ဒုက္ခပေးခြင်း
Vol. 2 Ch. 26
ရှန်ယန်းရွာမှ လူများသည် ဟူမိသားစုကျေးရွာမှ လူများကို ဝိုင်းပတ်သွားလိုကြသော်လည်း ဆူညံသံများ ထွက်မည်ကို စိုးရိမ်သည့်အတွက် ခပ်မြန်မြန် မလျှောက်ရဲကြချေ။ ဝမ်မိသားစုထံ ရောက်တော့မည်ကို မြင်သောအခါ ရှန်ယန်းရွာမှ ရွာသူကြီးသည် သူ၏ နောက်မှ လူများအား ပြောလိုက်သည်။
“အလောတကြီး မလုပ်နဲ့ အချိန်ကျလာရင်....”
“အချိန်ကျလာရင် ဘာဖြစ်လဲ”
အေးစက်စက် စကားသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရှန်ယန်းရွာမှ ရွာသူကြီးသည် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ချိန်တွင် အံ့အားသင့်သွားခဲ့သည်။ သူတို့၏ ရှေ့တွင် ရှိသည့် တောင်ကုန်းငယ်လေး တစ်ခုအား ပတ်လိုက်သည်နှင့် သူတို့၏ အမြင်များ ရုတ်တရက် ကျယ်ပြန့်သွားခဲ့သည်။ တောင်ကုန်း၏ အဆုံးတွင် ပြင်ဆင်ထားသည့် မြေကွက်လပ် တစ်ခု ရှိနေသည်။ ထိုနေရာသည် အဖိုးအိုဝမ်၏ အိမ်လည်း ဖြစ်ပေသည်။
မူလက သူတို့ တွေးထားသည်မှာ ဝမ်မိသားစုတွင် မည်သူမှ မရှိပဲ အလွန်ဆုံး မိန်းမအချို့နှင့် ကလေး အချို့သာ ရှိလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ လူပေါင်း ၇၀ ၈၀ ခန့်က သူတို့အား မလိုလား ခက်ထန်သည့် အကြည့်များဖြင့် ကြည့်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
ရှေ့ဆုံးတွင် ရပ်နေသူမှာ အဖွားအိုဝမ် ဖြစ်သည်။ အဖွားအို၏ မျက်လုံးများတွင် မဖုံးကွယ်နိုင်သည့် ဒေါသများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသည်။ သူမသည်ရှန်ယန်းရွာမှ လူများကို ကြည့်လိုက်ချိန်တွင် လယ်ကွင်းထဲမှ ပုပ်သိုးနေသည့် အညစ်အကြေးများကို ကြည့်နေသကဲ့သို့ ဖြစ်သည်။
“ခင်ဗျားက ဝမ်မိသားစုက ချွေးမမလား ဟုတ်တယ်မလား”
ရှန်ယန်းရွာမှ ရွာသူကြီး တွေးထားသည်မှာ သူသည်ရွာသူကြီး တစ်ဦး ဖြစ်သည့်အတွက် မိန်းမတယောက်ဖြင့် စကားပြောခြင်းသည် သူ၏ သိက္ခာကို ကျစေသည့်အတွက် သူသည် ရွာသားတစ်ဦးအား ရှေ့ထွက်စကားပြောရန် ပြောလိုက်သည်။
“ထွက်သွားစမ်း မင်း ငါ့ကို စကားလာပြောရအောင် နင်က ဘာကောင်မို့လို့လဲ”
အဖွားအိုဝမ်သည် သူတိူ့နှင့် စိတ်ဒုက္ခ အရောက်ခံကာ အချိန်ဖြန်း၍ ကစားမနေနိုင်တော့ချေ။
“ရှန်ယန်းရွာက လူတွေ မင်းတို့ ဘာသဘောလဲ ငါတို့စီကနေ မင်းတို့ လာခိုးပြန်ပြီလား ဘာလို့လဲ မင်းတို့ရွာက သစ်ခေါက်တွေက စားလို့ကုန်ပြီလား ငါတို့ ရွာကို လာပြီး အစာထပ်တောင်းနေတာလား”
တတိယအဒေါ်ဟူသည်လည်း သူမ၏ လက်အတွင်း ကတ်ကြေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျှက် အသံမတုန်အောင် ကြိုးစားကာ အော်ပြောလိုက်သည်။
“မှန်တယ် အကယ်လို့ မင်းတို့ ရှန်ယန်းရွာက ဒီလောက် ချို့တဲ့နေရင် ငါ့ ယောကျ်ားကို မင်းတို့ရွာစီ သစ်ခေါက်အိတ် တစ်အိတ်အပြည့် ယူလာခိုင်းလိုက်မယ် မင်းတို့ အားလုံးအတွက် လုံလောက်လိမ့်မယ်လို့ ငါ အာမခံတယ်”
“ထပ်ပြီး” ဆိုသည့် စကားလုံးသည် ရှန်ယန်းရွာမှ လူတိုင်း၏ ရင်ကို ရက်ရက်စက်စက် ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ ပြီးခဲ့သည့် အခေါက်တွင်လည်း ဟူမိသားစုရွာသားများသည် သူတို့အား မျက်နှာသာ မပေးခဲ့ပေ။ ယခုအချိန်တွင်လည်း သူတို့ မျက်နှာ ပေးလိမ့်မည် မဟုတ်ချေ။
“ရွာသူကြီး သူတို့တွေနဲ အချိန်ထပ် မဖြုန်းနဲ့တော့ ဒီ အသုံးမဝင်တဲ့ ဟာတွေနဲ့ စကားပြောနေလို့ ဘာထူးမှာလဲ “
လူတစ်ယောက်သည် ရှေ့သို့ ထွက်လာခဲ့ကာ ရွာသူကြီး၏ နားနားသိူ့ ကပ်ကာ တီးတိုးပြောဆိုလိုက်သည်။
“ကြည့်လိုက် အများစုက မိန်းမတွေ ပြီးတော့ အဖွားကြီးတွေ ကြီးပဲ ခွေးမသား ကလေးလေးတွေ နည်းနည်းလောက်ပဲ ရှိတာ သူတို့မှာ ယောကျ်ားသားတွေ မရှိဘူး ဘာလို့ ကျွန်တော်တို့ ဟိုယောကျ်ားတွေ ပြန်မရောက်သေးခင် အခွင့်ရေး မယူရမှာလဲ...”
ရှန်ယန်းရွာမှ ရွာသူကြီးသည် အနည်းငယ် တွေဝေသွားခဲ့သည်။ သူတို့သည် ကလေး တစ်ယောက်အတွက် လာခဲ့ခြင်း ဖြစ်ကာ အကယ်၍ သူတို့ မိန်းမများအား ထိခိုက်စေခဲ့လျှင် သူတိူ့၏ အမျိုးသားများ ပြန်လာချိန် သိသွားသည့်အခါ ပြသာနာများ ဖြစ်လာစေလိမ့်မည် ဖြစ်သည်။
ကလေးများ ပျောက်သွဦးသည်မှာ အဆင်ပြေသေးသည်။ သို့သော် ကလေးမွေးနိုင်သည့် မိန်းမများသည် ယခုအချိန်တွင် မည်သို့ ရှာနိုင်မည်နည်း။ ဒီခေတ်အခါတွင်ကလေးမပျောက်ဖူးသည့် မိသားစု ဟူ၍ ဘယ်မိသားစုရှိအံ့နည်း။ ကလေး တစ်ယောက်ဆုံးရှုံး ယုံဖြင့် မည်မျှ ဝမ်းနည်းနေနိုင်လိမ့်မည်နည်း။
သို့သော် အမျိုးသမီးများသည် အထိခိုက်ခံ၍ မရပေ။ သူတိူ့သည် မည်သည်ကိုမှ ကောင်းကောင်း မလုပ်တတ်လျှင်ပင် သေးငယ်သော အလုပ်ကိစ္စများ လုပ်နိုင်ကြသေးသည်။ ကလေးမွေးနိုင်သည့် တစ်ဦးတည်းသော အမျိုးအစားများလည်း ဖြစ်ပေသည်။
အကယ်၍ သူတိူ့သည် ကလေး တစ်ဦးအား နာကျင်အောင် ပြုလုပ်ခဲ့လျှင် ရွာသားများသည် ခဏဖြင့် မေ့သွားပေလိမ့်မည်။ သို့သော် သူတိူ့သာ အမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်များအား နာကျင်အောင် ပြုလုပ်ခဲ့၍ မရနိုင်ပေ။ နှဏ်ဖက်စလုံးသည် မလှုပ်ရဲကြပေ။
အစောပိုင်းတွင် ဝမ်မိသားစုသည် သတင်းကြားကြားချင်း အမှန်ပင် ကြောက်လန့်သွားခဲ့သည်။ နောက်ဆုံးတွင် ဟူအာ့ဖန်သည်အားယွီလေး အဆင်ပြေနေသေးကြောင်း လာပြောပြမှ အာဂယွီ အဆင်ပြေကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
လျိုရှီသည် အားယွီအား အရူးတစ်ပိုင်းဖြင့် ပြေးရှာတော့သည်။ အဖွားအိုဝမ်သည် အမျိုးသမီးများအား အိမ်မှာ နေခိုင်းကာ ယခုအခြေအနေအား သူမကိုယ်တိုင် ဖြေရှင်းချင်ခဲ့ခြင်း ဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ မိသားစုများသည်လည်း လိုက်ပါလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ လူကြီးများ ကလေးများ အတူတူ ရပ်နေသည်မှာ ကြောက်စရာကောင်းသည့် အင်အား တစ်ခု ဖြစ်ပေသည်။
“မင်းတို့ အတိအကျ ဘာလိုချင်တာလဲ မင်းတို့ လာတဲ့စီ မင်းတို့ ပြန်သွားတော့ ဟူမိသားစု ကျေးရွာက မင်းတို့ ရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး”
ရှန်ယန်းရွာမှ လူများ တီးတိုးပြောနေသည်ကို မြင်သော် အဖွားအိုဝမ်သည် သူတို့တွင် မကောင်းသည့် အကြံအစည် တစ်ခုခု ရှိနေပြီ မှန်း သိလိုက်ကာ စကားဖြတ်ပြောလိုက်သည်။
“ငါကြားတာတော့ မင်းတို့ ကလေး တစ်ယောက် ကောက်ရထားတယ်ဆို အဲ့ကလေးက ငါတို့ ရွာက ကလေးပဲ ကလေးကို ဖွက်နေထားမနေနဲ့တော့ ငါတို့ကို ပြန်ပေး”
ရှေ့မှ လူတစ်ယောက်က ပြောလိုက်ကာ
မင်းတို့က ကလေးကို ကောက်ပြီး မွေးထားတာမို့လို့ ငါတို့ရွာက ဒီကိစ္စကို ဆက်မလိုက်တော့ဘူး”
အဖွားအိုဝမ်သည် တံတွေးထွေးလိုက်ကာ ပြောလိုက်သည်။
“မင်းတို့ရွာ ဟုတ်လား မင်းတို့ရွာက ဒီလောက် ရုပ်ဆိုးတဲ့ သူတွေက ငါတို့ အားယွီလို ချစ်စရာကောင်းတဲ့ ကလေးမလေးကို ဘယ်လို မွေးနိုင်မှာတဲ့လဲ မင်းတို့ တကယ်ကို အရှက်မရှိတာပဲ “
“အဖွားကြီ ခင်ဗျားက ပေါင်မုန့်ပေးတာကို မယူဘဲ ရေကိုလည်း ဆုံးရှုံးချင်တာ (မျက်နှာပေးတာကို မယူချင်ပဲ အပြစ်ပေးတာကိုပဲ လိုချင်တယ်) ထင်တယ်” လူတစ်ယောက်သည် ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
“ကလေးကို အသာတကြည်ပေးလိုက်ဖို့ ငါ အကြံပေးမယ် မဟုတ်ရင် အိမ်နီးချင်းရွာ အချင်းချင်း မိတ်ဆွေဖြစ်တဲ့ မျက်နှာ မထောက်ဖူးလို့ ငါတို့ကို အပြစ်မတင်နဲ့ “
ဟူအာ့ဖန်သည် နောက်မှ နေ၍ အော်ဟစ်လိုက်သည်။
“သူတို့ကို မပေးလိုက်နဲ့ သူတို့က ကလေးတွေကို စားချင်နေတာ သူတို့က လူသားစားတဲ့သူတွေ”
ကလေး အချို့သည် ထိုစကားအား ကြားချိန်တွင် နောက်သို့ ဆုတ်ရန် ကြိုးစားလာကြသည်။
ဘုရားရေ သူတို့က ကလေးတွေကို စားတယ် နတ်ဆိုးတွေပဲ ကလေးတွေကို စားတာ
ရှန်ယန်းရွာမှ လူများသည် မူလကတည်းက ဗိုက်မဝကြပေ။ ခရီးရှည် လျှောက်လာပြီးနောက် သူတို့ ဗိုက်ဆာနေကြပြီ ဖြစ်သည်။ သူတို့၏ အကြံအစည် ပေါက်ကြားသွားသည့်အခါ သူတို့၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်သည်။
“သေစမ်း ငါ ဂရုမစိုက်တော့ဘူး ဘာကိစ္စဖြစ်ဖြစ် ငါ့ကလေးကိုတော့ အဆုံးရှုံးမခံနိုင်ဘူး ကောင်မလေးကို ပေးစမ်း”
ယောကျ်ား တစ်ယောက်သည် သူ၏ ခါးကြားမှ တံစဉ်အား ထုတ်ကာ သူ၏ ဆန့်ကျင်ဘက်သုိ့ ပြေးဝ၍်ကာ ဝှေးယမ်းလိုက်သည်။ သူ၏ ပစ်မှတ်မှာ အမှန်တကယ် သူ၏ ဆန့်ကျင်ဘက်တွင် ရှိနေသည့် ကလေး တစ်ဦးကို ဖြစ်သည်။ မည်သူ့ကလေးဆိုသည်ကို ဘယ်သူက ဂရုစိုက်မည်နည်း။ ယနေ့ သူသည် ကလေး တစ်ဦး အား ယူသွားနိုင်တော့မည် ဖြစ်သည်။ ကလေးလေးသည် ၅နှစ် ၆နှစ် အရွယ်သာ ရှိသေးသည်။ သူ့စီကို တစ်စုံတစ်ယောက် ပြေးဝင်လာသည်ကို မြင်သော် ကြက်သေသေသွားခဲ့သည်။
ကံကောင်းစွာဖြင့် အဒေါ်ကျန်းသည် ထိုနေရာနား၌ ရပ်နေခဲ့ခြင်း ဖြစ်သည်။ သူမသည် ကလေးအား ကောက်ပွေ့ကာ ထွက်ပြေးတော့သည်။ တံစဉ် တစ်ချက် ဝှေ့ယမ်းလိုက်ချိန်တွင် အဒေါ်ကျန်း၏ နောက်ကျောပြင်တွင် ရှည်လျားသည့် ဓားဒဏ်ရာ တစ်ခု ပေါ်လာခဲ့ကာ သူမ၏ ခပ်ထူထူ အကျီသည်လည်း စုတ်ပြဲကာ သွေးများ ထွက်ပေါ်လာခဲ့သည်။ သူမသည် တံစဉ်ဖြင့် အခုတ်ခံရသော်လည်း ဂရုမစိုက်နိုင်ပေ။ အံတင်းတင်းကြိတ်ကာ ကလေးငယ်အား ပွေ့လျှက် အဝေးသို့ ထွက်ပြေးသွားတော့သည်။
“အား”
အမျိုးသမီးများသည် ထို ကြောက်လန့်စရာ မြင်ကွင်းအား ကြည့်ကာ အော်ဟစ်ကြတော့သည်။ သူတို့သည် ထိုကဲ့သို့ ထိတ်လန့်စရာ မြင်ကွင်းအား တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ဘေးတွင် ကြည့်နေသည့် ကလေးများသည်လည်း ကြောက်လန့်ကာ မသိစိတ်ဖြင့် ဦးတည်ရာ အစုံကို ထွက်ပြေးသွားကြတေ့ာသည်။ ထို့နောက် သူတို့ အောဟစ်သွားကြသည်မှာ
“လူသတ်သမား ရှန်ယန်းရွာ က ဒီကို လာပြီး လူသတ်ဖို့ လုပ်နေပါတယ်”
ဝမ်တလန် ဝမ်အာ့လန် နှင့် ဝမ်စန်းလန်တို့သည် အပြင်တွင် ထင်းများ ခုတ်ရန် ကူညီနေကြခြင်း ဖြစ်သည်။ ကလေးများ၏ အော်သံအား သူတို့ ပထမဆုံး သတိပြုမိခြင်း ဖြစ်သည်။ သူတို့သည် အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့သည့် အချိန်တွင် တံစဉ်ကိုင်ထားသည့် လူတစ်ဦး ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ သူတို့သည် တုတ်ချောင်းများ ကောက်ကိုင်လုိက်ကာ ပြေးဝင် တိုက်ခိုက်ကြတော့သည်။
“တိုက်ကြ”
“သူတိုကို သတ်ပစ်”
“မြန်မြန်ပြေး ပုန်းကြ”
အဖွားအိုဝမ်သည် တစ်ဖက်လူတစ်စု ထိုမျှ ရက်စက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမသည် တုတ်တစ်ချောင်း ကောက်ကိုင်လိုက်က ာထို အရူးအား ရိုက်ရန် ပြင်လိုက်သည်။ ကြောက်လန့်နေသည့် အမျိုးသမီးများမှ လွဲ၍ အများစု၏ လက်ထဲတွင် ကျောက်တုံးကြီးများ ကိုင်ထားကြကာ ပြေးဝင်လာသူထံသို့ ပစ်ပေါက်ကြတော့သည်။
“သူတိူ့ ရူးနေကြပြီ”
“ဒီအရူးတွေကို ရတာနဲ့ ရိုက်သတ်လိုက်ကြ”
“ဘုန်း ဘုန်း ဘုန်း”
ထိုသူသည် ရုတ်တရက် အငိုက်မိသွားခဲ့ကာ ကျောက်တုံးများဖြင့် ခေါင်းအား အကြိမ်အနည်းငယ် မှန်သွားသောကြောင့် သွေးများ စီးကျလာခဲ့သည်။
“ဉီအစ်ကိုတို့ မင်းတို့ ဘာတွေကို စောင့်နေတာလဲ ဟူမိသားစု ကျေးရွာက ငါတို့ကို အနိုင်ကျင့်နေတာသူတို့နဲ့ ရင်ဆိုင်ကြစို့” (သြော် အံ့သြဘ အရှက်မရှိလိုက်တာ သူတိူ့က အရင်တိုက်တာကိုတောင် မပြောနဲ့အုန်း မိန်းမတွေကို အရင် ရိုက်ပြီးတော့များ လုံးဝ ဆွံ့အပါနော်)
ရှန်ယန်းရွာမှ ရွာသားများသည် အစောပိုင်းတွင် အနည်းငယ် တုန့်ဆိုင်းနေခဲ့ကြသည်။ ရွာမှ ရွာသားများ သွေးထွက်သံယို ဖြစ်ကာ သူတို့၏ လက်နက်များအား ထုတ်ယူနေသည်ကို မြင်သော် တစ်ချို့သည် နောက်လှည့်ပြေးကာ ပေါက်ပြား ဂေါ်ပြား များကို စောင့်ကြည့်ပေးနေသူများထံ ထိုအရာများ ယူလာပေးရန်အတွက် စီစဉ်နေခဲ့ကြသည်။
“မကောင်းတော့ဘူး မကောင်းတော့ဘူး ရှန်ယန်းရွာက လူတွေ လူသတ်နေကြပါတယ် ဗျို့“
“သူတို့က လူကို သတ်ပြီး ကလေးကို စားချင်နေကြပါတယ်ဗျို့”
“အဖိုးဝမ် အိမ်မှာ”
အပြေးမြန်သည့် ကလေးတစ်ယောက်သည် ရွာအလယ်ပိုင်းတွင် အလုပ်လုပ်နေသည့် အမျိုးသားများထံသို့ သွားပြောနှင့် ကြပြီး ဖြစ်သည်။ အမျိုးသားများသည်လည်း အများကြီး မေးမြန်းခြင်း မလုပ်တော့ပဲ ရရာလက်နက်ကို ကိုင်ကာ ယူသွားကြသည်။ ဘာမှ မတွေ့လျှင် လမ်းဘေးရှိ ကျောက်ခဲများအား ကောက်ယူသွားကာ အဖိုးအိုဝမ်၏ အိမ်သို့ ပြေးသွားကြတော့သည်။
“မြန်မြန် မြန်မြန် မြန်မြန် ရှန်ယန်းရွာက လူတွေ ရူးကုန်ကြပြီ “
“သူတို့က ငါတို့ရွာကို လာပြီး ကလေးတွေကို လုကြတယ် သူတို့ တကယ် ပုန်ကန်နေကြတာပဲ”
“မြန်မြန် ပြေးကြ သူတို့အိမ်မှာ လူအိုတွေ မိန်းမတွေနဲ့ ကလေးတွေပဲ ရှိကြတာ”
အရာအားလုံး ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှပေသည်။ ဟူအာ့ဖန်သည် ထိုသူများအား တွေ့ချိန်မှ ဝမ်မိသားစအား အကြောင်းကြားချိန်ထိ ၁၀မိနစ်ခန့်သာ ကြာသေးသည်။ ထို့နောက် နှစ်ဖက်တွေ့ဆုံကြချိန် ကလေးများသည် အခြားသော လူကြီးများအား သွား၍ အကြောင်းကြားခဲ့သည်။ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
အဖွားအိုဝမ်သည် မူလက အမျိုးသားများ ရောက်လာချိန်ထိ စကားပြောကာ အချိန်ဆွဲရန် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ ထိုသူများသည် လက်နက်များ ထုတ်ကာ သူတို့အား တိုက်ခိုက်လာသည်ကို မြင်သော် အဖွားအိုဝမ်သည် စိုးရိမ်လာခဲ့သည်။ သူမသည် ထိုသူများအား အများကြီး ဒေါသ မထွက်စေသင့်ပေ။
“အား”
“အမေ”
“နာလိုက်တာ “
“ငါ့ခြေထောက်....”
“ငါ နင်တို့နဲ့ တိုက်မယ်”
နောက်ဆုံးတွင် နှဏ်ဖက် တွေ့ဆုံသွားခဲ့သည်။ အချို့သော ငယ်ရွယ်သည့် အမျိုးသမီးများသည် ကလေးများနှင့် လူအိုများအား ကာကွယ်ရန်အတွက် ထိခိုက်ဒဏ်ရာ ရကုန်ကြတော့သည်။ ဝမ်ညီအစ်ကိုများသည် သူတို့လက်အတွင်း တုတ်များ ကိုင်ဆောင်ကာ ထိုသူများအား ပိတ်ဆို့ရန် တုတ်များအား ဝှေ့ယမ်းနေခဲ့ကြသည်။ ထိုသူများသည် အမှန်တကယ် ဓားပြများ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့သည် အပြင်းအထန် တိုက်ခိုက်ခြင်း မရှိပေ။
မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးတွင် သူတို့သည် လူကြီးများ ဖြစ်ကြကာ သူတို့၏ တိုက်ခိုက်မှုများသည် အကြင်နာကင်းမဲ့လှသည်။ သေကွင်းသေကွက်များကို မထိခဲ့လျှင်ပင် သွေးထွက်သံယို ဖြစ်မှုများနှင့် ဒဏ်ရာ ရမှုများ အနည်းနှင့်အများ ရှိသေး၏။ ထိုအချိန်တွင် လူတိုင်းသည် ရုတ်တရက် ကလေးမလေး၏ အသံကို ကြားလိုက်ရသည်။
“လူဆိုးတွေ လူဆိုးတွေ “
လူတိုင်းသည် အကုညီမဲ့စွာ ရပ်တန့်သွားကြသည်။ သူတို့၏ ဦးခေါင်းများ လှည့်ကြည့်လိုက်ချိန်တွင် နှစ်နှစ် အရွယ် ကောင်မလေး တစ်ဦးသည် မြေပြင်ပေါ်တွင် အလျှင်အမြန် ပြေးလာနေသည်ကို မြင်လိုက်ရသည်။ နီးကပ်လာချိန်တွင် သူမသည် ပြေးနေခြင်း မဟုတ်ပဲ သူမ၏ အောက်တွင် ဆိတ်ပေါက်ကလေးကို စီးလာခြင်း ဖြစ်သည်။ ဆိတ်ကလေး၏ ခြေလေးချောင်းသည် ပုံရိပ်ယောင်များ ကျန်သည်အထိ ကလေးးမလေးအား သယ်ဆောင်ကာ အလျှင်အမြန် ပြေးလာနေခြင်း ဖြစ်သည်။ သူမလေး၏ နောက်တွင် အနည်းငယ် ကြီးသော ကောင်လေး တစ်ဦးနှင့် လျိုရှီအား မြင်လိုက်ရသည်။
ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ သူတို့၏ နောက်တွင် အမှန်တကယ်ပင် မြွေတစ်အုပ် အလျှင်အမြန် ချည်းကပ်ကာ လိုက်ပါလာနေခဲ့သည်။
“အဖွားကို အနိုင်မကျင့်နဲ့ “
အားယွီလေးသည် မျက်ရည်များကို သုတ်ကာ သူမ၏ အသံလေးသည် တုန်ရီလျှက် ပြောလိုက်သည်။
“ကိုကိုတို့ကို အနိုင်မကျင့်နဲ့”
လူအုပ်နားသို့ ရောက်ချိန်တွင် ဆိတ်ပေါက်ကလေးသည် ရုတ်တရက် ရပ်တန့်သွားသည်။ သို့ပေသိ မြေပြင်ပေါ်မှ မြွေများသည် မရပ်တန့်ပဲ လူအုပ်အတွင်းသို့ တိုးဝင်သွားခဲ့သည်။ ထို မြွေများသည် ရှန်ယန်းရွာမှ လူများအား ကိုက်ကာ သူတို့ သမည်ကို ကြောက်ရွံကြပုံ မပေါ်ပေ။
“အား”
“မြွေတွေ”
“ဒီမြွေတွေက အဆိပ်ရှိတယ်”
“သူတို့က ဘာလို့ ငါတို့တွေကိုပဲ လိုက်ကိုက်နေရတာလဲ”