင်းအရာများကို နားလည်လာပြီး စကားပြောဆိုမှုသည်လည်း ပိုမို၍ သွက်လက်လာလေသည်။ အဘွားဖြစ်သူက ပဲပိစပ်များကို ရွေးထုတ်ကာ ဒုတိယအဒေါ်အား ပဲနို့ကြိတ်ခိုင်းနေသည်ကို မြင်လိုက်ရသောအခါ အားယွီက သူမကို ပဲနို့တိုက်မည်ဟု ထင်မှတ်သွားခဲ့သည်။
"ဘွားဘွား အဲ့ဒါက အများကြီးပဲ သမီး အကုန်မသောက်နိုင်ဘူး"
ပဲနို့ဆိုသည်မှာ ကလေးများ အရပ်ရှည်ရန် သောက်ရသောအရာဟု သူမ အမြဲထင်မှတ် ထားခဲ့ခြင်းဖြစ်သည်။ အဖွားအိုဝမ် ပြောပြလိုက်သည်။
"ဒါက အားလုံးအတွက်ပါ ပြီးတော့ သမီးရဲ့ တတိယအဒေါ်က ဒဏ်ရာရထားတော့ အာဟာရဖြစ်အောင် တိုက်ရမယ်"
အဒေါ်ကျန်းသည် ကျောကုန်းတွင် ဒဏ်ရာရရှိထားသဖြင့် အိမ်ထဲ၌ လဲလျောင်းနေရဆဲ ဖြစ်၏။ အိမ်တွင် စပါးကြီးမြွေသား အနည်းငယ်နှင့် စားနပ်ရိက္ခာ တစ်ရာကတ်တီ ခန့်သာ ကျန်ရှိတော့သည် ဖြစ်ကာ ထိုအရာများသည်လည်း အထူးသဖြင့် ရွာသားများက သူတို့မိသားစုအတွက် ချန်ထား ပေးခဲ့ခြင်း ဖြစ်သည်။
မိသားစုတွင် လူ ၁၈ ဦးရှိရာ ဤရိက္ခာများသည် ကြာရှည် စားရန်အတွက် မခံနိုင်ပေ။ ထို့ကြောင့် အဖွားအိုဝမ်သည် အိမ်တွင် အာဟာရဖြစ်စေမည့် အစားအစာများ မရှိသည်ကို တွေးမိသည့်အတွက် သူမသည် ပဲပိစပ်များကိုသာ အသုံးချကာ ပဲနို့ ပြုလုပ်လျှက် အာဟာရဖြစ်စေရန် ကြံဆောင်ခြင်းဖြစ်သည်။
"ပြီးတော့ သမီး အဒေါ်တို့ကလည်း သွေးတွေထွက်ထားကြတော့ အနားယူဖို့လိုသေးတယ် အိမ်မှာ တခြားကောင်းတာ ဘာမှမရှိတော့ ဒါလေးပဲ တိုက်ထားရမှာပေါ့ သူတို့က သမီးကို ကာကွယ်ရင်း ဒဏ်ရာရခဲ့တာဆိုတော့ သမီးလေးလည်း ကျေးဇူးတင်ရမယ်နော်"
ဟု အဖွားအိုဝမ်သည် သူမ၏ ဦးခေါင်းအား စောင်းငဲ့ကာ အားယွီလေးကို ကြည့်လျှက် ပြောလိုက်သည်။ အားယွီလေးအား ဖမ်းဆီးစားသောက်ရန် ကြိုးစားသည်ဟု ကြားသောအခါ ရွာသားများက ဝမ်မိသားစုကို ကူညီရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် ဒဏ်ရာရခဲ့ကြသဖြင့် ဝမ်မိသားစုအနေဖြင့် သဘာဝအတိုင်း ဤကျေးဇူးကို မေ့လိုက်ရန် မဖြစ်နိုင်ပါပေ။
အားယွီလေးသည် ထိုစကားကို ကြားသောအခါ မီးဖိုချောင်သို့ အပြေးသွားကာ ကြီးမားသည့် သစ်သား ယောက်ချိုဇွန်းအား ယူလာခဲ့ကာ စိတ်ဝိဉာဉ်စမ်းရေများကို အပြည့်ခတ်လိုက်သည်။ အသားလုံးလေးသည် ထိုသည်ကို မြင်သော်လည်း မည်သည်မှ မပြောခဲ့ပေ။အဘယ်ကြောင့်ဆိုသော် မေတ္တာစွမ်းအင်များ ရှိနေသရွေ့ ဤစမ်းရေ ပမာဏမှာ နေ့တစ်ဝက် အတွင်း ပြန်ပြည့်နိုင်သည့် အတွက် ဖြစ်သည်။
အားယွီလေးသည် သူမ၏ ခေါင်းထက်ပင် ကြီးမားသော ယောက်ချိုဇွန်းအား အားစိုက်မလျှက် မီးဖိုချောင်ထဲမှ ထွက်လာပြီးနောက် ပဲကြိတ်ဆုံရှိရာသို့ လျှောက်သွားလိုက်သည်။
“ဘွားဘွားရေ..."
အားယွီလေးမှာ အလေးချိန်ကြောင့် မနိုင်မနင်း ဖြစ်လာကာ အော်ဟစ်လိုက်ရသည်။ အဖွားအိုဝမ်သည် ထိုမြင်ကွင်းကိုကြည့်ကာ ရယ်ရအခက် ငိုရအခက်ဖြင့် အပြေးအလွှားသွား၍ ယောက်ချိုဇွန်းအား မယူပေးလိုက်ပြီးနောက် ပြောလိုက်သည်။
"အားယွီလေး ဘာလို့ ရေတွေ အများကြီး ခတ်လာတာလဲ"
"ဒါကို ပဲနို့ထဲထည့်ပြီး အားလုံးကို တိုက်မယ် သောက်ပြီးရင် သူတို့ ဒဏ်ရာတွေ မနာတော့ဘူး"
ဟု အားယွီလေးသည် လေးနက်နေသည့် မျက်နှာလေးဖြင့် ပြောဆိုလိုက်သည်။ ဤရေသည် နတ်သူငယ်လေးမှ ဖြစ်ပေါ်လာစေသည့် ရေဖြစ်သဖြင့် အလွန်အစွမ်းထက်သည်ဟု သူမ ယုံကြည်နေသည်။ အဖွားအိုဝမ်က ပြုံးလိုက်ကာ ပြောလိုက်သည်။
"ကောင်းပြီ ဘွားဘွား ဒါကို ပဲနို့ထဲ ထည့်ပေးမယ်နော်"
သူမသည် အားယွီလေး၏ စကားကို မယုံကြည်သော်လည်း ပဲနို့ကြိတ်လျှင် ရေ လိုအပ်မည် ဖြစ်သည့်အပြင် မည်သည့် ရေမဆို မြေကြီးမှ ထွက်ရှိကာ ကျိုချက်ကာ သောက်သုံးမည် ဖြစ်သည့်အတွက် မည်သည့်ရေဖြစ်ဖြစ် သန့်ရှင်းနေလျှင် ရပြီဟု ယူဆကာ လောင်းထည့်လိုက်သည်။
"အဘွား ခဏလေး"
ဝမ်ဝူလန်သည် ထင်းကောက်ရာမှ တွေ့သွားကာ ချက်ချင်း အော်ဟစ်၍ ပြေးလာတော့သည်။
"ကျွန်တော် တစ်ငုံလောက် သောက်ပါရစေ"
သူသည် လက်ထဲရှိ ထင်းများကို ပစ်ချကာ အဘွားဖြစ်သူထံသို့ ပြေးလာပြီး ရေကို အငမ်းမရ သောက်လိုက်သည်။
“ကျွန်တော်လည်း သောက်မယ် ကျွန်တော်လည်း သောက်မယ်”
ဝမ်လျိုလန်နှင့် ဝမ်ချီလန်တို့လည်း မြင်သွားကာ ပြေးလာပြီး သောက်ကြလေသည်။ နောက်ဆုံးတွင် ရေတစ်ဝက်ခန့်မှာ ပဲနို့ထဲသို့ ရောက်သွားပြီး ကျန်တစ်ဝက်ကို ကောင်လေးများက သောက်လိုက်ကြသည်။
အဖွားအိုဝမ်က ဒေါသထွက်စွာ ပြောလိုက်သည်။
"သောက်ချင်ရင် အိမ်ထဲမှာ သွားသောက်ကြလေ ဘာလို့ ဒီမှာ လာလု သောက်နေကြတာလဲ"
"အဘွားကလည်း အားယွီလေး ခတ်ပေးတဲ့ရေက ပိုချိုပြီး သောက်လို့ကောင်းတာ အဘွား မသိလို့ပါ"
ဝမ်ဝူလန်သည် နှုတ်ခမ်းရှိ ရေစက်များကို လျှာဖြင့်သပ်ရင်း ပြောလိုက်သည်။
"တကယ် ချိုတာဗျ"
တခြားကောင်လေးများကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ ဤရေသည် ပဲနို့ထက်ပင် သောက်၍ ပိုကောင်းသည်ဟု သူတို့ ခံစားကြရသည်။ ယခင်က ဤရေသောက်ပြီး ဝမ်းလျှောခဲ့ဖူးသော်လည်း အရသာမှာမူ အလွန်ထူးကဲလှသည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာအရ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ ဤရေကို သောက်ပြီးနောက် ပို၍ ခွန်အားရှိလာကာ အမောခံနိုင်လာသည်ဟုလည်း သူတို့ ခံစားရလေသည်။
"တော်စမ်း သွားကြတော့ အလုပ်မြန်မြန်လုပ် ပျင်းမနေကြနဲ့"
အဖွားအိုဝမ်သည် ယင်ကောင်မောင်းသကဲ့သို့ သူတို့အား မောင်းထုတ်လိုက်လေတော့သည်။ အားယွီလေးက လက်ထောင်ကာ ပြောလိုက်သည်။
"ဘွားဘွား သမီးလည်း အလုပ်လုပ်နိုင်ပါတယ် သမီး မပျင်းဘူးနော်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ အဖွားရဲ့ အားယွီလေးက အလိမ္မာဆုံးနဲ့ အလုပ်အကြိုးစားဆုံးပါ"
အဖွားအိုဝမ် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ အားယွီလေးကို ကြည့်နေရရုံဖြင့် စိတ်ထဲရှိ အပူအပင်များ ပျောက်ကွယ်သွားရသည်။
တစ်ချိန်တည်းမှာပင် မြို့တော်သို့ အစီရင်ခံရန် သွားနေကြသော ဝမ်ချွမ်းမန်နှင့် သူ့အစ်ကိုတို့သည် လမ်းတွင် အသိတစ်ယောက်နှင့် ဆုံတွေ့လိုက်ရသည်။ ကျောင်းကျန်းသည် မြင်းရထားပေါ်တွင် ထိုင်နေပြီး သူ့နောက်တွင် ခံ့ညားသော အဖွဲ့အစည်းတစ်ခု ပါလာလေသည်။ လက်နက်ကိုင် အရာရှိများစွာလည်း ပါရှိပြီး လမ်းခရီးတစ်လျှောက် အထူးသတိထား၍ လိုက်ပါလာကြသည်။
ကျောင်းကျန်းသည် ရထားလိုက်ကာကို ပင့်ကြည့်လိုက်သောအခါ လမ်းဘေးတွင် လျှောက်လှမ်းနေသော လူနှစ်ယောက်ကို တွေ့လိုက်ရသဖြင့် လှမ်း၍ ခေါ်လိုက်သည်။
"အကိုဝမ်တို့ ဘယ်ကို သွားနေကြတာလဲ"