ကျောက်ကျန့်လုံ၏ သရုပ်မှန်
Vol. 22 Ch. 213
“လျို့...လျို့ဝှက်နယ်မြေထဲကို ဝင်သွားတာလား။” ချန်ဟွိုက်အန် မျက်မှောင် ကြုတ်လိုက်သည်။ ၎င်းမှာ ရိုးရှင်းသောကိစ္စမဟုတ်ကြောင်း သူ သဘောပေါက်လိုက်၏။
သူက ဂိမ်းထဲရှိ အဓိကစွန့်စားခန်း အခြေအနေကို အမြန်စစ်ဆေးလိုက်ရာ လီချင်းရန်၏ အသက်ရှင်နှုန်းသည် ၁၀၀%မှာပင် ရှိနေသေးကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထိုအခါမှသာ သူ သက်ပြင်းတစ်ချက် ဖြည်းဖြည်းချင်း ချနိုင်တော့သည်။
ဟုတ်ပါပြီ။ ငါကပဲ အစိုးရိမ်လွန်နေတာ ဖြစ်ပါလိမ့်မယ်။
အကြမ်းဖက်စွမ်းအားများနှင့် ပြောင်းပြန်တာအိုဥပဒေသများ ပါဝင်သည့် ထိုအလင်းတိုင်ကြီး လျို့ဝှက်နယ်မြေထဲသို့ ရောက်သွားခဲ့လျှင်ပင် လီချင်းရန်ကို တိုက်ရိုက်ထိမှန်ဖို့ရာ မလွယ်ကူပေ။ မည်သို့ပင်ဆိုစေကာမူ လျို့ဝှက်နယ်မြေဆိုသည်က သူ့ဘာသာသူ ကမ္ဘာငယ်လေးတစ်ခု ဖြစ်ရာ လီချင်းရန်ကို ထိမှန်ရန် ဆိုသည်မှာ ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ ခဲယဉ်းလှ၏။
ပြီးတော့ လီချင်းရန်မှာ ပစ်မှတ်ထားရလောက်အောင် ဘာထူးခြားချက်တွေ ရှိလို့လဲ။
သူ့မှာ အန္တိမအဆင့်ရှိတဲ့ ဒန်တျန်၊ သီးသန့် ရေဓာတ်စိတ်ဝိညာဉ်အမြစ်၊ ဓားစိတ်ဝိညာဉ်အမြစ်နဲ့ ထိုက်ယင်တာအိုခန္ဓာတို့ ရှိနေတာမှ မဟုတ်ဘဲ...
“ဟာ့....” ချန်ဟွိုက်အန် အသက်ကို အောင့်ထားလိုက်မိသည်။
နေပါဦး... လီချင်းရန်မှာ အဲဒါတွေအားလုံး တကယ် ရှိနေတာပဲ။
သူ၏ မနားတမ်း ငွေသုံးပြီး အဆင့်မြှင့်တင်ပေးမှုများကြောင့် မွေးရာပါ ပါရမီရှင် ဖြစ်သည့် လီချင်းရန်မှာ အခုတွင် ပါရမီရှင်ဟု ခေါ်ဆိုရုံမျှမကဘဲ ထူးကဲသူ တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ ထိုမျှ အစွမ်းထက်သည့် အရည်အချင်းများ စုပြုံနေသည့် သူက လမ်းလျှောက်နေသည့် ဂိမ်းထဲက သူခိုးကုဒ် တစ်ခုလိုပင်။ သူနှင့် ယှဉ်လျှင် မြင့်မြတ်နယ်မြေ သုံးခုမှ နှစ်တစ်ထောင်မှတစ်ယောက် ပေါ်ထွန်းသည့် ပါရမီရှင်ဟု ဆိုသူများပင် ဟာသတစ်ခုလို ဖြစ်နေတော့၏။
“ဆရာသခင်ချန်၊ ဓားကျောင်းတော်က တပည့်တွေ လျို့ဝှက်နယ်မြေထဲမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ တွေ့မှာကို စိုးရိမ်နေတာလား။” ချန်ဟွိုက်အန်၏ တွန့်ရှုံ့နေသော မျက်ခုံးကို ကြည့်ကာ ယွန်ပိုင်ယွီက အားပေးသည့် အပြုံးဖြင့် ဆိုလိုက်သည်။ “စိတ်ချပါ။ ဓားကျောင်းတော် တပည့်တွေက အစွမ်းထက်သလို စည်းလုံးကြပါတယ်။ မြင့်မြတ်နယ်မြေ သုံးခုက ပါရမီရှင်တွေနဲ့ မတွေ့သရွေ့တော့ ဒီအရန်လျို့ဝှက်နယ်မြေထဲမှာတော့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘဲ သွားလာနိုင်မှာပါ။ ပြီးတော့ ဆရာသခင်ကိုယ်တိုင် ဓားကျောင်းတော်ကို ကြီးကြပ်နေတာဆိုတော့ ဘယ်မိစ္ဆာကမှ မဆင်မခြင် လှုပ်ရှားရဲမှာ မဟုတ်ပါဘူး။”
“အင်း... မင်းပြောတာလည်း မှန်ပါတယ်။” ချန်ဟွိုက်အန်က သူ၏ တကယ့် စိုးရိမ်ပူပန်မှုများကို ယွန်ပိုင်ယွီအား ရှင်းပြနေမည် မဟုတ်ပေ။
လီချင်းရန် ဘေးကင်းနေသရွေ့ ဓားကျောင်းတော်မှ အခြားတပည့်များလည်း အဆင်ပြေ ကြလိမ့်မည်။
သူက လင်းရှီးတောင်ကြား ကျင့်ကြံဆောင်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကျောက်ကျန့်လုံ၏ ဦးခေါင်းခွံကို ထုတ်ယူလိုက်၏။
“တာအိုမိတ်ဆွေယွမ်။ ဒါကို မင်း သိလား။”
ယွန်ပိုင်ယွီက ချန်ဟွိုက်အန်၏ လက်ထဲရှိ ဦးခေါင်းခွံကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေ၏။ သူက လက်ယှက်ကာ မေးလိုက်သည်။ “ဆရာသခင်ချန် ကျွန်မကို ရှင်းပြပေးလို့ ရမလား။”
“ဒါက ကျောက်ကျန့်လုံရဲ့ ဦးခေါင်းခွံပဲ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ယွန်ပိုင်ယွီ၏မျက်နှာမှာ သွေးမရှိသလို ဖြူဖျော့၍ သွားတော့သည်။ သူ၏ မျက်လုံးများက ဦးခေါင်းခွံ၏ ဟောင်းလောင်း မျက်လုံးအိမ်များဆီသို့ စူးစိုက်သွားပြီး မျက်ရည်များ ဝဲတက်လာ၏။
“ဆရာ... ဆရာသခင် သေချာရဲ့လား။”
“သေချာတယ်။” သူ၏ ဖြူဖျော့နေသော မျက်နှာနှင့် တုန်ရီနေသော နှုတ်ခမ်းများကို မြင်ရုံနှင့် ချန်ဟွိုက်အန်က ကျောက်ကျန့်လုံ မည်သူမည်ဝါ ဖြစ်ကြောင်းကို ခန့်မှန်းမိနေပြီ ဖြစ်သည်။
“ငါ ဒီဦးခေါင်းခွံကို ဖန်ကျင်းဂိုဏ်းက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ပြီးတော့မှ ရခဲ့တာ။ အဲဒီကျင့်ကြံသူက ဒီဦးခေါင်းခွံကို တာအိုရတနာတစ်ခုအဖြစ် သန့်စင်ထားခဲ့တာပဲ။ မူလ ပိုင်ရှင်က ဘယ်သူလဲဆိုတာ သိချင်တာနဲ့ ငါ့ရဲ့ လျို့ဝှက်ကောင်းကင်နက္ခတ်အတတ်ကို သုံးပြီး တွက်ချက်ကြည့်လိုက်တော့မှ သူ့နာမည်က ကျောက်ကျန့်လုံ ဖြစ်ပြီးတော့ ထျန်းဟောင်ဂိုဏ်းရဲ့ တပည့်ဆိုတာ သိခဲ့ရတာ။ ပြီးတော့ မင်းတို့ရဲ့ လင်းရှီးတောင်ကြားနဲ့လည်း ပတ်သက်မှု ရှိနေတယ် ဆိုတာလည်း သိလိုက်ရတယ်။”
“ကျောက်ကျန့်လုံ... သူ... သူက ကျွန်မရဲ့ တာအိုအဖော်ပါ။ စုရှင်းရဲ့ အဖေလည်း ဟုတ်တယ်...” ယွန်ပိုင်ယွီ၏ လက်ချောင်းများမှာ ဝတ်ရုံလက်စွပ်ကို တင်းတင်းဆုပ်ထားမိပြီး မျက်တောင်များ အကြားမှ မျက်ရည်များ ကျလာတော့သည်။ “ဆရာသခင်ချန်၊ ကျွန်မ ဒီဦးခေါင်းခွံကို အနီးကပ် ကြည့်လို့ရမလား။”
“ရတာပေါ့။”
ချန်ဟွိုက်အန်က အက်ကွဲကြောင်းများနှင့် ဓားရာများ ထင်ကျန်နေသည့် ဦးခေါင်းခွံကို ယွန်ပိုင်ယွီအား ပေးလိုက်၏။
ထိုဦးခေါင်းခွံမှာ တာအိုရတနာတစ်ခုအဖြစ် အသုံးမဝင်တော့ပေ။ အသုံးဝင်လျှင်ပင် သူ့အား ပေးလိုက်ဖို့ ချန်ဟွိုက်အန် ဝန်မလေးပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ သူ၏ ကွယ်လွန်သူ ခင်ပွန်း၏ ရုပ်ကြွင်းဖြစ်ရာ သူ့ထံ ပြန်ပေးခြင်းမှာ တစ်နည်းအားဖြင့် ကုသိုလ်ရသည့် လုပ်ရပ်ပင်။
ယွန်ပိုင်ယွီက အရိုးခွံပေါ်တွင် လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ရင်း ကျောက်ကျန့်လုံ၏ မျက်နှာကို စိတ်ကူးထဲတွင် ပုံဖော်နေမိသည်။ ယခုတွင် သူ သံသယ မရှိတော့ပေ။ ၎င်းမှာ အမှန်တကယ်ပင် ခင်ပွန်းဖြစ်သူ၏ ဦးခေါင်းခွံ ဖြစ်သည်။
ဒါပေမဲ့ ဘာလို့လဲ။
ကျောက်ကျန့်လုံ ယောင်ချီမြင့်မြတ်နယ်မြေ၏ ဧည့်သည်အကြီးအကဲတစ်ယောက် ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူက သူတို့ သားအမိကို ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့သည်။ ယခု အချိန်အကြာကြီး ကုန်လွန်ပြီးမှ ကျန်ရစ်သည်ဟူ၍ ထိုဦးခေါင်းခွံ တစ်ခုတည်းလား။
“ကျောက်ကျန့်လုံက မင်းရဲ့ တာအိုအဖော်ဆို ဘာလို့ လင်းရှီးတောင်ကြားမှာ မရှိနေခဲ့တာလဲ။” ချန်ဟွိုက်အန်က မေးသည်။
ယွန်ပိုင်ယွီ ပူဆွေးနေသော်လည်း ချန်ဟွိုက်အန်၏ စူးစမ်းလိုစိတ်က တောက်လောင်နေဆဲ ဖြစ်သည်။ အတင်းအဖျင်း သိချင်သည့်စိတ်ကို သူ မတားဆီးနိုင်တော့ပေ။
“သူက အရမ်းကို ပါရမီထူးချွန်တော့ ယောင်ချီ၊ ဖန်ကျင်းနဲ့ ကျန့်ဝူ မြင့်မြတ်နယ်မြေတွေက အစွမ်းထက်တဲ့ပုဂ္ဂိုလ်တွေရဲ့ မျက်စိကျတာကို ခံခဲ့ရတယ်။ နောက်ဆုံးတော့ သူက ယောင်ချီမှာ သုံးနှစ်ကြာ ပညာသင်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီသုံးနှစ် ပြည့်သွားတော့ သူ ပြန်မလာတော့ဘူး။ သူ ချန်န်ရစ်ခဲ့တာက ကျွန်မနဲ့ သမီးအတွက် စာတစ်စောင်ပဲ။ သူက ယောင်ချီက အကြီးအကဲတစ်ယောက်နဲ့ တာအိုအဖော် ဖြစ်သွားလို့ သူ့ကို လာမနှောင့်ယှက်ဖို့ ရေးထားခဲ့တာ...”
ယွန်ပိုင်ယွီ အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ နီမြန်းနေသော မျက်ဝန်းထောင့်များမှာ ဆောင်းဦးရွက်ပေါ်မှ ဆီးနှင်းများကဲ့သို့ အေးစက်နုနယ်ပြီး ကြွေကျလုနီးပါး ဖြစ်နေသည်။
“ဩော်။ ဒါဆို သူက လူယုတ်မာ တစ်ယောက်ပဲပေါ့။” ချန်ဟွိုက်အန်က နားလည်သွားသည့် ဟန်ဖြင့် ပြောလိုက်သည်။
“တကယ်တော့ လင်းရှီးတောင်ကြားက အမျိုးသားကျင့်ကြံသူတွေရဲ့ ဝင်ခွင့်ကို အမြဲတမ်း ပိတ်ထားခဲ့တာ မဟုတ်ပါဘူး။ ဟုရှင်းနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကြောင့်သာ ဒီစည်းကမ်း ပေါ်လာခဲ့တာပါ။ အဲဒီတုန်းက သူ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာက အရမ်းနက်ရှိုင်းလွန်းတော့ ဂိုဏ်းက တပည့်တွေလည်း သူ့လို နာကျင်မှုမျိုး မကြုံရအောင် တာအိုအဖော် မထားခိုင်းတော့တာပါ။”
၎င်းကို ကြားလိုက်ရသော် ချန်ဟွိုက်အန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
မည်သို့ဆိုစေ သစ္စာရှိ၊ အနစ်နာခံပြီး စံပြခင်ပွန်းကောင်း အမျိုးသားသည်မှာ ရှားမှရှားသည် မဟုတ်ပါလား။
နိုင်ရာစားစနစ် ကြီးစိုးသည့် ကျင့်ကြံခြင်းလောကတွင် ဆက်ဆံရေးများမှာ ခေတ်သစ် ကိုယ်ကျင့်တရား စံနှုန်းများဖြင့် တားဆီးထားခြင်း မရှိပေ။ ထိုနေရာတွင် အစွမ်းထက်မှုကသာ အရာရာကို ဆုံးဖြတ်၏။
“ဆရာသခင်ချန်၊ ဖန်ကျင်းဂိုဏ်းက အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ဘယ်ကို ထွက်ပြေးသွားလဲ သိလား။” ယွန်ပိုင်ယွီက မျက်ရည်များကို သုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ “သူ့ကို ကျွန်မ မုန်းပေမဲ့လည်း ဘယ်လိုသေခဲ့ရလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သိချင်မိပါတယ်။”
“သူ သေသွားပြီ။” ချန်ဟွိုက်အန်က ဓားအိမ်ကို ပုတ်ပြလိုက်၏။ “ငါ နည်းနည်း လက်လွန်သွားပြီး ဓားတစ်ချက်တည်းနဲ့ ပိုင်းလိုက်မိတာ။”
ယွန်ပိုင်ယွီ ဆွံ့အသွား၏။
အဲဒါက ဖန်ကျင်းဂိုဏ်းက ကျင့်ကြံသူတစ်ယောက်လေ။ သူ့ရဲ့ အစွမ်းက အခြေတည်ဝိညာဉ် အဆင့်လောက်ပဲ ရှိမှာ မဟုတ်ဘူး။ သူက အနည်းဆုံးတော့ ပေါင်းစည်းခြင်းအဆင့်ရှိတဲ့ အစွမ်းထက် အဘိုးကြီးတစ်ယောက် ဖြစ်မှာ သေချာတယ်။
ဒါကို ဆရာသခင်ချန်က ယင်ကောင်တစ်ကောင် ရိုက်သတ်လိုက်သလိုမျိုး ပေါ့ပေါ့ပါးပါးပဲ ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်တဲ့။ ဓားကျောင်းတော် ဘိုးဘေးရဲ့ အစွမ်းက တကယ်ပဲ ဘယ်လောက်တောင် နက်ရှိုင်းနေတာလဲ။
ထိုအချိန်တွင် ယွန်ပိုင်ယွီက အတိတ်မှ သူ ပြုလုပ်ခဲ့သည့် ရွေးချယ်မှုအတွက် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။
ဆရာသခင်ချန်က သူ့ကို ဓားနှင့် ချိန်ရွယ်ခဲ့စဉ်က ပြန်မတိုက်ဘဲ နောက်ဆုတ်ရန် ရွေးခဲ့သည်။ အခု ပြန်တွေးကြည့်လျှင် သူသာ ရန်လိုသောလမ်းကို ရွေးချယ်ခဲ့ပါက လင်းရှီးတောင်ကြားမှာ ယခုအချိန်တွင် မြေပုံပေါ်မှ ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။
သူ၏ ငုံ့နေသော အကြည့်ကို မြင်ရာ ချန်ဟွိုက်အန်က သဲလွန်စ ပျောက်ဆုံးသွား၍ စိတ်မကောင်း ဖြစ်နေသည်ဟု ထင်လိုက်သည်။
သူက အကြံပြုစကား ဆိုလိုက်သည်။ “အဲဒီလူ သေသွားပေမဲ့ ကျောက်ကျန့်လုံက ယောင်ချီကို ဝင်ခဲ့တာ မဟုတ်လား။ မင်း အဲဒီမှာ သွားစုံစမ်းလို့ ရပါတယ်။ သူက ယောင်ချီအကြီးအကဲ တစ်ယောက်ရဲ့ တာအိုအဖော် ဖြစ်ခဲ့တာဆိုတော့ သူတို့မှာ သတင်းအချက်အလက် တစ်ခုခုတော့ ရှိမှာပဲ။”
ယွန်ပိုင်ယွီ ခေါင်းညိတ်လိုက်သော်လည်း သူ၏ နှုတ်ခမ်းတွင်မူ ခါးသီးသော အပြုံးတစ်ခု ထင်ကျန်နေ၏။ “ဒါက ကျွန်မအတွက် အကောင်းဆုံး နည်းလမ်း ဖြစ်မှာပါ...”
သို့သော် ယောင်ချီမှ အမျိုးသမီးကျင့်ကြံသူများကို မေးမြန်းရန် ဆိုသည်မှာ မည်မျှလောက် ခက်ခဲလိမ့်မည်နည်း။
လွန်ခဲ့သော နှစ်များက သူ ယွန်စုရှင်းကို ခေါ်ပြီး ယောင်ချီသို့ အကြိမ်ကြိမ် သွားခဲ့သော်လည်း တံခါးပိတ်ပြီး အငြင်းခံခဲ့ရသည်။
ယောင်ချီအကြီးအကဲများက ကျောက်ကျန့်လုံသည် ယခုအခါ ၎င်းတို့၏ ဧည့်သည်အကြီးအကဲ ဖြစ်နေပြီး သူတို့ထဲမှ တစ်ဦးနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်နေပြီဖြစ်ကြောင်း သတိပေးခဲ့ ကြသေးသည်။
သူ၏ လုပ်ရပ်များက စက်ဆုပ်ဖွယ်ကောင်းသော်လည်း သူက ယောင်ချီအဖွဲ့ဝင် ဖြစ်နေတုန်းပင်။
အဖြေတောင်းရန် ထပ်ခါတလဲလဲ လာနေခြင်းမှာ မြင့်မြတ်နယ်မြေ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း စေလိမ့်မည်။
နှစ်ကြိမ်တိုင်တိုင် သတိပေးခံရပြီးနောက် ယွန်ပိုင်ယွီက သူ့ကို ရှာဖွေရန် လက်လျှော့ခဲ့သည်။
သူက ဒဏ်ရာကုသရန် ယောင်ချီတွင် ခေတ္တနေထိုင်ခဲ့ဖူး၏။
ထိုစဉ်က မြင့်မြတ်နယ်မြေဟု ခေါ်ဆိုနေကြသည့် နေရာမှာ ထင်သလောက် မမြင့်မြတ်ကြောင်း သူ သိရှိခဲ့ရသည်။
တပည့်များအကြား ရင်းနှီးဖော်ရွေမှု မရှိဘဲ ဆက်ဆံရေးများမှာ အေးစက်ပြီး တစ်ကိုယ်ကောင်း ဆန်ကြလေသည်။
ယောင်ချီမှ အမျိုးသမီးကျင့်ကြံသူများသည် ကျင့်ကြံခြင်းနှင့် အသက်ရှည်ခြင်း အပေါ်တွင်သာ စွဲလန်းနေကြပြီး စွမ်းအားအတွက်ဆို ဘာမဆို လုပ်ဝံ့ကြသည်။ သူတို့က ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ မှော်လက်နက်များနှင့် အစွမ်းထက်သည့် တာအိုအဖော်များအတွက်ပင် အချင်းချင်း တိုက်ခိုက်နေကြသည်။၊
ထိုရူးသွပ်နေသော မျက်နှာများကို ပြန်အမှတ်ရမိရာ ယွန်ပိုင်ယွီ တုန်လှုပ်သွားမိသည်။
ထို့ကြောင့်ပင် သူက ယွန်စုရှင်းကို ယောင်ချီတွင် ပညာမသင်ခိုင်းခဲ့ခြင်းပင်။
သူ၏သမီးကို ကျင့်ကြံခြင်းအပေါ်တွင် ရူးသွပ်နေသည့် ထိုလူစားများထဲမှ တစ်ယောက် မဖြစ်စေချင်ပေ။
ယခုတော့ ကျောက်ကျန့်လုံ သေဆုံးသွားပြီဖြစ်ရာ သူ အဖြေအချို့ကို ရနိုင်ပေလိမ့်မည်။
အခက်အခဲများ ရှိနေဦးမည် ဖြစ်သော်လည်း သူက ဓားကျောင်းတော် ဘိုးဘေးကို ထပ်မံ ဒုက္ခမပေးလိုတော့ပေ။
ဆရာသခင်ချန်သည် ကျောက်ကျန့်လုံ၏ ဦးခေါင်းခွံကို ရှာဖွေပေးခဲ့ရုံတင်မကဘဲ မည်သူမည်ဝါ ဖြစ်ကြောင်းကိုပါ တွက်ချက်ပေးခဲ့သည်။
ထိုအရာကပင် သူ့အတွက် အကြီးမားဆုံး ကျေးဇူးတစ်ခု ဖြစ်နေလေပါပြီ။
မည်သည့်အရာကိုများ ထပ်ပြီး တောင်းဆိုနိုင်ဦးမည်နည်း။
...