ရေပေးဝေခြင်း
Vol. 2 Ch. 17
အားလုံးက စိုးရိမ်တကြီး ကြည့်နေကြသည်ကို မြင်သောအခါ အားယွီလေးမှာ အလွန်ပင် မျက်နှာပူသွားသည်။ သူမ တစ်ခုခု မှားသွားပြီဟု ထင်မိသည်။။
[ဘေးမှာ လူရှိနေတဲ့အခါ ဟင်းလင်းပြင်ကမ္ဘာထဲကို တန်းပြီး ဝင်လို့မရဘူး ကိုယ့်ရဲ့ စိတ်အာရုံက ထွက်သွားတာနဲ့ ခန္ဓာကိုယ်က အိပ်ပျော်သွားလိမ့်မယ်]
[ကိုယ်က အိပ်ပျော်သွားပြီး လူတိုင်းက နှိုးလို့မရတဲ့အခါ သူတို့တွေ စိတ်ပူကြလိမ့်မယ်]
အားယွီလေး နားလည်သွားသည်။ သူမ စိတ်ထဲတွင် အနည်းငယ် မလုံမလဲဖြစ်ကာ လက်ချောင်းလေးများကို လိမ်ကျစ်နေမိသည်။
"သမီး... တစ်ခုခု မှားသွားလို့လားဟင်"
အသားလုံးလေး: "....မှားတယ်လို့တော့ မပြောနိုင်ပါဘူး"
သူတို့နှစ်ယောက်၏ စိတ်အာရုံဖြင့် ဆက်သွယ်မှုမှာ အလွန်မြန်ဆန်လှသည်။ အားယွီလေး အခြေအနေကို သေချာနားမလည်မီမှာပင် လျိုရှီက သူမ ပြင်ဆင်ထားသော ဆိတ်နို့ကို ရှာတွေ့ပြီး အားယွီလေးကို တိုက်ကျွေးလိုက်သည်။ဆိတ်မကြီးမှာ နှင်းပိပြီး သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့် သူတို့ ချန်ထားသော ဆိတ်နို့မှာ ပန်းကန်လုံးတစ်လုံးစာပင် မပြည့်တော့ပေ။ ဤတစ်ခါ သောက်ပြီးလျှင် နောက်ထပ်မရှိတော့ပေ။
မူလကတော့ အားယွီလေးမှာ များများမသောက်ရဲသေး။ တစ်ငုံနှစ်ငုံသောက်ပြီးလျှင် တခြားသူများကို ပေးတတ်သော်လည်း ဝမ်မိသားစုက ထိုသို့လုပ်ခွင့်မပေးခဲ့ချေ။ သူမကို ချော့မော့ကျွေးမွေးပြီးနောက်တွင်တော့ သူမသည် ကြောက်ရွံ့ တုန်လှုပ်မနေတော့။ အနည်းဆုံးတော့ သူမကို ကျွေးသော အစာကို ကုန်အောင် စားနိုင်သွားပြီ ဖြစ်သည်။
တတိယအဒေါ်ဟူသည် ဟင်းရွက်ကြော်တစ်ပန်းကန် ယူလာပေးသည်။ ဆောင်းရာသီတွင် ယင်းသည် အလွန်ရှားပါးသော အစားအစာဖြစ်သည်။ လျိုရှီမှာ အနည်းငယ် အားနာသွားသည်။
"ဒါက ရှင့်ရဲ့ တတိယသားအတွက် ချန်ထားတာ မဟုတ်လား"
မိသားစုတိုင်းက ရိက္ခာများ ထောက်ပံ့ကြသော်လည်း အကုန်လုံးတော့ မသုံးကြပေ။ မိမိတို့ မိသားစုအတွက် အနည်းငယ်တော့ ချန်ထားကြရသည်။
"သူ ပြန်မလာတော့ဘူး သူ့အတွက် ချန်ထားလည်း အလကားပဲ လူကြီးတွေ နည်းနည်းပါးပါး အငတ်ခံလို့ရပါတယ် ကလေးကိုတော့ အငတ်မထားပါနဲ့"
ဟု အဒေါ်သုံးက လက်ကိုခါယမ်းပြပြီး ထွက်သွားတော့သည်။ ယခုအချိန်တွင် လုပ်စရာကိုင်စရာတွေ အများကြီးပင်။ အားယွီလေး ဘာမှမဖြစ်ဘဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို မြင်သောအခါ တခြားသူများလည်း ကလေးစားနိုင်မည့် အစားအစာအချို့ကို ချန်ထားခဲ့ပြီး ပြန်သွားကြသည်။ အဒေါ်လျိုက ရွာသူရွာသားများကို နှုတ်ဆက်ပြီးနောက် ထိုင်ချကာ ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်တော့သည်။ အိမ်ထဲရှိ စောင်များနှင့် ထိုင်ခုံများအားလုံးကို ဂူထဲသို့ ရွှေ့ထားပြီး ဖြစ်သည်။ အိပ်သည့်အခါ အဆင်မပြေမဖြစ်စေရန် နေရာတကျ သေချာထားရမည်။
ရွာသူကြီး၏ စကားအရ နှင်းများ အရည်ပျော်ပြီးမှသာ လူတိုင်း မိမိတို့အိမ်သို့ ပြန်နိုင်မည် ဖြစ်သည်။ မိသားစုတစ်စုချင်းစီအတွက် ခွဲဝေပေးထားသော နေရာများမှာ မကျယ်ဝန်းလှသောကြောင့် အချင်းချင်း တွန်းညှပ် နေကြရသည်။ မြေအောက်တိုက်ခန်းထဲ၌ ပုန်းအောင်းနေရသလို ခံစားရသည်။
"အားယွီ သမီးအစ်ကိုတွေနဲ့ သွားဆော့နေလိုက် ဂူထဲမှာပဲနေနော် အပြင်မထွက်နဲ့"
လျိုရှီက အားယွီလေးကို အမြဲမှာနေကျအတိုင်း လှမ်းမှာလိုက်သည်။ ရွာမှာ ကြီးပြင်းလာသော ကလေးများသည် နို့ပြတ်သွားသည်နှင့် လူကြီးများက အနားမှာကပ်ပြီး စောင့်ကြည့်မနေတော့ပေ။ အကြီးများကိုသာ အငယ်များကို ကြည့်ရှု စောင့်ရှောက် ခိုင်းတော့သည်။ ကလေးများမှာ လေဒဏ် မိုးဒဏ်ခံ ရပြီးနောက် ပို၍ လျင်မြန်စွာ ကြီးပြင်းလာကြသည်။ သူတို့ကို အစာကျွေးရန်နှင့် ဖျားနာသည့်အခါ ဆေးကုပေးရန်သာ လိုသည်။ ထိုသို့ပင် တဖြည်းဖြည်း ပြုစုပျိုးထောင်ကြရသည်။
အားယွီလေးက သူမစားရက်သည့် ကန်စွန်းဥသေးသေးလေးတစ်လုံးကို ကိုင်ထားဆဲဖြစ်သည်ကို လျိုရှီမြင်လိုက်သည်။ သူမသည် ဂွမ်းစအဟောင်းပုံထဲမှ စုတ်ပြဲနေသော အဝတ်စတစ်ခုကို ဆွဲထုတ်ပြီး အပ်နှင့်ချည်ကိုင်ကာ လျင်မြန်စွာ ချုပ်လိုက်ရာ ခဏလေးအတွင်းမှာပင် အိတ်ငယ်လေးတစ်လုံး ဖြစ်လာသည်။
"လာ၊ အိတ်ထဲထည့်ထားလိုက်"
အဒေါ်လျိုသည် အိတ်ငယ်လေးကို အားယွီလေး၏ လည်ပင်းတွင် ဆွဲပေးလိုက်သည်။ အားယွီလေးသည် အလွန်အံ့ဩသွားပြီး ခဏခဏ ခေါင်းငုံ့ကြည့်နေမိသည်။
ပစ္စည်းတွေ ထည့်လို့ရတယ်
လျိုရှီက သူမ၏ စိတ်လှုပ်ရှားနေသော မျက်လုံးများကို ကြည့်ကာ
"သဘောကျရဲ့လား"
ဟု မေးလိုက်သည်။
"ကြိုက်တယ် "
အားယွီလေးက အိတ်လေးကို ပွေ့ဖက်ရင်း ခေါင်းကို ခပ်ပြင်းပြင်း ညိတ်ပြသည်။
"အရမ်း အရမ်း ကြိုက်တယ် "
သူမမှာ ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ မေမေက သိပ်တော်တာပဲ။သူမ သဘောကျနေသည်ကို မြင်တော့ လျိုရှီက စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။ နွေဦးရောက်ရင် ပိုက်ဆံ အနည်းငယ်သုံးပြီး အဝတ်စအသစ်အချို့ဝယ်ကာ ပိုကြည့်ကောင်းသော အိတ်ငယ်လေးတစ်လုံး ချုပ်ပေးမည်။ ထိုအခါ အားယွီလေး ပိုသဘောကျလိမ့်မည်မှာ သေချာသည်။
လောလောဆယ်တော့ ဒီအိတ်လေးနဲ့ပဲ ဖြစ်သလို ခဏသုံးခိုင်းရဦးမည်။အားယွီလေးက ကန်စွန်းဥကို အိတ်ထဲသို့ ထည့်ပြီးနောက် သူမ၏ အစ်ကိုများကို သွားရှာသည်။ဝမ်မိသားစုမှ ယောက်ျားလေးများသည် သူတို့မျက်စိရှေ့တွင် ညီမလေး မေ့လဲသွားသည့်အတွက် အဖွားဝမ်က ဘေးနားရှိ နေရာတစ်ခုသို့ ဆွဲခေါ်သွားကာ ဆူပူကြိမ်းမောင်းနေသည်။ ဤအစ်ကိုတစ်သိုက် တာဝန်မကျေသောကြောင့် ဖြစ်ရမည်ဟု သူမထင်နေသည်။
"တစ်နေ့တစ်နေ့ စားဖို့ပဲသိတဲ့ကောင်တွေ အရပ်ပဲရှည်လာတယ် ဦးနှောက်မရှိဘူး နင်တို့ ညီမလေးစားတဲ့ဟာက နင်တို့ သွားကြားထိုးစာတောင် မရှိဘူး ဒါကိုတောင် နင်တို့က ညီမလေးကို ဗိုက်ဆာလို့ မေ့လဲသွားအောင် လုပ်နိုင်ကြသေးတယ် နင်တို့ တော်တော်ဆိုးနေပါလား နင်တို့လို အရွယ်ရောက်စ ကောင်တွေက အိမ်ကလူကြီးတွေရဲ့ စားစရာတွေကိုတောင် စားလို့ ပြောင်တလင်းခါနေပြီ နင်တို့ရဲ့လောဘကြီးတဲ့ ပါးစပ်တွေနဲ့ ညီမလေးကို အငတ်ထားပြီး သတ်တော့မလို့လား လူဆိုတာ အသိတရားရှိသင့်တယ် နင်တို့အသိတရားကို ဝက်က စားသွားပြီလား "
အဖွားဝမ်သည် တကယ်ပင် ဒေါသထွက်နေသည်။ သူမသည် မြေးမလေးကို မည်မျှတန်ဖိုးထားသည်ကို ခဏထားဦး၊ အားယွီလေး အပေါ်တင်ရှိနေသော ကျေးဇူးကျွေးများကို ပြန်ဆပ်သည့်အနေနှင့်ပင် သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံရပေဦးမည်။ သို့သော် ဤကောင်စုတ်လေးတွေကတော့ .......
အစ်ကိုခုနစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ မျက်နှာငယ်လေးများ ဖြစ်နေကြသည်။ သူတို့သည် သူတို့ ညီမလေးကို ငုံထားမတတ် ချစ်ကာ ကာကွယ် စောင့်ရှောက် ကြသူများဖြစ်သည်။ သို့သော်ငြားလည်း အဖွားက ဤသို့ဆိုသည့်အခါ သူတို့သည် အဖွား၏ စကားကို ခွန်းတုံ့မပြန်ဝံ့သောကြောင့် အောင့်သက်သက်နှင့်သာ ခံနေကြရသည်။
"အဘွား.........."
အားယွီလေးက ခုန်ပေါက်ပြီး ပြေးလာရာ သူမခေါင်းပေါ်ရှိ ဆံထုံးလုံးလုံးလေးနှစ်ခုမှာ တုန်ခါနေသည်။
"အို... အဘွားရဲ့ ရွှေတုံးလေး ဗိုက်ဝပြီလား ဆာသေးလား "
အဖွားဝမ်က အားယွီလေးကို ကောက်ချီလိုက်ပြီး ခန္ဓာကိုယ်လေးကို ညင်သာစွာ ပွေ့ထားလိုက်သည်။ ထို့နောက် သူမက မျက်မှောင်ကြုတ်လိုက်ကာ
"ဘာလို့ ပေါ့နေသေးတာလဲ ကောင်းကောင်းမစားဘူးလား "
"စားပါတယ် သမီး ဗိုက်အရမ်းဝနေပြီ"
အားယွီလေးက လည်ပင်းကိုဆန့်ကာ လေချဉ်လေးတစ်ချက် တက်ပြလိုက်သည်။ သူမ ချက်ချင်းပင် မျက်လုံးလေးများ မှိတ်သွားသည်အထိ ပြုံးလိုက်ပြီး
"ကြည့် သမီးဗိုက်ဝနေပြီ "