ရေပေးဝေခြင်း (၂)
Vol. 2 Ch. 18
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ ဗိုက်ဝရင် ပြီးတာပဲ နောက်တစ်ခါ ဗိုက်ဆာလို့ မေ့မလဲနဲ့တော့နော် အဖွား လန့်သွားတာပဲ"
အားယွီလေးက ခေါင်းကို အဆက်မပြတ်ညိတ်ပြကာ သူမ၏ အိတ်လေးကို ဆွဲဖွင့်လိုက်သည်။ သူမသည် ကင်ထားသော ကန်စွန်းဥကို ထုတ်ယူကာ အဖွားဝမ်ကို ကမ်းပေးလိုက်သည်။
"အားယွီ ဗိုက်ဝနေပြီ ဒါက အဘွားအတွက်"
အဖွားဝမ်က ခေါင်းကိုစောင်းလိုက်ပြီး ပြုံးပြီး
"အဘွား မဆာပါဘူး နောက်မှစားဖို့ သိမ်းထားလိုက်ပါ ငါ့မြေးမလေးက လိမ္မာလိုက်တာ အဘွားအတွက်တောင် သိမ်းထားပေးတတ်နေပြီ"
ထိုအချိန်တွင် ဝမ်ချွမ်းမန်က အပြင်မှပြန်လာပြီး လက်ထဲတွင် မုန့်ကြွပ်ခြောက်တစ်ချပ် ပါလာသည် သူက အဖွားဝမ်ကို ပေးချင်နေသည်။
"အမေ၊ ဒါကို ရွာသူကြီးက ပေးလိုက်တာ အမေ ဒါကြိုက်တယ်မဟုတ်လား အဖေက အမေ့အတွက် သီးသန့်ချန်ထားခိုင်းတာ"
အဖွားဝမ်က နှာခေါင်းရှုံ့လိုက်သည်။
"နင်က ငါ့ကို အစားပုပ် မှတ်နေလား ငါ့လို အဘွားကြီးက ဘယ်လောက်များ စားနိုင်မှာမို့လို့လဲ ပြန်ယူသွား မြင်ရတာ စိတ်တိုဖို့ကောင်းတယ် "
ဝမ်ချွမ်းမန် ဆွံ့အသွား၏။ မြေးယောက်ျားလေးများသည် လည်ပင်းများ ကျုံ့သွားကြသည်။ အဖွားက သိပ်ကြောက်ဖို့ကောင်းတာပဲ။ ညီမလေးအားယွီနဲ့ တခြားသူတွေ အပေါ်မှာ သူ့ရဲ့ သဘောထားက ကွာခြားလိုက်တာ အားယွီလေးသည် ထိုအကြောင်းကို မသိပေ။ သူမက လက်ဖြင့် အိတ်ထဲမှ ပစ္စည်းတစ်ခုခုကို ထုတ်ယူပြသည့် အမူအရာကိုသာ အကောင်းဆုံး ထပ်ခါထပ်ခါ လုပ်ပြနေသည်။ ဝမ်ချွမ်းမန်က ခေါင်းကုတ်လိုက်သည်။
"အားယွီ၊ သမီးအဖေကို အိတ်ထဲထည့်ပေးစေချင်တာလား "
အားယွီလေးက ခေါင်းခါပြသည်။
“မဟုတ်ဘူး မဟုတ်ဘူး”
ဝမ်ဝူလန်က အကင်းပါးစွာဖြင့်
"စတုတ္ထဦးလေး ညီမလေးအားယွီက သူ့အိတ်လေးကို ကြည့်စေချင်နေတာ"
ဟု ပြောလိုက်သည်။ ထိုအခါမှ လူတိုင်းသည် အားယွီလေးမှာ ရိုးရိုးသာမန်ပုံစံ အိတ်ငယ်လေး တစ်လုံး ပိုပါလာသည်ကို သတိပြုမိကြသည်။ သို့သော် အားယွီလေးက ထိုအိတ်လေးကို အလွန် တန်ဖိုးထားနေသည်။ ဝမ်ချွမ်းမန် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် အဖွားဝမ်က ချောင်းဟန့်လိုက်ပြီး
"အားယွီ ဒီအိတ်လေး မဆိုးဘူးပဲ"
ဟု အရင်ဆုံး ပြောလိုက်သည်။မျှော်လင့်ထားသည့်အတိုင်း အားယွီလေး ပျော်ရွှင်သွားပြီး သူမ၏ အိတ်ငယ်လေးကို ပုတ်ပြလိုက်သည်။
"မေမေ ပေးတာပါ"
"ဒီအိတ်လေးက တကယ်လှတာပဲ"
"အားယွီလေးလွယ်ထားတော့ ပိုတောင်ကြည့်ကောင်းသွားသေး"
"တခြားကလေးတွေဆီမှာလည်း မရှိဘူး ငါတို့ဆီမှာလည်း မရှိဘူး ဒါတစ်ခုပဲ ရှိတာ "
အစ်ကိုများက တစ်ယောက်တစ်ပေါက် ပြောဆိုကြသဖြင့် အားယွီလေးမှာ ပို၍ပင် ကျေနပ်သွားသည်။ သူမ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားကာ ပြန်တောင် မဖြောင့်နိုင်တော့ပေ။ အားယွီလေး ပျော်နေသည်ကို မြင်သောအခါ အဖွားဝမ်က သူမမြေးများကို ဆက်မဆူတော့ဘဲ ညီမလေးကို ခေါ်ကာ သွားဆော့ခိုင်းလိုက်သည်။ တာလန်၊ အာ့လန်၊ စန်းလန်နှင့် စစ်လန်တို့မှာ ဆယ်ကျော်သက်အရွယ်များဖြစ်နေပြီဖြစ်သောကြောင့် ဆော့ကစားရန် စိတ်မဝင်စားတော့ပေ။ ထို့ကြောင့် သူတို့က အငယ်သုံးယောက်ကိုသာ အားယွီလေးနှင့်အတူ ဆော့ကစားစေသည်။
အားယွီလေးမှာ အခု အိတ်ငယ်လေးတစ်လုံး ရှိသွားပြီဖြစ်၍ ကြွားချင်နေသည်။ ဝူလန်က ထိုအကြောင်းကို ရိပ်မိသောအခါ ချက်ချင်းပင် အားယွီလေးကို ဆွဲခေါ်ကာ လျှောက်သွားတော့သည်။ ကလေးတစ်သိုက်လုံးသည် အားယွီလေး၏ အိတ်ကို မြင်ကြသည်။ ဝူလန်၊ လျို့လန်နှင့် ချီလန်တို့၏ ညွှန်ကြားချက်များအတိုင်း သူတို့အားလုံးက သူမ၏ အိတ်ကို ချီးကျူးကြသည်။
အချို့လူကြီးများက မြင်သွားသောအခါ သူမ၏ အိတ်ထဲသို့ တစ်ခုခု ထည့်ပေးကြသေးသည်။ မြေပဲတစ်ဆုပ်၊ ပိုက်ဆံအိတ်သေးသေးလေးတစ်လုံးနှင့် လှပသောကျောက်ခဲလေးတစ်တုံး။ မကြာမီပင် သူမ၏ အိတ်ငယ်လေး ပြည့်လျှံသွားတော့သည်။
“သူတို့အားလုံးက စေတနာကောင်းလိုက်ကြတာ”
အားယွီလေးက စိတ်ထဲမှ ပြောလိုက်သည်။ဘာ့ကြောင့်လဲဆိုတော့ သူတို့အားလုံးက သူမ၏ အိတ်လေးကို သဘောကျကြသောကြောင့် ဖြစ်သည်။
(မင်းပြောတာ မှန်ပါတယ်)
အသားလုံးလေးက သူမနှင့် အငြင်းမပွားချင်တော့ပေ။
ကလေးဆန်လိုက်တာ….
သို့သော် နောက်တစ်ခဏတွင် အသားလုံးလေးသည် ဘေးသို့စောင်းငဲ့ကြည့်လိုက်ရာ စိတ်ဝိဉာဉ် စမ်းရေ ပန်းကန်လုံးတစ်ဝက်စာ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဟင်းလင်းပြင်ကမ္ဘာနှင့် အားယွီသည် တစ်သားတည်း ချိတ်ဆက်ထားသည်။ ၎င်းသည် အားယွီ၏ စိတ်ခံစားချက် ၊ အတွေ့အကြုံ တို့ဖြင့် နီးကပ်စွာ ဆက်စပ်နေသည်။ အားယွီသည် ငယ်ရွယ်သေးပြီး သူမ၏ ဟင်းလင်းပြင်ကမ္ဘာမှာလည်း ကလေးဘဝအခြေအနေတွင်သာ ရှိသေးသည်။ သူမ တဖြည်းဖြည်း ကြီးပြင်းလာသောအခါ သူမ၏ နေရာလွတ်က ပိုမိုကြီးမားလာပြီး ပစ္စည်းများလည်း ပိုများလာမည်ဖြစ်သည်။
ထို့အတူ၊ အကယ်၍ အားယွီသည် အထူးသဖြင့် ပျော်ရွှင်နေပါက ဟင်းလင်းပြင်ကမ္ဘာသည် အနည်းငယ် ကြီးထွားလာလိမ့်မည်။ သို့သော် ဤအဆင့်တွင် ဟင်ူးလင်းပြင်ကမ္ဘာကို အများဆုံး သက်ရောက်မှု ရှိသောအရာမှာ အားယွီ ရရှိနိုင်သော ကြင်နာမှုပင် ဖြစ်သည်။
လူတိုင်းက သူမအပေါ် ကြင်နာမှု ပိုပြလေလေ၊ စိတ်ဝိဉာဉ် စမ်းရေသည် ပိုများလာလေလေ ဖြစ်သည်။ လူတိုင်းက သူမကို အမြဲတမ်း ချစ်ခင်နေပါက စိတ်ဝိဉာဉ် စမ်းရေကို အဆုံးမရှိ ရရှိမည်ဖြစ်သည်။ သူမကို ချစ်ခင်သူ ပိုများလေလေ၊ စိတ်ဝိဉာဉ် စမ်းရေ၏ အရည်အသွေး ပိုကောင်းလေလေ ဖြစ်လေဖြစ်သည်။ ဟင်းလင်းပြင်ကမ္ဘာထဲရှိ မြေဆီလွှာမှာလည်း ပိုမို အာဟာရပြည့်ဝလာမည် ဖြစ်သည်။
သို့သော် ဤသဘောတရားမှာ အလွန်ရှုပ်ထွေးပြီး အားယွီလေးမှာ လုံးဝ နားလည်နိုင်မည် မဟုတ်ပေ။ သူမ အသက်နည်းနည်းကြီးလာမှ ရှင်းပြလျှင် ပိုကောင်းလိမ့်မည်။ မမျှော်လင့်ဘဲ သူမ မြွေတစ်ကောင်ဖမ်းကာ လူတိုင်းကို နှင်းထုများကြားမှ ကယ်တင်ခဲ့စဉ်ကပင် စိတ်ဝိဉာဉ် စမ်းရေ များများမရခဲ့ပေ။ နောက်ဆုံးတော့ သူမသည် အိတ်ငယ်လေးတစ်လုံးလွယ်ကာ လျှောက်သွားရုံဖြင့် စွမ်းအင်များစွာ ရရှိခဲ့သည်။
အသားလုံးလေး: [... နောက်တစ်ခေါက်လောက် လမ်းလျှောက်ကြည့်ချင်သေးလား ]
အားယွီလေးက ငြင်းဆိုလိုက်သည်။ စိတ်ဝိဉာဉ် စမ်းရေသည် ပန်းကန်လုံးတစ်ဝက်စာ ရှိနေပြီဖြစ်သည်။ ဤသည်မှာ သူမအရင်က ရှိခဲ့သည်ထက်ပင် ပိုများသည်။ သူမသည် ယခုအချိန်တွင် လွတ်လပ်စွာ သောက်သုံးနိုင်ပြီဖြစ်သည်။ အားယွီလည်း ဟင်ူးလင်းပြင်ကမ္ဘာထဲတွင် ရေပိုများလာသည်ကို သတိပြုမိသွားသည်။ သူမ ချက်ချင်းပင် ဆော့ကစားခြင်းကို ရပ်တန့်လိုက်ပြီး အဒေါ်ဖန်ထံသို့ သွားကာ ဇွန်းနှင့် ပန်းကန်လုံးတစ်လုံးကို ဂရုတစိုက် တောင်းလိုက်သည်။
ဝမ်ဝူစန်းနှင့် တခြားသူများမှာ အားယွီလေး သူမ၏ အဒေါ်ထံ ပန်းကန်နှင့် ဇွန်း သွားတောင်းသည်ကိုသာ မြင်ကြသည်။ သူတို့လှည့်ကြည့်လိုက်သောအခါ ရေတစ်ပန်းကန်လုံးကို တွေ့လိုက်ရသည်။ အခွင့်အရေးကို စောင့်နေသော အစားမက်သည့် ဆိတ်ငယ်လေး၏ နှာခေါင်းသည် ရှေ့သို့တိုးလာပြီး ပန်းကန်ထဲသို့ ခေါင်းစိုက်ချင်နေသည်။ အားယွီလေးသည် ဆိတ်ငယ်၏ ခေါင်းကို တွန်းဖယ်လိုက်ပြီး ဇွန်းဖြင့် ရေတစ်ဇွန်း ခပ်လိုက်သည်။ သူမက အစ်ကိုများကို
"အားလုံး တစ်ဇွန်းစီ သောက်ကြ"
ဟု ပြောလိုက်သည်။ ၎င်းသည် ပစ္စည်းကောင်းတစ်ခုဖြစ်သည်။ သူမက အားလုံးကို အတူတူသောက်စေချင်သည်။ အစ်ကိုများမှာ မူလက မသောက်ချင်ကြပေ။ ယင်းက အဒေါ်ကြီး ပန်းကန်ဆေးရန် ပြင်ထားသည့်ရေ ဖြစ်ရမည်။ နှင်းများကို တိုက်ရိုက် အရည်ဖျော်ထားသော ရေဖြစ်မည်စိုးသောကြောင့် သူတို့ မသောက်ချင်ကြပေ။ သို့သော် အားယွီက သူတို့ကို မျှော်လင့်တကြီး ကြည့်နေသောကြောင့် သူတို့ သောက်မှသာရမည့်အခြေအနေကိုစိုက်သွားသည်။
ပထမဆုံး သောက်လိုက်သူမှာ အနီးဆုံးတွင်ရှိ ဝမ်ဝူလန်ဖြစ်သည်။ သူသောက်လိုက်သည့်အခါ မျက်လုံးများ ပြူးကျယ်သွားသည်
"သကြားရည်လား "
သူ က မထိန်းနိုင်ဘဲ နှုတ်ခမ်းကို လျက်လိုက်မိသည်။ ဟုတ်တယ်၊ ချိုနေတယ်.....
"သကြားရည် ငါသောက်ချင်တယ်၊ ငါသောက်ချင်တယ် "
ဝမ်ရှောင်လန်က ခေါင်းကို ငုံ့လာပြီး အားယွီလေး သူ့ကို တစ်ဇွန်းခွံ့ကျွေးရန် စောင့်နေသည်။ ဝမ်ရှောင်လန်လည်း သောက်လိုက်သည့်အခါ မင်တက်သွားသည်။ တကယ်ပင် သကြားရည် ဖြစ်နေသည်။
အစ်ကိုခုနစ်ယောက် တစ်ကျိုက်စီ သောက်ပြီးနောက် သူတို့အားလုံး အားယွီလေး၏ လက်ထဲရှိ ကျန်ရှိနေသော ပန်းကန်လုံးတစ်ဝက်ကို စိုက်ကြည့်နေကြသည်။
"နောက်တစ်ကျိုက်လောက် "
ဝမ်ရှောင်လန်က နှုတ်ခမ်းကို လျက်လိုက်သည်။ အားယွီလေးက ပန်းကန်လုံးကို ပွေ့ဖက်ထားပြီး ခေါင်းခါပြသည်။
"မလောက်တော့ဘူး အဘွားတို့အတွက် ချန်ထားတာ"
ထို့နောက် သူတို့သည် အားယွီလေး ပန်းကန်လုံးကို ကိုင်ကာ တခြားသူများကို လိုက်တိုက်နေသည်ကို အားမလိုအားမရဖြင့် ကြည့်နေရတော့သည်။ အိပ်ရာပေါ်တွင် လဲလျောင်းနေသော ဝမ်ချွမ်းကွေ့မှာ နှစ်ကျိုက်သောက်လိုက်ရသည်။ ဝမ်မိသားစုဝင်အားလုံး သောက်ပြီးသွားသောအခါ သူတို့အားလုံး တွေးနေမိကြသည်။
“ဒီကလေးလေးကိုဘယ်သူ သကြားရည်ပေးလိုက်တာပါလိမ့်”
နောက်ဆုံးတွင် အနည်းငယ် ကျန်သေးသည်။ အားယွီလေးက ပန်းကန်လုံးကို သယ်သွားပြီး အနက်ရောင်ဝတ်စုံနှင့် လူထံသို့ သွားသည်။ အသားလုံးလေး၏ စကားအတိုင်း သူမသည် ထိုသူ၏ ပါးစပ်ကိုဖွင့်ကာ ရေများကို လောင်းထည့်လိုက်သည်။ ဟူရှောင်ထုံသည် ဆေးပြုတ်ရန် အပြင်သို့ ထွက်သွားခဲ့သည်။ သူပြန်လာသောအခါ သူသည် သူ့၏ ပထမဆုံးလူနာကို ကလေးငယ်တစ်ယောက်က ရေများ အတင်းတိုက်နေသည်ကို တွေ့လိုက်ရသည်။
"ဟေး ဟေး ဟေး လျှောက်မတိုက်နဲ့လေ "
ဟူရှောင်ထုံသည် အမြန်ပြေးသွားသော်လည်း နောက်ကျသွားပြီဖြစ်သည်။ အားယွီလေးသည် နောက်ဆုံးရေတစ်စက်ကို ထိုသူ၏ ပါးစပ်ထဲသို့ ချပေးလိုက်ပြီ ဖြစ်သည်။ သူသည် ပန်းကန်လုံးကို မစစ်ဆေးနိုင်ခင်မှာပင် ဆိတ်ငယ်လေးတစ်ကောင် ဘယ်ကမှန်းမသိ ထွက်ပေါ်လာသည်။ ၎င်း၏ ပါးစပ်က ကွေးတက်သွားပြီး ကလေးငယ် သတိမထားမိခင်မှာပင် ပန်းကန်လုံးကို ကောက်ချီကာ အပြင်သို့ ပြေးထွက်သွားသည်။
ဟူရှောင်ထုံမှာ မှင်တက်ကျန်ရစ်ခဲ့သည်။ ထိုနေ့လည်ခင်းမှာပင် ဝမ်မိသားစုဝင်အားလုံး ဗိုက်နာသည်ဟု အော်ဟစ်ပြီး အိမ်သာသို့ အကြိမ်ကြိမ် ပြေးကြရသည်။ ဟူရှောင်ထုံမှာ ထိုသတင်းကို ကြားလိုက်ရုံရှိသေး၊ လှည့်ကြည့်လိုက်ရာ လူနာ၏ မျက်လုံးများ ပြူးကျယ်လာသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာမှာ နီရဲနေပြီး ခရမ်းရောင်တောင် ပြောင်းချင်နေပြီ ဖြစ်သည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာ မျှော်လင့်ချက်ကင်းမဲ့နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူ ဘာမှမစဉ်းစားနိုင်ခင်မှာပင် ပုပ်အဲ့အဲ့ အနံ့တစ်ခုကို ရလိုက်သည်။
ဟိုက်…..ချီးပါချလိုက်ပြီထင်တယ်…..
သူ့ဘောင်းဘီမှာ အညစ်အကြေး အကုန်ပေကုန်ပြီ ...........