ပဲပိစပ်နွယ်ပင်
Vol. 2 Ch. 22
အားယွီလေးသည် ထို ကြီးမားသော နေရာသို့ တန်း၍ ဝင်ရောက်သွားလျှင် သူမ သတိမေ့သွားမည်အား သိနေခဲ့သည်။ ထို့ကြောင့် သူမသည် ပျော်ရွှင်စွာ ပြေးသွားိလုက်ကာ တိုလီမိုလီများ သိမ်းထားသော နေရာတစ်နေရာ အား ရှာတွေ့လိုက်သည်။ သူမသည် ထိုင်ချလိုက်ကာ လူတိုင်း အလုပ်များ နေသည်အား မြင်လျှင် သူမသည် နေရာလွတ် အတွင်းသို့ ဝင်သွားခဲ့သည်။
“နတ်သူငယ်လေး သမီးကို ရှာနေတာလား”
အားယွီသည် လေထဲတွင် ဝဲနေသော အဖြူရောင် ဘောလုံးလေးအား မြင်သော် ပျော်ရွှင်စွာဖြင့် ခုန်အုပ်လိုက်သည်။ အသားလုံးလေး မလွတ်မြောက်နိုင်ပေ။ သူမသည် အသားလုံးလေးအား သူမ၏ လက်မောင်း အတွင်း ထည့်ထားကာ သူမ၏ လက်ချောင်းသေးသေးလေးများဖြင့် အသားလုံးလေး၏ ခေါင်းအား အချိန်အတော်ကြာ ပွတ်နေခဲ့သည်။
(ပွတ်နေတာ ရပ်စမ်း....)
(မင်း ပစ်ထည့်လိုက်တဲ့ ပဲစေ့ကို ကြည့်လိုက်)
အားယွီသည် နေရာလွတ် မြေပေါ်တွင် ပဲပင်ပေပါက်များ ကြီးထွားနေသည်အား မြင်လိုက်ရသည်။ ထို ပဲပင်ပေါက်များသည် နှစ်ရက်သာ စိုက်ထားရသေးသည့် ပုံမပေါ်ပေ။ ထို ပဲပင်ပေါက်များသည် အားယွီ၏ လက်မောင်း တစ်ဝက်နားထိ အမှန်တကယ် ရှည်နေခဲ့ပြီ ဖြစ်သည်။
ထိုပဲပင်များအား ပဲပင်ပေါက်ဟုသာ ခေါ်သောလည်း အမှန်တကယ် အရွက် ၁၀ရွက်အထိ ရှိနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သတိထားကာ ကြည့်မည် ဆိုလျှင် ထို အရွက်များသည် သိသာသော အရှိန် တစ်ခုဖြင့် ကြီးထွားလာသည်အား သတိပြုမိပေလိမ့်မည်။
“အိုး ဟင်းသီးဟင်းရွက်တွေ.....”
အားယွီလေးသည် ဟင်းသီးဟင်းရွက်များအား မမြင်ရသည်မှာ အချိန် အတော် ကြာခဲ့ပြီ ဖြစ်သည်။
ဆောင်းရာသီတွင် ဟူမိသားစု ကျေးရွာ၏ ကမ္ဘာသည် အဖြူ အမဲ ခဲရောင်များ ရှိနေသော ကမ္ဘာ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အမြဲ ထာဝစဉ် စိမ်းလန်းနေသော ထင်းရှုးပင်များနှင့် ကျာက်ပန်းပင်များပင်လျှင် ထူထဲသော နှင်းများ၏ ဖုံးအုပ်ခြင်း ခံထားရကာ မည်သည့် အစိမ်းရောင် အရိပ်အယောင်ကိုမျှ မရှိခဲ့ပေ။
(အဲ့ဒါ ပဲပင်ပေါက်တွေ.. ဒါပေမဲ့ စားလို့မရဘူး)
အကယ်၍ အားယွီလေးသာ မနေ့က စောစော လာရောက်ခဲ့လျှင် ပဲပင်ပေါက် တစ်စည်းလောက် ရိတ်သိမ်းနိုင်ခဲ့ပေလိမ့်မည်။ မည်သိူ့ပင်ဆိုစေကာမူ တစ်နေ့နှင့် တစ်ည ကြာသွားပြီးနောက် ထို အဆင့်အား သူမ လွဲချော်သွားခဲ့ပြီ ဖြစ်သည်။
စိတ်ဝိဉာဉ် မြေဆီလွှာသည် အာဟာရ အလွန် များပြားကာ အပင်များအား ကြီးထွားလာစေရန်အတွက် အားပေးနိုင်သော ရောင်ခြည်များ ပါဝင်နေခဲ့သည်။ ၎င်းသည် သာမာန် အပင်များအား ကြီးထွားနိုင်သော အလေ့အထများအား လျှင်မြန်စွာ အလွယ်တကူ ပြောင်းလဲပေးနိုင်သည်။
ထိုမြေ အမျိုးအစားများအား အထူး အပင်များ စိုက်ပျိုးရန် သုံးလေ့ရှိကြသည်။ နောက်ဆုံးတွင် ဒီ ကောင်မစုတ်ကလေးသည် မတော်တဆဖြင့် အရည်သွေးနိမ့်သော ပဲပိစပ်စေ့များအား ထို တန်ဖိုး ရှိလှသော မြေတွင် စိုက်ပျိုးလိုက်လေသည်။
(ဒါတွေကို ရွေ့လိုက် ဒီမှာ အပင် မစိုက်နဲ့ )
သို့သော်လည်း အားယွီလေးသည် အသားလုံးလေး၏ ပင်ကိုစရိုက်အား နားလည်နေပြီ ဖြစ်သည်။ အသားလုံးလေး ဘာပြောပြော သူမ နားထောင်ချင်မှ နားထောင်လို့ ရသည်။ မည်သို့ပင် ဆိုစေကာမူ အသားလုံးလေးစည် ဆက်လက် ပြောဆိုနေဆဲ ပင် ဖြစ်သည်။
အပြင်ဘက်တွင် မြေကြီးများ ခဲနေသောကြောင့် မည်သည့် အသီးအနှံပင်အား မဆို မစိုက်ပျိုးနိုင်သေး ဟု သူမ၏ မိခင်ဖြစ်သူထံမှ ကြားခဲ့ရသည်။ မြေကြီး မရှိသောကြောင့် သူတို့သည် အစားအစာများအား စိုက်ပျိုး၍ မရချေ ထို့ကြောင့် လူတိုင်းသည် ငတ်မွတ်ခေါင်းပါးမှု ဒဏ်အား ခံစားနေကြရလိမ့်မည်။
“ဟင့်အင်း သမီး မရွေ့ချင်ဘူး သမီး ဒီမှာပဲ အပင်စိုက်မယ် "
အားယွီလေးသည် ခေါင်းမာစွာဖြင့် မလျော့တမ်း ပြောလိုက်သည်။
“အားယွီက ဟင်းသီးဟင်းရွက် ဘယ်လို စိုက်ရမလဲဆိုတာ သိတယ်”
သူမလေးသည် အသီးအရွက်များ စိုက်ပျိုးခြင်းသည် အလွန်ပင် ရိုးရှင်းကြောင်း မှတ်မိနေခဲ့သေးသည်။ ဟင်းသီးဟင်းရွက် အပင်ပေါက်လေးများအား ခွဲစိုက်လိုက်လျှင် ထို အပင်လေးများသည် ထပ်မံ၍ ကြီးထွားလာကာ အပွင့်များပွင့်ပြီး အညွန့်များ တက်လာမည် ဖြစ်သည်။ ထို့နောက် သူမသည်ထို အညွန့်လေးများအား ထပ်မံ၍ စိုက်ပျိုးလိုက်လျှင် ထို ဟင်းသီးဟင်းရွက်များသည် ထပ်မံ၍ ကြီးထွားလာအုန်းမည် ဖြစ်သည်။
တစ်စုံတစ်ယောက်မှ သူမအား သင်ပေးခဲ့ခြင်း ဖြစ်သည်။ အသားလုံးလေးသည် အားယွီလေး ပဲပင်ပေါက်များအား အလှုပ်ရှုပ်ခံကာ ခွဲစိုက်နေသည်အား ကြည့်နေရုံသာ တတ်နိုင်သည်။ အဖွားအိုသည် သူမအား ပဲစေ့ပေါင်း အစေ့ ၃၀ ပေးခဲ့ကာ အစေ့ ၂၀လောက်က အပင်များ ပေါက်နေခဲ့ပြီ ဖြစ်သည်။ ထို အပင်ပေါက်များသည် စိမ်းလန်း စိုပြေနေခဲ့သည်။
အားယွီလေးသည် ကရိကထများသည် ဟု မထင်ပေ။ သူမသည် အပင်များအား တစ်ပင်ချင်း စိတ်ပျိုးနေခဲ့သလို သူမ၏ ခြေထောက်လေးများဖြင့်ပင် ဖိပေးလိုက်သေးသည်။ စိုက်ပျိုးသွား ပြီးနောက်တွင် အားယွီလေးသည် စိတ်ဝိဉာဉ် စမ်းရေအား ကြည့်လိုက်သည်။ အပင်များ စိုက်ပျိုးပြီးနောက် ရေလောင်းရမည်အား သူမ သိသေးသည်။
(မလုပ်နဲ့ မလုပ်နဲ့ မလုပ်နဲ့ အပြင်မှာ သွားပြီး နှင်းနည်းနည်း သွားယူလိုက် နှင်းရေလည်း အဆင်ပြေတယ်)
မည်သို့ ဆိုစေ သူမ စိုက်ပျိုးထားသော နေရာသည် နေရာလွတ်ထဲ ဖြစ်နေသောကြောင့် ထို အပင်များသည် သေဆုံးလိမ့်မည် မဟုတ်ပေ။
သို့သော် အကယ်၍ စိတ်ဝိဉာဉ် စမ်းရေဖြင့် စိုက်ပျိုးရမည် ဆိုပါက ယခု ညတွင်းချင်းပင် အပင်ပေါက် လာပေလိမ့်မည်။ နောက်ဆုံးတွင် တစ်ပန်းကန်စာ စုဆောင်းမိသော်လည်း အားယွီအား ယခုထက် ပို၍ ဖြုန်းတီးစေချင်ပေ။
အားယွီလေးသည် သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်သွားပြီးနောက် ပတ်ပတ်လည် လမ်းလျှောက်သွားလိုက်သည်။ သူမသည် နှင်းများက အရမ်းအေးသည်ဟု ခံစားလိုက်ရသည်။ အကယ်၍များ အသီးအရွက် ကလေးလေးတွေ အေးခဲကုန်ရင်ကော.... ဘယ်လိုလုပ်ကြမလဲ
ထို့ကြောင့် သူမသည် မီးဖိုချောင်သို့ သွားလိုက်ကာရေစည်ထဲမှ ရေအား မြင်လိုက်သည်။ သူမသည် ချက်ပြုတ်နေသော အဒေါ် တစ်ယောက်အား မေးလိုက်သည်။
“ဒေါ်ဒေါ်ဟွား သမီး ရေလေး နည်းနည်းလောက် ယူလို့ရမလား”
သူမ၏ သေးငယ်သော လက်ကလေး နှစ်ဖက်အား စုလိုက်ကာ ပန်းကန်လုံးအရွယ် ရေခွက်ဖြင့် နှိုင်းယှဉ်ပြလိုက်ပြီး ပြောလိုက်သည်။
“ဒီလောက်ဆို ရပြပြီ “
ချက်ပြုတ်နေသော အမျိုးသမီးကြီးသည် သူမ၏ မျိုးနွယ် နာမည်အား ခေါ်သံ ကြားလိုက်ရချိန်တွင် သူမ၏ နှလုံးသားသည် နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ချက်ချင်း ရေခွက်ကြီး ဖြင့် ခပ်ယူလိုက်ကာ ကလေးမလေးအား ပြောလိုက်သည်။
“သမီးလေး ရေဆာနေလို့လား ဒေါ်ဒေါ် ရေနွေးကြိုထားတာ ရှိတယ် ဗိုက်မနာအောင် ရေနွေးလေး သောက်လိုက်နော် “
“သမီး အတွက် မဟုတ်ပါဘူး အပင်ကလေးလေးတွေ အတွက်ပါ”
အားယွီလေးသည် ရေခွက်ကြီးအား ကိုင်ကာ ဂရုတစိုက် လျှောက်သွားလိုက်သည်။ သူမသည် နှစ်လှမ်းမျှ လှမ်းလိုက်ပြီးနောက် နောက်သို့ လှည့်ကာ ပြောလိုက်သည်။
“ခဏနေရင် သမီး ပြန်လာပေးပါ့မယ်”
ထို အဒေါ်ကြီးသည် သူမလေး ပြောသည့် အပင်ကလေးလေး အား လုံးဝ ဂရုမစိုက်ပေ။ သူမ တွေးလိုက်သည်မှာ မျိုးရိုးနာမည် ချိုင် ဟူသော ကလေးတစ်ယောက်ဟု ထင်လိုက်မိသည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် ရွာထဲတွင် ချိုင် နာမည်နှင့် မျိုးနွယ်အား တစ်ယောက် မှ မရှိသလိုပင် ။
သူမလေးသည် ဟင်းသီးဟင်းရွက်များအား ရေသွားလောင်းလိုက်သည်။ သူမသည် ချက်ချင်း ဦးခေါင်းအား ခါလိုက်သည်။ သူမသည် မည်သည့်နေရာတွင် ဟင်းသီးဟင်းရွက်များအား စိုက်နိုင်မည်နည်း။
မည်သူမှ သတိမထားမိချိန်တွင် အားယွီလေးသည် ရေခွက်အား နေရာလွတ် အတွင်းသို့ ထည့်လိုက်ကာ နေရာလွတ် အတွင်းမှ မြေကြီဂ အတွင်းသို့ ရေလောင်းချလိုက်ကာ ပဲပင်ပေါက်များအား ရေသောက်စေခဲ့သည်။
အပင်များအား ရေလောင်းရင်း ပွစိပွစိ ပြောဆိုနေခဲ့သည်။
“အပင်လေးတွေ မြန်မြန် ကြီးလာကြနော် ပိုးကောင်လေးတွေကို မမွေးနဲ့ ပြီးတော့ အရွက်တွေ ဝါမသွားစေနဲ့အုန်းနော် ဗိုက်ပြည့်အောင် သောက်ပြီး အရပ်ပိုရှည်လာအောင် လုပ်နော်.....”
သူမ၏ စိတ်တွင်းရှိ ပျိုးခင်းကဗျာအား သတိရသွားသောကြောင့် ပျော်ရွှင်စွာ သီချင်း ညည်းနေလိုက်သည်။
စိမ်းစိုနေသော အပင်ပေါက်လေးများအား ကြည့်ရင်း အားယွီသည် သူမ၏ တင်ပါးများပေါ်တွင် လက်ထောက်လိုက်ကာ သူမတူအောင် ပျော်ရွှင်လျှက် ရှိနေခဲ့သည်။
ဝိုး ... သူတို့လေးတွေက အရမ်းလှတာပဲ ပြီးတော့ သူတို့ကြီးလာရင် စားကောင်းမှာပဲ ......
အသားလုံးလေးသည် သူ၏ သေးငယ်သော အတောင်ပံလေးများဖြင့် မျက်လုံးနှစ်ဖက်အား ကွယ်ထား လိုက်တော့သည်။
(သနားစရာကောင်းလိုက်တာ စိတ်ဝိဉာဉ်မြေသာ စကားပြောတတ်ရင် သေချာပေါက် ငိုနေလိမ့်မယ်)
အားယွီသည် သဘာဝအတိုင်း ထိုအကြောင်းများအား မသိရှိပေ။ သူမသည် ရေခွက်အား ပြန်သွားပေးလိုက်သည်။ ထို့နောက် ရွာထဲမှ ကလေးအချို့ သူမအား လာခေါ်ချိန်တွင် သူမသည် သူတို့နောက်သို့ ပါသွားတော့သည်။
သူမတွင် ယခု ကစားဖော် အများကြီး ရှိနေပြီ ဖြစ်သည်။
သမားတော်ဟူသည် သုံးရက်လောက် နားလိုက်ပြီးချိန်တွင် သူ၏ ခန္ဓာကိုယ်သည် လုံးဝ ပြန်လည် သက်သာသွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူသည် ရှန်ယန်းရွာနှင့် ပတ်သက်သော ပြသာနာများအား ထိုထက်ပို၍ ကြာမြင့်စွာ ရှေ့မဆက်ချင်တော့ပါဟု ပြောဆိုခဲ့သည်။
သူတို့အား ကယ်တင်ခဲ့သော ကျောင်းကျန်းသည် ရှန်ယန်းးရွာမှ ရွာသားများအား ခြောက်လန့်ကာ အဝေးသို့ မောင်းထုတ်ခဲ့သည်။ ထို့နောက် သူသည် နောက်တစ်နေ့တွင် ထွက်သွားရန် ပြောဆိုလိုက်သည်။ သူထွက်မသွားခင် ပြောခဲ့သည်မှာ
“လူတိုင်းပဲ အထိတ်တလန့် မဖြစ်ကြပါနဲ့ နောက် ရက် အနည်းငယ် ကြာရင် အင်ပါယာ နန်းတော်က လူ အချို့ လွှတ်ပေးလိုက်ပါလိမ့်မယ် “
ထိုအချိန်တွင် ရွာသားများသည် ထိုစကားများအား မယုံကြည်ကြပေ။ အကယ်၍ အင်ပါယာ နန်းတော်မှ လူ တစ်ယောက် အား စေလွှတ်စေချင်ခဲ့လျှင် အစောကြီးထဲက စေလွှတ်ပြီးသား ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် လူများသည် ယခုလို ရက်စက် ဆိုးရွားသော အခြေအနေများအား ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။
နွေဦးရာသီ ရောက်ချိန်တွင် သူတို့သည် နွေဦး အခွန်အား ထပ်မံ၍ ပေးရန် ရှိနေသေး၏။ ထိုအချိန်တွင် အခြေအနေ မည်သို့ မည်ပုံ ဖြစ်လာမည်အား မသိတော့ပေ။
နန်းတော်မှ အကူအညီအား စောင့်နေမည့် အစား မည်သို့ အသက်ရှင်သန်ရမည်ကိုသာ နည်းလမ်းတစ်ခု ရှာထားသည်မှာ ပို၍ ကောင်းပေလိမ့်မည်။
မျက်စိ တစ်မှိတ် အတွင်းမှာပင် လ တစ်လ၏ ၁၀ရက်မြောက်နေ့အား ရောက်ရှိလာခဲ့သည်။ သုံးရက် ဆက်တိုက် နေသာလာသောကြောင့် ရွာထဲရှိ နှင်းများသည် အလျှင်အမြန်ဖြင့် အရည်ပျော်ကျလာခဲ့သည်။
နှင်းများ အရည်ပျော်လာသောအခါ ရေစီးကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ရွာသူကြီးဟူ ဦးဆောင်ကာ လူတိုင်းအား ခေါ်၍ ထို ရေစီးကြောင်းများအား တူးမြောင်းများ ဖော်ကာ ထို ရေစီးကြောင်းများအား အဝေးသို့ စီးဆင်းစေခဲ့သည်။
တနည်းဆိုသော် ရေများ စုပုံလာချိန်တွင် နောက်ထပ် ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်။ မိသားစု အသီးသီး၏ အိမ်များအား တစ်လုံးပြီး တစ်လုံး သန့်ရှင်းရေး လုပ်လာခဲ့ကြသည်။ တစ်ဝက်ကျော်သော အိမ်များသည် ပျက်စီးနေခဲ့ကာ အချို့သော အိမ်များသည် ပြိုကျနေခဲ့သည်။
ရွာထဲမှ လူငယ်များသည် တောင်ပေါ်သို့ ထင်းခုတ်ရန် သွားကြသည်။ ကျောက်ဆစ်ထုနည်း သိသော ကျောက်ဆစ်သမားများသည် တစ်ဖက်ရှိ မိုင်းတွင်းသို့ အိမ်ဆောက်ရန် ကျောက်ထုရန် သွားကြသည်။
လူအများစုသည် အိမ်ဆောက်ရန် အရည်အချင်း မရှိသောကြောင့် သူတို့သည် ဝါးတောထဲသို့ သွားကာ ဝါးများအား ခုတ်ကာ ဝါးတိုင်ကြီးများ ပြုလုပ်ကြသည်။ ထို ဝါးလုံးကြီးများအား အုတ်မြစ် အဖြစ် စိုက်ထူကာ ဝါးတိုင်များအား ထောင်လိုက်ကာ ဝါးလုံးတန်းများဖြင့် ချည်နှောင်လိုက်ကာ ရွံဝါ တစ်လွှာ အုပ်လိုက်သည်။ ဝါးတိုင် နှစ်ဖက်၏ တစ်ဖက် တစ်ချက်စီတွင် အလယ်မှ ရွံများသည် ထူထဲသော နံရံများ ဖြစ်ပေါ်လာကာ လေအား ကာစီးပေးထားသည်။
နံရံများ ပြီးသွားသော အခါ ခေါင်မိုးအား ကောက်ရိုးများဖြင့် မိုးလိုက်ချိန်တွင် အိမ်တစ်လုံးသည် ပြီးမြောက်သွားခဲ့သည်။
မည်သိူ့ပင် ဆိုစေကာမူ ထို အိမ်သည် နှစ် အနည်းငယ်ခန့်သာ ခံပေသည်။ နှင်းများ သိပ်သည်း ထူထပ်စွာ ကျလာချိန်တွင် ထိုအိမ်များသည် အလွယ်တကူ ပြိုသွားနိုင်သည်။ အဖိုးအို ဝမ်၏ အိမ်အချို့ကိုလည်း ထိုကဲ့သို့ ဆောက်လုပ်ထားခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် နှင်းပြိုကျချိန်တွင် ထိုအိမ်သည် ပြိုမသွားခဲ့ပေ။
သို့သော် လူများသည် ရွေးချယ်စရာ မရှိပေ။ သူတို့တွင် ငွေများများစားစား မရှိသောကြောင့် သူတို့သည် အခြေအေန ပိုကောင်းလာချိန်ကိုသာ သည်းခံစောင့်ဆိုင်းကာ အနည်းငယ် ကောင်းသော ပစ္စည်းများအား သုံး၍သာ အိမ်များအား ဆောက်လုပ်နိုင်ကြသည်။
အိမ်များ ဆောက်နေချိန်တွင် မိသားစုတိုင်းသည် အလုပ်များနေခဲ့ကြကာ မည်သူမှ ကလေးများအား ကြည့်ရှု စောင့်ရှောက်မည့်သူ မရှိပေ။ အားယွီလေးသည် သူမ၏ အစ်ကိုဖြစ်သူများ၏ အဓိက ကာကွယ်စောင့်ရှောက်ရမည့်သူ ဖြစ်လာခဲ့သည်။
နှစ်သစ်ကူးပြီး ၁၀ရက်မြောက်နေ့တွင် အားယွီ၏ နေရာလွတ်ထဲမှ ပဲပိစပ် ပျိုးပင်များသည် ပြီးပြည့်စုံစွာဖြင့် ပဲပင်ပေါက်လေးများ အဖြစ် ကြီးထွားလာခဲ့သည်။ ပဲသီးတောင့်များသည် ပန်းပွားများကဲ့သို့ ပဲနွယ်ပေါ်တွင် တွဲလောင်းကျနေခဲ့သည်။
အားယွီသည် မရေတွက်တတ်သောကြောင့် အရေအတွက် မည်မျှ ရှိသည်အား မသိခဲ့ပေ။ သို့သော် သူမသည် အသားလုံးလေး၏ ညွှန်ကြားချက်အတိုင်း ပဲပင် အပင် ၂၀ ကျော်အား တူးကာ အဖိုးကြီးဝမ်၏ အိမ်ေဘးတွင် စိုက်ပျိုးခဲ့သည်။
သူမ၏ နေရာလွတ်ထဲတွင် အပင် တစ်ပင်သာ ကျန်ခဲ့သည်။ ထိုအပင်များသည် အဝါရောင်သို့ ပြောင်းလဲသွားချိန်တွင် မျိုးစေ့များ ရရှိစေရန် အတွက် အခွံခွာမည် ဖြစ်သည်။
“အားယွီ မြက်တွေကို ရေထပ်လောင်းအုန်းမလို့လား “
ဝမ်ဝူလန်သည် မြက်ပင် တစ်ပင်အား ပါးစပ်ဖြင့် ကိုက်ကာ ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။ သူသည် အားယွီလေးအား အဝေးမှ နေ၍ အော်ဟစ်ကာ မှာလိုက်သည်။
“ဝေးဝေး မသွားနဲ့နော်”
နှင်းများ အရည်ပျော်လာချိန်တွင် ဆီးနှင်းများအောက်တွင် ပုန်းကွယ်နေသော မြက်များ ပေါ်ထွက်လာခဲ့သည်။ သူမ၏ အစ်ကိုများအား အိမ်တွင် ရှိသော မြေဧက ၃၀ ပေါ်တွင် ရှိနေသော မြက်များအား နုတ်ရန်နှင့် အားယွီလေးအား ဂရုစိုက်ရန် တာဝန် ပေးထားသည်။
အားယွီလေးသည် ရေနွေးကရားကဲ့သို့ လက်ကိုင်ပါသော အိုးလေး တစ်လုံး ကိုင်ဆောင်ထားခဲ့သည်။ ထိုအိုးကေလးအား သူမ၏ အဘိုးဝမ်မှ သူမလေး အတွက် သီးသန့် ထွင်းထု ပေးထားခဲ့ခြင်း ဖြစ်သည်။ သူမ ကိုင်ဆောင်ရန် အတွက် အံဝင်ဂွင်ကျ ဖြစ်နေခဲ့သည်။
ဆိတ်ပေါက်ကလေးသည်လည်း သူမ၏ ခြေထောက်နားမှ လိုက်ပါလာခဲ့ကာ တစ်ခါတစ်လေ ခုန်ဆွ ခုန်ဆွ လုပ်ကာ တစ်ခါတစ်လေ ပဲပင် အနည်းငယ်အား ဆွဲယူလိုက်သည်။
“အစ်ကိုငါး အားယွီရဲ့ ပဲပင်လေးတွေ ကြီးလာပြီ”
အားယွီသည် နောက်ဆုံးတွင် ပဲပင် အချို့အား ဆွဲနှုတ်ကာ ဝမ်ဝူလန်အား ခေါ်ပြရန် မစောင့်နိုင်တော့ပေ။ ဝမ်ဝူလန်သည် ရီစရာကောင်းသည်ဟု ထင်ကာ ထိုအပင်လေးများသည် မြက်စေ့လေး အချို့ဟုသာ တွေးလိုက်သည်။
မဟုတ်လျှင် ဆိတ်ပေါက်ကလေးသည် မြက် အချို့အား ဆွဲနုတ်လိုက်ခြင်း ဖြစ်ပေမည်။ အားယွီမှ သူ့အား အိမ်ဘေးသို့ ဆွဲခေါ်လာချိန်တွင် သန်မာလှသော ပဲနွယ်များနှင့် ပဲသီးတောင့်များ ထူထပ်စွာ သီးနေသည်အား တွေ့လိုက်ရသည်။ လန့်ဖြတ်သွားသောကြောင့် သူ၏ ပါးစပ်ထဲမှ မြက်ပင်သည် အောက်သို့ ပြုတ်ကျသွားခဲ့သည်.။