ကျားကို တောင်ကနေ မျှားခေါ်တာလား
Vol. 22 Ch. 212
ကျန့်ဝူမြင့်မြတ်နယ်မြေမှ အကြီးအကဲ ချီကျန့်ရန်က လက်ဟန်တစ်ခု လျင်မြန်စွာ ပြုလုပ်လိုက်ရာ သူ၏ ခြေထောက်အောက်တွင် ဧရာမ ထိုက်ကျိပုံရိပ်လွှာကြီးတစ်ခု ပွင့်ထွက်လာပြီး မိစ္ဆာ အခင်းအကျင်းအထက်ရှိ ကျင့်ကြံသူအားလုံးနီးပါးကို လွှမ်းခြုံကာကွယ်ပေးလိုက်၏။
ဝုန်း...
အခင်းအကျင်းကြီး ပြိုကွဲသွားသည်နှင့် တစ်ပြိုင်နက် အတွင်း၌ စုစည်းနေသော စွမ်းအားများမှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာတော့သည်။
ထိုစွမ်းအားထဲတွင် ပြောင်းပြန်တာအိုဥပဒေသ အစအနအချို့ ကိန်းအောင်းနေပြီး တာအိုတရား အနည်းငယ်မျှ နားလည်သော ကျင့်ကြံသူတိုင်း တစ်ခုခု အကြီးအကျယ် မှားယွင်းနေပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။
ထိုအခင်းအကျင်းကို ဖျက်ဆီးရခက်နေသည်မှာ မဆန်းတော့ပေ။
၎င်း၏ ထူထဲပြီး ဖောက်ထွင်း၍မရသော အကာအရံမှာ စစ်မှန်သော ကာကွယ်ရေး မဟုတ်ခဲ့ပေ။ ၎င်းမှာ အနှစ်သာရထဲမှ တာအိုတုန်ခါမှုများကို ဖုံးကွယ်ထားသည့် အယောင်ပြသက်သက်သာ ဖြစ်သည်။
ကျင့်ကြံသူများ၏ မနားတမ်း တိုက်ခိုက်မှုများမှ ရရှိသော စွမ်းအားကို ထိုအခင်းအကျင်းကြီးက တစ်ချိန်လုံး စုပ်ယူနေခဲ့ခြင်းပင်။
ယခုတွင်မူ ပြောင်းပြန်တာအိုဥပဒေသ၏ လွှမ်းမိုးမှုအောက် စုဆောင်းထားသော စွမ်းအားများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုက်ကျိကျိပုံရိပ်လွှာကြီး ပေါ်လာသည့် အချိန်မှာပင်...
၎င်းက ပေါက်ကွဲထွက်သွားတော့သည်။
“တောင့်ထားစမ်း......” အကြီးအကဲချီက ဟိန်းဟောက်လိုက်သည်။
အခင်းအကျင်း၏ ဗဟိုချက်မှ တောက်လောင်နေသော ကြက်သွေးရောင် အလင်းတန်းကြီးတစ်ခု ပွင့်ထွက်လာပြီး ကောင်းကင်ယံကို ထိုးဖောက်သွား၏။
အနီရောင် အလင်းတန်းမှာ ချီကျန့်ရန်၏ တွန့်ရှုံ့နေသော မျက်နှာပေါ်တွင် မီးလျှံရောင်များဖြင့် တောက်ပနေစေသည်။
ကာကွယ်ရေး ထိုက်ကျိအခင်းအကျင်းမှာ ပြင်းထန်လှသော စွမ်းအားများအောက်တွင် နှစ်စက္ကန့် အတွင်းမှာပင် ပြိုကွဲသွားခဲ့ပြီး ကျင့်ကြံသူများမှာ အရပ်မျက်နှာ အနှံ့အပြားသို့ လွင့်သွားကြသည်။
ယောင်ချီနှင့် ဖန်ကျင်းမြင့်မြတ်နယ်မြေတို့မှ ပေါင်းစည်းခြင်းအဆင့်ရှိ အကြီးအကဲ နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
“အကြီးအကဲချီ၊ ကျုပ်တို့ ကူညီပါ့မယ်...”
သူတို့က ထိုက်ကျိအခင်းအကျင်းအပေါ် ဆင်းသက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဖိချလိုက်သည်။ သူတို့၏ မျက်လုံးများမှာ နတ်ဘုရားအလင်းများဖြင့် တောက်ပနေပြီး စိတ်ဝိညာဉ် ချီစွမ်းအင်များကို အခင်းအကျင်းထဲသို့ အဆက်မပြတ် သွန်းလောင်းပေးလိုက်ကြ၏။
သို့သော် သူတို့ သုံးဦးစလုံး ပူးပေါင်းထားသော်လည်း တဖျပ်ဖျပ် အက်ကွဲသံများ ထွက်ပေါ် လာကာ ထိုက်ကျိအခင်းအကျင်း ဆက်လက်၍ အက်ကွဲနေဆဲပင်။
မီတာ တစ်ထောင်ခန့် အကွာတွင်မူ ချန်ဟွိုက်အန်သည် တက်လာသော ကြက်သွေးရောင် စွမ်းအားတိုင်ကြီးကို ပါးစပ်အနည်းငယ် ဟလျက် ငေးကြည့်နေမိ၏။
ဒီမိစ္ဆာအခင်းအကျင်းက စွမ်းအား အမြောက်တစ်ခုလို အလုပ်လုပ်လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။ အခင်းအကျင်းထဲသို့ ပစ်သွင်းလိုက်သမျှ စွမ်းအားမှန်သမျှကို ပြင်းထန်သော အရှိန်ဖြင့် ပြန်လည် ထုတ်လွှတ်လိုက်ခြင်းပင်...
အခင်းအကျင်း ပေါက်ကွဲသွားသည့် ခဏတွင် ချင်းယွန်ဘိုးဘေးက သူ၏ ပင်ကိုယ်မှော်ရတနာကို အသက်သွင်းလိုက်ပြီး သူတို့ နှစ်ဦးလုံးကို ဘေးကင်းရာသို့ တယ်လီပို့ ပို့ဆောင်ပေးလိုက်သည်။
၎င်းမှာ အပြာရောင် မြူခိုးတိမ်တိုက်လေးတစ်ခု ဖြစ်ပြီး မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် သူတို့ကို ရေငွေ့များအဖြစ် ပြောင်းလဲသွားစေသည်။
တိုက်ရိုက် ထိမှန်ခဲ့လျှင်ပင် သူ၏ရတနာကြောင့် မည်သည့်ဒဏ်ရာမှ ရလိမ့်မည် မဟုတ်ဟု ချန်ဟွိုက်အန် ခန့်မှန်းလိုက်သည်။
“ဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက ကျွန်မထင်ထားတာထက် ပိုပြီးတော့ ကောက်ကျစ်တာပဲ... ဒီအခင်းအကျင်းက ထောင်ချောက်တစ်ခု သက်သက်ပဲ...” ရုံချင်းယွန်၏ မျက်နှာမှာ ဖြူဖျော့နေ၏။
သူသည် မူလကတည်းက အတွင်းဒဏ်ရာ ရှိနေသူ ဖြစ်ပြီး ခုနက မိမိကိုယ်ကိုယ်ရော ချန်ဟွိုက်အန်ကိုပါ ကာကွယ်ရန်အတွက် စွမ်းအားအကုန် ထုတ်သုံးလိုက်ရသည်။
သို့သော် တန်ပေသည်။
ကိုကိုချန်ဟွိုက်အန် ဘေးကင်းနေသရွေ့ ကျန်သောအရာများ ဘာမှ အရေးမကြီးပေ။
“တာအိုမိတ်ဆွေချန်၊ ဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေက အခုလို ဆူဆူညံညံတွေ လုပ်ပြီး ဘာကို ရည်ရွယ်တယ်လို့ ထင်လဲ။” ရုံချင်းယွန်က သူ၏ အစ်ကိုဆီမှ ပညာသားပါပြီး ဆွဲဆောင်မှုရှိသော အမြင်များကို ကြားချင်နေသည့်အတွက် နူးညံ့စွာ ငေးကြည့်နေမိသည်။
သူ့လို အစွမ်းထက် ခန့်ညားပြီး ဗဟုသုတ ကြွယ်ဝတဲ့သူဆိုရင် ထူးခြားတဲ့ အမြင်တစ်ခု ရှိမှာ သေချာတယ်...
ချန်ဟွိုက်အန် ခဏလောက် စဉ်းစားလိုက်သည်။
ထို့နောက် သူက စနစ်ဘာသာပြန်စက်ကို ဖွင့်လိုက်သည်။
“ငါထင်တာကတော့... နံပါတ်(၅၆) သံချောင်းတွေကို စပါဂက်တီနဲ့ ရောလိုက်သင့်တယ်။ အဲဒါမှ မြေတူးစက်ရဲ့ ဇီဝဓာတုညွှန်းကိန်းတွေကို အနှောင့်အယှက် မဖြစ်မှာ...”
ရုံချင်းယွန် ကြားလိုက်ရသည်မှာ...
[ ငါထင်တာကတော့... ဒါဟာ အာရုံလွှဲတဲ့ နည်းဗျူဟာတစ်ခု ဖြစ်နိုင်တယ် ]
“အိုး... တာအိုမိတ်ဆွေချန် ဆိုတဲ့အတိုင်းပါပဲ...” သူ၏ မျက်လုံးများမှာ အထင်ကြီးလေးစားမှုဖြင့် တောက်ပသွားပြီး နုနယ်သော လက်ကလေးများဖြင့် လက်ခုပ်တီးလိုက်၏။
“ရှောင်ယွန်လည်း အဲဒီလိုပဲ ထင်တယ်... ဒီနေရာက လျို့ဝှက်နယ်မြေအဝင်ဝနဲ့ အဝေးကြီးပဲ။ နတ်ဘုရားအာရုံတောင် မမီဘူး။ ကျွန်မ အခုချက်ချင်းပဲ အသုံးမကျတဲ့ သား... အဟမ်း... ဒုတိယအကြီးအကဲကို ဆက်သွယ်လိုက်မယ်...”
သူက ဆက်သွယ်ရေးကျောက်စိမ်းအဆောင်ကို ထုတ်ယူပြီး မေးခွန်းအချို့ မေးလိုက်သည်။
အံ့ဩစရာကောင်းပြီး စိတ်အေးသွားရသည်မှာ လျို့ဝှက်နယ်မြေအဝင်ဝ၌ လုံးဝ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။
ချောင်းမြောင်းတိုက်ခိုက်မည့် အရိပ်အယောင်လည်း မရှိပေ။
သို့သော် ထိုအချိန်မှာပင် မနည်းထိန်းထားရသော ထိုက်ကျိ အခင်းအကျင်းမှာ ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။
“အကြီးအကဲချီ၊ ဒါက အလုပ်မဖြစ်တော့ဘူး...”
ယောင်ချီမြင့်မြတ်နယ်မြေမှ အကြီးအကဲတစ်ဦးက မထွက်ခွာရသေးသော အခြေတည်ဝိညာဉ် အဆင့် ကျင့်ကြံသူများကို လှမ်းကြည့်ရင်း အလောတကြီး ပြောလိုက်သည်။
“ဒီအတိုင်း တည့်တည့်ကြီး ခံနေလို့ မဖြစ်တော့ဘူး။ တားဆီးနေမယ့်အစား ဒီစွမ်းအားတွေကို တခြားတစ်နေရာကို လွှဲလိုက်ရင်ရော ဘယ်လိုလဲ။”
ယခုအချိန်တွင် ချီကျန့်ရန်၏ မျက်နှာမှာ ချွေးများဖြင့် စိုရွှဲနေပြီး အလွန်အမင်း ဖြူဖျော့နေ၏။
ခဏမျှ ဝေခွဲမရဖြစ်ပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ... ငါ့ရဲ့ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ကုန်လုနီးပါး ဖြစ်နေပြီ။ ဒါကို လွှဲပြောင်းဖို့ ငါ့ကို ကူညီကြ...”
အကြီးအကဲ သုံးဦးစလုံး ထိုက်ကျိအခင်းအကျင်းကို တစ်ပြိုင်နက်တည်း ဖိချလိုက်ကြသည်။
ချီကျန့်ရန်က အခင်းအကျင်း တည်ငြိမ်စေရန် အာရုံစိုက်နေသည်။
ယောင်ချီနှင့် ဖန်ကျင်းအကြီးအကဲများက အခင်းအကျင်းကို စောင်းလိုက်ကာ ဧရာမစွမ်းအားကို တခြားတစ်နေရာသို့ လွှဲလိုက်ကြသည်။
“တောင့်...ထား...စမ်း...”
ညီညွတ်သော ဟိန်းသံနှင့်အတူ အကြီးအကဲ သုံးဦးက စွမ်းအားအကုန် ထုတ်သုံးလိုက်ကြသည်။
ထိုက်ကျိအခင်းအကျင်းကြီးသည် ထောင့်ချိုး တစ်ခုသို့ ဖြည်းဖြည်းချင်း စောင်းသွားသည်ကို ကျင့်ကြံသူများ မြင်လိုက်ကြရ၏။
အခင်းအကျင်း ကိုယ်တိုင်က ပြောင်းပြန်တာအိုဥပဒေသ အစအနများ ပါဝင်နေသောကြောင့် ၎င်းကို ထိမှန်နေသော စွမ်းအားတန်းကြီးမှာ မှန်ပေါ် အလင်းပြန်သကဲ့သို့ အလင်းယိုင်သွားသည်။
၎င်းက အခင်းအကျင်းကို ထိန်းသိမ်းရန် ရုန်းကန်နေရသော အကြီးအကဲ ချီကျန့်ရန်အပေါ် ကျရောက်နေသည့် ဖိအားကို သိသိသာသာ လျော့နည်းသွားစေသည်။
အဝေးမှနေ၍ ချန်ဟွိုက်အန်က စောင်းသွားသော အခင်းအကျင်းကို စိတ်မသက်မသာ ခံစားချက်ဖြင့် ကြည့်နေမိသည်။
ထို့နောက် ထိုက်ကျိအခင်းအကျင်း လုံးဝ စောင်းသွားပြီး စွမ်းအားတန်းကြီးမှာ ဘေးတိုက် လွှဲသွားချိန်တွင် သူ ရုတ်တရက် သဘောပေါက်သွား၏။
အဲဒီစွမ်းအားတန်းကြီးက အခု လျို့ဝှက်နယ်မြေအဝင်ဝဆီကို တည့်တည့်ကြီး ဦးတည်နေတာပဲ။
ချီကျန့်ရန်တို့တောင် ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို မနည်းခံနေရတာ။
လျို့ဝှက်နယ်မြေ အဝင်ဝနားမှာ ရှိနေတဲ့ လူအို၊ လူနာနဲ့ အားနည်းတဲ့သူတွေကရော။
ဘယ်လိုလုပ်ပြီး ဒါကို တားနိုင်မှာလဲ...
နေပါဦး..
ဒီအဘိုးကြီး သုံးယောက်...
ဒါကို တမင်သက်သက် လုပ်လိုက်တာလား...
ချန်ဟွိုက်အန်၏ နှုတ်ခမ်း တွန့်သွား၏။
လျို့ဝှက်နယ်မြေ အဝင်ဝနားတွင် ဓားကျောင်းတော် တပည့်များ မရှိသောကြောင့် သူ သိပ်ပြီး စိတ်မပူပေ။ သို့သော် ထိုအကြီးအကဲများ၏ ရည်ရွယ်ချက်ကိုတော့ သူ သံသယဝင်မိသည်။
သို့သော် သက်သေမရှိဘဲ သူတို့ကို တိုက်ရိုက် စွပ်စွဲခြင်းမှာ အဓိပ္ပာယ်မရှိပေ။
“ဒီအတိုင်းဆို လျို့ဝှက်နယ်မြေအဝင်ဝကို ထိတော့မှာပဲ...” ရုံချင်းယွန်လည်း ထိုပြဿနာကို သတိထားမိသွားသည်။ သူက အားပြန်ဖြည့်ရန် တရားထိုင်နေသော အကြီးအကဲ ချီကျန့်ရန်ထံသို့ အမြန်သွားလိုက်သည်။
ချီကျန့်ရန် သက်ပြင်းချကာ စိတ်အေးသွားရုံ ရှိသေးသည်။
ချင်းယွန်ဘိုးဘေး၏ စကားကို ကြားလိုက်ရာ သက်ပြင်းမှာ လည်ချောင်းထဲတွင် တစ်သွား၏။
သူက စွမ်းအားတန်းကြီး၏ လမ်းကြောင်းကို လှည့်ကြည့်လိုက်သောအခါ...
သေချာပေါက်ပင် ၎င်းမှာ လျို့ဝှက်နယ်မြေ အဝင်ဝဆီသို့ တည့်တည့်ကြီး ဦးတည်နေ၏။
“မြန်မြန်လုပ်... အခင်းအကျင်းကို ထပ်စောင်းလိုက်ကြ...”
ယောင်ချီနှင့် ဖန်ကျင်းအကြီးအကဲများမှာ ကူညီရန် သူတို့၏ နေရာများကို ချက်ချင်း ပြန်လည် ချိန်ညှိလိုက်ကြသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် စွမ်းအားတန်းကြီးမှာ အပေါ်ဘက်သို့ စောင်းသွားပြီး ကောင်းကင်ယံဆီသို့ ပျံတက်သွားကာ လျို့ဝှက်နယ်မြေ အဝင်ဝကို လုံးဝ လွဲချော်၍ သွားတော့သည်။
ထိုအခါမှသာ အကြီးအကဲ သုံးဦးမှာ ချွေးများဖြင့် ရွှဲရွှဲစိုလျက် သက်ပြင်းချနိုင်တော့သည်။
ချီကျန့်ရန်က အခင်းအကျင်း၏ ဗဟိုတွင် ထိုင်နေဆဲဖြစ်ကာ လက်နှစ်ဖက်ဖြင့် လက်ဟန်များ ပြုလုပ်နေသည်။ ရွှေရောင် စိတ်ဝိညာဉ်ချီစွမ်းအင် သံကြိုး ရှစ်ချောင်းက ရှုပ်ထွေးနေသော အခင်းအကျင်း ပုံစံများကို ချုပ်နှောင်ထားပြီး ကျန်ရှိနေသော အခင်းအကျင်း အကြွင်းအကျန်များကို တည်ငြိမ်စေလိုက်သည်။
သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စုဝေးနေသော ကျင့်ကြံသူများကို ဝေ့ကြည့်လိုက်သည်။
သူ၏ အသံမှာ ခေါင်းလောင်းသံကြီးကဲ့သို့ ဟိန်းထွက်လာကာ အရပ်မျက်နှာ အနှံ့အပြားသို့ ပဲ့တင်ထပ်သွားသည်။
“ငါ ဒီအခင်းအကျင်းကို နှိမ်နင်းဖို့ရာ နှစ်တစ်ရာစာ ကျင့်ကြံမှုကို အကုန် သုံးလိုက်ရတယ်။ မင်းတို့အားလုံး လျို့ဝှက်နယ်မြေ အဝင်ဝဆီကို ချက်ချင်း ပြန်ကြပြီးတော့ ထူးခြားမှုတွေ ရှိ မရှိ စုံစမ်းကြ...”
ကျင့်ကြံသူများမှာ မတွန့်ဆုတ်တော့ပေ။
သူတို့က ကျေးဇူးတင်စကား ပြောကြားပြီး လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။
ရုံချင်းယွန်၏ ခုနက သတိပေးချက်ကြောင့် တစ်ခုခုတော့ မှားနေသည်မှာ သိသာနေပြီ ဖြစ်ရာ သူတို့ အချိန်မဖြုန်းချင်ကြတော့ပေ။
ချန်ဟွိုက်အန်က လူအုပ်နောက်မှ လိုက်၍ လျို့ဝှက်နယ်မြေအဝင်ဝသို့ ပြန်လာခဲ့သည်။
ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားကိုတော့ မမြင်ရပေ။
သို့သော် ဂိုဏ်းအသီးသီး၏ စခန်းအပြင်ဘက်တွင် ရှိနေသော တပည့်များမှာ စိုးရိမ်ပူပန်နေပုံ ရနေသည်။
သူတို့၏ အကြီးအကဲများ ပြန်ရောက်လာသည်ကို မြင်လိုက်ရသော ခဏတွင် သူတို့၏ စိုးရိမ်စိတ်များမှာ သိသိသာသာ လျော့နည်းသွားကြသည်။
ချန်ဟွိုက်အန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ငါ အခြေအနေကို မှားယွင်း အကဲဖြတ်မိတာလား။
အဲဒီအကြီးအကဲတွေက တကယ်ပဲ စွမ်းအားတန်းကြီးကို တမင်သက်သက် မလွှဲခဲ့တာလား။
ကံမကောင်းစွာဖြင့် ထိုနေရာတွင် ဓားကျောင်းတော် တပည့်များ မရှိသောကြောင့် ခိုင်လုံသော အဖြေကို ရနိုင်မည် မဟုတ်ပေ။
ခဏ စဉ်းစားပြီးနောက် သူက လင်းရှီးတောင်ကြား စခန်းဘက်သို့ လှည့်လိုက်သည်။
လင်းရှီးတောင်ကြား ကျင့်ကြံဆောင်...
နေဝင်ချိန်အောက်တွင် ကျောက်စိမ်းဖြူ စင်မြင့်ကြီးမှာ တလက်လက် တောက်ပနေ၏။
၎င်း၏ အလယ်တွင် လင်းရှီးတောင်ကြား ဂိုဏ်းချုပ် ယွန်ပိုင်ယွီက သူ၏ လက်ဝါးမှတစ်ဆင့် စိတ်ဝိညာဉ်ချီစွမ်းအင်များကို ထုတ်လွှတ်ပြီး စိုးရိမ်နေသော တပည့်များကို ညင်သာစွာ နှစ်သိမ့် ပေးနေသည်။
ထိုအချိန်မှာပင် အရှေ့ဘက် တိမ်တိုက်များကြားမှ ကွဲအက်သံတစ်ခု ထွက်ပေါ်လာပြီး အေးခဲနေသော ကြယ်တစ်လုံးကဲ့သို့ ဓားစွမ်းအင်တန်းတစ်ခု ဆင်းသက်လာ၏။
ချန်ဟွိုက်အန် ရောက်ရှိလာခြင်းပင်။
သူ့ဓားကို ဓားအိမ်ထဲသို့ လုံးဝ ပြန်မထည့်ရသေးခင်မှာပင် သူ၏ စူးရှလှသော အရှိန်အဝါကြောင့် ကျင့်ကြံဆောင် ဘေးပတ်လည်ရှိ မက်မွန်ပန်းပင်များ တုန်ခါသွားပြီး ပန်းပွင့်များ မြေပေါ်သို့ ကြွေကျလာခဲ့သည်။
“ဓားအရှင်သခင် ရောက်ရှိလာတာ ကျွန်မရဲ့ဗိမာန်လေးအတွက် ဂုဏ်ယူစရာပါပဲ။”
ယွန်ပိုင်ယွီက ယဉ်ကျေးစွာ ထရပ်ပြီး ယဉ်ကျေးပျူငှာစွာ ဂါရဝပြု နှုတ်ဆက်လိုက်သည်။
“အားနာနေဖို့ မလိုပါဘူး။”
ချန်ဟွိုက်အန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရ၏။
ဒီမှာ ရှိနေတဲ့ လင်းရှီးတောင်ကြား တပည့်တိုင်း ခါးမှာ ဓားတစ်လက်စီ ချိတ်ထားကြတာပဲ။
ဟမ်...
ဘယ်တုန်းကတည်းက လင်းရှီးတောင်ကြား တပည့်တွေ ဓားပညာ လေ့ကျင့်နေကြတာလဲ။
သူက ၎င်းကို သိရရန် လာခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူ တည့်တည့်သာ မေးလိုက်သည်။
“မင်းက လျို့ဝှက်နယ်မြေ အဝင်ဝကနေ တစ်ဖဝါးမှ မခွာခဲ့ဘူး။ ထူးခြားတဲ့ အဖြစ်အပျက် တစ်ခုခုကို မြင်လိုက်မိလား။”
“ဩော်... ဓားအရှင်သခင် ဒါကို လာမေးတာကိုး။”
ယွန်ပိုင်ယွီက သူ၏ နုနယ်သော မျက်ခုံးလေးကို မြှင့်လိုက်ပြီး ဝတ်ရုံလက်ရှည်ကို ပြင်ကာ စိုးရိမ်စိတ်များ မကုန်သေးသော လေသံဖြင့် ပြောလိုက်သည်။
“ခုနလေးကပဲ အနောက်ဘက်ကနေ အတော်လေးကို အစွမ်းထက်တဲ့ စွမ်းအားတန်းကြီး တစ်ခု ရောက်လာတယ်။ အဲဒါက လျို့ဝှက်နယ်မြေအဝင်ဝက ကာကွယ်ရေး အကာအကွယ်ကို ဖျက်ဆီး လိုက်ပြီးတော့ ကျွန်မရဲ့ လင်းရှီးတောင်ကြား ကျင့်ကြံဆောင်ကို သီသီလေး လွဲသွားခဲ့တယ်။ ပြီးတော့ အရန်လျို့ဝှက်နယ်မြေ တံခါးထဲကို တည့်တည့်ကြီး ဝင်သွားတာ...”
သူက ထိုအဖြစ်အပျက်ကြောင့် ထိတ်လန့်နေဆဲ ဖြစ်ပုံရပြီး သက်ပြင်း ညင်သာစွာ ချလိုက်၏။
“အဲဒါက ဘယ်ဂိုဏ်းစခန်းကိုမှ မထိမှန်ခဲ့လို့ တော်သေးတာပေါ့။ အဲဒါကြောင့် ဘေးဒုက္ခကနေ လွတ်ခဲ့ရတယ်။”
...